အခန်း(၅၄၁) သံမဏိလို ဖြောင့်မတ်တဲ့လူ
Vol. 39 Ch. 541
အခန်း(၅၄၁) သံမဏိလို ဖြောင့်မတ်တဲ့လူ
"သူက ဒီမှာနေချင်တယ်လို့ ပြောတယ်လား” လင်းချင်းဟယ်က တတိယမောင်လေးလင်းကို ကြည့်လိုက်ပါသည်။
တတိယမောင်လေးလင်းက ခပ်မဲ့မဲ့ ပြုံးကာ ပြန်ပြောလိုက်၏။ "ရွာထဲမှာ သူ့ကိုဘယ်သူမှ ဂရုမစိုက်ကြဘူးလို့ အဖေပြောနေတယ်။ အကြီးဆုံး အစ်ကိုကော ဒုတိယအစ်ကိုကော သူ့ကို ဂရုမစိုက်ကြဘူးတဲ့။”
"အရင်တုန်းက အဖေနဲ့ အမေတို့က ဒုတိယမိသားစုကို ဂရုအစိုက်ဆုံးပဲ။ သူတို့က ဒုတိယမိသားစုကို လူကြီးသူမတွေကို ဂရုစိုက်စေချင်တာ။ ကျွန်မတို့ မိသားစုက အငယ်ဆုံးဆိုပေမယ့် ဘာအကျိုးကျေးဇူးမှ မရခဲ့ဘူး။ အခု သူအသက်ကြီးတော့ ဘာလို့ ဂရုစိုက်ရမှာလဲ။” တတိယယောင်းမလင်းက သွေးအေးသော မျက်နှာမျိုးဖြင့် ပြောလိုက်ပါသည်။
တကယ်တော့ တတိယယောင်းမလင်းက ဒီလောက်ထိ စိတ်ထားကြမ်းတမ်းသော လူမျိုး မဟုတ်ပါဘူး။ သို့သော် သူမ မီးဖွားပြီးအချိန် ကာလမှာ သူမ တစ်ဘဝလုံး မမေ့နိုင်မည့် ကာလတစ်ခု ဖြစ်ခဲ့ရပါသည်။
သူမတို့မိသားစု မြို့ပေါ်တွင် ဆိုင်တစ်ဆိုင် လာဖွင့်ခဲ့ကြပြီးနောက် လင်းချင်းဟယ်၏ မျက်နှာကြောင့် ထိုမိသားစုအတွက် စဥ်းစားပေးခဲ့သေးသည်။ ထို့ကြောင့် အဖေလင်းနှင့် အမေလင်းတို့အား ပေးသင့်သည့်အရာများကို သူမ မပေးသော်လည်း တတိယမောင်လေးလင်း ပေးသည့် အခါတွင်တော့ မတားမြစ်ခဲ့ပါ။
ဒီတိုင်းပဲ ကောင်းသည်ဟု သူမ ခံစားမိပါသည်။
သူမသမီးနှစ်ယောက် မွေးပြီးခါစဖြစ်သော်လည်း ဆန်ပြုတ်ပူပူလေး တစ်လုတ်တောင် မစားခဲ့ရတာကို ဘယ်တော့မှ မေ့မည်မဟုတ်ပါ။
ဒီလောက်ထိ ဝတ္တရားကျေပွန်လျှင် လုံလောက်ပြီဟု တတိယယောင်းမလင်း ခံစားမိပါသည်။ ဒီလူက ပိုပြီးရလေလေ သူတို့ကို ပြဿနာပိုပြီး ရှာလာလေလေ ဖြစ်လာနိုင်ပါသည်။
အရင်က သူ မြို့သို့ လာချင်သည်ဟု ပြောခဲ့တာကို သူမ ငြင်းဆိုခဲ့သည်။ အခုတစ်ခေါက်လည်း ထပ်ပြောပြန်ပါပြီ။ သူ အသက်ရှင်ဖို့ နှစ်အများကြီး သိပ်မကျန်တော့ဘူးဟု ဆိုကာ ဒီမှာလာနေပြီး သက်တောင့်သက်သာ ဘဝမျိုး ဖြတ်သန်းချင်သည်ဟု ဆိုသည်။
တခြားသူများကလည်း သူတို့ အဘိုးကြီးကို ခေါ်သွားဖို့ မျှော်လင့်နေကြသည်။ ဒေါသထွက်စရာ ကောင်းလွန်းသဖြင့် တတိယယောင်းမလင်း ချက်ချင်းပဲ ထပြန်ခဲ့ပါသည်။
အားလုံးက သူမတို့မိသားစု၏ ပျော်စရာကောင်းသော ဘဝကို မျက်စိဆံပင်မွှေးစူးစရာဟု ထင်နေကြသည်။ သူတို့ ဝင်နှောင့်ယှက်ချင်နေကြ၏။
"အခုတော့ ငါ့အဖေက အိမ်မှာ တစ်ယောက်တည်းလေ။” တတိယမောင်လေးလင်းက ပြောလိုက်ပါသည်။
"ဘာကို တစ်ယောက်တည်းလဲ။ ကျန်တဲ့သူတွေက သေကုန်ကြပြီလား။ ပြီးတော့ သူက အေးအေးချမ်းချမ်း၊ စိတ်ကောင်းရှိပြီး သူ့မြေးတွေအတွက် စဥ်းစားပေးတဲ့လူမျိုးဆိုရင် ကျွန်မ သည်းခံနိုင်သေးတယ်။ ဒါပေမယ့် သူက ဘယ်လိုလူမျိုးမို့လို့လဲ။ သူ့ကို လာခိုင်းလိုက်ရင် ရှင်လည်း ကောင်းကောင်းမွန်မွန် နေရမှာမဟုတ်ဘူးလို့ ဆိုလိုတာပဲ။ ဒါပေမယ့် ကျွန်မကတော့ စိုးရိမ်ပူပန်စရာမရှိတဲ့ ဘဝမှာပဲ နေချင်တယ်” တတိယယောင်းမလင်းက ပြောလိုက်ပါသည်။
"တတိယမောင်လေးလင်း နင့်မိန်းမကို အရမ်းစိတ်ညစ်အောင် မလုပ်ပါနဲ့” မေးစရာမလိုအောင်ပင် လင်းချင်းဟယ်ကလည်း တတိယောင်းမလင်း၏ ဘက်မှ ဝင်ပြောပေးခဲ့ပါသည်။
အဖေလင်းသာ ဒီရောက်လာခဲ့လျှင် စီးပွားရေးလုပ်ဖို့ စိတ်တောင်မကူးပါနဲ့တော့။ သူက အေးအေးဆေးဆေး ထိုင်နေတတ်သူ မဟုတ်ပါ။
"အစ်မ ငါ့မိန်းမက အဖေ့ကို သဘောမကျတာ သိပါတယ်။ ဒါပေမယ့် အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုတို့က အားမကိုးရဘူးလေ” တတိယမောင်လေးလင်းက သက်ပြင်းချလိုက်ပါသည်။
"ဘာကို အားမကိုးရတာလဲ။ ရှင်တို့အကုန်လုံးက သားတွေဖြစ်ပြီး ရှင်က အငယ်ဆုံး မဟုတ်ဘူးလား။ သူတို့ကို အားမကိုးရဘူးဆိုလည်း မြေးတွေ အများကြီး ရှိတာပဲ။” တတိယယောင်းမလင်းက အပြစ်တင်လိုက်ပါသည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ သူ့ကို မခေါ်တော့ပါဘူး။ အစ်မနဲ့ ယောက်ဖတို့ အလည်လာတာတောင် မင်းက အော်ကြီးဟစ်ကျယ် လုပ်နေသေးတာလား” တတိယမောင်လေးလင်းက ပြန်ပြောလိုက်ပါသည်။
"ရှင်သာ အစကတည်းက တဲ့တိုးမပြောရင် အော်ကြီးဟစ်ကျယ်လုပ်ဖို့လိုမလား” တတိယယောင်းမလင်းက အပြစ်တင်လိုက်ပါသည်။ ထို့နောက် ဂျုံသွားနယ်သည်။ လင်းချင်းဟယ်ကလည်း သူမကို လိုက်ကူပါသည်။
သမီးယောင်းမနှစ်ယောက်သား မီးဖိုချောင်ထဲတွင် အလုပ်လုပ်နေကြသည်။ တတိယယောင်းမလင်းက အလုပ်များနေရင်း စကားပြောနေ၏။ "အစ်မ လူကြီးတွေကို ဂရုမစိုက်ချင်လို့ ကျွန်မကို နှလုံးသားမရှိဘူးလို့ အပြစ်မတင်လိုက်ပါနဲ့။ ကျွန်မရဲ့ ယောက္ခမတွေက ကျွန်မအပေါ် ဘာကျေးဇူးမှ မရှိခဲ့ဘူး။ ကျွန်မကိုယ်ကျွန်မ ဖိအားမပေးချင်လို့ပါ။”
"ဘာလို့ နင့်ကို အပြစ်တင်ရမှာလဲ။ သူတို့သာ ကောင်းရင် နင်က သူတို့ကို လေးစားရမှာပေါ့။ သူတို့က ဘာအကျင့်သီလမှ မကောင်းတဲ့လူတွေဆိုရင်တော့ ဝတ္တရားအရ ပေးတာကမ်းတာနဲ့တင် လုံလောက်နေပါပြီ” ဟု လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
အဖေကျိုးနှင့် အမေကျိုးတို့သာ အဖေလင်းနှင့် အမေလင်းတို့လိုဖြစ်ပါက သူမ ပိုက်ဆံပို့ပေးရင်တောင် ကံကောင်းနေပါပြီ။ သို့သော်လည်း မငြင်းပယ်နိုင်သည့် အမှန်တရားမှာ အမေကျိုးက တစ်ခါတစ်ရံ စိတ်ရှုပ်ဖို့ ကောင်းသော်လည်း မကောင်းသည့် ယောက္ခမမျိုးတော့ မဟုတ်ပေ။
အဖေကျိုးက ပိုဆိုးသည်။ သူ့သားများ၏ ဘဝကို ဝင်ရောက်စွက်ဖက်ခြင်း တစ်ခါမှ မရှိပါ။ မမျှမတ ဘက်လိုက်ခြင်းလည်း မရှိပါ။
ကျိုးချင်းပိုင်ကို သူဦးစားပေးတတ်သော်လည်း ကျိုးချင်းပိုင်က အရာရာကို သူ့အစွမ်းအစနဲ့သူသာ ရရှိထားခြင်းဖြစ်ပါသည်။
နောက်တော့ ကျိုးချင်းပိုင် ပြန်ရောက်လာသောအခါ အမေကျိုးက ပိုက်ဆံများ စုပြုံပေးခဲ့သည်။ ထိုပိုက်ဆံက သူတို့ မသုံးခဲ့ရသေးသည့် ကျိုးချင်းပိုင်၏ မုန့်ဖိုးများ ဖြစ်သည်။ သူတို့က စုထားခဲ့ကြသည်။ ဒါက သူတို့ကို လေးစားဖို့ ကောင်းသည့် အချက်များ ဖြစ်ပါသည်။
ထို့ကြောင့် လင်းချင်းဟယ်က သူတို့ကို ပြုစုဖို့အတွက် မြို့တော်သို့ ခေါ်လာဖို့ ဝန်မလေးခဲ့ပါဘူး။
မကြာခဏဆိုသလို အမေကျိုးက တစ်ခုခု မဟုတ်သလို ခံစားနေရသည်။ ကျိုးရှောင်မိန်၏ စကားကို နားထောင်ပြီး သူမကို သဘောမကျသဖြင့် ရေပူစမ်းသို့ ခေါ်မသွားတာလားဟု မေးခဲ့သည်။
လင်းချင်းဟယ်က သဘောမကျပါဘူး။
သူမက ပွစိပွစိ လုပ်လွန်းသည်။ ရေပူစမ်း တစ်ခါစိမ်ပြီး တစ်လမ်းလုံး ထိုအကြောင်း ပြောမဆုံးတော့ဘူး။ ထို့ကြောင့် လင်းချင်းဟယ်သည် အမေကျိုးကို ထပ်မခေါ်တော့ခြင်းဖြစ်ပါသည်။
"နင်တို့ အိမ်ထောင်စု စာရင်းကို ကောင်တီမြို့ကို ပြောင်းရွှေ့ဖို့ စီစဥ်ထားလား။” လင်းချင်းဟယ်က မေးလိုက်၏။
"ပြောင်းမှာပေါ့။ နောက်နှစ် နှစ်သစ်ကူးပြီးရင် ပြောင်းဖို့ စီစဥ်ထားတယ်။ ပြောင်းဖို့ ပိုက်ဆံ လုံလုံလောက်လောက် ရှိပါတယ်” တတိယယောင်းမလင်းက ပြန်ပြောလိုက်ပါသည်။ နောက်ကို သူမ မွေးရပ်မြေပြန်ဖို့ အစီအစဥ် မရှိတော့ပါ။ ပြန်စရာလည်း အကြောင်း မရှိတော့ပေ။
"ပြောင်းလိုက်တာ ကောင်းပါတယ်။ အနီးအနားမှာ အိမ်ကောင်းကောင်းရှိလားလို့ ဂရုစိုက်ပြီး ကြည့်ပေးထားပါဦး။” လင်းချင်းဟယ်က အကြံပေးလိုက်ပါသည်။
"အစ်မ ရှင်ဝယ်ချင်လို့လား။” တတိယောင်းမလင်းက မေးလိုက်ပါသည်။
"ငါက မြို့တော်မှာနေတာလေ။ ဒီက အိမ်တွေတော့ မဝယ်တော့ပါဘူး။ နင်တို့က အနာဂတ်မှာ ဒီကိုပြောင်းနေကြမှာဆိုတော့ ၂ အိမ်လောက် ထပ်ဝယ်လိုက်ကြပေါ့။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ကောင်တီမြို့တော်က အိမ်စျေးများက အနာဂတ်တွင် မြို့ကြီးပြကြီးများက အိမ်တွေလောက် မများပြားပါ။ သို့သော်လည်း အများကြီးတော့ ကုန်ပါသေးသည်။ ယခု ဆိုင်က စီးပွားရေး ကောင်းမွန်လာကြပြီဖြစ်သဖြင့် လုံခြုံရေးအတွက် အိမ်တစ်လုံး ဝယ်ရမည်။ နောက်ပိုင်း လုပ်ငန်းထိခိုက်မှုရှိလာလျှင် သူတို့ ပျာယာခတ်နေရမည်မဟုတ်ပါ။
"အိမ်စျေးတွေက အခု အများကြီး ပိုစျေးကြီးနေပါပြီ” တတိယယောင်းမလင်းက ရီဝေစွာ ပြောလိုက်ပါသည်။
"နင့်မှာ ပိုက်ဆံရှိရင် နှစ်လုံးလောက် ထပ်ဝယ်ပြီ သိမ်းထားတာ မဆိုးပါဘူး။ နောက်ပိုင်းကျရင် ပိုပြီးတောင် စျေးကြီးလာနိုင်တယ်။ နင့်သားတွေအတွက် တစ်ယောက်တစ်လုံးစီ စုထားရမယ်လေ။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။
တတိယမရီးက ခေါင်းငြိမ့်လိုက်သည်။ "ဒါဆို ကျွန်မ ကြည့်လိုက်ပါဦးမယ်။ သင့်တော်တာ တစ်ခုခုတွေ့ရင် ကျွန်မ ဝယ်လိုက်မယ်။”
လင်းချင်းဟယ်က သူ့တူမများ၏ ရလဒ်ကို မေးကြည့်ခဲ့ပါသည်။
"အကုန်လုံးက သာမန်ပါပဲ။ ကျွန်မကော သူတို့အဖေကောက စာကြိုးစားကြတဲ့ လူမျိုး မဟုတ်ဘူးလေ။ သူတို့ အဲ့ဒီအဆင့်ထိ ရောက်နိုင်ရင် သူတို့ကို ဆက်ထောက်ပံ့ပေးသွားမှာပါ။ မရောက်နိုင်ရင်တော့ မတတ်နိုင်ဘူးပေါ့။ စီးပွားရေးမှာပဲ လာကူကြပါစေပေါ့။" တတိယယောင်းမလင်းက ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ငါ့တတိယမောင်လေးလင်းက ရိုးသားပြီး တုံးအတယ်။ တစ်ခါတစ်လေကျရင် နားလည်မှု မရှိဘူး။ နင်ပြောသင့်တာရှိရင် ထိန်းမထားဘဲ ပြောသာပြောချေ။”
တတိယယောင်းမလင်းက နှုတ်ခမ်းကို ကွေးကာ ပြုံးလိုက်ပါသည်။ "သူနဲ့ ပုံမှန်ဆို ရန်မဖြစ်တတ်ပါဘူး။ ဒီကိစ္စကိုတော့ ကျွန်မ လုံးဝ အလျှော့မပေးနိုင်ဘူး။”
အရင်တုန်းက သူတို့ ခါးခါးသီးသီး ဘဝမျိုးနှင့် နေခဲ့ကြရသည်။ ယခုတော့ နေ့ရက်ကောင်းများ သူမလက်ထဲတွင် ရှိနေပါပြီ။ လာနှောင့်ယှက်ရဲသူတိုင်းကို သူမ ခွင့်လွှတ်မည် မဟုတ်ပါ။
ထိုစကားကို ကြားသောအခါ လင်းချင်းဟယ် အလွန်ကျေနပ်သွားပါသည်။ တတိယယောင်းမလင်းက ဒီလိုပုံစံဆိုမှတော့ သူမ၏ တတိယမောင်လေးလင်းက စိတ်ထားနုနယ်ပြီး ရိုးသားရင်တောင် စိတ်ပူဖို့ မလိုတော့ပါဘူး။
ညစာကို ထိုအိမ်မှာပဲ သူတို့စားခဲ့ကြသည်။ ညစာစာပြီးကြသောအခါ တီဗီ အတူတူ ကြည့်ခဲ့ကြ၏။ ၉ နာရီထိုးပြီဆိုတာနဲ့ မနက်ဖြန် မနက်ရထား စီးရမည်ဖြစ်သောကြောင့် စောစော အိပ်ခဲ့ကြပါသည်။
"အိမ်ကိုတစ်ခေါက်ပြန်လာခဲ့ပြီးတာတောင် ရှင်က မျက်စိကျစရာကောင်းနေတုန်းပဲ” လင်းချင်းဟယ်က အိပ်ယာပေါ်တွင် လှဲကာ ကျိုးချင်းပိုင်ကို ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်က မျက်ခုံးပင့်ကာ ပြောလိုက်၏။ "မျက်စိကျစရာ မကောင်းတဲ့ အချိန်ကော ရှိလို့လား။”
လင်းချင်းဟယ်က လက်ရမ်းပြလိုက်ပါသည်။ "ရှိတာပေါ့” ရှားပါးသော်လည်း သူမယောက်ျားက သူမ၏ ဒေါသကို မကြာခဏ ဆွပေးတတ်သည်။ သူမ ဒေါသထွက်သောအခါ သူအူကြောင်ကြောင်ဖြစ်ရသည်။ ဘာကြောင့် ဒေါသထွက်နေမှန်း မသိသလိုပင်။
ဖောင်တိန်တစ်ချောင်းလို၊ သံမဏိလို ဖြောင့်မတ်သည့် လူတစ်ယောက်ဖြစ်ပါသည်။
ကျိုးချင်းပိုင်က သူမကို ပွေ့ဖက်လိုက်သည်။ "ကိုယ့်ကို မျက်စိကျစရာမကောင်းဘူးလို့ ထင်ရင် ပြောပါ။ ကိုယ်တောင်းပန်ပါ့မယ်။”
လင်းချင်းဟယ်က ပီတိများဖြာနေပြီး သူ့ကို ပြန်ဖက်ထားလိုက်ပါသည်။ "ချင်းပိုင် တစ်သက်လုံး ကျွန်မတို့ ဒီလိုပဲ နေသွားကြရအောင်။”
"အင်း” ကျိုးချင်းပိုင်က သူ့မိန်းမကို ဖက်လိုက်ပါသည်။ နှစ်ပေါင်းများစွာ ကြာပြီးတာတောင် လင်မယားနှစ်ယောက်၏ ခံစားချက်က အရင်အတိုင်းပဲရှိနေဆဲဖြစ်သည်။ ပို၍တောင် ကောင်းနိုင်ပါသည်။
နောက်တစ်နေ့မနက် မနက်စာစားပြီးနောက် သူတို့ မြူနီစီပယ်မြို့တော်သို့ ရထားစီးလာခဲ့ကြသည်။
သူတို့ ရထားပေါ်တက်လိုက်စဥ် ဟူကျစ်က ချန်းရှန်ရှန်နဲ့အတူ ရထားပေါ်က ဆင်းလာခဲ့သည်။
သူ့တတိယဦးလေးထံ ရောက်သွားခါမှ သူ့ဦးလေးနဲ့ ဒေါ်လေးတို့ ခုလေးတင် ပြန်သွားကြမှန်း သိလိုက်ရပါသည်။ သူတို့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ လွဲသွားခဲ့ကြပါသည်။