အခန်း(၅၃၂) အဘွားရဲ့ အကြီးဆုံးသား
Vol. 38 Ch. 532
အခန်း(၅၃၂) အဘွားရဲ့ အကြီးဆုံးသား
"ဂရုစိုက်တယ်ဟုတ်လား။ ဒီကောင်လေး အခုထိ မပွင့်လင်းသေးဘူးလို့ ကျွန်တော်တော့ ထင်တယ်နော်။" ဝိန်ကော်တုန်းက ပြောလိုက်ပါသည်။
"နင်က ရည်းစားမှ မရှိတာ။ နင်က ဘာသိမှာလဲ။" အမေဝိန်က အရွဲ့တိုက်လိုက်ပါသည်။
အိမ်ထောင်ပြုဖို့ အရွယ်အကြောင်း ပြောတုန်းက ခိုင်လေး၏ မျက်နှာကို သူမ သတိထားမိ၏။ သူမ၏ သမီးကို ခိုးခိုး ကြည့်နေခဲ့ပါသည်။
အမေဝိန် စိတ်ဘယ်လောက်ရွှင်နေသလဲ စကားဖြင့် ဖော်ပြလို့ပင် မရပါ။ သူ့ကို ယောက္ခမ တစ်ယောက်၏ မျက်လုံးဖြင့် ကြည့်သောအခါ သူ့တုန့်ပြန်မှုကို ပိုပိုပြီး သဘောကျလာခဲ့ပါသည်။
သူမ၏ ရင်ထဲတွင် ဒါကို ကောင်းကောင်းသိထားပြီး သေလည်းသေချာသည်။ သို့သော် သူမ၏ သမီးသဘောထားက သိပ်ပြီး မရှင်းလင်းသေးပါ။
ဝိန်ကော်တုန်း ချက်ကောင်းထိသွားပြီး ဘာမှ ဆက်မပြောနိုင်တော့ပေ။
အဖေဝိန်က ဝင်ပြောသည်။ "မိန့်ကျားကို သွားဆုံးမ မနေနဲ့။ သူလည်း ခိုင်လေးကို သဘောကျနေပါတယ်။" အဖေဝိန်က သူ့သမီးအကြောင်း မသိဘဲ မနေသဖြင့် ပြောလိုက်ပါသည်။
ဝိန်ကော်တုန်းက ခေါင်းငြိမ့်လိုက်သည်။ သူ့ညီမက ကျိုးခိုင်အတွက် လိမ္မော်သီးများ အခွံခွာပေးသည်။ တကယ်ပဲ အဲ့လောက် ဂရုစိုက်ပေးပါသည်။
အမေဝိန်က ဒါကို ကြားသောအခါ သူမ၏ သမီးကို ဝင်မနှောင့်ယှက်တော့ပေ။ ရွှင်လန်းစွာဖြင့် ပြောလိုက်၏။ "သူတို့ကို ၂ နှစ်လောက် တွဲခိုင်းပြီး လက်ထပ်ခိုင်းကြတာပေါ့။"
အဖေဝိန်လည်း ဒီအစီအစဥ်ကောင်းသည်ဟု ထင်ပါသည်။ အသက် ၂၂ နှစ်က အိမ်ထောင်ပြုဖို့ အရွယ်ကောင်းဖြစ်သည်။ အရမ်းလည်း မငယ်ပါ။
ကျိုးခိုင်တို့ဘက်တွင် သူပြန်ရောက်လာသောအခါ သူ့အမေနှင့် ညီများကို တွေ့လိုက်ရသည်။ မိန့်ကျားနှင့်အတူ လာခဲ့တုန်းက သူတို့အားလုံး ရှော့ပင်းမောတွင် ရောက်နေခဲ့ကြ၏။
"အစ်ကိုကြီးက တော်တော်မိုက်တာပဲ။ ကြည့်လိုက်ရုံနဲ့ တိုက်ခိုက်တတ်မှန်း သိသာတယ်။" ကျိုးကွေ့လိုင်က မနာလိုစွာ ပြောလိုက်ပါသည်။
"မင်းဘွဲ့ရရင် ငါတို့နေရာဆီလာပြီး ၂ နှစ်လောက် လာနေလိုက်လေ" ကျိုးခိုင်က ပြောလိုက်ပါသည်။
ကျိုးကွေ့လိုင်၏ မျက်နှာ ပြောင်းလဲသွားသည်။ "မသွားပါဘူးကွာ။ အိမ်မှာပဲနေပြီး ငါ့မိဘတွေနဲ့ အဘိုးအဘွားတွေကိုပဲ ကူညီမှာ။"
"တော်တော်သတ္တိကောင်းနေတယ် ဟုတ်လား။" ကျိုးခိုင်က သူ့ကို အထင်သေးစွာ ကြည့်ရင်း ပြောလိုက်ပါသည်။
"အစ်ကိုကြီး မင်းလက်မောင်းက အခု သံမဏိတုံးကြီးလိုပဲနော်။" ကျိုးကွေ့လိုင်က သူ့လက်မောင်းကို ထိုးရင်း ပြောလိုက်ပါသည်။
ကျိုးခိုင်က သူ့ကို လျစ်လူရှုကာ လင်းချင်းဟယ်ကိုပဲ ကြည့်လိုက်ပါသည်။ "အမေ ကျွန်တော့်ကို ဒီနေ့ည အရသာရှိတာလေး တစ်ခုခု ချက်ကျွေးပါလား။"
"အရသာရှိတာလေးဟုတ်လား။ နင် စားချင်ရင် မုန်လာဥနဲ့ ဆားရည်စိမ်အသီးအရွက် စားထားလေ။" လင်းချင်းဟယ် ပြန်ဖြေလိုက်ပါသည်။
ထို့နောက် ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး မနေ့ကမှ ရေခဲရိုက်ထားသည့် ဝက်အူမကြီးကို ထုတ်ယူလိုက်သည်။ ထို့နောက် ကြက်အမွှေးနှုတ်ဖို့ ရေနွေးအိုး တည်ခိုင်းထားလိုက်၏။
သူပြန်လာတိုင်း လင်းချင်းဟယ်က ဝက်အူမကြီးဟင်းနှင့် ကြက်သားဟင်းတို့ကို သူ့အတွက် ချက်ပြုတ်ပေးရ၏။ အပြင်ဘက်တွင် စားစရာ သောက်စရာ ပြတ်လာမှာ မဟုတ်တာ သိသော်လည်း သူပြန်လာသောအခါ လင်းချင်းဟယ်က အာဟာရ ရှိစေဖို့အတွက် ချက်ပြုတ်ကျွေးမွေးတတ်ပါသည်။
ရှေးဆိုရိုးစကားလိုပင်။
ပထမ နှစ် ၃၀ တွင် လူတွေက ဗိုက်ကို အာဟာရပြုရပြီး နောက်ပိုင်း နှစ် ၃၀ တွင် ဗိုက်က လူတွေကို အာဟာရပြန်ပြုသည်။
ဒီဗိုက်ကို သေသေချာချာ ပြုစုထားရပါမည်။
"အစ်ကိုကြီး ပြန်လာတိုင်း ဒီဟင်းကို ချက်တယ်။ မနေ့က ဝက်အူမကြီး သုံးခုကို အော်ဒါ မှာထားတာ။ အားလုံးက မင်းအတွက်ပဲ။ ငါတို့စားချင်တာတောင် မင်းပြန်လာတဲ့အထိ စောင့်ရမယ်လို့ ပြောတယ်။" ကျိုးကွေ့လိုင်က ကျွတ်သပ်လိုက်ပါသည်။
"နင်တို့ကို စားစရာ ဝတ်စရာ မပြည့်မစုံ ထားလို့လား။" လင်းချင်းဟယ်က မေးလိုက်၏။
"မဟုတ်ပါဘူး။ အစ်ကိုကြီးပြန်လာတိုင်း ကျွန်တော်နဲ့ အစ်ကိုလတ်တို့ မျက်နှာငယ်သွားရသလိုပဲ။" ကျိုးကွေ့လိုင်က ရယ်မောကာ ပြောလိုက်ပါသည်။
"မင်းတို့ကောင်တွေက တစ်နှစ်လုံးလုံး အလိုလိုက်ခံရတာ။ အနည်းဆုံး တစ်ရက်လောက်တော့ ငါနဲ့ မျှဝေပေါ့ဟ။" ကျိုးခိုင်က ပြောလိုက်ပါသည်။
ကျိုးကွေ့လိုင် ပြုံးကာ အိမ်ပြန်သွားသည်။ ထို့နောက် ကင်မရာကို ယူလာပြီး သူ့အစ်ကိုကြီးအား မတ်တပ်ရပ်ကာ ပြုံးခိုင်းလိုက်ပါသည်။ ဓာတ်ပုံအနည်းငယ် ရိုက်ယူခဲ့ပါသည်။
"မင်းမသိဘူးနော်။ မင်းပြန်မလာရင် အဘွားက ဒီဓာတ်ပုံတွေကိုပဲ ကြည့်ပြီး ဖြေသိမ့်ရတာ။ နေ့တိုင်း အရှေ့နဲ့ အနောက် ခဏခဏ လှန်ကြည့်နေ့ကျကွ။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
ကျိုးခိုင်က ဓာတ်ပုံအရိုက်ခံလိုက်ပါသည်။ သူ့အမေနဲ့လည်း အတူတူရိုက်၏။ ထို့နောက် မျက်နှာသေကြီးနှင့် သူ့အဖေ၊ ထို့နောက် ကြက်အမွှေးနှုတ်နေသည့် သူ့ညီလတ်တို့နှင့် အတူတူ ရိုက်ခဲ့ပါသည်။
ဓာတ်ပုံတွေ တစ်လိမ့်ကြီး ရိုက်ပြီးသွားသောအခါ ကျိုးကွေ့လိုင်က ပျော်ရွှင်သွားပြီး ပြောလိုက်သည်။ "ငါတို့ ဓာတ်ပုံအယ်လ်ဘမ်က ဟောင်းပြီး တန်ဖိုးကြီးတယ်။ မျိုးဆက်အလိုက် လက်ဆင့်ကမ်းသွားရမယ်။"
သူတို့ ငယ်စဥ်ကတည်းက မိဘများက ကောင်တီမြို့တွင် ဓာတ်ပုံရိုက်ဖို့ ခေါ်သွားတတ်သည်။ ဒါက နှစ်စဥ်ရိုးရာဖြစ်သည်။ နှစ်တိုင်း ဓာတ်ပုံရိုက်ပါသည်။
အခုတောင် ကြီးလာပြီဖြစ်သည့် ကျိုးကွေ့လိုင်က သူတို့ ငယ်စဥ်တုန်းက ဓာတ်ပုံတွေကို ပြန်ကြည့်ပြီး အလွန်အားရဖွယ်ကောင်းလှပါသည်။
"ငါတို့အမေက ငါတို့အမေဖြစ်နေတုန်းပဲ။ အမြဲတမ်းကို ငယ်ရွယ်နေတာပဲ။ ငါတို့အဖေကတော့ ၁၀ နှစ်အတွင်း အိုမင်းလာတာပဲ။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်က သားငယ်ကို မျက်လုံးအေးများဖြင့် ကြည့်လိုက်သည်။
"အဓိပ္ပာယ်မရှိတာ။ နင့်အဖေရဲ့ ရတနာနဲ့ အောင်မြင်မှုက အဲ့တုန်းကတည်းက မအိုလာသေးတာ။ နင့်လို ကောင်စုတ်လေးက ဘာသိမှာလဲ။" လင်းချင်းဟယ်က သူမ၏ ယောက်ျားကို ကာကွယ်ပေးလိုက်ပါသည်။
ကျိုးချင်းပိုင်၏ မျက်နှာက ဆောင်းရာသီ နှင်းစက်က နွေရာသီ နေရောင်နှင့် တွေ့သွားသလိုပင်။ ဖက်ထုပ်များကိုသာ တိတ်တိတ်ဆိတ်ဆိတ် ဆက်ထုပ်နေသော်လည်း မကြာခဏ သူ့မိန်းမကို ကြည့်နေ၏။ ကျိုးညီအစ်ကို သုံးယောက်စလုံး သည်းမခံနိုင်တော့ပေ။
မတတ်နိုင်ပါ။ မျက်နှာပူဖို့ ကောင်းလွန်းသည်။
"အခု မင်းပြန်ရောက်လာပြီဆိုတော့ မနက်ပိုင်း လေ့ကျင့်ရေးအတွက် သားငယ်ကို လေ့ကျင့်ဖို့ ခေါ်သွားလိုက်။ ဒါမှ လူတွေနဲ့ ထိတွေ့ ဆက်ဆံနိုင်မှာ။ သူက တိုက်ခိုက်တတ်တယ်ဆိုတော့ အချခံရဖို့လည်း သင်ယူရမယ်။" ကျိုးချင်းပိုင်က သားကြီးကို ညွှန်ကြားလိုက်ပါသည်။
ကျိုးခိုင်က ကျိုးကွေ့လိုင်ကို ခပ်အုပ်အုပ် မျက်နှာဖြင့် ကြည့်လိုက်သည်။
ကျိုးကွေ့လိုင်က အော်လိုက်၏။ "အဖေ ကျွန်တော်က အလကား နောက်တာပါဗျ။ တကယ် ပြောတာပါ။ ကျွန်တော့်အမေနဲ့ ထိုက်တန်တဲ့လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ အဖေတစ်ယောက်တည်းပဲ သေချာပေါက် ထိုက်တန်တာပါ။ အဖေနဲ့ အမေတို့က ငယ်ငယ်လေးကတည်းက တစ်ယောက်နဲ့ တစ်ယောက် လိုက်ဖက်ကြတာလေ။ ပုံတွေကို ကြည့်ပါဦး။ ပါရမီရှိတဲ့ ယောကျ်ားနဲ့ လှပတဲ့ မိန်းကလေးတစ်ယောက်ပုံပဲ။"
တကယ်တော့ မဟုတ်ပါ။ သူ့အဖေ၏ ပုံတိုင်းတွင် နောက်ဆုံးအချိန်ထိ မျက်နှာတောင့်တောင့်ကြီး ထားရှိကာ သူတို့၏ တက်ကြွသော အမေ၏ ဘေးတွင် မတ်တပ်ရပ်နေ၏။ ညီအစ်ကိုသုံးယောက် အလယ်တန်းနှင့် အထက်တန်းကျောင်းသား အရွယ်တုန်းက သူတို့အဖေမှာ သူတို့အမေနဲ့ မထိုက်တန်ဘူးဟု အပြစ်ဆိုကြသည်။
အရင်တုန်းက စစ်သားဟူသည့် ဂုဏ်သိက္ခာကြောင့်သာမဟုတ်လျှင် သူ့လို ခပ်တုံးတုံးလူက သူတို့အမေကို ဒီတိုင်း လက်ထပ်နိုင်ခဲ့မှာလား။ မဖြစ်နိုင်ပါဘူး။
"အခုမှ လာချော့နေလည်း ဘာမှမထူးတော့ဘူး။ မနက်ဖြန် အစ်ကိုကြီးနဲ့အတူတူ သွားလေ့ကျင့်လိုက်တော။" ကျိုးရွှမ်က မီးလောင်ရာ လေပင့်လိုက်ပါသည်။
"အစ်ကိုလတ် မင်းက နောက်ပိုင်းကျရင် ပညာရေးနယ်ပယ်ထဲ သွားမှာဆိုတော့ မင်းခန္ဓာကိုယ်ကိုလည်း ကြံ့ခိုင်အောင် သေချာ လုပ်ရမယ် နားလည်လား။ ငါတို့နဲ့ အတူတူ လေ့ကျင့်ရမှာပေါ့။" ကျိုးကွေ့လိုင်က ချက်ချင်းပဲ သူ့ကိုပါ ဆွဲထည့်သည်။
"ငါက မကြာမကြာ ဘတ်စ်ကတ်ဘော ကစားတယ်ကွ။ ငါ့ကို ငပျော့လို့ ထင်မနေနဲ့။ ဒီလောက် စကားများနေတာ မင်းအပြင်ထွက်ရင် အထိုးခံရမယ်။ အစ်ကိုကြီးဆီကနေ ဘယ်လို အထိုးခံရလဲ သင်လိုက်ဦး။ အဖေပြောတာမှန်တယ်။" ကျိုးရွှမ်က ပြုံးကာ ပြောလိုက်ပါသည်။
"သူများမိသားစုတွေရဲ့ အငယ်ဆုံးလေးတွေ ကျတော့ ဝိုင်းချစ်ကြပြီး ငါတို့မိသားစုရဲ့ အငယ်ဆုံးလေးကျတော့ ဝိုင်းအနိုင်ကျင့်နေကြတာလဲ။" ကျိုးကွေ့လိုင်က ညည်းညူလိုက်ပါသည်။
"မင်းက ဝိုင်းချစ်စရာ ကောင်းလို့လား။" ကျိုးချင်းပိုင်က မျက်စောင်းထိုးကာ ပြောလိုက်ပါသည်။
သူ့အနာဂတ် သမီးလောင်းကသာ လက်ထဲက ရတနာတစ်ပါးဖြစ်ပြီး မိသားစုထဲတွင် အချစ်ခံရဆုံး ဖြစ်သင့်သည်။
မိသားစုတစ်စုလုံး ဒီဖက်ထုပ်ဆိုင်လေးထဲတွင် အလွန် စည်ကားနေကြပါသည်။ နှစ်ကုန်တွင် စီးပွားရေးက အတော်လေး ငြိမ်၏။ လူအများစုက ဖက်ထုပ်ကျင်းတချို့ကို လာဝယ်ကာ အိမ်မှာသာ ကိုယ်တိုင်ချက်စားကြသည်။ ထို့ကြောင့် ဖက်ထုပ် ဆိုင်ထိုင်စားကြသည့် လူများများစားစား သိပ်မရှိပေ။ ဖက်ထုပ် လာဝယ်သူများသာ များပါသည်။
ဖက်ထုပ်ရောင်းခြင်းက အတော်လေး အမြတ်ရ၏။
ထိုအချိန်တွင် ဝက်အူမကြီးနှင့် ကြက်သားတို့ကို ချက်ပြတ်နေကြပြီဖြစ်သည််။ ညနေခင်းတွင် စားလို့ကောင်းမည်။ ရေနွေးအိုး ဆူလာသောအခါ လင်းချင်းဟယ်က ကျိုးခိုင်ကို ရေချိုးအိမ်သို့ လွှတ်လိုက်ပါသည်။
ညီလတ်၊ ညီငယ်တို့ဖြင့် သွားခဲ့၏။
ညီအစ်ကိုသုံးယောက်က အဖေကျိုးကို လာတွေ့ကြသည်။ အဘိုးဝမ်က အဖေကျိုးနှင့် စစ်တုရင် ကစားနေ၏။ ပြောစရာမလိုအောင် ကျိုးခိုင်ပြန်လာတာကို မြင်သောအခါ အပျော်လွန်သွားခဲ့ပါသည်။
အမေကျိုးက ပို၍ပင် လွန်သေး၏။ "လောင်တ အောင်မယ်လေး။ အဘွားမြေးလေး။ အဘွားမတွေ့တာတောင် တော်တော်ကြာနေပြီ။"
မြေးအားလုံးထဲတွင် ကျိုးခိုင်ကို သူမ အချစ်ခင်ဆုံးဖြစ်သည်။ သံသယဖြစ်စရာမရှိပါ။
သူငယ်စဥ်တုန်းက အမေကျိုး သူ့ကို ကြက်ဥပြုတ်များ ခဏခဏ ကျွေးသည်၊။ ထိုအခါ ဒုတိယမရီးက တွေ့သွားတတ်၏။ ထိုတုန်းက မိသားစုများ ခွဲမနေရသေးသဖြင့် ဒုတိယမရီး မကြာခဏ ပြဿနာ ရှာတတ်ပါသည်။
ကျိုးခိုင်က ပြုံးလိုက်၏။ "အဘွား ဒီနှစ်တော့ ကျွန်တော် ဇန်နဝါရီ ၇ ရက်လောက်အထိ နေနိုင်ပါတယ်။" ရက်တွက်ကြည့်သောအခါ လဝက်ကျော်လောက် အားလပ်ရက် ရပါသည်။ အတော်လေး ရှားပါး၏။
"၇ ရက်နေ့အထိပဲလား။ မီးပုံးပွဲတော်ပြီးမှ ပြန်လို့မရဘူးလား။" အမေကျိုးကတော့ ဒီလို မထင်ပေ။ အားလပ်ရက်က နည်းလွန်းသည်ဟု သူမ ခံစားမိပါသည်။