အခန်း(၅၃၅) ကပ်ဘေးကျရောက်လာလျှင် ကိုယ့်အသက်ထက် တန်ဖိုးထားတာမရှိ
Vol. 39 Ch. 535
အခန်း(၅၃၅) ကပ်ဘေးကျရောက်လာလျှင် ကိုယ့်အသက်ထက် တန်ဖိုးထားတာမရှိ
လင်းချင်းဟယ်က အရင်တုန်းက အပြစ်များကို ပြန်လည်ရှာဖွေနေခဲ့သည်။ လင်းမိသားစုက သူမကို အများကြီးအကူအညီမပေးနိုင်ရင်တောင် အနည်းငယ် နူးညံ့ပေးခဲ့ပါက အဆင်ပြေပါသည်။ သို့သော် လင်းမိသားစုက ဘယ်လို တုန့်ပြန်ခဲ့သနည်း။
ဒီလိုအဆက်အသွယ်ဖြတ်တောက်မှုမျိုး လုပ်ဖို့ သူမ လက်မတွန့်ခဲ့ပါ။ နှစ်ပေါင်းများစွာ အထိ သူ့မိဘနှစ်ပါး၏ အခြေအနေကို မမေးမြန်းခဲ့ပါ။ တစ်ပြားတစ်ချပ်မှလည်း ပြန်မပို့ခဲ့ပါ။
သူမ လက်တွေ့လုပ်ခဲ့ပါသည်။
သူမက မိသားစုမဆန်သည့် လမ်းကို ရွေးခဲ့သည်။ တခြားသူတွေ ဘာပြောပြော ဘာဂရုစိုက်စရာ လိုမည်နည်း။ သူမ သက်တောင့် သက်သာနေနိုင်ရင် အဆင်ပြေပါပြီ။
သို့သော်လည်း ဒီလိုအခြေအနေမျိုးတွင် သူမနှင့် ကျိုးချင်းပိုင်တို့ ပြန်ရပါလိမ့်မည်။
ကိစ္စမရှိပါ။ သားငယ်နှင့် သားလတ်တို့လည်း အားလပ်နေကာ သားကြီးလည်း အိမ်ပြန်ရောက်နေပါပြီ။ အခုချိန်ပြန်သွားပါက သူတို့ နှစ်သစ်ကူးမတိုင်ခင် ပြန်လာနိုင်ပါလိမ့်မည်။
လင်းချင်းဟယ်က တတိယမရီးကို အရင်ဆုံး ဖုန်းဆက်လိုက်၏။
"နင်တို့တွေက ကျောင်းပိတ်ကြတယ်မလား။ ရုံးခန်းထဲက ဖုန်းကို ဘယ်သူမှ မဖြေကြလို့ ရှောင်းမိန်တို့ဘက်ကို ဖုန်းဆက်လိုက်တာ။" တတိယမရီးက ပြောလိုက်ပါသည်။
"အခု အခြေအနေ ဘယ်လိုရှိလဲ။" လင်းချင်းဟယ်က မေးလိုက်၏။
"သူတို့ရဲ့ အိမ်ဟောင်းကြီးက ဟောင်းလွန်းနေပြီ။ ညလယ်ခေါင်ကြီး နှင်းတွေကြောင့် ပြိုကျသွားတယ်။ ဦးလေးလင်းက အမြန်ပြေးထွက်သွားတယ်။ ဒါပေမယ့် ဒေါ်လေးလင်းကတော့ ပိသွားတယ်လေ။" တတိယမရီးက ပြောလိုက်ပါသည်။
ကပ်ဘေးကျရောက်လာပါက ကိုယ့်အတောင်ဖြင့် ကိုယ်ပျံကြသည်ဟူသည့် စကားအတိုင်းပဲ မဟုတ်ပါလား။
လင်းချင်းဟယ်က ခေတ္တတိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ "ဒါဆို ငါတို့ ဒီနေ့ပဲ ပြန်ကြတာပေါ့။"
"ဒါဆို နင့်တတိယမောင်လေးကို အသိပေးလိုက်မယ်နော်။" တတိယမရီးက ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ဖုန်းချလိုက်ပြီး ကျိုးချင်းပိုင်နှင့်အတူတူ ရထားဘူတာသို့လာခဲ့ကြသည်။ အိမ်ကိုတော့ သားသုံးယောက်လက်ထဲ စီမံဖို့ အပ်ခဲ့ပါသည်။
ကောင်တီမြို့သို့ ရောက်ဖို့အတွက် ရက်အနည်းငယ် ကြာခဲ့ပါသည်။
သူမနှင့် ကျိုးချင်းပိုင်တို့ တတိယမောင်လေးလင်း၏ ဆိုင်ကို အရင်လာခဲ့ကြသည်။ တတိယမောင်လေးလင်းက လောလောဆယ် ဆိုင်မှာမရှိပေ။ တတိယယောင်းမလင်း တစ်ယောက်တည်းသာ ရှိနေပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ရောက်လာသည်ကို မြင်သောအခါ တတိယယောင်းမလင်းက ပျော်ရွှင်စွာဖြင့် အော်ခေါ်လိုက်ပါသည်။
"သူ အခု ဘယ်မှာလဲ။ ဆေးရုံမှာလား အိမ်မှာပဲလား။" လင်းချင်းဟယ်က မေးလိုက်သည်။
"မနေ့တစ်နေ့က အိမ်ကို ပြန်ခေါ်သွားကြတယ်။ မနေ့ညက ဆုံးသွားပြီ။" တတိယယောင်းမလင်းက ပြန်ဖြေလိုက်ပါသည်။
လင်းချင်းဟယ်က ဘာခံစားချက်မှ မရှိဘဲ မေးလိုက်ပါသည်။ "တတိယမောင်လေးကော"
"သူက ရွာထဲမှာ" တတိယောက်မ လင်က ဖြေလိုက်၏။ ထို့နောက် သူမ ညည်းလိုက်သည်။ "ပထမမိသားစုနဲ့ ဒုတိယမိသားစုတို့က တကယ် အပုပ်အသိုးတွေပဲ။ ဒီနှစ် ဆောင်းဝင်လာတော့ အာ့ရှုတို့အဖေက ရွာထဲကို သွားစစ်ဆေးကြည့်တယ်။ ခေါင်မိုးက မခိုင်ဘူးလို့ ခံစားရလို့ ပြင်ဖို့အတွက် ပစ္စည်းတွေ လှည်းတစ်လှည်း အပြည့် ပြန်ယူသွားပေးတယ်။ ဒါပေမယ့် အဲ့ဒီပစ္စည်းတွေကို ပထမမိသားစုနဲ့ ဒုတိယမိသားစုတွေက ခွဲယူသွားတယ်လေ။ မိဘတွေအိမ်က ဘာမှမပြင်လိုက်ရဘူး။ အဲ့ဒီနေ့က နှင်းလေးနည်းနည်းလောက် ကျလိုက်တာနဲ့ ပြိုကျသွားတာပဲ။"
လင်းချင်ဟယ်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒီနှစ် ဆောင်းရာသီ ရောက်ကတည်းက ကျွန်မတို့တွေ အစားအသောက်တွေ အများကြီး ပြန်ပို့ပေးခဲ့ပါတယ်။ ဥတွေနဲ့ အသားတွေလည်း အများကြီး ပါတယ်။ ဒါပေမယ့် အဲ့ဒီပစ္စည်းတွေကိုလည်း အမြဲတမ်း အဲ့ဒီ မိသားစုနှစ်စုကပဲ ခွဲယူသွားကြတယ်။ အဲ့တာကို ဘာမှပြောလို့မရဘူးလေ။ ဒါပေမယ့် ဟိုပစ္စည်းတွေက ခေါင်မိုးပြင်ဖို့အတွက်ကို သူတို့က ယူသွားကြတာလေ။" တတိယယောင်းမလင်းက ဒေါသကြီးစွာ ပြောလိုက်ပါသည်။
လင်းချင်းဟယ်က မေးလိုက်၏။ "အသုဘ ဘယ်တော့ပြီးမှာလဲ။"
တတိယယောင်းမလင်းက သူမကို စကားနည်းနည်းပြောခဲ့ရပါသည်။ ဒါမှ သူမတို့မိသားစုက လူကြီးနှစ်ယောက်ကို ပစ်မထားမှန်း သိကြမည်ဖြစ်သည်။ သူတို့ကို တကယ် ဂရုစိုက်ခဲ့ပါသည်။
သို့သော်လည်း သူတို့သားက သူမ၏ ယောက်ျား တစ်ယောက်တည်းမဟုတ်ပါ။ သူ့ရှေ့တွင် မိသားစုနှစ်ခုရှိနေသေး၏။
"အသုဘက မနက်ဖြန် သဘက်ခါပဲ။" တတိယယောင်းမလင်းက ပြန်ဖြေလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "အဲ့ဒီဘက်ကို အရင်သွားပြီး ရွာကို နောက်မှ သွားကြတာပေါ့။ တတိယမောင်က ပြန်လာဦးမှာလား။"
"ညနေကျရင် အိမ်ပြန်လာမှာပါ။" တတိယယောင်းမလင်းက ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပြီး ချင်းပိုင်နှင့်အတူ တတိယအစ်ကိုဆိုင်သို့ လာခဲ့၏။
"ဒီအချိန်ကြီးတောင် ရောက်နေပြီ ကျွန်မတို့ အိမ်မှာ ညစာစားပြီးမှ ပြန်ပါလား။" တတိယယောင်းမလင်းက တိုက်တွန်း၏။
"ကျွန်မတို့ ရွာမှာပဲ ပြန်စားလိုက်ပါ့မယ်။" လင်းချင်းဟယ်က ခေါင်းခါလိုက်ပါသည်။
စက်ဘီးပေါ် တက်လိုက်ကြပြီးနောက် ရွာထဲသို့ ပြန်လာခဲ့ကြပါသည်။
သူတို့အိမ်သော့တွေအားလုံးက အကြီးဆုံးမရီးတို့ အိမ်တွင် သိမ်းထားခြင်း ဖြစ်သည်။ အကြီးဆုံးမရီးက အိမ်ကို သူတို့အတွက် သန့်ရှင်းရေးလုပ်ပေးထားပြီး ပြောလိုက်ပါသည်။ "နင်တို့ မကြာခင် ပြန်လာကြတော့မယ်လို့ ငါခန့်မှန်းမိပါတယ်။"
အမေလင်း ဆုံးပါးသွားပြီဟူသည့် သတင်းမှာ ပျံ့နှံ့သွားခဲ့ပါသည်။ သူတို့ဆက်ဆံရေးက ဘယ်လောက်ပဲ ဆိုးရွားပါစေ ဆုံးသွားပြီဆိုသဖြင့် ပြန်လာပြီး အသုဘ လိုက်ပို့ပေးရပါဦးမည်။
"ဒီနှစ် နှစ်သစ်ကူးကတော့ သွားပါပြီ။" လင်းချင်းဟယ်က ပျော့ပြောင်းစွာ သက်ပြင်းချလိုက်ပါသည်။
ကျိုးချင်းပိုင်က အာမခံလိုက်၏။ "ဘာမှ မဖြစ်ပါဘူး။ မနက်ဖြန်ကျ ကိုယ်သွားလိုက်မယ်။"
"ဘာလို့ မနက်ဖြန်သွားမှာလဲ။ မနက်ဖြန် သဘက်ခါမှ အတူတူ သွားကြမယ်လေ။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
သူမ မရောက်တာလည်း ကြာပြီ။ သူမက အသုဘ လာပို့ခြင်းဖြစ်သော်လည်း အသုဘ လာပို့ခြင်းသာဖြစ်သည်။ တခြားကိစ္စများက ယောက်ျားလေးများ လုပ်ရမည့်ကိစ္စဖြစ်ကြသည်။ အိမ်ထောင်ရှိသမီးဖြစ်သည့် သူမက ဘာလုပ်ရမည်နည်း။
မနက်ဖြန် သန်ဘက်ခါကျမှ အတူတူသွားကြမည်။
အကြီးဆုံးမရီးက ညစာစပြင်ပြီး လင်းချင်းဟယ်နှင့် စကားပြောလိုက်သည်။ "အခု ဖန်းယွမ်မှာ အားလုံးက ပထမမိသားစုနဲ့ ဒုတိယမိသားစုတွေကို ဝတ္တရားမကျေလို့ အပြစ်တင်နေကြပြီ။"
ထိုဘက်က ဒီနေရာနှင့် သိပ်မဝေးပါ။ နှင်းက အားကောင်းလွန်းသဖြင့် လူသေသွားသောအခါ သတင်းများ အကျယ်တဝံ့ ပျံ့နှံ့သွားခဲ့ပါသည်။
ထို့အပြင် ထိုဘက်က နာမည်ကြီး လင်းချင်းဟယ်၏ မိသားစုမွေးရပ်မြေဖြစ်သည်။
ဒီလိုဖြစ်လာပြီဆိုသဖြင့် သတင်းများက နေရာတိုင်း ပျံ့နှံ့သွားကြသည်။ နှင်းမကျခင်တုန်းက လင်းမိသားစု၏ တတိယသားမှာ ပစ္စည်းတွေ အများကြီး ပြန်ယူလာခဲ့ပြီး သူ့မိဘများ၏ အိမ်ခေါင်မိုးကို ပြင်ချင်ခဲ့သည်ဟု ဆို၏။
လင်းမိသားစု၏ တတိယသားက မကြာခဏ ပစ္စည်းများ ပို့ပေးတတ်သည်။ လတိုင်း လူကြီးနှစ်ယောက်ကို နေထိုင်စရိတ်များ ထောက်ပံ့ပေးခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း ဒါကို သိကြပါသည်။
ဒီတစ်ခေါက် ခေါင်မိုးပြင်ဖို့ ပစ္စည်းများကို ပထမမိသားစုနှင့် ဒုတိယမိသားစုတို့၏ ခေါင်မိုးများကို ခွဲယူသွားကြပါသည်။
ထို့ကြောင့် ဒီလိုမတော်တဆမှုမျိုး ဖြစ်လာခဲ့ရခြင်းဖြစ်ပါသည်။
အမေလင်းက မငယ်တော့ပါ။ သို့သော် ဒီလို မတော်တဆမှုမျိုး မဖြစ်ခဲ့ပါက နောက်ထပ် ၅ နှစ် ၆ နှစ်လောက်နေဖို့ ပြဿနာ မရှိပေ။ သို့သော်လည်း သူမ၏ ခေါင်းထိသွားပြီး ချက်ချင်း သတိလစ်သွားခဲ့သည်။ ထို့အပြင် သူမ၏ ခြေထောက်များ ခေါင်မိုးပိကာ ကျိုးပဲ့ကုန်၏။
ဆေးရုံသို့ပို့ပြီး ဆေးကုသမှု ခံယူခဲ့ရသော်လည်း အားလုံး စိတ်ပြင်ဆင်ထားကြဖို့ ပြောခဲ့၏။ သူမ ကိုမာဝင်နေခဲ့သည်။ လုံးဝ သတိမရပါ။
ဒီကိစ္စများ၏ သတင်းက လင်းကျားရွာမှ ပျံ့နှံ့လာခဲ့သည်။ မကြာမီ နေရာတိုင်းကို ပျံ့နှံ့သွား၏။ အကြီးဆုံးအစ်ကိုလင်းနှင့် ဒုတိယအစ်ကိုလင်းတို့က လူသားမဆန်ခြင်းကြောင့် မကြာခဏ ဝေဖန်အပြစ်တင်ခံခဲ့ရပါသည်။
တကယ်တော့ အကြီးဆုံးအစ်ကိုလင်းက မှားယွင်းစွပ်စွဲခံခဲ့ရတာ ဖြစ်သည်။ သူက ဒီလို မလုပ်ချင်ခဲ့ပါဘူး။ သို့သော် ဒါက ဒုတိယမိသားစု၏ အကြံသာဖြစ်သည်။ ထို့နောက် သူ့မိန်းမကလည်း ထိုနည်းလည်းကောင်း လုပ်ခဲ့သဖြင့် ဒီလိုဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။
အခုတော့ ဖန်းယွမ်က ရွာများစွာထံသို့ သတင်းပျံ့နှံ့နေပြီဖြစ်ပါသည်။
တတိယမောင်လေးလင်းက ဒီကိစ္စကို ရှင်းပြီးသွားပြီဖြစ်ပြီး ကောင်တီမြို့သို့ ပြန်သွားပြီဖြစ်သည်။ ပြန်လာသောအခါမှ သူ့အစ်မနှင့် ယောက်ဖတို့ ပြန်လာကြပြီး ကျိုးကျားရွာသို့ သွားကြပြီဟု သိလိုက်ရပါသည်။
"မနက်ဖြန် ကိုယ်သွားလိုက်မယ်။" တတိယမောင်လေးလင်းက ပြောလိုက်သည်။
အသုဘနေ့တွင် သူ့မိန်းမနှင့် ကလေးများလည်း သွားကြရပါလိမ့်မည်။
"တတိယအစ်မကို ကျွန်မတို့က ဝတ္တရားမကျေတာ မဟုတ်ဘူးဆိုတဲ့အကြောင်း ပြောပြလိုက်တယ်။" တတိယယောင်းမလင်းက ပြောလိုက်ပါသည်။
"ဘာလို့ အဲ့ဒါတွေ ပြောလိုက်တာလဲကွာ။" တတိယမောင်လေးလင်းက မျက်မှောင်ကြုတ်လိုက်၏။
"ပြောရမှာပေါ့။ မဟုတ်ရင် ကျွန်မတို့လင်မယားနှစ်ယောက်က လူကြီးနှစ်ယောက်ကို ဂရုမစိုက်ဘူးလို့ တတိယအစ်မ ထင်သွားမှာပေါ့။" တတိယယောင်းမလင်းက ပြန်ပြောလိုက်ပါသည်။
တတိယမောင်လေးလင်း ဘာမှမပြောတော့ပါ။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ရွာကိုပြန်သွားကြပြီး အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့အိမ်တွင် စားသောက်ပြီးနောက် အိမ်သို့ ပြန်ခဲ့ကြသည်။
ခရီးရှည်ကြီးလာခဲ့ရသဖြင့် သူတို့ ပင်ပန်းနေပါပြီ။ လင်မယားနှစ်ယောက်သား ရေနွေးကျိုကာ ရေပူစမ်း စိမ်ခဲ့ကြပြီး အိပ်ယာစောစော ဝင်ခဲ့ကြပါသည်။
နောက်တစ်နေ့မနက်ရောက်သောအခါ အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့ အိမ်ကို လာခဲ့ကြပြီး မနက်စာ လာစားကြ၏။
"စတုတ္ထညီ။ မနေ့ညက ငါလာတော့ မင်းတို့ အိပ်တောင် ပျော်နေပြီ။" ဒုတိယအစ်ကိုက ရောက်လာသည်။
"ဒုတိယမောင် နင်စားပြီးပြီလား။ မစားရသေးရင် အတူတူ စားကြရအောင်လေ။" အကြီးဆုံးမရီးက မေးလိုက်ပါသည်။
"စားပြီးပါပြီ။" ဒုတိယအစ်ကိုက ပြန်ဖြေလိုက်၏။
အကြီးဆုံးမရီး ခေါင်းငြိမ့်လိုက်ပါသည်။ ထို့နောက် အကြီးဆုံးအစ်ကိုအတွက် တစ်ပန်းကန်ခူးပေးကာ ပြောလိုက်သည်။ "ဒီနှစ် ဆောင်းရာသီက အရင်နှစ်ကလိုပဲ အေးတယ်နော်။ တော်တော်လေးကို ခိုက်ခိုက်တုန်အောင် ချမ်းအေးတယ်။"
"အခုတော့ အများကြီး ပိုအဆင်ပြေနေကြပါပြီ။ ဗိုက်ပြည့်အောင် စားနိုင်ကြပြီလေ။ အရင်တုန်းကဆို ၅၀ - ၆၀ ရာခိုင်နှုန်းလောက်ပဲ ဗိုက်ပြည့်အောင် စားနိုင်ကြတာ" အကြီးဆုံး အစ်ကိုက ပြောလိုက်ပါသည်။
ဒုတိယအစ်ကိုက ပြုံးလိုက်၏။ ထို့နောက် လင်းချင်းဟယ်ကို မဝံ့မရဲကြည့်ကာ မေးလိုက်သည်။ "စတုတ္ထခယ်မ မြို့မှာ စန်းနီနဲ့ အိုက်ကော်တို့ အဆင်ပြေကြရဲ့လား။ သူတို့ ဝဝတုတ်တုတ် ကောင်လေးမွေးတယ်လို့ ကြားတယ်။"