အခန်း(၅၂၅) ၃၀ နားကပ်လာသော ဝိန်ကော်တုန်း
Vol. 38 Ch. 525
အခန်း(၅၂၅) ၃၀ နားကပ်လာသော ဝိန်ကော်တုန်း
ကျိုးစန်းနီ၏ မီးဖွားပြီးစဥ်ကာလတွင် လင်းချင်းဟယ် ဘယ်လိုဂရုစိုက်ရမလဲ မသိခဲ့ပါ။ ကျိုးစစ်နီကိုယ်တိုင် ကူညီပေးခဲ့ပါသည်။
ကျိုးစန်းနီ မီးဖွားပြီးစဥ်ကာလတွင် ဂရုစိုက်ပေးဖို့ သူမကို လင်းချင်းဟယ် မုန့်ဖိုးပေးပါသည်။
ဆေးရုံတွင် ၃ ရက်လောက် နေခဲ့ပြီး ကုန်ခြောက်ဆိုင်သို့ ပြန်ခဲ့၏။
ကလေးလေးက အလွန် လိမ္မာပြီး ထိန်းသိမ်းရ လွယ်ကူပါသည်။ သူ့တင်ပါးလေးများ သန့်ရှင်းနေပြီး ဗိုက်ဝနေပါက မျက်လုံးများ မှိတ်ကာ အိပ်ပျော်နေတတ်ပါသည်။ ဆူညံသံကြောင့်ပင် နိုးမလာတတ်ပါ။
နေ့ဘက်တွင် ကျိုးစစ်နီက သူ့ကို လာထိန်းပေး၏။ သူမ ရောက်တုန်း ကုန်ခြောက်ဆိုင်တွင်လည်း ကူညီပေးသည်။ သေးခံများကိုပါ လျှော်ပေးချင်သော်လည်း လီအိုက်ကော်က လျှော်ပေးပါသည်။ သူမ ချက်ပြုတ်ရေး တာဝန်ယူလျှင် လုံလောက်ပါပြီ။ ညဘက် ဆိုင်ပိတ်သောအခါ သူလျှော်ဖို့ ပြဿနာမရှိပါ။
သေးခံများစွာကိုလည်း ပြင်ဆင်ထား၏။
ဒီတစ်ခေါက်မီးဖွားစဥ် ရာသီဥတုက မပူသဖြင့် ကျိုးစန်းနီအတွက် သက်တောင့်သက်သာ ရှိသော မီးဖွားပြီးခါစ ကာလ ဖြစ်ခဲ့ပါသည်။အမှန်ပင်။ အေးလေး မအေးလွန်းပါ။ ထို့ကြောင့် အချိန်အခါကောင်းလေး ဖြစ်၏။
ကျိုးစစ်နီက ကျိုးစန်းနီမီးဖွားပြီး ကာလတွင် ကူညီပြီးကာစ ရှိသေး၏။ သူမ၏ အစ်မကလည်း မွေးဖွားချင်သော လက္ခဏာများ ပြလာလေသည်။
တစ်လသာ ရှိသေး၏။ ဒီတစ်လအတွင်း ကျိုးအာ့နီ၏ ဗိုက်မှာ ကြီးမားလွန်းလာသဖြင့် ဝမ်ယွမ်ပင် တွေ့လိုက်တိုင်း လန့်သွားရသည်။ အထည်စက်ရုံသို့ သူမသွားတော့ဘဲ ကျိုးအာ့နီကိုသာ အိမ်တွင် စောင့်ရှောက်ပါသည်။
ဘာပဲဖြစ်ဖြစ် သူမက အမြွှာလေးကို ကိုယ်ဝန်လွယ်ထားရသည်။ ၈ လအထိ သူမ တောင့်ခံနိုင်ခဲ့ပြီး မွေးဖွားခဲ့ပါသည်။
မွေးချိန်မတန်သေးသော်လည်း အမြွှာများက ဒီလို လမစေ့ဘဲ မွေးဖွားနိုင်ခြေ ရှိပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ရောက်လာကြသောအခါ ကျိုးရှောင်မိန်၊ စုတာ့လင်းနှင့် အခြားသူများလည်း ရောက်နေကြပြီ ဖြစ်သည်။ ဝမ်ယွမ်က စိတ်လှုပ်ရှားစွာဖြင့် စောင့်နေ၏။
၂ နာရီကျော်လောက်အထိ စောင့်နေပြီး သူမ မမွေးသေးသောအခါ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ အရင်ပြန်နှင့်ခဲ့ကြ၏။ စုတာ့လင်းလည်း ပြန်သွားသည်။ ကျိုးရှောင်မိန်၊ ကျိုးစစ်နီနှင့် ဝမ်ယွမ်တို့သာ ကျန်ခဲ့၏။
နောက်ဆုံးတွင်တော့ ကျိုးရှောင်မိန်ကိုလည်း ဝမ်ယွမ် ပြန်ခိုင်းခဲ့ပြီး ကျိုးစစ်နီသာ သူနဲ့ ကျန်ခဲ့တော့သည်။
အရုဏ်တက်ခါနီးတွင် ကလေးများ မွေးဖွားလာခဲ့ကြပါသည်။ ဝမ်ယွမ်နှင့် ကျိုးအာ့နီတို့ မျှော်လင့်ထားသည့်အတိုင်း နဂါးနှင့် ဇာမဏီ အမြွှာတစ်စုံဖြစ်သည်။
ဝမ်ယွမ်၏ ပျော်ရွှင်မှုကို အသာထားပြီး ကျိုးစစ်နီက အိမ်ပြန်ကာ သူမ၏ ဒုတိယအစ်မ အတွက် စားစရာများ လုပ်ခဲ့ပါသည်။
ကျိုးစန်းနီ မွေးဖွားပြီးနောက် ကျိုးအာ့နီလည်း မွေးဖွားခဲ့သည်။ ညီအစ်မနှစ်ယောက်က အချိန်ကိုက်ပဲဖြစ်သည်။
အမေဝိန်ရောက်လာသောအခါ ထိုအကြောင်းကို လင်းချင်းဟယ်ထံမှ ကြားခဲ့ရသည်။ ထို့နောက် စိတ်ပူပင်စွာဖြင့် ပြောလိုက်၏။ "ကော်တုန်းကတော့ ဘာတွေဖြစ်နေလဲ မသိပါဘူး။ အခုချိန်ထိတောင် မိန်းမယူဖို့ စိတ်ကူးမရှိသေးဘူး။ သူ့အသက်လည်း ကြီးလာတော့မယ်။"
"ကော်တုန်းက စံနှုန်းမြင့်မြင့် သတ်မှတ်ထားတာ နေမှာပေါ့။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"သူဘယ်လို မိန်းကလေးမျိုးကြိုက်လဲ ကျွန်မလည်း မသိတော့ဘူး။ သူ့အတွက် ဘလိုင်းဒိတ်တစ်ခု စီစဥ်ပေးခဲ့တာ သူကလည်း စကားနားထောင်ပြီး သွားပါတယ်။ ဒါပေမယ့် တဖက်မိန်းကလေးက သူ့ကို ကြိုက်တာတောင် သူက ပြန်မကြိုက်ဘူးတဲ့။" အမေဝိန် နှလုံးသား မီးတောက်နေသလို ခံစားနေရသည်။
လင်းချင်းဟယ် ရယ်မောချင်မိပါသည်။ တကယ်တော့ ဝိန်ကော်တုန်းက အသက်မကြီးသေးပါဘူး။ သို့သော် လက်ထပ်ဖို့အရွယ်တော့ တကယ်ရောက်နေပါပြီ။ သို့သော်လည်း အမေဝိန် အစိုးရိမ်လွန်နေတာ သိသာလွန်းပါသည်။
"ရှင့်ရဲ့ အစွမ်းအစရှိတဲ့ တူမလေး ဘယ်မှာလဲ။" အမေဝိန်က မေးလိုက်သည်။
"ဘယ်သူတုန်း။" လင်းချင်းဟယ် နားမလည်လိုက်ပါ။
"စစ်နီလေ" အမေဝိန် ပြန်ဖြေလိုက်ပါသည်။
"စစ်နီ ဟုတ်လား" လင်းချင်းဟယ် ရယ်ရခက် ငိုရခက် ဖြစ်သွား၏။ သူမကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "အစ်မကြီးဝိန် ကျွန်မ မြှောက်ပြောတာ မဟုတ်ပါဘူး။ စစ်နီက တကယ်ပဲ မိန်းမကောင်းလေးပါ။ ကြည့်ပါဦး စန်းနီကော အာ့နီကော မီးဖွားပြီးစဥ်ကာလတုန်းက သူပဲ အားလုံး ကူညီပေးခဲ့တာ။ သူက သွက်လက်တယ်။ ဒါပေမယ့် ကော်တုန်းနဲ့တော့ မလိုက်ဖက်ပါဘူး။"
ဝိန်ကော်တုန်းအကြောင်း သူမ သိပ်မသိသော်လည်း ဒီဝိန်ကော်တုန်းက စံနှုန်းအလွန် မြင့်သည်မှာ သိသာပါသည်။ အမှန်ပင် စစ်နီကိုလည်း ဆိုးရွားလှသည်ဟု သူမ မထင်ပါ။ သူတို့နှစ်ယောက်အကြား ကွာဟချက်က ကြီးလွန်းနေသောကြောင့် ဖြစ်ပါသည်။ ဒါကိုတော့ သံသယဖြစ်စရာမလိုပေ။
"ကော်တုန်းက အခြေအနေကောင်းတဲ့ မြို့သူလေးတွေ အများကြီးကိုတောင် သဘောမကျဘူးလေ။" လင်းချင်းဟယ်က ပြောလိုက်သည်။
စစ်နီကို ဝိန်ကော်တုန်းနှင့် ဘလိုင်းဒိတ်လုပ်ဖို့ မစီစဥ်ပေးချင်ပါ။ အဘယ့်ကြောင့်ဆိုသော် စစ်နီ နာကျင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ စစ်နီကတော့ အကောင်းမြင်စိတ် ရှိပြီး အလွယ်တကူ စိတ်ဓာတ်မကျနိုင်ပါ။
သို့သော် ဝိန်ကော်တုန်း၏ အခြေအနေတွေက အလွန်ကောင်းလွန်းနေ၏။ သူက နူးညံ့ပြီးသိမ်မွေ့သည့် ယောက်ျားတစ်ယောက် ဖြစ်ပုံပေါ်ပြီး ပညာရေးနောက်ခံလည်းမြင့်သည်။ ဘလိုင်းဒိတ်လုပ်ခဲ့ပြီး စစ်နီက သူ့ကိုသဘောကျကာ ဝိန်ကော်တုန်းက ပြန်သဘောမကျပါက ဘယ်သူနာကျင်ရမည်နည်း။
"စစ်နီက တော်တော်လေး တော်တယ်လို့ ကျွန်မတော့ ထင်တယ်။ ပြီးတော့လည်း စစ်နီက သူ့ထက်အများကြီး ပိုငယ်တယ်။ နွားအို မြက်နုကြိုက်သလိုတောင် ဖြစ်နေပါဦးမယ်။" အမေဝိန်က သူ့သားကြီးကို မကြိုက်သည့် အချက်များအား ဖုံးကွယ်မထားတော့ပါ။
သူ့အသက်က ၃၀ ရောက်တော့မည် ဖြစ်သော်လည်း ဒီတိုင်းသာ ရှိနေပါသေးသည်။ အမေဝိန် သူ့ကို ရိုက်ကာ ဆုံးမပစ်ချင်မိ၏။
လင်းချင်းဟယ်ကလည်း တောင့်ခံပြီး ဆက်ငြင်း၏။ "တခြားသူတွေကို ရှာကြည့်ပါဦး။ စစ်နီနဲ့ ကော်တုန်းတို့မှာ တူတဲ့အချက်တစ်ချက်မှ မရှိဘူးလေ။"
အမေဝိန် မတတ်နိုင်တော့ပေ။ လင်းချင်းဟယ် သူတို့နှစ်ယောက်ကို အောင်သွယ်ပေးဖို့ တကယ် စိတ်ကူးမရှိသည်ကို မြင်သဖြင့် သူမ ဆက်မပြောတော့ပါ။
သူမ အိမ်ပြန်ရောက်သောအခါ မျက်နှာသိပ်မကောင်းဘဲ ဝိန်ကော်တုန်းကိုပင် ကြည့်မရ ဖြစ်နေ၏။
"အမေ ဘာဖြစ်လို့လဲ" ဝိန်ကော်တုန်းက တီဗီကြည့်နေရင်း မေးလိုက်ပါသည်။ ဒီနေ့က အလုပ်နားရက်ဖြစ်၏။
"ဘာကို ဘာဖြစ်ရမှာလဲ။ နင်ငါ့ကို ရိုးရိုးသားသား ပြောစမ်း။ နင်ယောက်ျားချင်း ကြိုက်နေတာလား။ နင်အခုထိ လက်မထပ်သေးဘဲ မိဘတွေကို သေတဲ့အထိ စိတ်တိုအောင် လုပ်နေမှာလား။" အမေဝိန်က မှုန်ကုတ်ကုတ် မျက်နှာဖြင့် ငေါက်လိုက်၏။
ဝိန်ကော်တုန်း ဆွံ့အသွားသည်။
သူက မိန်းမ မကြိုက်ဘဲ ယောက်ျားချင်း ကြိုက်နေသည်ဟု သူ့အမေ ဘာကြောင့် ထင်မှန်း မသိပါ။
"ကျွန်တော်က လူမှန်နဲ့ မတွေ့သေးလို့ပါ။" ဝိန်ကော်တုန်းက ပြောလိုက်၏။
အမေဝိန်က စောင်းမြောင်းကာ ပြောလိုက်၏။ "ဒါဆိုလည်း လူမှန်ဆိုတာ ဘယ်လိုဟာမျိုးကို ပြောတာလဲ။ အဲ့ဒီချန်းမိသားစုရဲ သမီးက အရမ်းတော်တယ်။ ပညာလည်းတတ်၊ စည်းစနစ်လည်းရှိပြီး လှလည်းလှတယ်။ ဘလိုင်းဒိတ်မှာလည်း သူတို့ဘက်က စိတ်ဝင်စားမှုပြတာတောင် နင်က ဂရုမစိုက်ဘူး။"
"အရမ်း နုလွန်းတယ်။ ကျွန်တော်နဲ့ မကိုက်ဘူး" ဝိန်ကော်တုန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်ပါသည်။
"မိန်းကလေးတစ်ယောက် နုလွန်းတာ ဘာဖြစ်လဲ။ ဘာဖြစ်လို့လဲလို့။" အမေဝိန်က ပြောလိုက်သည်။ ဒီလောက်နှစ်တွေအများကြီး ကြာတာတောင် မိန်းမ မရသေးသဖြင့် သူ့သားကြီးနှင့် ထိုက်တန်သည်ဟု ခံစားရပါသည်။
"ဘာမှမဖြစ်ပါဘူး ကျွန်တော်နဲ့ မကိုက်ညီရုံပဲ။" ဝိန်ကော်တုန်းက ပြောလိုက်ပါသည်။ တစ်နေကုန် ချော့မြူနေရမည့် လူမျိုးနှင့် လက်မထပ်ချင်ပါ။ ချန်းမိသားစုက ကောင်မလေးက တကယ်ပဲ လှပသော်လည်း စကားပြောပုံက ကြောင်လေးတစ်ကောင်လို နုလွန်းလှသည်။ သူဒီလိုပုံစံမျိုးကို တကယ် စိတ်မဝင်စားပါ။
"ဟဲ့မိသားစုက ကောင်မလေးက မနုဘူး။ သူ့ကျတော့ ဘာလို့မကြိုက်တာလဲ။" အမေဝိန်က မေးခွန်းဆက်ထုတ်၏။
"သူက အိမ်မှာ ပြဿနာတွေ အများကြီး ရှာတတ်တယ်။ လက်ထပ်ပြီးရင် ငြိမ်းငြိမ်းချမ်းချမ်းကို နေရမှာ မဟုတ်ဘူး။" ဝိန်ကော်တုန်းက ပြန်ဖြေလိုက်ပါသည်။
သူမိန်းမတစ်ယောက် ယူဖို့ဆိုတာ လွယ်ကူလားဟု တွေးခဲ့မိ၏။ ထိုလူက သူနဲ့အတူ တစ်သက်လုံး အတူတူ နေရမည်ဖြစ်သဖြင့် သူသေသေချာချာ မရွေးလို့ ဖြစ်ပါ့မလား။
သူ့အမေ၏ ပြောစကားအဓိပ္ပာယ်အရ အသက် ၃၀ ရောက်တော့မည်ဖြစ်ပြီး သူက အသက်ကြီးလွန်းနေပြီတဲ့။ မိန်းမ တစ်ယောက် ရရင်တောင် ကံကောင်းသည်ဟု ဆိုသည်။
ဝိန်ကော်တုန်း စိတ်ပင်ပန်းလှပါပြီ။ မိန်းမ ယူရတာ ဖြစ်သည်။ မကောင်းပါက လဲနိုင်သည့် သက်မဲ့ ပစ္စည်းမဟုတ်ပါ။
"နင့်ဒေါ်လေးလင်းမှာ တူမတစ်ယောက်ရှိတယ်။ သူ့မိသားစုက ကျေးရွားဘက်က ဆိုပေမယ့် သူက အရမ်းတော်တယ်။ သွက်လက်ပြီး စနစ်ကျတယ်။ သူနဲ့ ဘလိုင်းဒိတ် လုပ်စေချင်ပေမယ့် နင့်ဒေါ်လေးလင်းက သဘောမတူဘူး။" အမေဝိန် သက်ပြင်းချလိုက်ပါသည်။
ကျိုးအာ့နီ လက်ထပ်တုန်းက အဖေဝိန်နှင့် သူမတို့ကို လင်းချင်းဟယ် ဖိတ်ကြားခဲ့၏။ ထိုအချိန်တုန်းက အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့၊ ကျိုးယန်နှင့် ကျိုးဝမ်တို့ကို တွေ့ခဲ့ရပါသည်။
အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့က အလွန် အလုပ်ကြိုးစားသော လယ်သမားများဖြစ်ကြ၏။ တစ်ချက်လောက်ကြည့်လိုက်ရုံနှင့် ရိုးသားသောလူများဖြစ်သည်ဟု ပြောနိုင်ပါသည်။
ထို့အပြင် ကောလိပ်ကျောင်းသား မောင်တစ်ယောက်လည်း ရှိသေး၏။ ထိုမောင်လေးက အလွန်စာတော်ပြီး အနာဂတ်တွင် တက္ကသိုလ် တက်နိုင်မှာသေချာပါသည်။ မိသားစုက ကျေးရွာဘက်မှဖြစ်သော်လည်း သူတို့အရမ်း မဆိုးရွားလောက်ပါဟု အမေဝိန် ထင်ပါသည်။
သို့သော်လည်း လင်းချင်းဟယ်က ဒီလိုစိတ်ကူး မရှိမှန်း သိသာသည်။ လင်းချင်းဟယ်၏ စိုးရိမ်စိတ်ကိုလည်း အမေဝိန်နားလည်သည်။ သူမ၏ အလားအလာမရှိသည့် သားဖြစ်သူက သူမ၏ တူမဖြစ်သူကို နာကျင်စေမည်ကို စိုးရိမ်နေခြင်းပဲ မဟုတ်ပါလား။