အခန်း(၅၂၁) အိမ်ထောင်စု စာရင်းပြဿနာ ဖြေရှင်းခြင်း
Vol. 38 Ch. 521
အခန်း(၅၂၁) အိမ်ထောင်စု စာရင်းပြဿနာ ဖြေရှင်းခြင်း
"သူနဲ့ ကျန်းမေ့လျန်တို့ ရွာပြန်ပြီး လက်ထပ်ကြတာလေ" ရှုရှန့်မိန်က ပြန်ဖြေလိုက်ပါသည်။
ကျောင်ကျွန်းက မျက်ခုံးပင့်လိုက်၏။ သို့သော် ဘာမှတော့ မပြောပေ။ ကျန်းမေ့လျန်ကို ရှုရှန့်ချမ်းနှင့် တကယ် လက်ထပ်လိမ့်မည်ဟု ထင်မထားခဲ့ပါဘူး။ ထိုမိန်းမက သူ့ကို တွေ့တုန်းက ရှက်သွေးဖြာပြီး ရှက်ရွံ့နေသလိုမျိုး ပြုလုပ်ခဲ့သည်။
သူတို့ အထည်ဆိုင်သို့သွားပြီး ကျောက်ကျွင့် ယောင်လည်လည် လုပ်ချင်သော်လည်း သူတို့ ရွာပြန်သွားခဲ့ကြသည်။
အချိန်များ ကုန်ဆုံးသွားပြီး နွေရာသီ အားလပ်ရက်လည်း ပြီးဆုံးသွားခဲ့၏။
စာသင်နှစ်သစ်အစတွင် တက္ကသိုလ်ဌာနမှူးတစ်ယောက် ကားအက်ဆီးဒင့်ဖြစ်ခဲ့သဖြင့် လင်းချင်းဟယ် အလွန်အလုပ်များနေရသည်။ စက်ဘီးစီးနေရင်း ကားတိုက်ခံရခြင်းဖြစ်သည်။ လူက အဆင်ပြေပြီး ကယ်တင်နိုင်ခဲ့သော်လည်း ခြေထောက်များကိုတော့ အသုံးပြုလို့ မရတော့ပါ။
ထို့ကြောင့် လင်းချင်းဟယ်က ဌာနမှူးရာထူး ရသွားခဲ့ပါသည်။
ရှင်းရှင်းပြောရလျှင် လင်းချင်းဟယ် ရာထူး တိုးသွားခဲ့သည်။
ရာထူးတိုးခြင်း၏ အားသာချက်က အလုပ်ပိုများလာခြင်းပင်။ အမှန်ပင် လစာလည်း ပိုများလာပါ၏။ လင်းချင်းဟယ်က လစာကိုတော့ ဂရုမစိုက်ပါ။ သူမ ဂရုစိုက်သည်က အလုပ်တာဝန်သာဖြစ်သည်။
အထူးသဖြင့် အလုပ်များ လွှဲပြောင်းရာတွင် အားလုံးကို အကျွမ်းတဝင်ရှိအောင် သူမဖာသာ သူမကြိုးစားခဲ့ရ၏။ ကံကောင်းစွာဖြင့် သူမက အစွမ်းအစရှိကာ တစ်ပတ်လောက် ကြာတော့ တည်ငြိမ်သွားခဲ့ပါသည်။
အလုပ်အကိုင် တည်ငြိမ်သွားပြီးနောက် လင်းချင်းဟယ်က အလွန်လွယ်ကူသည်ဟု ခံစားလိုက်ရသည်။ မကြာခဏ ဖက်ထုပ်ဆိုင်သို့ လာပြီး ကျိုးချင်းပိုင်နှင့်တွေ့နိုင်သည်။
ကျိုးချင်းပိုင်ကလည်း အလွန်ကျေနပ်နေ၏။ အားလပ်ချိန်ရှိတာ ကောင်းပါသည်။ဒီလိုဆို သူမ အလွန်အလုပ်များစရာ လိုတော့မည် မဟုတ်ပါ။
"သားလတ် ကားမောင်းသင်ဖို့ အချိန်ကျတော့မယ်" လင်းချင်းဟယ်က ပြောလိုက်၏။
"နောက်နှစ် နွေရာသီမှပေါ့" ကျိုချင်းပိုင် ပြန်ပြောလိုက်သည်။
သားငယ်သာ အဘိုးနှစ်ယောက်ကို ဒီနှစ် နွေရာသီအားလပ်ရက်တုန်းက အပြင်လိုက်မပို့လျှင် သူ့ကို ဆိုင်ကြည့်ခိုင်းပြီး သားလတ်က ကားမောင်းသင်လို့ရ၏။
လင်းချင်းဟယ်က ပြောလိုက်ပါသည်။ "သားကြီးကော ဘယ်တော့ ပြန်လာမလဲမသိဘူး။ သူဖုန်းမဆက်တာတောင် တော်တော်ကြာနေပြီ။"
ထို့နောက် ဝိန်မိသားစုအိမ်တွင် အမေဝိန်ကို သူမသွားတွေ့လိုက်၏။
အမေဝိန်၏ အလုပ်က ၃ ရက် ငါးမျှားပြီး ၂ ရက် ပိုက်ကွန် နေလှန်းရသလို ဖြစ်သည်။ သူမ အလုပ်လုပ်နေသည့် စက်ရုံကြီးက ပိတ်ချတော့မည် ဖြစ်သောကြောင့်ပင်။ သူမ အပျင်းပြေအောင် ဆွယ်တာများ ဇာထိုးနေခဲ့ပါသည်။
ဒီနေ့ သူမ အိမ်တွင်ရှိနေပြီး လင်းချင်းဟယ် လာလည်တာကို မြင်သောအခါ ဝမ်းသာသွားပါသည်။ သူမ ပြောလိုက်၏။ "ရှင်အလုပ်တွေ များနေမယ်ထင်လို့ လာမလည်တာပါ။"
"နောက်ပိုင်း ရှင်ဘာမှလုပ်စရာမရှိရင် ကျွန်မကို အမြဲတမ်း လာတွေ့လို့ရပါတယ်။ ကျွန်မတို့ဘက်ကလည်း အားတယ်နော်" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
ယခု အတန်းများကို မကြာခဏ အစားထိုးပြီး ကျန်တာကို သူမ၏ ပညာတိုးတက်ဖို့ အသုံးချသဖြင့် တချို့ကိစ္စများကို ကျူတာများ ကိုင်တွယ်ဖို့ တာဝန်ပေးထားနိုင်ပါသည်။
လင်းချင်းဟယ် ရာထူးတိုးခံလိုက်ရသည်ကို သိသဖြင့် အမေဝိန်က သူမကို လေးစားအားကျမိပါသည်။ "ရာထူးတိုးခံရတာ ကောင်းလိုက်တာနော်။ လစာကလည်း မြင့်တယ်။ အဲ့လိုပြောတော့မှ ကျွန်မလည်း မန်နေဂျာ ရာထူးလေးတစ်ခု ရလာကာမှ စက်ရုံကြီးက ပိတ်တော့မယ်တဲ့။"
"တောင်းဆိုလို့ မရဘူးလား" လင်းချင်းဟယ်က မေးလိုက်ပါသည်။
"စက်ရုံက ကိုယ်ပိုင်စက်ရုံ မဟုတ်ဘူး။ အချိန်တန်ရင် ဖြစ်လာမယ့် ကိစ္စပါပဲ" အမေဝိန်က ဂရုမစိုက်ပါ။ မနှစ်ကတည်းက စက်ရုံက အခြေအနေမကောင်းခဲ့ပါ။ ဒီနှစ် ဆက်ထိန်းနိုင်လောက်မည် မဟုတ်သဖြင့်အားလုံးက စိတ်ဓာတ်ပြင်ဆင်ထားကြပါသည်။
"ကော်တုန်းက သူ့အလုပ်မှာ ဘယ်လိုနေလဲ" လင်းချင်းဟယ်က မေးလိုက်သည်။
ဝိန်ကော်တုန်းက ဒီနှစ် ဇူလိုင်လထဲပြန်လာပြီး အလုပ်လွှဲပြောင်းခံခဲ့ရသည်။ အခုဆို အစိုးရ အဖွဲ့ထဲပင် ရောက်နေလေပြီ။
"ကောင်းပါတယ်။ အခုတည်ငြိမ်သွားပြီ။"အမေဝိန်က ခေါင်းငြိမ့်လိုက်သည်။ သူမ ယောက်မ၏ အိမ်ထောင်စုစာရင်းကိစ္စကို အကူအညီပေးမည့်အကြောင်း လင်းချင်းဟယ် ပြောခဲ့သည်ကို ပြန်သတိရကာ သူမ ပြောလိုက်၏။ "အရင်တုန်းက ပြောခဲ့ဖူးတာလေ။ ကျွန်မ ကော်တုန်းကို မေးပြီးပြီ။ အဲ့လိုလုပ်လို့ရတယ်ပြောတယ်။ ဒါပေမယ့် စာအိတ်နီ တစ်အိတ်တော့ ပေးရမယ်တဲ့။"
"ပေးရမှာပေါ့" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။ "ဘယ်လောက်တဲ့လဲ။"
"အဲ့ဒါတော့ မသိသေးပါဘူး။ ကော်တုန်း ဒီနေ့ည ပြန်လာမှ သူ့ကို မေးကြည့်လိုက်မယ်။ ပြီးမှ ပြန်ပြောပြမယ်လေ" အမေဝိန်က ပြန်ဖြေလိုက်ပါသည်။
"ကောင်းပါပြီ။ မနက်ဖြန်မနက်နဲ့ နေ့လည်ကျရင် ကျွန်မ အားတယ်" လင်းချင်းဟယ် ခေါင်းငြိမ့်လိုက်သည်။
အမေဝိန်နှင့် တခြားကိစ္စများအကြောင်း ပြောခဲ့ကြသည်။ ၁ နာရီကျော်လောက် ထိုင်စကားပြောခဲ့ပြီးနောက် သူမ ပြန်ခဲ့လေသည်။
ဝိန်ကော်တုန်း ညနေခင်းတွင် အလုပ်မှပြန်လာသောအခါ အမေဝိန်က မေးကြည့်လိုက်၏။
"ယွမ်၂,၀၀၀ စာအိတ်နီတော့ ပြင်ထားခိုင်းလိုက်ပါ" ဝိန်ကော်တုန်းက ပြောလိုက်သည်။
"ယွမ် ၂,၀၀၀ ဟုတ်လား" အမေဝိန် အသက်ရှူမှားသွားပြီး ဆူလိုက်လေသည်။ "ကောင်စုတ်လေး နင့်ဒေါ်လေး လင်းချင်းဟယ်နဲ့ ငါနဲ့က ဆက်ဆံရေး ဒီလောက်ကောင်းတာကို နင်က ငွေညှစ်ချင်တယ်ပေါ့လေ။"
ဝိန်ကော်တုန်း စိတ်ညစ်သွား၏။ "အမေ ဘာတွေပြောနေတာလဲ။ သား တစ်ပြားတစ်ချပ်မှ မရပါဘူးဗျာ။"
အဖေဝိန်ကလည်း ဝင်ပြောလိုက်သည်။ "မင်းနားမလည်ရင် လျှောက်မပြောစမ်းပါနဲ့။ ကျိုးမိသားစုပြောလို့သာ ကူညီပေးတာ။ မဟုတ်ရင် ကော်တုန်းက ကူတောင် ကူညီမှ မဟုတ်ဘူး။"
အိမ်ထောင်စုစာရင်းကို ရွှေ့ပြောင်းဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမို့လို့လား။ လုပ်ဖော်ကိုင်ဖက်များက စာအိတ်နီ လိုချင်ကြပြီး အထက်ခေါင်းဆောင်များနှင့် အဆက်အသွယ်ကလည်း ခိုင်မာရမည်။ ငွေမပါဘဲ ရနိုင်ပါ့မလား။
ယွမ် ၂,၀၀၀ က ထင်သလောက် မများပါဘူး။
မရင်းနှီးသည့်လူသာဆို နှစ်ဆပေးလည်း ၎င်းတို့၏ အိမ်ထောင်စု စာရင်းအား မပြောင်းရွှေ့နိုင်လောက်ပေ။
နောက်တစ်နေ့ အမေဝိန်က လင်းချင်းဟယ်နှင့် လာတွေ့ကာ ရှက်ရှက်နှင့် ပြောပြလိုက်ပါသည်။ "ဟိုကောင်စုတ်လေးကို မေးကြည့်ပြီးပြီ။ သူက ယွမ် ၂,၀၀၀ လောက်ကုန်မယ်တဲ့။"
"စျေးမနည်းတာ ကျွန်မ သိပြီးသားပါ။ အစ်မဝိန်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးကြောင့်ဆိုတာလည်း ကျွန်မ နားလည်တယ်။ မဟုတ်ရင် ကော်တုန်းရဲ့ ဖြောင့်မတ်တဲ့ စိတ်နဲ့ဆိုရင် ဒီလို ကိစ္စမျိုးကို ကူညီမှာ မဟုတ်ဘူး" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
အမေဝိန်က ရင်ထဲတွင် အလွန်စိတ်အေးသွားသည်။ ဒါက လင်းချင်းဟယ်နှင့် သူမတို့ ဆက်ဆံရေး ကောင်းမွန်ရသည့် အကြောင်းအရင်းဖြစ်သည်။ အားလုံးက နားလည်မှုရှိပြီး ပွင့်လင်းသော လူများ ဖြစ်ကြပါသည်။
"နေ့လည်စာ ဒီမှာစားပြီး ကျွန်မနဲ့ စျေးဝယ် အတူတူ ထွက်ရမယ်နော်" လင်းချင်းဟယ်က ပြောလိုက်သည်။
"မလိုပါဘူးရှင်။ အဘိုးကြီးဝိန်နဲ့ ကော်တုန်းတို့ အိမ်မှာ ပြန်စားကြလိမ့်မယ်" အမေဝိန်က ပြုံးလိုက်သည်။
"ဒါဆိုလည်း ချင်းပိုင်ကို ဖက်ထုပ် ထုပ်ခိုင်းလိုက်မယ်။ နေ့လည်စာ ချက်ဖို့ မလိုတော့ဘူးပေါ့" လင်းချင်းဟယ်က ပြောလိုက်သည်။။
သူမက တရင်းတနှီး ဆက်ဆံနေသဖြင့် အမေဝိန် မငြင်းတော့ပါ။ သူမ ပြန်သွားတော့ ဖက်ထုပ် တစ်ထုတ်နှင့် နေ့လည်စာဗူးထဲတွင် ဟင်းလျာသုံးမျိုးကို ပြန်သယ်သွားခဲ့ပါသည်။
အဖေဝိန်နှင့် ဝိန်ကော်တုန်းတို့ အိမ်ပြန်ရောက်လာသောအခါ မြင်လိုက်ရသည်။ ဒါက ပထမဆုံးအကြိမ် လင်းချင်းဟယ် အမေဝိန်ကို အစားအသောက်များ ထုတ်ပိုးပေးခြင်း မဟုတ်ပါဘူး။ အဖေဝိန်က ဒါမျိုးကို အသားကျနေပါပြီ။ ဝိန်ကော်တုန်းက ပြုံးလိုက်၏။ "အမေ ဟင်းချက်စရာတောင် မလိုတော့ဘူးပဲ။"
"နင့်ဒေါ်လေးက သဘောကောင်းလွန်းနေတာပါဟယ်။ ငါ့ကိုအတင်း ပြန်ယူသွားခိုင်းပြီး ပူနေတုန်းစားဖို့တောင် ပြောလိုက်တယ်" အမေဝိန်က ပြန်ပြောလိုက်ပါသည်။
သူတို့ဘက်ကျတော့ စားတောင်မစားရသေးဘဲ သူမက ထုတ်ပိုးပြီး ပြန်ယူလာခဲ့ရပါသည်။ အခုတော့ အားလုံး အတူတူ စားသောက်နေကြ၏။
"မနက်ဖြန် နင့်ဒေါ်လေးလင်းက အိမ်ထောင်စု စာရင်းလာပေးလိမ့်မယ်။ နင်အောင်မြင်အောင် ကိုင်တွယ်ရမယ်နော်" အမေဝိန်က ညွှန်ကြားလိုက်သည်။
"သား သိပါတယ်" ဝမ်းကွေ့တုန့်က ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ်က နေ့လည်စာ စားပြီးနောက် ကျိုးရှောင်မိန်နှင့် သွားတွေ့၏ ကျိုးရှောင်မိန်က ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေပါသည်။ "ငါယူပေးမယ်နော် စတုတ္ထယောက်မ"
လင်းချင်းဟယ်က သူမအိမ်ထောင်စုစာရင်းနှင့် ငွေကိုယူပြီး ပြန်ထွက်လာသည်အထိ စောင့်နေသည်။ ထို့နောက် သတိပေးလိုက်၏။ "ဒီကိစ္စ ဘယ်သူ့ကိုမှ မပြောနဲ့ဦးနော်"
"စိတ်ချပါ" ကျိုးရှောင်မိန်က ခေါင်းငြိမ့်လိုက်ပါသည်။
အိမ်ထောင်စု စာရင်းပြဿနာကို ယွမ် ၂,၀၀၀ ဖြင့် တကယ်ဖြေရှင်းနိုင်ပါက ကျိုးရှောင်မိန်တစ်ယောက် စိတ်အေးသွားပါလိမ့်မည်။ ငွေက မနည်းသော်လည်း များလည်း မများလွန်းပါ။ အိမ်ထောင်စုစာရင်းကို ဆောင်ရွက်ပြီးသွားပါက သူတို့ မြို့သား စစ်စစ်များ ဖြစ်လာကြတော့မည်။
လင်းချင်းဟယ်က စိုးရိမ်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် အဆက်အသွယ်များကို အားကိုးပြီး ပြုလုပ်ခြင်း ဖြစ်သောကြောင့် လူသိရှင်ကြား ဖြစ်လို့တော့မရပါ။
ကျန်တာကိုတော့ ဘာမှစိုးရိမ်စရာ မလိုပေ။ ဟူကျစ်၏ အိမ်ထောင်စု စာရင်းကိုတော့ နောက်မှ လုပ်ပေးမည်။ သူ့အိမ်ထောင်စု စာရင်းစာအုပ်ကို ယူမလာသဖြင့် အခု လုပ်လို့မရသေးပါဘူး။
ထို့အပြင် ချန်းရှန်ရှန်က မွေးရပ်မြေပြန်ပြီး သူမ၏ ယောက္ခမများနှင့် မတွေ့ရသေးပါ။ ဝိန်ကော်တုန်း၏ အဆက်အသွယ် ရှိနေပြီ ဖြစ်သဖြင့်ဘာမှ လောဖို့ မလိုတော့ချေ။