အခန်း(၅၂၉) မြွေနဲ့ ကြွက်တွင်း
Vol. 38 Ch. 529
အခန်း(၅၂၉) မြွေနဲ့ ကြွက်တွင်း
လင်းချင်းဟယ်၏ အမြင်တွင်တော့ ဒီတူမ ကျိုးစစ်နီက တကယ်ပဲ တော်ပါသည်။ ဝီရိယရှိပြီး အကောင်းမြင်တတ်သည်။ တောက်ပပြီး ဖြောင့်မတ်သော မိန်းကလေးတစ်ယောက်ဖြစ်၏။
မဟုတ်ပါက လင်ချင််းဟယ်က ဘာကြောင့် ဝိန်ကော်တုန်းနဲ့ မိတ်မဆက်ပေးဘဲ နေမည်နည်း။ ဝိန်ကော်တုန်းကလည်း မဆိုးပါ။ ကျိုးစစ်နီ နာကျင်မည်ကို စိုးရိမ်နေသောကြောင့်သာ။ ထို့ကြောင့် လုပ်ချင်တာ လုပ်နိုင်ပြီး သူမ၏ တူမကိုတော့ လာမဖျက်ဆီးပါနှင့်။
ဝိန်ကော်တုန်း၏ အဆင့်နဲ့တောင် လင်းချင်းဟယ်က သဘောတူဖို့ တွန့်ဆုတ်နေ၏။ ကျူးမိသားစုသာဆို ပြောဖို့မလိုတော့ပါ။
တခြားကိစ္စများကို အသာထားဦး။ ကျူးမိသားစုက ယုံကြည်မှုလွန်ကဲပြီး အတ္တကြီးကာ စိတ်ကြီးဝင်သည်။ ဒါက အနည်းငယ် သည်းမခံနိုင်စရာဖြစ်ပါသည်။
အရင်တုန်းက ဟူကျစ်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သတိရနေဆဲ ဖြစ်သည်။ ထို့အပြင် အဘွားကျူး၏ ကိုယ့်ကိုယ်ကို အထင်ကြီးမှုကလည်း များလွန်းပါသည်။
ကျိုးရှောင်မိန်က ပြောလိုက်၏။ "ကျူးမိသားစုမှာ ဘယ်လို စရိုက်မျိုးရှိလို့လဲ။ အမြဲတမ်း သူတို့ကိုယ်သူတို့ အထက်တန်းစားတွေလို သတ်မှတ်နေကြတာ။ သူတို့က တစ်ခုခု လိုချင်နေလို့သာ အမေနဲ့ ပြောဆိုဆက်ဆံနေကြတာ။ မနှစ်ကတည်းက လက္ခဏာတွေ ပြနေတယ်။ ဒီနှစ်တော့ ဘာမှ သိပ်မထူးသလိုလိုပဲ။ ငါအထင်မှားနေတယ် ထင်နေတာ။ အခုတော့ သူတို့ ပြန်စလာကြပြန်ပြီ။"
"တခြားလူတွေက သူ့မြေးကို ပစ်သွားပြီး တွဲစရာလူ မရှိတော့လို့ ဖြစ်မှာပေါ့။ အဲ့တာကြောင့် စစ်နီဘက်ကို ပြန်လှည့်လာကြတာ" လင်းချင်းဟယ်က သူမကျောအား ပွတ်တိုက်ပေးနေသည်ကို ဇိမ်ခံကာ ဂရုမစိုက်စွာဖြင့် ပြောလိုက်ပါသည်။
သို့သော်လည်း သူမပြောတာ တကယ်မှန်ခဲ့ပါသည်။
အဘွားကျူး၏ မြေးကတော့ တာဝန် ကျရှုံးပြီး အိမ်ပြန်ရောက်လာခဲ့ပါပြီ။ တဖက်လူကို ဖားယားပြီး ဒူးထောက်တောင်းပန်ခဲ့ရသည့် အရင်ရည်းစားလည်း ပြတ်သွားခဲ့ရပြီ။ သူ့ကို ဒီတိုင်း ကြိုးရှည်ရှည်နှင့် လှန်ထားခဲ့ခြင်းဖြစ်၏။
အရင်လတုန်းက သူ့ယာယီအလုပ် ရုတ်တရက်ကြီး အထုတ်ခံခဲ့ရသည်။ ထို့ကြောင့် သူ့ရည်းစားက သူနဲ့ တွဲတောင် မတွဲချင်တော့ဘဲ ဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် အဘွားကျူး၏သမီးက သူမ သူမအမေကို အရင်တုန်းကလာတွေ့ခဲ့ပြီး သူမအမေ အထင်သေးသည့် ကျေးရွာသူလေး တစ်ယောက်အကြောင်း ပြောခဲ့တာကို မှတ်မိသွားပါသည်။
သူမက ကျေးရွာဘက်မှဖြစ်သော်လည်း သူ့ဦးလေးနှင့် ဒေါ်လေးတို့က ချမ်းသာကြသည်။ ဒီလိုဆိုရင်တောင် အဘွားကျူး၏ သမီးက သူမကို မျက်စိမကျခဲ့ပါ။ မဟုတ်ပါက သူမ၏ သားကို တဖက်လူနှင့် ဘာကြောင့် တွဲခွင့်ပြုခဲ့မည်နည်း။
သို့သော်လည်း အခုတော့ သူတို့ ကွဲသွားကြပြီ ဖြစ်သည်။ ဘာမှ ပြောဖို့ မလိုတော့ပါ။ ကျိုးမိသားစု၏ မြေးမကိုသာ ပြန်လာရှာခဲ့ရသည်။
အဆင်ပြေသွားပါက သူမ၏ သားအတွက် အလုပ်တစ်ခု ရှာပေးဖို့ မခက်လောက်ပါ။
ထို့ကြောင့် အဘွားကျူးက မကြာခဏ လာပြီး အမေကျိုးနှင့် စကားပြောခြင်းဖြစ်ပါသည်။
လင်းချင်းဟယ်က ဒီကိစ္စကို မဖြစ်နိုင်သဖြင့် စိတ်ထဲ သိပ်မထားခဲ့ပါ။ ထို့ကြောင့် ဘာပြောဖို့ လိုဦးမည်နည်း။
ကျိုးရှောင်မိန်နှင့် လင်းချင်းဟယ်တို့ ရေချိုးပြီး ပြန်လာကြသောအခါ အဘွားကျူး ကျိုးစစ်နီအား စကားပြောနေသည်ကို တွေ့လိုက်ကြရပါသည်။
"စစ်နီ" ကျိုးရှောင်မိန် မျက်နှာတင်းသွားပြီး ချက်ချင်း လှမ်းခေါ်လိုက်ပါသည်။
အဘွားဟူကြောင့် ရှုရှန့်မိန် လှည့်စားခံခဲ့ရသည့် ကိစ္စမှာ တစ်ကြိမ်လောက်ဆို လုံလောက်ပါပြီ။
"ဒေါ်လေး" ကျိုးစစ်နီက လျှောက်လာပါသည်။
"အပြင်ဘက်မှာ ဒီလောက် အေးနေတာကို ဘာလို့ အပြင်မှာ နေနေတာလဲ။ အထဲဝင်လေ။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
အဘွားကျူးကို သူမ သိပ်အရေးမစိုက်ဘဲ ကျိုးစစ်နီကိုသာ အိမ်ထဲခေါ်သွားပါသည်။ တံခါး ပိတ်လိုက်သည်နှင့် ကျိုးစစ်နီကို တီးတိုးမေးခဲ့၏။ "ဘာတွေဖြစ်နေတာလဲ။"
"ဘာတွေဖြစ်နေလဲ မသိပါဘူး။ သူက သမီးကို လက်ဖက်ရည် လာသောက်ဖို့ ဖိတ်နေတာ။ သမီးလည်း ငြင်းတော့မလို့ပါပဲ။" ကျိုးစစ်နီက ပြောလိုက်ပါသည်။
သူမက အဘွားကျူးနှင့်မရင်းနှီးပါ။ ထို့အပြင် အဘွားကျူးနှင့် သူမ၏ အဘွားတို့၏ ဆက်ဆံရေးက သိပ်မကောင်းတာကိုလည်း သူမသိပါသည်။ သူမ လက်ဖက်ရည်သောက်ဖို့အတွက် ဘယ်လိုလုပ်ပြီး သူတို့အိမ်ထဲ ဝင်သွားရမည်နည်း။ ဘာတွေဖြစ်နေလဲ သူမ မသိပါ။ အဘွားကြီးက သူမအပေါ် အလွန်သဘောကောင်းပြလွန်းနေ၏။ ထို့ကြောင့် သူမ နေရခက်လာပါသည်။
"ငြင်းတာမှန်တယ်။ နင်သူတို့ ကျူးမိသားစုနဲ့ လက်ထပ်ချင်ရင်တော့ ဝင်သွားလိုက်ပေါ့။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
ကျိုးစစ်နီ လန့်သွား၏။ "ရှင်"
"သူက အရမ်းသဘောကောင်းလွန်းနေတယ်လို့ နင်ထင်တယ်မလား။ အဲ့တာ သူကနင့်ကို သူ့မြေးနဲ့ ပေးစားချင်လို့ဟဲ့" ကျိုးရှောင်မိန်က နှုတ်ခမ်းကို တွန့်ကာ ရှင်းပြလိုက်ပါသည်။ "နင့်စတုတ္ထဒေါ်လေးနဲ့ ငါတို့ ခုလေးတင် ရေသွားချိုးလာတာ။ ဒီအကြောင်း ခုလေးတင် ပြောလာကြတာ။ နင်ပါမသွားစေနဲ့နော် ကြားလား။ ရှုရှန့်မိန်လို လုပ်ရပ်မျိုး နင်လုပ်ရင် ငါကော နင့်စတုတ္ထဒေါ်လေးကော နင့်ကိုခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။"
"မလုပ်ပါဘူး။ သမီး သေချာပေါက် ဝမ်းကွဲအစ်မ ရှန့်မိန်လို မဖြစ်စေရပါဘူး။" ကျိုးစစ်နီက အမြန်ကတိပေးလိုက်ပါသည်။
"ကောင်းပါပြီ။" ကျိုးရှောင်မိန်က အသိပေးလိုက်၏။ "ဟိုဘက်အိမ်က အဘွားကြီး နှစ်ယောက်က ဘာကောင်းကွက်မှ မရှိဘူး။ အဲ့တာကို မှတ်ထား နားလည်လား။"
ကျိုးရှောင်မိန်က အဘွားကျူး အဘွားဟူဆီလာပြီး ကြားလူအဖြစ်လုပ်ခိုင်းခြင်းကို သိထားပါသည်။ သူတို့နှစ်ယောက်က ကျိုးရှောင်မိန်၏ နှလုံးသားထဲက မြွေနှင့် ကြွက်သိုက်လို ဖြစ်နေပါသည်။ ဘာကောင်းကွက်မှ မရှိပါဘူး။
ကျိုးစစ်နီကလည်း သဘောတူပါသည်။
"စစ်နီ ရောက်နေတာလား။ နင့်ဒုတိ အစ်မ ဘယ်လိုနေလဲ။ အမြွှာလေးနှစ်ယောက်စလုံးကော ကောင်းကောင်းစားကြရဲ့လား။" အမေကျိုးက မြေးမလေးနှစ်ယောက်နှင့် တီဗီ အတူတူ ကြည့်နေသည်။ သူမ ရောက်လာသည်ကို မြင်သောအခါ ပြောလိုက်ပါသည်။
"အဘွား။ မစိုးရိမ်ပါနဲ့။ အားလုံး အဆင်ပြေကြပါတယ်။" ကျိုးစစ်နီက ပြုံးလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "သူတို့ အားလုံး အခု အိပ်နေကြတယ်လေ။ အဲ့ဒါကို အခွင့်ကောင်းယူပြီး အဘိုးနဲ့ အဘွားတို့ကို လာတွေ့တာပဲ။" သူမ ဘေးပတ်လည်ကို ကြည့်လိုက်ရင်း ပြောလိုက်ပါသည်။ "အဘိုးကော ဘယ်မှာလဲ။"
"နင့်အဘိုးနဲ့ အဘိုးဝမ်တို့ကို လောင်စန်းက ရေပူစမ်း လိုက်ပို့တယ်။ ပိုက်ဆံကို ဘယ်လို စုရမလဲဆိုတာကို တကယ်မသိကြဘူး။ ရေချိုးအိမ်မှာ ရေသွားစိမ်တာမှ ပိုကောင်းပါသေးတယ်အေ။" အမေကျိုးက အပြစ်ဆိုလိုက်ပါသည်။
သူမ၏ စိတ်ထဲတွင်တော့ တစ်ယောက်ကို ၁၀ ယွမ်သာ ရှိသေးသည်။ တကယ်တော့ တစ်ယောက်ကို ယွမ် ၂၀ ကျော်နေပါပြီ။ သို့သော်လည်း လောလောဆယ် ဧည့်သည်များကို ဖိတ်ခေါ်ဖို့ လျှော့စျေးရှိနေ၏။ တစ်ယောက်ကို ၁၅ ယွမ်သာ ဖြစ်သည်။
ကျိုးကွေ့လိုင်က ရှားရှားပါးပါး အားလပ်သဖြင့် သူ့အဘိုးနှစ်ယောက်နှင့်အတူ အပြင်ထွက်သွားသည်။
သားငယ်က အခု တကယ်ဝတ္တရား ကျေပွန်နေပါသည်။ သူအားတာနဲ့ လူကြီးနှစ်ယောက် ထံသို့ လာပြီး အပြင်ထွက်လည်ကာ စားသောက်ကြပြီး ဓာတ်ပုံများ ရိုက်ကြ၏။
ထို့ကြောင့် အဖေကျိုးနှင့် အဘိုးဝမ်တို့၏ စိတ်အခြေအနေများက အလွန်ကောင်းမွန်နေကြပါသည်။ တခြားသူများနှင့် စကားပြောသောအခါ လူငယ်လေးများနှင့် မကြာသေးခင်က ဘယ်ကို သွားခဲ့သည်ဟူသော အကြောင်းအရာများသာ ဖြစ်သည်။
"နင် ပင်ပန်းနေမှာပဲ။ ကလေးတွေကို ဂရုစိုက်ဖို့က မလွယ်ဘူး။" ကျိုးရှောင်မိန်က ထိုင်ချလိုက်ပြီး သူမ၏ တူမကို လိမ္မော်သီးများပေးလိုက်ပါသည်။
"ကလေးထိန်းတာ ဘာလို့ခက်မှာလဲ။ လေမထိ မိုးမထိနဲ့ ထိန်းရတာပဲကို။" အမေကျိုးက ဖြတ်ပြောလိုက်ပါ့သည်။
"ဘာပဲဖြစ်ဖြစ်ပါ။ သမီးကတော့ လွယ်တယ် မထင်ဘူး။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။ မွေးရပ်မြေကောင်တီမြို့တွင် သူမကလေးများထိန်းဖို့အတွက်နှင့် အလုပ်ထွက်ခဲ့တုန်းက နေရောင်တစ်ပေါက်မှ မမြင်ရသည့် အမှောင်ကျနေသော နေ့ရက်တွေလို ဖြစ်ခဲ့သည်။
သူမ အလုပ်သွားခဲ့ရသည့် နေရက်များကို သတိရသည်။ မဟုတ်ကပါ ဘာကြောင့် သူမ၏ စတုတ္ထယောက်မက လူကြီးနှစ်ယောက်ကို သူမအိမ်တွင်ထားခဲ့ပြီး အလုပ်သွားဖို့ ပြောခဲ့မည်နည်း။
နောက်ပိုင်းတော့ အလုပ်မဖြစ်ခဲ့ပါ။ ကလေးတွေ များလွန်းသဖြင့် သူ့မိဘများကိုသာ အမြဲတမ်း ထိန်းခိုင်း၍ မဖြစ်ပေ။ ထို့ကြောင့် အလုပ်ထွက်ခဲ့ပြီး အိမ်မှာသာ နေခဲ့ပါသည်။
ထိုနေ့ရက်များကတော့...
"တကယ်တော့ အဆင်ပြေပါတယ်။" ကျိုးစစ်နီက ရွှင်လန်းစွာ ပြန်ဖြေလိုက်ပါသည်။ ကလေးနှစ်ယောက်က အလွန်လိမ္မာပါသည်။ သန့်ရှင်းရေးလုပ်ပြီးသွားသောအခါ သူတို့ ကောင်းကောင်း အိပ်ပျော်သွားကြပါသည်။
"စန်းနီမှာ အဝတ်လျှော်စက်မရှိဘူးနော်။ သေးခံတွေကို ဘယ်လိုလုပ်လဲ။" အမေကျိုးက ရုတ်တရက် မှတ်မိသွားပြီး ပြောလိုက်ပါသည်။
"တတိယခဲအိုက လျှော်တယ်လေ။ လျှော်ပြီးရင် ညဘက်လှမ်းထားတယ်။ ပြီးရင် အိုးအဖုံးပေါ်မှာ ထားပြီး အပူပေးတယ်။ နေ့တစ်ဝက်လောက်ကျော်ရင် လုံးဝ ခြောက်သွားကော။" ကျိုးစစ်နီက ဖြေလိုက်ပါသည်။
ကျိုးစန်းနီထံသို့ မွေးဖွားပြီးကာစ ကူညီပေးဖို့အတွက် သွားခဲ့သဖြင့် သူမ အနည်းငယ် သိပါသည်။
အဝတ်လျှော်စက် တစ်လုံးကို ယွမ် ရာကျော် တန်ကြေးရှိသည်။ လင်းချင်းဟယ်အတွက်တော့ သိပ်မများပါ။ သို့သော်လည်း ဒီလောက် အများကြီးတော့ ကူညီဖို့ အစီအစဥ်မရှိပေ။
သူတို့ကို ဆိုင်တစ်ဆိုင်ဝယ်ဖို့ ကူညီပေးခဲ့သည်။ ကျန်နေ့ရက်များက အနည်းငယ် ခက်ခဲသော်လည်း သူတို့ဖာသာ သူတို့ ဖြေရှင်းဖို့ လွှတ်ထားမည်ဖြစ်သည်။
အခု ရာသီဥတုက အေးလာပြီ ဖြစ်သည်။ ထို့ကြောင့် လီအိုက်ကော်က လျှော်စရာ ရှိသည်နှင့် သေးခံများကို လျှော်သည်။ လျှော်ဖွပ်ပြီးနောက် ရေခြောက်ဖို့အတွက် လှမ်းသည်။ ထို့နောက် အိုးအဖုံးပေါ်တွင် တင်ထားပါသည်။
အမေကျိုးက ခေါင်းသာငြိမ့်လိုက်ပြီး ဘာမှ မပြောခဲ့ပါ။ ဒါမျိုး ဘယ်သူက မကြုံဖူးဘဲ နေမည်နည်း။ အခု အများကြီး ပိုသက်သာနေပါပြီ။
ကျိုးစန်းနီ မွေးဖွားပြီးစဥ်ကာလတုန်းက ထိုဘက်က အသား ၅ ယွမ်၊ ကြက်တစ်ကောင်၊ ကြက်ဥတစ်ခြင်းတို့ ဝယ်ပေးခဲ့ပါသည်။
သူမ၏ စတုတ္ထဒေါ်လေးက ငါးကြီးဆီ တစ်ကျင်းကို ပေးကာ သူမခန္ဓာကိုယ် ပြန်လည် အာဟာရပြည့်လာဖို့ အိုက်ကော်ကို ချက်ပြုတ်ခိုင်းခဲ့ပါသည်။