← Chapters

အခန်း(၅၃၃) ကြိုးစားခြင်း

Vol. 38 Ch. 533

အခန်း(၅၃၃) ကြိုးစားခြင်း

Vol. 38 Ch. 533

အခန်း(၅၃၃) ကြိုးစားခြင်း

ကျိုးခိုင် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ ဘာမှတော့ ပြန်မပြောတော့ပေ။ သူ့အဘွားက သူ့ကို သတိရနေခြင်းသာဖြစ်ပါသည်။

"နင်အလုပ်များတာ အဘွားသိပါတယ်။ ဒါပေမယ့် နင်အားတဲ့အခါကျရင် ပြန်လာရမယ်နော်၊ နားလည်လား။" အမေကျိုးက ဆက်ပြောသည်။

"အဘွား ကျွန်တော်သိပါတယ်။" ကျိုးခိုင်က ခေါင်းငြိမ့်သည်။

"ခေါင်းကိုင်အဘိုး ရေအတူတူ သွားချိုးရအောင်လေ။" ကျိုးကွေ့လိုင်ကပြောလိုက်သည်။

"ငါ့အဝတ်အစားတွေနဲ့ ရေသုတ်ပဝါ သွားယူလိုက်ဦး။" အဘိုးဝမ်က သူ့ကို သော့ပေးကာ ပြောလိုက်ပါသည်။

ကျိုးကွေ့လိုင်က အဝတ်အစားများ သွားယူစဥ် ဝမ်ယွမ်နှင့် လမ်းတွင်တွေ့၏။ ဝမ်ယွမ်က သစ်သီးများယူကာ ရောက်လာခြင်းဖြစ်သည်။ သစ်တော်သီးတစ်ထုပ်နှင့် ပန်းသီး တစ်ထုပ်တို့ ဖြစ်သည်။ နှစ်ခုစလုံးက အထုပ်ကြီးများဖြစ်ကြ၏။

"မင်းဘယ်သွားမလို့လဲ။" ဝမ်ယွမ်က မေးလိုက်သည်။

"ခေါင်းကိုင်အဘိုးအတွက် အဝတ်အစားတွေ သွားယူပြီး ရေချိုးအိမ်သွားဖို့ ပြင်မလို့ပါ။" ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်ပါသည်။

ဝမ်ယွမ်က ခေါင်းငြိမ့်လိုက်၏။ သူအထဲ ဝင်သွားသောအခါ ကျိုးခိုင်ကိုမြင်သွားပြီး ချက်ချင်း ပြုံးလိုက်၏။ "မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ။"

"ဒီနေ့ပဲ ပြန်ရောက်တာ" ကျိုးခိုင်က ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။ "ဒုတိယယောက်ဖ ဂုဏ်ယူပါတယ်ဗျာ။ အမြွှာပူးလေးရတော့ တော်တော် ပျော်ရမှာပဲ။" ဖုန်းပြောစဥ်က သူ့အမေ ဒီကိစ္စတွေကို ပြောပြီးသားဖြစ်ပါသည်။

"ကျေးဇူးပါကွာ" ဝမ်ယွမ်က ပြုံးလိုက်၏။

အမေကျိုးက ပြောလိုက်ပါသည်။ "ဘာလို့ သစ်သီးတွေ အများကြီး ယူလာပြန်တာလဲ။ နင့်ဦးလေး (တာ့လင်း) မနေ့ကတင် ပန်းသီး နှစ်ပုံးတောင် ဝယ်လာတယ်လေ။"

"ဒါဆိုလည်း ပိုစားရတာပေါ့ဗျာ။" ဝမ်ယွမ်က ပြောလိုက်ပါသည်။

သူလည်း ကိုယ်လက် သန့်စင်ချင်သဖြင့် ပြောလိုက်သည်။ "ငါလည်း အဝတ်အစားတွေပြန်ယူပြီး မင်းတို့နဲ့ လိုက်ခဲ့မယ်။"

ကန့်ကွက်စရာမရှိပါ။ သူတို့အုပ်စု ရေချိုးအိမ်သို့ အတူတူလာပြီး ရေချိုးခဲ့ကြပါသည်။

ကျိုးခိုင်၏ ရင်ဘတ်ဒဏ်ရာက ပျောက်သွားပြီ ဖြစ်သော်လည်း အမာရွတ်ကတော့ ကျန်နေဆဲပင်။ ပြောစရာမလိုအောင် အားလုံး တွေ့သွားကြပါသည်။

"အမေသာ ဒီအကြောင်းသိရင် မင်းကို ချက်ချင်း ပြန်လာခိုင်းပြီး ဖက်ထုပ်ပဲ လုပ်ခိုင်းမှာ အမှန်ပဲ။"ကျိုးကွေ့လိုင်က အသံတိုးတိုးဖြင့် ပြောလိုက်ပါသည်။ ကြည့်လိုက်ရုံနဲ့တင် သူနာကျင်မှုကို ခံစားမိသည်။

"အိမ်ပြန်‌ရောက်ရင် အမေ့ကို မပြောနဲ့နော်။"ကျိုးခိုင်က သတိပေးသော အကြည့်ဖြင့် ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့ကို ကြည့်လိုက်သည်။

"စိတ်မပူပါနဲ့၊ ငါမပြောပါဘူး။" ကျိုးရွှမ်က ဒဏ်ရာကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"အပြင်ရောက်ရင် သတိထားဦး။" ဝမ်ယွမ်က သတိပေးလိုက်၏။

"ကျွန်တော်သိပါတယ်။ ဒါက မတော်တဆ ဖြစ်တာပါ။" ကျိုးခိုင်က ပြန်ပြောလိုက်ပါသည်။

အဘိုးဝမ်နှင့် အဖေကျိုးတို့လည်း မြင်ပါသည်။ သူတို့ စိတ်ပူသွားကြ၏။ ကျိုးခိုင်၏ မျက်နှာပေါ်တွင်လည်း ဒီလိုဒဏ်ရာကြောင့်နဲ့ အိပ်မက်ကို လက်လွှတ်မှာ မဟုတ်ကြောင်း ပေါ်လွင်နေသည်။ ထို့ကြောင့် သူတို့ ဘာမှမပြောခဲ့ကြတော့ပါ။

ဝမ်ယွမ်က မေးလိုက်သည်။ "အခု မင်းတစ်ယောက်တည်း ဘယ်နှယောက်နဲ့ တိုက်နိုင်နေပြီလဲ။"

"ရန်သူရဲ့ စကေးပေါ် မူတည်တာပေါ့။" ကျိုးခိုင်က ပြန်ပြောသည်။ သူက သာမန်လူအဆင့်လောက်ပဲဆိုရင် အုပ်စုနဲ့ တိုက်လို့ရတယ်။ လမ်းမပေါ်မှာ တိုက်ရည်ခိုက်ရည် အတွေ့အကြုံရှိတဲ့လူဆိုရင် လူနည်းစုနဲ့ တိုက်လို့ရတယ်။ မြေအောက်လောကက တိုက်ခိုက်ရေး ဆရာကြီးတွေဆိုရင်တော့ တစ်ယောက်ချင်းချရင်တောင် နိုင်တယ် ဆိုရုံလောက်ပါပဲ။

ထိုနေရာတွင် ဒါတွေက နေ့တိုင်း သင်ကြားရသော အရာများဖြစ်သည်။ ထို့အပြင် သူ့တွင် သာမန်ထက် ထူးကဲသော ပါရမီ ရှိ၏။ စစ်တက္ကသိုလ်မှာပဲဖြစ်ဖြစ် စစ်တပ်ထဲမှာပဲ ဖြစ်ဖြစ် သူ့တိုးတက်မှုက ကြီးမားလွန်းသည်။ သူ့လက်အောက်က စစ်သားများက သူ့ထက် အသက်ကြီးကြသော်လည်း သူ့ကို လေးစားကြပါသည်။

မလေးစားသူရှိရင်တောင် အညံ့ခံတဲ့အထိ ထိုးကြိတ်ခံကြရ၏။

သူ့လက်မောင်းကို ကြည့်ပြီး ဝမ်ယွမ် လေးစား အားကျသွားသည်။ သူလေ့ကျင့်ထားမှန်း သိသာပါသ်။

"ဒုတိယယောက်ဖ ကျွန်တော့်ရဲ့ အစ်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံနော်။ မဟုတ်ရင် ကျွန်တော့်အစ်ကိုတစ်ယောက်တည်းနဲ့တင် ခင်ဗျား မနိုင် နိုင်ဘူး။" ကျိုးကွေ့လိုင်က ရက်စက်စွာ သတိပေးလိုက်သည်။

"ဒီရက်ပိုင်းထဲ ရေပူစမ်းသွားကြရအောင်။ ငါတို့ မင်းကို မခေါ်ဘူး ညီငယ်လေး" ဝမ်ယွမ်က လက်ခါပြလိုက်ပါသည်။

"ယောက်ဖ... ဒုတိယယောက်ဖ၊ ယောက်ဖက ကျွန်တော့်အစ်မ အာ့နီကို အချစ်ဆုံးဖြစ်ပြီး သေချာပေါက် ကောင်းကောင်းမွန်မွန် ဆက်ဆံမှာ ကျွန်တော်သိပါတယ်။ ဘာပဲဖြစ်ဖြစ် သူက သူ့ယောက်ျားကို ကောင်းချီးမင်္ဂလာတွေ ယူဆောင်ပေးခဲ့တာ မဟုတ်လား။ ကျွန်တော် သေချာပေါက် ယောက်ဖကို ယုံပါတယ်။ အပြင်ဘက်မှာ ပန်းကြိုက်တဲ့ လူတွေ အများကြီး ရှိပေမယ့် ယောက်ဖကတော့ အဲ့လို မဟုတ်ဘူးမလား။ ဒီရက်ပိုင်းထဲ တစ်ရက်လောက် အတူတူ သွားကြရအောင်လေ။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

"ငါ့နောက်ကျောကို တိုက်ပေးမခံရတာ ကြာနေပြီကွာ။" ဝမ်ယွမ်က ပြောလိုက်သည်။

ကျိုးကွေ့လိုင်က သူ့ကျောကို သွားတိုက်ပေးလိုက်ပါတော့သည်။

ကိုယ်လက်သန့်စင်ပြီးနောက် လန်းဆန်းစွာဖြင့် ပြန်ထွက်လာကြသည်။

သူတို့ အမေကျိုးတို့ အိမ်သို့ လာခဲ့ကြသည်။ စတုတ္ထချွေးမက တစ်ခုခု အရသာရှိတာ ချက်ထားမှန်း သိသဖြင့် အမေကျိုး ပြောလိုက်ပါသည်။ "မနက်ဖြန်ကျမှ ဒီမှာ နေ့လည်စာ လာစားလေ။ အဘွား ချက်ပေးပါ့မယ်။"

"ဟုတ်ကဲ့" ကျိုးခိုင်က ပြန်ပြောလိုက်ပါသည်။

ကျိုးခိုင်က အိမ်မပြန်ခင် အမြွှာကလေး နှစ်ယောက်ကို သွားကြည့်သည်.

"လောင်တက အရပ်အရမ်းရှည်ပြီး အရမ်း သန်မာလာတာပဲ။" ကျိုးအာ့နီက ပြုံးကာ ပြောလိုက်ပါသည်။

"သူသာ ရွာကိုပြန်သွားရင် တစ်ရွာလုံးမှာ အရပ်အရှည်ဆုံးလူ ဖြစ်နေမှာ အမှန်ပဲ။" ကျိုးစစ်နီက ရယ်ကျဲကျဲလုပ်လိုက်ပါသည်။

သူအရပ်ရှည်တာကို သူတို့ သိပ်ပြီးတော့ မအံ့သြကြပါ။ အစကတည်းက သူတို့ဦးလေးနဲ့ ဒေါ်လေးကလည်း အရပ်မပုကြပေ။ ထို့နောက် ထိုညီအစ်ကိုသုံးယောက် စားသောက်ခဲ့ရသည့် အစားအသောက်များကလည်း ရွာထဲတွင် မနာလိုဖြစ်စရာများသာ ဖြစ်ကြသည်။

တကယ်မနာလို ဖြစ်ကြခြင်း ဖြစ်သည်။ ထိုအချိန်တုန်းက အခြေအနေများက ဆိုးရွားနေဆဲဖြစ်သည်။ တော်တော်ကို ဆိုးရွားပါသည်။  ၆၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းလောက် ဗိုက်ဝအောင် စားနိုင်လျှင်ပင် ကံကောင်းလှပါပြီ။

သို့သော်လည်း သူတို့၏ စတုတ္ထဒေါ်လေးကတော့ လောင်တနှင့် ညီအစ်ကိုများကို ကျွေးမွေးရာတွင် ဆန်းသစ်ခဲ့သည်။ အနောက်တွင် အတင်းတုပ်ကြသည့် လူများစွာ ရွာထဲတွင် ရှိခဲ့သည်။ စတုတ္ထဒေါ်လေးက မနေတတ်မထိုင်တတ်ဖြစ်ပြီး ပျက်စီးခြင်းသာ ကပ်ဆိုက်လိမ့်မည်ဟူ၍ ဖြစ်၏။

သို့သော်လည်း ထိုအချိန်တုန်းက မနာလို မဖြစ်သည့်လူ ရှိပါဦးမလား။

နောက်တော့ စတုတ္ထဒေါ်လေးက အလယ်တန်းကျောင်းတွင် စာသွားသင်ခဲ့ပြီး လောင်တတို့ ညီအစ်ကိုများ နွားနို့ပင် သောက်ခဲ့ကြရသည်။ နေ့တိုင်း သောက်ရသဖြင့် လူတွေ မနာလိုမှုများ ပြည့်လျှံနေခဲ့ပါသည်။

တစ်ရွာလုံးက စတုတ္ထယောက်မလို အမေမျိုးရှိနေတာကို မနာလိုဖြစ်ကြသည်။ ပျော်ရွှင်မှုကမ္ဘာထဲ နေထိုင်နေသလိုသာဖြစ်၏။

အခုတော့ ကျိုးခိုင်ဖြစ်ဖြစ်၊ ကျိုးရွှမ်ဖြစ်ဖြစ်၊ ကျိုးကွေ့လိုင်ဖြစ်ဖြစ် အကုန်လုံး ၁.၈ မီတာ ကျော်အရပ်ရှည်ပါသည်။ အတော်လေးအရပ်ရှည်ကြ၏။ သူတို့ငယ်စဥ်ကတည်းက ခိုင်မာအောင် တည်ဆောက်ခဲ့သော အခြေခံ အုတ်မြစ်ကြောင့်သာ ဖြစ်ပါသည်။

ဝမ်ယွမ်က ပြောလိုက်သည်။ "ညီငယ်က ငါ့ကိုသတိပေးသွားတယ်။ ကိုယ် မင်းအပေါ် မကောင်းရင် သူ့အစ်ကိုကြီးကို လာထိုးခိုင်းမယ်တဲ့။"

ကျိုးစစ်နီ ပွဲကျသွားပါသည်။

ကျိုးအာ့နီလည်း အရယ်မရပ်န်ိုင်ခဲ့ပါ။ သူမ၏ နှလုံးသားကလည်း နွေးထွေးသွား၏။ သူမက အလွန်ဝေးကွာလွန်းသည့် မြို့တော်တွင် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ချမ်းသာသူနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်၏။ သူမ စိတ်မသက်မသာ မဖြစ်ဘဲ နေနိုင်ပါ့မလား။ သို့သော် သူမ၏ စတုတ္ထဦးလေးနှင့် ဒေါ်လေးတို့မိသားစု ရှိသဖြင့် သူမ စိတ်အေးလက်အေး နေနိုင်ခဲ့ပါသည်။

ဖက်ထုပ်ဆိုင်သို့ ပြန်လာခဲ့ကြသည်။ မိသားစုက ညစာစားဖို့အသင့်ဖြစ်နေကြပါပြီ။ အနည်းငယ် စောသေးသော်လည်း ပြဿနာမရှိပါ။

သူတို့ စောစောစားပြီးလေလေ အကြီးဆုံးသား စောစော အနားယူနိုင်လေဖြစ်သည်။

"ဟူကျစ်ကော ဘယ်မှာလဲ။" ကန်းကျစ် ထွက်လာပြီး ဟူကျစ်ကို အရိပ်အယောင် မမြင်သဖြင့် ကျိုးခိုင် မေးလိုက်ပါသည်။

"ဟူကျစ်က လမ်းဘေးဆိုင်သွားဖွင့်တယ်။ သူ့အတွက် တစ်ပန်းကန်နဲ့ ဖက်ထုပ်နည်းနည်း ချန်ထားပေးလိုက်ဦး။" လင်းချင်းဟယ်က ပြောလိုက်သည်။ ဒီနေ့စောစောစားကြမည် ဖြစ်သဖြင့် ဟူကျစ်ကို မစောင့်ကြတော့ပါ။ သူ့အတွက် ချန်ထားပါက အဆင်ပြေပါသည်။

"ညစာ စားချိန်ကျမှန် ပြန်လာတယ်နော်။ သူတော်တော်ကြိုးစားနေတာပဲ။" ကျိုးရွှမ်က ပြောလိုက်သည်။

"ဒါပေါ့ ကြိုးစားရမှာပေါ့။ အိမ်ထောင်စု စာရင်းကို ပြောင်းဖို့ ပိုက်ဆံဘယ်လောက်တောင် လိုလိုက်မလဲ။ ပြီးတော့ မိန်းမယူဖို့ စရိတ်စခတွေကော။ ကြိုးစားတာက အခုချိန်မှာ အလုပ်သင့်ဆုံးအရာပဲ။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

"ဒေါ်လေး ကျွန်တော်ကော နောက်နှစ်ထဲ လမ်းဘေးဆိုင် ဖွင့်လို့ရမလား။" ကန်းကျစ်က ပြုံးကာ မေးလိုက်ပါသည်။

"လာမယ့် နွေရာသီ အားလပ်ရက်ကျရင် ဖွင့်ပေါ့။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။

"မင်းက စာမသင်တော့ဘူးလား။" ကျိုးချင်းပိုင်က သူ့ကိုကြည့်ကာ ပြောလိုက်သည်။

"မသင်တောာ့ဘူး၊ လုံလောက်သွားပါပြီ။" ကန်းကျစ်က အမြန် ခေါင်းခါလိုက်ပါသည်။ သူ့ဦးလေးက သူကောင်းဖို့အတွက် စဥ်းစားပေးနေမှန်း သိသော်လည်း သူက ပိုက်ဆံသာ ပိုရှာချင်နေသည်။

"စားကြစို့။ စားပြီးရင် နားတော့။" လင်းချင်းဟယ်က သားကြီးကို ပြောလိုက်ပါသည်။

"ဟုတ်ကဲ့" ကျိုးခိုင်က ခေါင်းငြိမ့်လိုက်၏။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ စားသောက်ပြီးသွားသောအခါ ရုပ်ရှင်ရုံသို့ သွားခဲ့ကြ၏။ ခုတလော သူတို့ အချိန်သိပ်မအားကြပါ။ ရုပ်ရှင်သစ်များရှိသဖြင့် သူတို့ သွားကြည့်ရပါမည်။

"ဒီနှစ် အာ့နီနဲ့ စန်းနီတို့ တူမလေးတွေ တူလေးတွေ မွေးတာအပြင် ကျန်တာ ဘာဖြစ်ခဲ့ကြသေးလဲ။" ညီအစ်ကိုများသာ ကျန်ခဲ့သာေအခါ ကျိုးခိုင်က မေးလိုက်ပါသည်။

"အများကြီးပေါ့ကွာ။ မင်းကြားရင် ယုံမှာတောင် မဟုတ်ဘူး။" ကျိုးကွေ့လိုင်က ပြောလိုက်၏။

All Chapters