← Chapters

အခန်း(၅၂၀) ဘယ်သူ့ကိုမှ သွားခွင့်မပြု

Vol. 38 Ch. 520

အခန်း(၅၂၀) ဘယ်သူ့ကိုမှ သွားခွင့်မပြု

Vol. 38 Ch. 520

အခန်း(၅၂၀) ဘယ်သူ့ကိုမှ သွားခွင့်မပြု

အကြီးဆုံးမရီး၏ လေသံက မသာမယာ ဖြစ်လာပါသည်။ "ဒါတောင် ဒီလိုလုပ်ရပ်မျိုး လုပ်ခဲ့တာပေါ့"

"ချင်းပိုင်အကြောင်းလည်း မရီး သိပါတယ်။ သူသာ တော်တော် စိတ်မပျက်ဘူးဆိုရင် ရှုရှန့်ချမ်းနဲ့ ကျန်းမေ့လျန်တို့ကိစ္စကို ဒီတိုင်း ထားမှာမဟုတ်ဘူး" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ထို့နောက် သူမထပ်ပြော၏။ "ကျွန်မတို့တော့ ရှုမိသားစုနဲ့ ထပ်ပြီး မပတ်သက်ချင်တော့ဘူး။"

"ဒါဆို ငါတို့လည်း မသွားဘူး" အကြီးဆုံးမရီးက စိတ်တိုစွာ ပြောလိုက်ပါသည်။

ဒီလိုကိစ္စတွေအများကြီး ဖြစ်ပျက်ခဲ့မှန်းတောင် သူမ မသိပါ။ သူမ၏ အကြီးဆုံး အစ်မက ဘယ်လိုကလေးမျိုးတွေ ပျိုးထောင်ခဲ့တာလဲ။

ဒီလိုမိန်းမမျိုးကို လက်ထပ်ပြီးလျှင် သူတို့ မိသားစုထဲ နောက်ပိုင်း ဘာတွေဖြစ်လာမလဲ။ ဒီလောက်ဆိုးရွားသည့် နာမည်ကြောင့် အကြီးဆုံးမရီး မတက်ရောက်ချင်တော့ပါ။

"အကြီးဆုံးမရီး အချိန်ရရင် ဒုတိယအစ်မကိုလည်း အသိပေးလိုက်ပါဦး။ ဟူကျစ်တို့ ညီအစ်ကိုတွေက ရှုရှန့်မိန်အပေါ် မကောင်းတာ မလုပ်ဘူး။ ဒါတောင် ရှုရှန့်မိန်က ဟူကျစ်ကို နောက်ကျောဓားနဲ့ထိုးပြီး ဒီလိုမိန်းမလက်ထဲ ထည့်ပေးဖို့ ကြိုးစားတယ်။ ဒုတိယအစ်မကို ပြောပြမှဖြစ်မယ်" လင်းချင်းဟယ်က ကိစ္စများကို ပုံကြီးချဲ့တာတော့ မဟုတ်ပါ။

မွေးရပ်မြေမှ သူတို့မိသားစုက ထိုကိစ္စကို သိပင်မသိကြပါ။ ရှုရှန့်မိန်က ဒီလိုလုပ်ပြီး သူ့ထိုက်နှင့် သူ့ကံ ပြန်ခံရသဖြင့် အားလုံးကို အသိပေးမှ ဖြစ်ပါမည်။

မဟုတ်ပါက ရှုမိသားစု သူတို့ကိုယ်သူတို့ ကြီးကျယ်ခမ်းနားလွန်းသည်ဟု ထင်နေကြဦးမည်။

ပြောစရာမလိုအောင် အကြီးဆုံးမရီးက သဘောတူပါသည်။ အိမ်ကို ဒေါသအပြည့်ဖြင့် ပြန်ကာ အကြီးဆုံးအစ်ကိုအား ပြန်ပြောပြလိုက်သည်။

အကြီးဆုံးအစ်ကို၏ မျက်နှာ ပျက်သွားပြီး ပြောလိုက်သည်။ "အဖေနဲ့ အမေတို့ကော သိပြီးပြီလား။"

"ချင်းဟယ်က သူတို့ကို ဖုံးကွယ်ထားတယ်။ သူ မပြောရဲဘူး။ ကျွန်မတို့ မိဘတွေသာ သိသွားရင်တော့ ဒေါသကြောင့် သတိလစ်ကုန်ကြမယ်" အကြီးဆုံးမရီးက ခေါင်းခါယမ်းခဲ့ပါသည်။

ဒီလောက် အများကြီး ဖြစ်ပျက်ခဲ့လိမ့်မည်ဟု ထင်မထားပါ။ ကျန်တာကို ထားဦး။ သူတို့ ထိုမင်္ဂလာဧည့်ခံပွဲသို့ မတက်ရောက်ချင်ကြတော့ပေ။

အကြီးဆုံးမရီးက ဒုတိယအစ်မ၏ ရွာကို သွားကာ ထိုအကြောင်း ပြောပြခဲ့ပါသည်။

ဒုတိယအစ်မက နားထောင်ပြီးနောက် ကြက်သေသေသွားခဲ့ရပါသည်။ "အဲ့လိုတောင် ဖြစ်ခဲ့တာလား။"

"ဟူး... ရှင်သွားချင်တာ မသွားချင်တာကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါတော့" အကြီးဆုံးမရီးက သက်ပြင်းချလိုက်ပါသည်။

ဒုတိယအစ်မက သူမ၏ယောက်မကို ပြန်လိုက်ပို့ပေးခဲ့ပါသည်။ သူမ အိမ်ပြန်လာသောအခါ မျက်နှာက ခက်ထန်နေ၏။ လက်ဖွဲ့ငွေကို သားကြီးကိုသာ ပို့ခိုင်းလိုက်ပြီး သူတို့ ထိုမင်္ဂလာပွဲသို့ မတက်ရောက်ခဲ့ကြပါ။

အကြီးဆုံးမရီးလည်း မသွားပါ။ သို့သော် ဒုတိယမရီးကတော့ သွားသည်။ ဒုတိယမရီးနှင့် သူမ၏ ဆက်ဆံရေးက သာမန်ကာလျှံကာ ဖြစ်ပြီး ဒီကိစ္စက သူမနှင့်ဘာမှမဆိုင်သဖြင့် မပြောပြခဲ့ပါ။ သို့သော် တတိယအစ်ကိုကို တတိယယောက်မအား ဒီသတင်းပြောပြခိုင်းခဲ့ပါသည်။

ထို့ကြောင့် ရှုရှန့်ချမ်းနှင့် ကျန်းမေ့လျန်တို့ ရွာထဲတွင် လက်ထပ်ကြသောအခါ ဒုတိယအစ်ကိုနှင့် ဒုတိယမရီးတို့သာ လာကြ၏။ အမှန်ပင်။ လက်ဖွဲ့ငွေ့လည်း ယူလာကြပါသည်။

"ဘာဖြစ်တာလဲ။ သူတို့ ဘာလို့ မလာကြတာလဲ" ပထမအစ်မ ကြောင်သွားသည်။

"မသိပါဘူး။ သူတို့မအားဘူးပြောတာပဲ။ တူဖြစ်တဲ့သူရဲ့ မင်္ဂလာပွဲကိုတောင် မတက်ရောက်နိုင်လောက်အောင် ဘာတွေအလုပ်များနေလဲ မသိတော့ပါဘူး" ဒုတိယမရီးက ပြန်ပြောလိုက်ပါသည်။

"အဲ့လို သွေးအေးတဲ့ စကားတွေ မပြောစမ်းနဲ့" ဒုတိယအစ်ကိုက သည်းခံစိတ်ကုန်လာပြီး အကြီးဆုံးအစ်မကို ဘေးသို့ ဆွဲခေါ်လာကာ ပြောလိုက်၏။ "အကြီးဆုံးအစ်မ နင့်ချွေးမက မကောင်းဘူးထင်တယ်နော်။"

"မကောင်းဘူးဟုတ်လား။ ဘယ်နားက မကောင်းတာလဲ။ သူက လှပပြီး ယဥ်ကျေးမှု ရှိတယ်။ သူမိသားစုကလည်း မြို့တော်က။ ငါတို့ရှုမိသားစု ဘယ်လိုလုပ် ကံကောင်းသွားလည်း မသိတော့ပါဘူး" ပထမအစ်မက ရွှင်ပျစွာ ပြောလိုက်ပါသည်။

ဒုတိယအစ်ကိုက မျက်မှောင်ကြုတ်သွား၏။ "သူက လူကောင်းဆိုရင် တခြားသူတွေ ဘာလို့ မလာကြတာလဲ။"

တစ်ယောက်နှစ်ယောက် မလာလျှင် မပြောပလောက်သော်လည်း အခုတော့ သူ့အကြီးဆုံးအစ်ကိုတို့ မိသားစု၊ တတိယညီတို့ မိသားစုနှင့် ဒုတိယအစ်မတို့ မိသားစုအားလုံး မလာခဲ့ကြပါ။

"ဒီနေ့ကိစ္စတွေ ပြီးရင် သူတို့ကိုမေးကြည့်ရမှာပေါ့" ပထမအစ်မက မကျေနပ်စွာ ပြောလိုက်ပါသည်။

သူမက စားပွဲတစ်ခု ကြိုခင်းထားသော်လည်း သူတို့က ရုတ်တရက်ကြီး ရောက်မလာကြပေ။

ကျေးရွာမိသားစု တစ်စု မင်္ဂလာဆောင်လျှင် အချိန်သိပ်မကြာသော်လည်း ရှုရှန့်ချမ်းက ပုံကြီးချဲ့ချင်ကာ ဧည့်သည်များကို ကျွေးမွေးဖို့အတွက် ဝက်နှစ်ကောင်ကို သတ်ခဲ့၏။

ကုန်ကျစရိတ်က မနည်းပါ။ ရွာထဲက လူများစွာက ထိုအကြောင်း ပြောကုန်ကြပြီး ယခု ရှုရှန့်ချမ်းက အလွန်ချမ်းသာနေပြီလားဟုပင်ဆိုကြပါသည်။

မြို့တော်က မိန်းကလေးကိုပါ လက်ထပ်ရသဖြင့် ဒီမင်္ဂလာပွဲက ဘယ်လောက်တောင် မျက်နှာရလိုက်သလဲ။

ရွာထဲတွင် ဒီလိုလုပ်နိုင်တာ သူ ပထမဆုံး ဖြစ်ပါသည်။ လူများစွာက ရှုရှန့်ချမ်းတို့ဘက်ကို လာကြပြီး ဖားယားစွာဖြင့် "အစ်ကိုကြီး ညီလေး" ဟုခေါ်ကြ၏။ ခေါ်လိုက်သည့် အကြိမ်တိုင်းက ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီး သူ့ထံမှ အကျိုးအမြတ်ရမလား ကြည့်ချင်လို့ ဖြစ်ပါသည်။

သို့သော်လည်း ရှုရှန့်ချမ်းက ထိုသို့ အဖားခံရမှုကို သဘောကျပါသည်။ လူတွေကိုတောာ့ မြို့တော်သို့ ခေါ်မသွားချင်ပါ။

သူကိုယ်တိုင်တောင် မနည်းရုန်းကန်ရသဖြင့် တခြားသူတွေကို ဘယ်လို ခေါ်နိုင်မည်နည်း။

ကျန်းမေ့လျန်က ထိုမြင်ကွင်းများကို သည်းခံနိုင်သည်ဆိုရုံလောက်သာ ရှိပါသည်။ ဒီရွာသားများက တကယ်ညစ်ပတ်သည်။ စားသောက်နေရင်း သွားကြားထိုးကြသည့် လူများပင်ရှိသည်။ ကျန်းမေ့လျန် အန်တောင် အန်ချင်လာပါသည်။

သူမ နောက်နေ့ ပြန်ချင်သည်။ ရှုရှန့်ချမ်းကလည်း အိမ်ပြန်ပြီး ပိုက်ဆံရှာချင်နေပါသည်။ သို့သော် သူတို့အနည်းဆုံး အိမ်တွင် ၃ ရက်လောက် နေကြရမည်။ ထိန်းသိမ်းသင့်သည့် စာရွက်စာတမ်းများကို ထိန်းသိမ်းရ၏။ သုံးရက်ကြာသောအခါ ကျန်းမေ့လျန်က ဆက်မနေချင်တော့ဘဲ ရှုရှန့်ချမ်းနှင့်အတူတူ မြို့တော်သို့ ပြန်လာခဲ့ပါသည်။

နောက်ဆုံးတော့ ပထမအစ်မက ဒုတိယအစ်မကို လာတွေ့ခဲ့ပါသည်။

ဒုတိယအစ်မက ပြောလိုက်သည်။ "အကြီးဆုံးအစ်မ၊ ငါချမ်းကျစ်ရဲ့ မင်္ဂလာဆောင်ကို လာမလို့ပါပဲ။ ရှန့်မိန် ဘာတွေလုပ်ခဲ့သလဲ နင်မေးပြီးပြီလား။ ပြီးတော့ နင့်ချွေးမရဲ့ ဇာတ်ကြောင်းကိုကော သိရဲ့လား။"

သူမနှင့် သူမ၏ အကြီးဆုံး အစ်မတို့၏ ဆက်ဆံရေးက ပြေလည်ပါသည်။ အကြီးဆုံးအစ်မက သူမအပေါ်ကောင်းပြီး သူမကလည်း အကြီးဆုံးအစ်မကို ဘယ်တော့မှ မကောင်းမဆက်ဆံခဲ့ဖူးပါ။ မြို့တော်တွင် ရှုရှန့်မိန်ကို စောင့်ရှောက်ဖို့ သူ့သားနှစ်ယောက်ကိုပင် ပြောထား၏။

သို့သော်လည်း ရှုရှန့်မိန် ဘာလုပ်ခဲ့သလဲ။ ဒီလိုမိန်းမမျိုးကို သူမတို့ မိသားစုထဲ ထည့်ပေးချင်ခဲ့သည်။

အခုတော့ ပိုကောင်းသွားသည်။ ထိုမိန်းမက ချမ်းကျစ်ကို လက်ထပ်သွားလေပြီ။ ကိုယ့်ထိုက်နှင့် ကိုယ့်ကံ ရှန့်မိန် ခံရခြင်းဖြစ်ပါသည်။

ပထမ အစ်မက ဘာမှမသိဘဲ မေးလိုက်သည်။ "နင်ဘာကို ပြောချင်တာလဲ။"

"ငါဘာပြောချင်တာ မသိဘူးလား။ နင်သိချင်ရင် ရှန့်မိန်ကို နင့်ဖာသာနင်ဖုန်းဆက်မေးကြည့်ပေါ့။" ဒုတိယအစ်မက ပြန်ပြောလိုက်ပါသည်။

ပထမအစ်မက စိတ်ရှုပ်သွားသည်။ ထို့နောက် ရွာပြန်လာပြီး ကျောက်မိသားစုထံသို့ ဖုန်းဆက်လိုက်ပါသည်။

ရှုရှန့်မိန်က ဖုန်းကိုင်၏။ တခြားသူများ အပြင်ထွက်သွားကြသည်။

သူမ၏ အမေသိသွားတာကို ရှုရှန့်မိန် သိလိုက်ရပြီး ကျန်းမေ့လျန်အကြောင်းကို အကုန်ပြောပြလိုက်တော့သည်။ အဆုံးတွင် သူမ အော်လိုက်၏။ "သမီးတို့ဦးလေးက အရမ်း အသည်းမာတာပဲ။ ချမ်းကျစ်ကို လုံးဝ ဂရုမစိုက်ဘဲ အဲ့လိုမိန်းမနဲ့ ချမ်းကျစ်ကို ဒီတိုင်းယူခွင့်ပေးလိုက်တယ်။"

ပထမအစ်မ ဖုန်းကိုပင် မြဲအောင် မကိုင်နိုင်တော့ပါ။ "ဘာလို့ စောစောစီးစီး မပြောခဲ့တာလဲ။"

"ဘာကို စောစောစီးစီး ပြောရမှာလဲ။ စောစော ပြောတော့ကော ဘာထူးမှာလဲ။ ချမ်းကျစ်က အမေအလိုလိုက်လို့ ပျက်စီးနေတာ။ သမီး နည်းနည်းလောက် ဝင်ပြောတာကို သမီးကို ပါးရိုက်တယ်။ အမေ သူ့ကိုသာ တားရင် အမေ့ကိုလည်း ပါးရိုက်မှာ မြင်ယောင်မိပါသေးတယ်။ ထားလိုက်ပါတော့။ သူယူချင်လည်း ယူပါလေ့စေ။ ကျန်းမေ့လျန် ဘယ်လိုအခြေချမလဲ ကြည့်ကြသေးတာပေါ့။ အချိန်တန်ရင် သေချာပေါက် သူတို့ ကွာရှင်းကြမှာပဲ။" ရှုရှန့်မိန်က ပြောဆိုလိုက်ပါသည်။

"ဘယ်သူက ကွာမှာလဲ" ကျောက်ကျွင့်က အပြင်မှဝင်လာပြီး မေးလိုက်လေသည်။

"ဘယ်သူမှ မဟုတ်ဘူး" ရှုရှန့်မိန်က ပြန်ဖြေကာ ဖုန်းချလိုက်ပါသည်။ ထို့နောက် သူ့ကို ကြည့်ကာ ပြောလိုက်သည်။ "ရှင် မနေ့ညက ပြန်မလာဘူးနော်။။ ဘယ်သွားတာလဲ။"

"သူငယ်ချင်းတွေနဲ့ လျှောက်လည်နေတာ" ကျောက်ကျွင့်က အရေးမစိုက်စွာ ပြန်ပြောလိုက်ပါသည်။

ရှုရှန့်မိန် သူထိုင်တာကို ကြည့်ရင်း သူ့ကိုယ်ပေါ်မှ မိန်းမတစ်ယောက်၏ ရနံ့ကို သူရနေသည်။ မနေ့ညက တခြားမိန်းမများနှင့် ပလူးပလဲလုပ်နေတာကို သိရဖို့ မေးဖို့ပင်မလိုပါ။ ထို့ကြောင့် သူမ ဒေါသထွက်သွားပါသည်။

သူမ ဒေါသထွက်နေရလည်း သူမ ဘာလုပ်နိုင်မည်နည်း။ သူမ ဘဝက ဒီတိုင်းသာ ဆက်သွားဖို့ရှိသည်။

"ချမ်းကျစ်တို့ ဆိုင်က ဖြတ်သွားတော့ တံခါးဖွင့်မထားဘူး။ ဘာဖြစ်လို့လဲ" ကျောက်ကျွင့်က မေးလိုက်သည်။

"ဘာကိစ္စရှိလိ့ သူ့ဆိုင်ကနေ ဖြတ်သွားတာလဲ" ရှုရှန့်မိန်က မေးလိုက်ပါသည်။

"အဲ့တာ ငါ့ယောက်ဖလေ။ လမ်းကြုံ ဝင်ကြည့်လို့တောင် မရဘူးလား" ကျောက်ကျွင့်က ပြန်ပြောလိုက်ပါသည်။

All Chapters