အခန်း(၄၇၉) - ဆန္ဒရှိသည်
Vol. 35 Ch. 479
အခန်း(၄၇၉) - ဆန္ဒရှိသည်
လင်းချင်းဟယ်တို့ဘက်တွင်တော့ အိမ်တွင်ဖြစ်ပျက်နေသည့် ပြောင်းလဲမှုကြီးအား လင်းချင်းဟယ် ဘာမှမသိခဲ့ပါ။
လင်းချင်းဟယ်၊ အမေဝိန်၊ ကျိုးရှောင်မိန်နှင့် ဆယ်ကျော်သက် ကောင်လေးနှစ်ယောက်တို့ ရေပူစမ်းတွင် ရေလာစိမ်ကြသည်။ နေ့လည်စာနှင့် ညစာကိုလည်း ထိုနေရာတွင်သာ စားပြီး အိမ်ပြန်ခဲ့ကြသည်။
ပြောစရာမလိုအောင်ဒီနေ့က သာယာသော နေ့တစ်နေ့ဖြစ်ပါသည်။
"ချင်းဟယ်။ အားရင် ကျိုးချင်းပိုင်နဲ့အတူ ကျွန်မတို့ဘက်ကို လာခဲ့ပါဦး။ ချက်ပြုတ် ကျွေးမွေးပါ့မယ်။" လင်းချင်းဟယ်က သူမကို လိုက်ပို့ခဲ့သည်။ ကားထဲက ထွက်ခါနီးတွင် အမေဝိန်က ရွှင်ပျစွာ ပြောလိုက်သည်။
"အချိန်ရရင်တော့ ကျွန်မအားမနာဘူးနော်။ အခုတော့ နောက်ကျနေပြီ၊ ကျွန်မတို့ ပြန်တော့မယ်နော်။" လင်းချင်းဟယ်က ပြုံးကာ အိမ်ပြန်သွားသည်။
အမေဝိန် အိမ်ပြန်ရောက်လာသောအခါ အဖေဝိန်က အိမ်တွင် တီဗီကြည့်နေပြီး သူမကို စောင့်နေ၏။ သူမ ပျော်ရွှင်နေပုံကို မြင်သောအခါ အဖေဝမ်က ပြောလိုက်သည်။ "ပျော်စရာ ကောင်းရဲ့လား။"
"ပျော်ခဲ့တာပေါ့။ ရှင်မှ မလိုက်တာ။ အဲ့ဒီနေရာ ဘယ်လောက်ကောင်းလဲ ရှင်မသိဘူးပေါ့။ သြော် နောက်တစ်ခါ လင်းချင်းဟယ် ကျွန်မကို လာခေါ်ရင် ကျွန်မ လိုက်သွားဦးမယ်။" အမေဝိန်က အိတ်ကိုချကာ ပြုံးရွှင်စွာ ပြန်ဖြေခဲ့ပါသည်။
အဖေဝိန်က ပြောလိုက်၏။ "မင်းနဲ့ ဆရာမလင်းတို့က အခု ညီအစ်မတွေတောင် ဖြစ်နေကြပြီပေါ့။"
အမေဝိန်က ပြောလိုက်သည်။ "ညီအစ်မဖြစ်တော့ ဘာဖြစ်လဲ။ညီအစ်မဖြစ်တော့ ကောင်းတာပေါ့။ ဆရာမလင်းနဲ့ ကျွန်မလို အရမ်းရိုးသားတဲ့ သူငယ်ချင်းမျိုးက တကယ်ရှားတယ်။ အဲ့တာကြောင့် ကျွန်မတို့ ညီအစ်မတွေ ဖြစ်လာကြတာပေါ့။"
"ဒါဆို သမီးယောက်မတွေ မလုပ်ကြတော့ဘူးပေါ့။" အဖေဝိန်က စလိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် ကျိုးမိသားစုနှင့် သူတို့ ပိုပြီး အဆင်ပြေလာလေလေ သူ့အငယ်ဆုံးသမီးနှင့် ကျိုးခိုင်တို့၏ ပေါင်းစပ်မှု တကယ်ဖြစ်လာလိမ့်မည်ဟု အဖေဝိန် ပိုထင်လာလေလေ ဖြစ်သည်။ ထိုသို့ဖြစ်လာပါက အတော်လေး ကောင်းပါလိမ့်မည်။
လင်းချင်းဟယ်တို့ဘက်က ရှင်းလင်းသည့် အိမ်ထောင်စုစာရင်းရှိပြီး နာမည်ကလည်း သန့်သည်။ အရေးအကြီးဆုံးအချက်က မိဘများမှာ ဆက်ဆံရေးကောင်းသည်။ ထိုကဲ့သို့ အိမ်ထောင်စုမျိုးသာ သူတို့နှင့် ဆွေမျိုးများ ဖြစ်လာနိုင်ပါက ဒီ့ထက်ကောင်းတာ မရှိနိုင်တော့ပါ။
"ရှင်ဖယ်နေစမ်းပါ။ ချင်းဟယ်နဲ့ ကျွန်မက ညီအစ်မတွေတောင် ဖြစ်လာပြီ။ သမီးယောက်မ မဖြစ်နိုင်စရာ အကြောင်း ရှိလို့လား" အမေကျိုးက မကျေနပ်စွာ ပြောလိုက်သည်။
အဖေဝိန်က နားလည်ပြီးသားဖြစ်ပါသည်။ အမေဝိန်ဆိုပိုဆိုးသည်။ သူမ၏ အငယ်ဆုံး သမီးကို ပေးစားဖို့ မစောင့်နိုင်တော့ပါ။
ထိုကဲ့သို့ အိမ်ထောင်စုမျိုးက ဘယ်လောက် ကောင်းလိုက်သလဲ။ လက်ထပ်ပြီးသွားသော အခါတွင်လည်း စိတ်ဖိစီးစရာ ဘာမှမရှိပါ။
သူမ၏ အငယ်ဆုံးသမီးလေး စစ်ဆေးရုံတွင် အဆင်ပြေရဲ့လား တွေးမိသည်။ သူ ဖုန်းပြန်မဆက်တာ ကြာပြီဖြစ်၏။ ဒီတစ်ခေါက် သူဖုန်းဆက်လာပါက ခိုင်လေးနှင့် ရုပ်ရှင်အတူတူ သွားကြည့်ဖို့ တိုက်တွန်းရပေဦးမည်။
"ငါးကြီးဆီ ချက်ပြီးသွားပြီလား။" အမေဝိန်က ထပ်မေးလိုက်၏။
"ပြီးသွားပြီ။ အိုးထဲမှာပါ။" အဖေဝိန်က စိတ်ဓာတ်ကျစွာ မေးလိုက်သည်။ "အဲ့ဒီဟာကြီးက ဒီလောက်ညှီတာ ဘယ်လိုလုပ်သောက်မှာလဲ။"
"ရပါတယ်။ သကြားနဲ့ ချက်ထားတာ မဟုတ်ဘူးလား။ အချိုကလည်း ကောင်းတယ်။ မြည်းကြည့်မလား။ အာဟာရရှိတယ်နော်။" အမေဝိန်က အနည်းငယ် ခပ်လိုက်ပြီး သူ့ကိုမေးလိုက်သည်။
"မမြည်းဘူး။ မမြည်းဘူး။" အဖေဝိန်က ငြင်းလိုက်သည်။ ငါးကြီးဆီ၏ အရသာကို သူသည်းမခံနိုင်ပါ။ ဘာကြောင့်မှန်း မသိပေ။
အမေဝိန် တစ်ယောက်တည်း သောက်လိုက်သည်။ သောက်ပြီးနောက် နှုတ်ခမ်းကို တွန့်လိုက်ပြီး ပြောလိုက်သည်။ "တကယ်ချွဲတာပဲ။ အထူးသဖြင့် အလှအပကို တိုးစေတယ်။"
"အိမ်မှာ သိပ်မကျန်တော့ဘူး။ ထပ်ဝယ်ရတော့မယ်။" အဖေဝိန် ပြောလိုက်ပါသည်။
အမေဝိန်က အချိန်ရလျှင် ဝယ်ပေးဖို့ ပြောလိုက်ပါသည်။ ထိုဘက်က သူတို့ကို ၂၀ ရာခိုင်နှုန်း လျှော့စျေး ပေးထားသည်။ အခုသောက်လိုက်သည်က လင်းချင်းဟယ် လက်ဆောင်ပေးထားခြင်းပင်။
ထို ၂၀ ရာခိုင်နှုန်း လျှော့စျေးကလည်း သူမ တောင်းဆိုထားခြင်းဖြစ်သည်။ သူ စားချင်သောအခါ လင်းချင်းဟယ်က သူမ၏ တောင်းဆိုချက်ကို ပြောပြလိုက်၏။ အလွန် ချမ်းသာသည့်ပုံပေါ်သော်လည်း အမေဝိန်က မတတ်နိုင်ပါ။ နောက်ဆုံးတွင်တော့ ၂၀ ရာခိုင်နှုန်း လျှော့စျေးကိုသာ ဆုံးဖြတ်လိုက်ရတော့သည်။
လင်းချင်းဟယ် မဝေဖန်ဘဲ သူမဆန္ဒအတိုင်း လိုက်လျောခဲ့ပါသည်။
ထိုငါးကြီးဆီမှာ ပစ္စည်းကောင်းတစ်ခု ဖြစ်ကြောင်း အမေဝိန် ခံစားရပါသည်။ အပတ်တိုင်း အများကြီး မသောက်ဘဲ နှစ်ရက်သာ သောက်သည်။ သို့သော်လည်း သူမ၏ အသားအရည် အခြေအနေ အများကြီး ကောင်းမွန်လာသည်ဟု ခံစားရပါသည်။
ဒါကလည်း လင်းချင်းဟယ် သူမကို ပြောပြထားဖူးသည့် အလှအပ ကျန်းမာရေး နည်းလမ်းတစ်ခု ဖြစ်သည်။ အမေဝိန်က ထိုအလှအပ ထိန်းသိမ်းရေးများကို နားမလည်သဖြင့် လင်းချင်းဟယ်၏ တိုက်တွန်းချက်များကိုသာ အားကိုးရသည်။ အနည်းငယ် ဒုက္ခများသော်လည်း တကယ် အလုပ်ဖြစ်သည်ကိုတော့ ငြင်းမရပါ။
အလုပ်ဖြစ်ပါက မိန်းမတစ်ယောက်မှာ အားဘယ်လောက်ပင် စိုက်ထုတ်ရပါစေ မမှုတော့ပါ။
အဖေဝိန်က သူမကို လွှတ်ထားပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် အသုံးဝင်သည် မဟုတ်ပါလား။ သူ့မိန်းမ၏ အသားအရည်က ပိုမိုစိုပြည်လာပြီး အသားလည်းဖြူလာသည်။ ကြည့်ပျော်ရှုပျော်ရှိလှပါသည်။ ထို့ကြောင့် သူ ဘာမှ မပြောခဲ့ပေ။
ဝိန်မိသားစု အကြောင်း ဒီမှာပဲ အဆုံးသတ်ပြီး လင်းချင်းဟယ်က ကျိုးရှောင်မိန်ကို အိမ်အရင်ပို့ပေးကာ ဖက်ထုပ်ဆိုင်သို့ ကားမောင်းပြန်လာခဲ့သည်။
"ပျော်ခဲ့ရဲ့လား။" ကျိုးချင်းပိုင်က သူမကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"အင်း၊ ကောင်းကောင်း စားခဲ့ရပြီး ပျော်ခဲ့ရပါတယ်။ အဲ့ဒီမှာ အနှိပ်ခန်းလည်း ဖွင့်တော့မယ်လို့ ကျွန်မကြားခဲ့တယ်။ နောက်ပိုင်း ကျွန်မတို့ သွားအနှိပ်ခံကြတာပေါ့။" ဟု လင်းချင်းဟယ်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။
ကလေးတွေ ရှိသဖြင့် ကျိုးချင်းပိုင် ဘာမှ မပြောတော့ပါ။
"အစ်မအာ့နီ အစ်ကိုဝမ်ယွမ်ကိုလည်း အဲ့ကို လိုက်ပို့ခိုင်းလေ။ တော်တော်မိုက်တယ်။ မသွားလို့ မဖြစ်ဘူး။ သွားမှရမယ်။" ဟု ကျိုးကွေ့လိုင်က ကျိုးအာ့နီကို တိုက်တွန်းလိုက်ပါသည်။
ကျိုးအာ့နီက နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။ "အခွင့်ကြုံရင် ပြောပြလိုက်ပါ့မယ်။"
"သွားရင်လည်း ကျွန်တော်တို့ကို ခေါ်ဦး။ မျက်စိစပါးမွှေးစူးစရာ မဖြစ်စေရပါဘူးဗျာ။ အဲ့ကိုရောက်ရင် ကျွန်တော်တို့ဖာသာ ကစားကြမယ်။ အစ်မတို့နှစ်ယောက်က အခန်းတစ်ခန်းငှားပြီး အေးဆေး ရေစိမ်ကြပေါ့။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။
ကျိုးအာ့နီ ရှက်သွားကာ သူ့ကို ရိုက်ဖို့ ပြင်လိုက်သည်။ ကျိုးကွေ့လိုင်ကလည်း ရယ်မောကာ ထွက်ပြေးသွားတော့သည်။
ဒေါ်လေးမာက အလုပ်ဆင်းလာပြီ ဖြစ်သည်။ ထို့ကြောင့် ဒေါ်လေးမာက ဟူကျစ်နှင့် ချန်းရှန်ရှန်တို့အား အောင်သွယ်ပေးသည့်အကြောင်းကို ညဘက် အိမ်ပြန်မှ ကျိုးချင်းပိုင်ဆီမှ လင်းချင်းဟယ် သိခဲ့ရပါသည်။
လင်းချင်းဟယ် ထိတ်လန့်သွား၏။ "ရုတ်တရက်ကြီးပါလား။"
တကယ်ပဲ ရုတ်တရက်ဖြစ်ပါသည်။ မကြာသေးခင်ကမှ ရှုရှန့်ချမ်း၏ ရန်ပွဲပြဿနာဖြစ်ထားခြင်းဖြစ်သည်။ သူ့အစ်မ လာတောင်းပန်သည့် ကိစ္စကိုပင် မပြောရသေးဘဲ ဟူကျစ်နှင့် ချန်းရှန်ရှန်တို့အား ဒေါ်လေးမာ အောင်သွယ်သည့်ကိစ္စကို အရင်သိလိုက်ရသဖြင့် ရုတ်တရက် ဆန်လွန်းပါသ်ည။
"မဟုတ်ပါဘူး။ ချန်းမိသားစုက အဲ့ကိစ္စ စဥ်းစားနေတာ ကြာပြီ နေမှာပေါ့။" ဟု ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။
"ရှန်ရှန်က တော်ပါတယ်။ ဒါပေမယ့် ဟူကျစ်မှာ ကျေးရွာ အိမ်ထောင်စုစာရင်းကြီးနဲ့လေ။ ချန်းမိသားစုက ဘာတွေ တောင်းဆိုသေးလဲ။" ဟု လင်းချင်းဟယ် မေးလိုက်သည်။
ကျိုးချင်းပိုင်က အမေကျိုး၏ စကားများကို အသေးစိတ် ပြန်ပြောပြလိုက်ပါသည်။
လင်းချင်းဟယ် ပြုံးလိုက်မိပါသည်။ ဒီကိစ္စတွင်တော့ သူမ၏ ယောက္ခမက ဝိုးတိုးဝါးတား မဟုတ်တော့ပါ။ သူမ အတော်လေး နှံ့စပ်လှပါသည်။
သို့သော်လည်း စကားကို ကောင်းမွန်စွာ ပြောနိုင်ခဲ့သည်။
အိမ်ထောင်စုစာရင်းပြဿနာကိုတော့ အခွင့်အရေးရပါက ပြောင်းရွှေ့ပေးမည်ဟု ချင်းပိုင်က ကတိပေးခဲ့ပါသည်။
ဆိုးရွားသော ဆုံးဖြတ်ချက်မဟုတ်ပါ။ အခွင့်အရေးရှိပါက ပြောင်းရွှေ့လျှင် ပိုအကျိုးရှိပါလိမ့်မည်။ နောက်ပိုင်းမျိုးဆက်များအတွက် ကောင်းမွန်သည်။
ထို့ကြောင့် သူမယောက်ျားချင်းပိုင် ထိုကဲ့သို့ ကတိပေးခြင်းက အဆင်ပြေပါသည်။
ဘာပဲဖြစ်ဖြစ် အိမ်ထောင်စု စာရင်းကို မမှုသည့် မြို့တော်က မိန်းကလေးကောင်း တစ်ယောက်ကို ရှာဖို့က မလွယ်ကူပါ။ တွေ့ထားပါက အချိန်မှီ ဆုပ်ကိုင်ရမည်မဟုတ်ပါလား။
"ဟူကျစ်ကို ပြောပြီးပြီလား။" ဟု လင်းချင်းဟယ် မေးလိုက်သည်။
ချန်းရှန်ရှန်တို့ ဘက်ကိုတော့ စစ်ဆေးစရာမလိုပါ။ ချန်းမိသားစုက ပြောထားခြင်း ဖြစ်နိုင်သဖြင့် ဒေါ်လေးမာ ပြန်ပြောပြပါလိမ့်မည်။ မဟုတ်ပါက ဒေါ်လေးမာက ဒီလို အကျိုးမရှိသည့် အလုပ်မျိုးကို မလုပ်ပါ။
"အင်း" ကျိုးချင်းပိုင် ပြန်ဖြေလိုက်သည်။
လင်းချင်းဟယ်က သူ့တုန့်ပြန်မှုကိုကြည့်ပြီး ဟူကျစ်လည်း သဘောတူသည်ဟု နားလည်သွားပါသည်။ တကယ်တော့ ချန်းရှန်ရှန်က ဟူကျစ်ထက် အနည်းငယ် အသက်ပိုကြီးသည်။ သို့သော် သိပ်မကွာပါ။ ထိုအရာများက အရေးမကြီးပေ။ ဟူကျစ်နှင့် ချန်းရှန်ရှန်တို့ အချင်းချင်း သိကြသောကြောင့် ဖြစ်ပါသည်။
ချန်းရှန်ရှန်အား အလွန်လှပသည်ဟု ပြောလို့မရသလို ရုပ်ဆိုးသည်ဟုလည်း ပြောလို့မရပေ။ မြို့သူလည်း ဖြစ်နေသည်။ ယခုတော့ ချန်းမိသားစုက ၎င်းတို့ သဘောထားကို ထုတ်ပြနေပြီဖြစ်သဖြင့် ဟူကျစ်က ဆန္ဒမရှိဘဲ နေနိုင်ပါ့လား။
"မင်းအနှိပ်ခံချင်ရင် သူများဆီသွားစရာ မလိုပါဘူး။ ကိုယ်နှိပ်ပေးမှာပေါ့။" ဟု ကျိုးချင်းပိုင်က ရုတ်တရက်ကြီး ပြောလိုက်သည်။
လင်းချင်းဟယ် သူ့အတွေးများကို နားမလည်လိုက်ပါ။ ခဏလောက် ကြောင်စီစီ ဖြစ်သွားပြီးသောအခါ သူမ နားလည်သွားသည်။ ကျိုးချင်းပိုင်က အနှိပ်ခံဖို့ ရေပူစမ်းသွားမည့် ကိစ္စကို ပြောနေခြင်း ဖြစ်ပါသည်။
"မိန်းကလေး ဝန်ထမ်းတွေရှိပါတယ်။" ဟု လင်းချင်းဟယ်က ရှင်းပြသည်။
"ရှိလည်း ခွင့်မပြုဘူး။ ကိုယ် ကိုယ်တိုင် နှိပ်ပေးမယ်။" ကျိုးချင်းပိုင်က ဇွဲကောင်းသည်။
သူနှိပ်ပေးလည်း ပြဿနာမရှိပါ။ သူနှိပ်ပေးပါက စိတ်ခံစားချက် ပြောင်းလဲသွားမည်ကို စိုးရိမ်ခြင်းသာ ဖြစ်သည်။