ထူးခြားလှသော လျို့ဝှက်တိုက်ကွက်
Vol. 56 Ch. 775
ကောင်းကင်ဘုံအလွန် ကျတ်တီးနယ်မြေ၌ မိုဝူကျိနှင့် ရွိုက်ကောတို့မှာ ကျင့်ကြံနေကြဆဲ ဖြစ်၏။ သူတို့ ရှိနေသည့် မြေအောက်ဂူကို အစီအရင်ပေါင်းများစွာဖြင့် ကာရံထားပြီး ဖုံးကွယ်ရေး အစီအရင်နှင့် စိတ်ဝိညာဉ် ဖုံးကွယ်ရေး အစီအရင်တို့မှာလည်း အဆင့် ၇ များ ဖြစ်ကြသည်။
သူ့ကို လာရှာသည့် သူများကိုတော့ မိုဝူကျိက လုံးဝ အာရုံမရှိပေ။ မိုဝူကျိက တစ်ယောက်ယောက် သူ့ကို လာရှာမည်မှန်း သေချာသိနေသည်။ အကြောင်းမှာ သူက မီဖေးကုန်သွယ်ရေး အဖွဲ့မှ အင်မော်တယ် ဧကရာဇ် သုံးယောက်ကို သတ်ပစ်ခဲ့သည် မဟုတ်ပါလော။ မီဖေးကုန်သွယ်ရေး အဖွဲ့အနေနှင့် သူ့အား လာမရှာမှသာ ထူးဆန်းနေပေလိမ့်မည်။ မီဖေးကုန်သွယ်ရေး အဖွဲ့အပြင် ကောင်းကင်ဘုံအလွန် စကြဝဠာမှ အဆင့်မြင့် ကျင့်ကြံသူများကလည်း စကြဝဠာနယ်နမိတ်အလွန်၌ သူ့အား လာရှာနေလောက်ပေသည်။
သူ့တွင် တောင်ပုံရာပုံ အစိမ်းရောင်ကျောက်များ စုဆောင်းထားနိုင်သည့်အတွက် သူတို့အတွက် ထိုအစိမ်းရောင်ကျောက်များနှင့် ဆေးပင်များကို ရယူနိုင်လိမ့်မည်ဟု ယုံကြည်နေသည့် လောဘကြီးသော အင်မော်တယ်များစွာလည်း ရှိပေလိမ့်မည်။
မိုဝူကျိက စိတ်ထဲ လုံးဝမထားပေ။ အကြောင်းမှာ ကျတ်တီးနယ်မြေ မျက်နှာပြင်အောက် မီတာ သိန်းဂဏန်းလောက် နက်သည့်နေရာ၌ ရှိနေသည့် သူ့ကို မည်သူမှ ရှာနိုင်ကြမည် မဟုတ်ကြောင်း ယုံကြည်သည်။ ကျတ်တီးနယ်မြေတွင် အဆုံးမဲ့ ပျက်စီးစွမ်းအားများနှင့် ပြည့်နှက်နေလေရာ မြေအောက်နက်လေလေ ထိုစွမ်းအားများက သက်ရောက်မှု ပြင်းလေလေ ဖြစ်၏။ ထိုမျှအနက်အထိ စစ်ဆေးကြည့်နိုင်မည့် စိတ်စွမ်းအား ပိုင်ရှင် ကျင့်ကြံသူများလည်း ရှိမည် မဟုတ်ပေ။ သူကိုယ်တိုင်လည်း အဆိပ်ဖြေလမ်းကြောင်း မရှိလျှင် သူ့အနေနှင့် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ဤသို့မျိုးနေရာ၌ မြေအောက် သောင်းဂဏန်းလောက် အကွာအဝေးအား စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်နိုင်သူမှာ ထိပ်တန်းအဆင့်မြင့် ပညာရှင်အဖြစ် ယူဆ၍ ရပေသည်။ ထို့အပြင် ရှာဖွေသည့်အချိန်က ကြာရှည်လို့လည်း မဖြစ်ပေ။ တာအိုအခြေခံအပေါ် သက်ရောက်မှု ရှိလာနိုင်သည် မဟုတ်ပါလော။
ရွိုက်ကော ပျက်စီးစွမ်းအားများကို စုပ်ယူနိုင်ခြင်းမှာ ကျယ်ပြောလွန်းလှသည့် ကောင်းကင်ဘုံအလွန် ကျတ်တီးနယ်မြေနှင့် နှိုင်းယှဉ်လိုက်လျှင် ပင်လယ်ထဲမှ ရေတစ်ပေါက်လောက်မျှသာ ဖြစ်နေသည်။ မိုဝူကျိနှင့် ရွိုက်ကောကြားမှ အကွာအဝေးကြောင့် ရွိုက်ကော၏ စုပ်ယူနှုန်းမှာ မိုဝူကျိ ကျင့်ကြံနေခြင်းအပေါ် လုံးဝ သက်ရောက်မှု မရှိပေ။
အဆိပ်ဖြေလမ်းကြောင်း ရှိပြီး ပျက်စီးစွမ်းအားကို မကြောက်ရွံ့သည့် သူမျိုးမှသာ ဤနေရာသို့ လာနိုင်ပေလိမ့်မည်။
………….....
ဟဲရှီး အဖွဲ့မှာ စကြဝဠာအစွန်း၌ ကြမ်းတမ်းသည့်အတွက် နာမည်ကျော်ပေသည်။
အကယ်၍ စကြဝဠာအစွန်း၌ လူတစ်ယောက်ကို ပွင့်လင်းမြင်သာ သတ်နိုင်သည့်နေရာကို ပြပါဆိုလျှင် ဟဲရှီး အဖွဲ့သာ ဖြစ်ပေလိမ့်မည်။ စကားတစ်ခွန်းဖြင့် အသတ်ခံရနိုင်ပြီး အနိုင်ရသူက ဆက်လက်၍ ရှင်သန်သွားနိုင်လိမ့်မည်။
ဟဲရှီးအဖွဲ့၏ ကျော်ကြားလှသော အဓိက အကြောင်းအရင်းမှာ လူများကို ပွင့်လင်းမြင်သာ သတ်နိုင်၍ မဟုတ်ဘဲ သူတို့၏ ခေါင်းဆောင် အန်းရွယ်ချန်းကြောင့် ဖြစ်၏။ အန်းရွယ်ချန်းကို အန်းရှဲ့ချန်းဟု လူသိများပြီး အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်သာ ရှိသေးသည်။
(မှတ်ချက် - အန်းရှဲ့ချန်းလို့ အမည်တွင်ခြင်းမှာ ရှဲ့ က သွေးဟု အဓိပ္ပါယ်ရပြီး ဤလူက မည်မျှ သွေးဆာကာ ရက်စက်ကြောင်း ဖော်ပြနေခြင်း ဖြစ်၏)
အကယ်၍ စကြဝဠာအစွန်းတစ်ခုလုံး၌ အရက်စက်ဆုံး အဆင့်မြင့် ကျင့်ကြံသူ ဆယ်ယောက်ကို စာရင်းထုတ်ပြရလျှင် သူသည်လည်း တစ်ယောက်အပါအဝင် ဖြစ်လိမ့်မည်။ သူက သတ်ဖို့ ရည်ရွယ်လိုက်သည်နှင့် မဟာဧကရာဇ်ပင် သူ့ဆီမှ အသက်ရှင်လျက် မလွတ်မြောက်နိုင်ချေ။
ဒုတိယအကြောင်းအရင်းမှာ ဟဲရှီးအဖွဲ့၏ နံပါတ်တစ် ရတနာ လော့ထန်းပိုက်ကွန်ကြောင့် ဖြစ်၏။ လော့ထန်းပိုက်ကွန်ကို ထုတ်ဖော်လိုက်သည်နှင့် လွတ်မြောက်ရေး နည်းစနစ်များက မည်မျှ အားကောင်းနေစေကာမူ လွတ်မြောက်ရိုး ထုံးစံ မရှိပေ။ လော့ထန်းပိုက်ကွန် ထွက်ပေါ်လာသည်နှင့် သေခြင်းတရားက ရှောင်လွဲ၍ မရတော့ပေ။
လော့ထန်းပိုက်ကွန်မှာ ဟဲရှီးအဖွဲ့၏ သင်္ကေတ ဖြစ်ကာ အဆင့်အတန်းရှိကာ အစိမ်းရောင်ကျောက်ပေးနိုင်သည့် မည်သူမဆို ဌားရမ်းနိုင်ပေသည်။ ပုံမှန်အားဖြင့် သာမာန်လူများက မဌားရမ်းနိုင်ကြပေ။ အကြောင်းမှာ တစ်ရက်စာအတွက် အစိမ်းရောင်ကျောက် တစ်သိန်း ကျသင့်၍ ဖြစ်သည်။ ထို့အပြင် ထိပ်တန်းအဆင့် ပစ္စည်း တမျိုးမျိုး စရံထားရမည် ဖြစ်၏။
အန်းရွယ်ချန်းက တစ်ယောက်ယောက်သည် ထိုလော့ထန်းပိုက်ကွန်ကို ဌားရမ်းပြီး ပြန်မပေးမည်ကို ဘယ်သောအခါကမှ မစိုးရိမ်ဖူးပေ။ အကြောင်းမှာ လော့ထန်းပိုက်ကွန်းကို သန့်စင်၍ မရပေ။ သန့်စင်လိုက်သည်နှင့် အန်းရွယ်ချန်းက အာရုံခံနိုင်မည် ဖြစ်ကာ အချိန်မရွေး ပြန်ယူနိုင်စွမ်း ရှိပေသည်။
လော့ထန်းပိုက်ကွန်ကို သန့်စင်ရဲသည့် မည်သူမဆို သေခြင်းတရားနှင့် ရင်ဆိုင်ရမည်သာ ဖြစ်၏။ အန်းရွယ်ချန်းမှာ မဟာဧကရာဇ်များကိုပင် အနိုင်ယူနိုင်သည့် အင်မော်တယ် ဧကရာဇ် ဖြစ်နေသည့်အချက်အပြင် ဟဲရှီးအဖွဲ့၌ အဆင့်မြင့် ကျင့်ကြံသူများမှာ တိမ်တိုက်ကဲ့သို့ ပေါများလှသည်။ လော့ထန်းပိုက်ကွန်၏ အသုံးဝင်ချက်နှင့် မည်သည့်် လူမဆို သေခြင်းတရားမှ မလွတ်မြောက်နိုင်ပေ။
ကျင်းယူ၊ ကျင်းယီရန်နှင့် ကျင်းဖေးချန်တို့က ဟဲရှီးအဖွဲ့ နေရာဆီ လျှောက်လှမ်းလာသည့်အခါ သတ်ဖြတ်ငွေ့များကို ခံစားမိလိုက်၏။ နှစ်များစွာ တစ်ယောက်တည်း ကျင့်ကြံလာသော်လည်း ကျင်းယီရန်က တစ်ခုခု လွဲမှားနေကြောင်း သတိထားမိလိုက်သည်။
“ ဘာကိစ္စလဲ ” စူးရှသည့် မျက်ဝန်းအစုံနှင့် အမျိုးသမီးက ထိုသုံးယောက်ကို လမ်းပိတ်ကာ မေးလိုက်သည်။
ကျင်းယူသည် ဟဲရှီးအဖွဲ့မှ လော့ထန်းပိုက်ကွန်ကို ဌားရမ်းနိုင်ကြောင်း သိသော်လည်း လုပ်ရမည့် အဆင့်ဆင့်ကို မသိပေ။ ယခု သူက တစ်ယောက်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည့်အခါ အသံလုံ အတားအဆီးကို အသက်သွင်းလိုက်ပြီး လက်နှစ်ဖက် ယှက်ကာ “ လော့ထန်းပိုက်ကွန်ကို ဌားချင်လို့ပါ ”
“ နောက် လဝက်နေမှ ပြန်လာခဲ့ပါ။ လော့ထန်းပိုက်ကွန်ကို တစ်ယောက်က ဌားသွားပြီးပါပြီ။ နောက်လဝက်နေမှ ပြန်ရပါလိမ့်မယ် ” အမျိုးသမီးက ကျင်းယူအား တည်တည်ငြိမ်ငြိမ် ကြည့်ကာ ပြောလိုက်သည်။
ကျင်းယူ၏ စိတ်ထဲ လေးလံသွားကာ ကျင်းဖေးချန်အား လှည့်ကြည့်လိုက်သည်။ ကျင်းဖေးချန်က ခေါင်းညိတ်ပြလိုက်ကာ သုံးယောက်သား ခပ်သွက်သွက် ထွက်သွားကြသည်။
“ အဲပစ္စည်းကို ထားလိုက်တော့ … အရင်ဆုံး ကောင်းကင်ဘုံနယ်နမိတ်အလွန်ကို တန်းသွားကြစို့ ” ကျင်းယူက ဟဲရှီးအဖွဲ့ နေရာမှ ထွက်လာသည်နှင့် စိုးရိမ်တကြီး ပြောလိုက်၏။
သုံးယောက်လုံးက အဆင့် ၈ ဆေးလုံးဧကရာဇ် မိုဝူကျိကို ဖမ်းဆီးချင်နေသည့် သူများမှာ သူတို့တစ်ဦးတည်း မဟုတ်ကြောင်း ကောင်းကောင်း သိထား၏။ မိုဝူကျိတွင် ရှေးဦးမူလမီးကျောက်များ ရှိနေသည်ကို မသိကြလျှင်ပင် ကောင်းကင်ဘုံအလွန်မြို့၌ သူ စုဆောင်းမိသော ပစ္စည်းဥစ္စာများကပင် လူအများ၏ အာရုံကို ရဖို့ရာ လုံလောက်နေလေပြီ။ အကယ်၍ သူတို့သုံးယောက်လည်း မိုဝူကျိ၏ ပစ္စည်းများကို စိတ်ဝင်စားနေမှတော့ တခြားသူများအတွက်လည်း ထိုသို့သာ ဖြစ်ပေလိမ့်မည်။
…………….…
အင်မော်တယ် အုပ်စိုးသူအဆင့်နှင့် လော့ကျမ်းစာရွက်ကို သန့်စင်ပြီးနောက် မိုဝူကျိက လော့ကျမ်းစာရွက်၏ အသုံးဝင်မှုမှာ ကာကွယ်ရေး ရတနာမျှတင် မကကြောင်း သတိပြုမိလိုက်သည်။ လော့ကျမ်းစာရွက်၏ အကြီးမားဆုံး အသုံးဝင်မှုမှာ တာအို ထိုးထွင်းဉာဏ် ဖြစ်ပြီး လူတစ်ယောက်၏ ကိုယ်ပိုင် လျို့ဝှက်တိုက်ကွက်များအပေါ် နားလည်နိုင်စွမ်းကို ပိုမို ပြောင်မြောက်လာစေနိုင်ခြင်း ဖြစ်၏။
လော့ကျမ်းစာရွက်အတွင်း ယင်နှင့်ယန် ငြိယှက်နေသည့် အမျိုးအစားလည်း ရှိပြီး သဘာဝ ဓာတ်ငါးမျိုးနှင့် အဆုံးမဲ့ ကူးပြောင်းရေး တာအိုလည်း ပါဝင်ပေသည်။ လော့ကျမ်းစာရွက်တစ်ရွက်ချင်းစီတွင် ရှန်းထျန်း အတားအဆီး ၁၀၈ ခုဆီ ရှိပြီး မိုဝူကျိက ပထမလော့ကျမ်းစာရွက်၏ အတားအဆီး ၈၁ ခုအထိ အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပြီးနောက် မိုဝူကျိ စိတ်ထဲ အသိအမြင်ပွင့်သွားမှု တစ်ခု ဖြစ်ပေါ်လာသည်။
ထိုစဉ် မိုဝူကျိက သူ့တာအို အသိဉာဏ်ပွင့် လမ်းကြောင်းကို မလိုတော့ဘဲ သူ့ဘာသာ ကောက်ချက်ချထားသည့် ချီသွေးကြော ကျင့်စဉ်အပေါ် ပို၍ နားလည်စွမ်း တိုးပွားလာသည်။ လော့ကျမ်းစာရွက်အတွင်း သူ့ကိုယ်ပိုင် ကျင့်စဉ် ကိန်းရာ အရိပ်အယောင်တချို့ကို ရှာတွေ့ခဲ့လေ၏။
သူ ၈၁ ခုမြောက် အတားအဆီးကို ရောက်သည်နှင့် မိုဝူကျိက မည်မျှ သန့်စင်ဖို့ ကြိုးစားစေကာမူ သူ့အမြန်နှုန်းမှာ ခရုနှင့်ပင် နှိုင်းယှဉ်လို့ ရပေသည်။ မိုဝူကျိက သူ့အင်အား ကန့်သတ်ချက်ကြောင့် ဖြစ်မှန်း သိလိုက်၍ စာရွက်တစ်ရွက်ထဲ၌ ဆက်လက် သန့်စင်ဖို့ရာ မကြိုးစားနေတော့ဘဲ နောက်တစ်ရွက်ကို ပြောင်း၍ သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။
လော့ကျမ်းစာရွက် တစ်ရွက်ပြီး တစ်ရွက် သန့်စင်ပြီးနောက် မိုဝူကျိအနေနှင့် ဖမ်းစားမိသည့် တာအိုအငွေ့အသက်အမျိုးမိုး ရှိနေသည်။ လက်ရှိ သူက သူ့အစီအရင်တာအိုကို အာရုံမစိုက်ထားသော်လည်း သူ့အစီအရင်တာအိုအဆင့်မှာ တိတ်တဆိတ် မြင့်တက်နေလေ၏။
သဘာဝ ဓာတ်ငါးမျိုး …. နန်းတော် ကိုးခု … အချိန်နှင့် တည်နေရာ ….
မိုဝူကျိက ခြောက်ရွက်မြောက် လော့ကျမ်းစာရွက်ကို ၈၁ ခုမြောက် အတားအဆီးအထိ မသန့်စင်ရသေးခင် မိုဝူကျိက လက်ကို မြှောက်လိုက်ကာ နဂိုအာကာပြင် ချုပ်နှောင်မှုမှာ ပို၍ ရှင်းလင်းလာကာ တည်နေရာ အာကာပြင်အကြောင်း နားလည်နိုင်စွမ်းမှာ နောက်တဆင့်သို့ တက်လှမ်းသွားလေ၏။
ထိုစဉ် မိုဝူကျိက မုရန်ရှန်းယွီသည် ကျိုးပျက်ကမ္ဘာထဲ၌ မြန်မြန် ကျင့်ကြံနိုင်စွမ်း ရှိလာသည့် အကြောင်းအရင်းကို နားလည်သွားသည်။ သူမက လော့ကျမ်းစာရွက်ကို တကယ့် ကမ္ဘာနှင့် အာကာပြင်ကြား အချိန်ဖြတ်လမ်းအဖြစ် အသုံးချလိုက်ခြင်းသာ ဖြစ်ရမည်။ ထိုသည်မှာ မိုးမြေစည်းမျည်း မပိုင်ဆိုင်သည့် စည်းမျည်းအသစ် တစ်ခု ဖြစ်ကာ လော့ကျမ်းစာရွက်မှ စည်းမျည်း ဖြစ်တည်လာခြင်း ဖြစ်၏။ ထိုသို့စည်းမျည်းအတွင်း နှစ်ရာကျော် ကျင့်ကြံနေခြင်းသည် တကယ့် ကမ္ဘာ၌ တစ်နှစ်လောက်မျှသာ ဖြစ်နေနိုင်သည်။
မိုဝူကျိက ခေါင်းကိုခါကာ နောက်ဆုံးတွင် မုရုန်ရှန်းယွီသည် စာရွက်အပြည့်အစုံ လိုချင်နေသည့် အကြောင်းအရင်းကို နားလည် သဘောပေါက်သွားတော့သည်။ အကြောင်းမှာ လော့ကျမ်းစာရွက်အတွင်းမှ အချိန်စည်းမျည်းမှာ သူမ၏ ကျင့်ကြံနှုန်းကို တိုးလာစေသော်လည်း လော့ကျမ်းမပြီးပြည့်စုံမှုနှင့် မုရုန်ရှန်းယွိက လော့ကျမ်းစာရွက် ငါးရွက်လုံးကို အပြည့်အဝ မသန့်စင်နိုင်သေးသောကြောင့် သူမ၏ တာအိုအခြေခံကို အလွန်အမင်း မတည်မငြိမ် ဖြစ်လာစေလိမ့်မည်။
ရေရှည်အားဖြင့် မုရုန်ရှန်းယွီသည် မိစ္ဆာတာအိုလမ်းစဉ်ထဲ ကျရောက်သွားဖို့ရာ ဖြစ်နိုင်ခြေ များနေသည်။ ကျင့်ကြံနှုန်းမြင့်ဖို့ရာအတွက် သူမက သူမတာအိုအခြေခံကိုပင် လုံးလုံးမေ့လျော့ထားလေ၏။
မိုဝူကျိက သက်ပြင်းချလိုက်သည်။ သူက ဤသို့ မပြီးပြည့်စုံသည့် အချိန်ဖြတ်လမ်းကို ကျင့်ကြံနှုန်း မြင့်တင်ဖို့ရာ သပ်သပ် အသုံးပြုမည် မဟုတ်ပေ။ သူက လော့ကျမ်းစာရွက်ကို သူ့လျို့ဝှက်တိုက်ကွက်များကို ထိုးထွင်းဉာဏ် ပိုပွင့်ပြီး သူ့ကျင့်စဉ်များကို ပြီးပြည့်စုံစေဖို့ အနားသတ် ချောမွေ့စေဖို့ရာသာ အသုံးပြုမည် ဖြစ်၏။
မုရုန်ရှန်းယွီအနေနှင့်် သဘောတရားပေါက်သွားခဲ့လျှင် အရမ်းနောက်မကျသေးပေ။ သူမက လော့ကျမ်းစာရွက်ဖြင့် သူမ၏ လျို့ဝှက်တိုက်ကွက်များနှင့် ကျင့်စဉ်များကို ပြီးပြည့်စုံစေဖို့ရာ အသုံးပြုလျှင် သူမ၏ အနာဂတ်အောင်မြင်မှုများမှာ အံ့ဖွယ် ဖြစ်ဦးမည် ဖြစ်ပေသည်။ မဟုတ်လျှင် သူမကျင့်ကြံနှုန်းက မည်မျှ မြန်ဆန်နေစေကာမူ သူမအတွက် ထိပ်သီးပညာရှင်များကြားမှ ထိပ်ဆုံးကို ရောက်ရှိစေဖို့ ခက်ခဲပေလိမ့်မည်။
ထို့အပြင် လော့ကျမ်းစာရွက် ခြောက်ရွက်လုံးမှာ အံ့မခန်း ကာကွယ်ရေး ရတနာ ဖြစ်တည်နိုင်သေး၏။ မုရုန်ရှန်ယွီက လော့ကျမ်းစာရွက် အသုံးပြုပြီး တိုက်ခိုက်ရေး ပညာရပ် ဖော်ထုတ်ခဲ့သော်လည်း မိုဝူကျိအနေနှင့် ထိုအတွေးကို ပယ်ချလိုက်သည်။ သူက ပြုလုပ်လိုလျှင်ပင် လော့ကျမ်းစာရွက် ပြီးပြည့်စုံသည့်အထိ စောင့်ဆိုင်းဦးမည် ဖြစ်၏။
လော့ကျမ်းစာရွက် ခြောက်ရွက်က မိုဝူကျိအား ကျယ်ပြောလှသော အသိအမြင်များကို ပေးစွမ်းထား၏။
အကယ်၍ စာရွက် ၁၃ ရွက်လုံးသာ ရှိနေခဲ့လျှင် …..
မိုဝူကျိက နောက်ထပ် အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ သူက မုရုန်ရှန်းယွီသည် သူ့ထံမှ စာရွက် အဘယ်ကြောင့် ပြန်တောင်းရလဲ ဆိုသည့် အကြောင်းအရင်းကိုပါ နားလည်သွားသည်။ စာရွက် ၁၃ ရွက်လုံး ပြီးပြည့်စုံသွားလျှင် မည်မျှပင် အားကောင်းလိုက်မည်နည်း။
မိုဝူကျိက လော့ကျမ်းစာရွက်များကို သိမ်းဆည်းထားလိုက်သော်လည်း ခွန်းဝူဓားကိုတော့ မထိသေးရန် ရွေးချယ်လိုက်သည်။ ထို့အစား သူက ကိုယ်ပိုင် လျို့ဝှက်တိုက်ကွက်များကို ပြန်လည် သုံးသပ်ကြည့်လိုက်သည်။
ယခုအချိန်အထိ မိုဝူကျိ၏ အကြီးမားဆုံး လျို့ဝှက်တိုက်ကွက်မှာ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းသာ ဖြစ်၏။ သို့သော်လည်း သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းတွင် အားကောင်းသော ကျင့်ကြံသူများနှင့် တွေ့ဆုံလျှင် သူ့သေခြင်းတရား စက်ဝန်းက သူ့ဆီ တန်ပြန်သက်ရောက်လာမည် ဖြစ်သောကြောင့် အားနည်းချက် ဖြစ်နေသည်။ ဒုတိယအနေနှင့် ဤသို့မျိုး လျို့ဝှက်တိုက်ကွက်မျိုးမှာ သေခြင်းရှင်ခြင်းသာ ရှိ၍ အစွန်းရောက်နေပေ၏။ မိုဝူကျိ၏ လူသားတာအိုအရ လျို့ဝှက်တိုက်ကွက်က ပို၍ အစွန်းရောက်လေလေ ပို၍ ပြင်းထန်လေလေ ဖြစ်နေသည်။ တစ်ဖက်တွင် အားနည်းချက်ကလည်း ကြီးမားလွန်းလှသည်။ အကယ်၍ သူ့အသက်ဓာတ်လမ်းကြောင်းကြောင့်သာ မဟုတ်လျှင် သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းမှာ သူ့အတွက် လုံးဝကို အသုံးမဝင်ပေ။
မိုဝူကျိက လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည့်အချိန် မှိန်ဖျော့ဖျော့ သေခြင်းရှင်ခြင်း အမှတ်အသားက သူ့ရှေ့မှောက်၌ ပေါ်လာသည်။
ထိုအမှတ်အသားရှေ့မှောက်၌ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းသာ ရှိပြီး တခြားရွေးချယ်စရာ မရှိပေ။
မိုဝူကျိက မျက်လုံးကို ပိတ်ကာ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ထုတ်ဖော်လိုက်သည့်အချိန် သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းက အရူးအမူး လည်ပတ်လာသည်။
သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို ပြီးပြည့်စုံစေဖို့ရာက အချိန်တစ်ခုတည်းသာ ပြဿနာ ဖြစ်နေသည့် လော့ကျမ်းစာရွက်ကို သန့်စင်ခြင်းနှင့် တူမည် မဟုတ်ပေ။ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းမှာ တစ်ယောက်၏ စိတ်ကို ပျက်စီးသွားစေနိုင်သလို ရလဒ် ပြောင်းပြန်လည်း အလွယ်လေး ထွက်ပေါ်လာနိုင်သည်။
မိုဝူကျိ၏ လက်က သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းပေါ်၌ အမှတ်အသားများစွာ ပစ်လွှတ်လိုက်သည်။ လက်ရှိ ပျက်စီးစွမ်းအားနှင့် ရှင်သန်စွမ်းအားတို့မှာ ဆက်တိုက် လှည့်ပတ်နေကြ၏။
အတော်လေး ကြာပြီးနောက် မိုဝူကျိက သူ့ဘေးပတ်လည်မှ ပျက်စီးစွမ်းအားများကို သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းက စုပ်ယူသွားသည်ကို ခံစားမိလိုက်၍ ရုတ်ချည်း သိမ့်ခနဲ တုန်သွားလေသည်။
သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း၏ တာအိုအငွေ့အသက်များက စတင်၍ ပျက်စီးစွမ်းအားများကို အလျှင်အမြန် ရှင်းလင်းပေးကာ ရှင်သန်စွမ်းအားကို မိုဝူကျိက အပြည့်အဝ ထိန်းချုပ်ထားသည်။
မိုဝူကျိက မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ သူ ပြောင်းလဲထားသော သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းကို တအံ့တဩ ကြည့်မိသွားသည်။ အစပိုင်းတွင် သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းက အဆုံးအစွန် သေဆုံးခြင်းနှင့် ရှင်သန်ခြင်းသာ ရှိပြီး သူက တစ်ခုမှ မထိန်းချုပ်နိုင်ခဲ့ပေ။ လက်ရှိ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း၌ သူ ထိန်းချုပ်ထားနိုင်သော အသက်စွမ်းအားတစ်ခု အပို ရှိနေလေ၏။
သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းက သူ့ဘေးပတ်လည်မှ ပျက်စီးစွမ်းအားများကို စုပ်ယူနေကာ ပျက်စီးစွမ်းအားများမှအပ ကျန်တာ မရှိပေ။ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းက ပျက်စီးစွမ်းအားများကို ပိုမို ဝါးမျိုလေလေ အချိန်ကြာလာသည်နှင့် ပို၍ ခမ်းနားကြီးကျယ်ပြီး အားကောင်းလာလေလေ ဖြစ်၏။
ကျင့်ကြံနိင်တဲ့ လျို့ဝှက်ပညာရပ်လား …..
မိုဝူကျိက လေအေးများ ရှုရှိုက်လိုက်သည်။ သူ့မှတ်ဉာဏ်နှင့် အာရုံထဲ၌ သက်ရှိများသာ ကျင့်ကြံနိုင်ကြ၏။ လျို့ဝှက်ပညာရပ်များမှာ တာအိုစွမ်းအားများနှင့် သဘာဝစွမ်းအားများကို ပေါင်းစပ်ထားပြီး စိတ်စွမ်းအားဖြင့် ထိန်းချုပ်ထားခြင်းသာ ဖြစ်၏။ ဤသို့မျိုးအရာက ကျင့်ကြံဆင့် မြင့်လာသည်နှင့် သူတို့နားလည်နိုင်စွမ်းလည်း တိုးတက်လာသလို ပိုမိုလည်း အားကောင်းလာပေလိမ့်မည်။
ယခု သူ့လျို့ဝှက်ပညာရပ်က အားကောင်းဖို့ရာအတွက် ပျက်စီးစွမ်းအားများကို အမှန်တကယ် စုပ်ယူနေပေသည်။
ဒါက ကျင့်ကြံခြင်းပဲ မဟုတ်ဘူးလား ….
ကျင့်ကြံနိုင်သည့် လျို့ဝှက်ပညာရပ်မှာ ကိုယ်ပိုင် အငွေ့အသက်ရှိလာသည့် လျို့ဝှက်ပညာရပ်ကို ဆိုလိုခြင်း ဖြစ်၏။ မိုဝူကျိက တုန်တုန်ယင်ယင်ဖြင့် သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း၏ အမှတ်အသားကို ပစ်လွှတ်လိုက်သည်။
မိုဝူကျိစိတ်ထဲ ရှင်းလင်းပြတ်သွားသည့် ထိန်းချုပ်မှုတစ်မျိုး ပြန်ရောက်လာသောကြောင့် သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း၌ သေခြင်းနှင့် ရှင်သန်ခြင်း နှစ်မျိုးတည်းသာ မဟုတ်တော့ကြောင်း အာရုံခံမိလိုက်သည်။ လက်ရှိ သူက တစ်ဖက်လူအပေါ် သေခြင်းတရားကို အမှတ်အသားထားကာ သူ့အပေါ်၌ အသက်ဓာတ်ကို ထိန်းချုပ်ထားလို့ ရလေပြီ။
“ ဟူး ….” မိုဝူကျိက လက်မှ လွှတ်လိုက်သော်လည်း ထူးထူးခြားခြား ခံစားမိနေဆဲ ဖြစ်သည်။
***