အခန်း(၅၄၂) စာအိတ်နီနဲ့ နှစ်သစ်ကူးမင်္ဂလာ
Vol. 39 Ch. 542
အခန်း(၅၄၂) စာအိတ်နီနဲ့ နှစ်သစ်ကူးမင်္ဂလာ
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ မြို့တော်ကို ပြန်ရောက်တော့ ဟူကျစ်နဲ့ ချန်းရှန်ရှန်တို့ ရွာပြန်သွားကြမှန်း သိလိုက်ကြရသည်။ အချိန်ကို ပြန်တွက်ကြည့်သောအခါ သူတို့အချင်းချင်း လွဲသွားတာ ဖြစ်နိုင်ပါသည်။
ဖက်ထုပ်ဆိုင်တွင် ညစာစားသောက်ပြီးမှ ကိုယ်လက်သန့်စင်ဖို့ ကျိုးရှောင်မိန်ကို လာတွေ့ခဲ့သည်။
ကျိုးချင်းပိုင်နှင့် စုတာ့လင်းတို့က အတူတူဖြစ်၏။
"ဒီခရီးကို အလောတကြီး သွားလိုက်ရတာ တကယ်ပင်ပန်းတာပဲ။” လင်းချင်းဟယ်က ပြောလိုက်၏။
"လောင်တနဲ့ ကောင်လေးတွေကို ဘာလို့ခေါ်မသွားတာလဲလို့ အမေက မေးနေတယ်။” ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
တကယ်ဆို သူတို့ကိုပါ ခေါ်သွားသင့်ပါသည်။ သို့သော် လင်းချင်းဟယ်တွင် အစီအစဥ်မရှိပါ။ သူမနဲ့ ကျိုးချင်းပိုင်တို့ နှစ်ယောက်တည်း ပြန်လိုက်ရင် လုံလောက်ပါပြီ။
သူမ၏ စတုတ္ထယောက်မ ဒီကိစ္စကို ဆက်မပြောချင်သည်ကို မြင်သောအခါ ကျိုးရှောင်မိန်က အကြောင်းအရာကို ပြောင်းလဲလိုက်သည်။ "အကြီးဆုံးအစ်ကိုနဲ့ အခြားသူတွေကော ဘယ်လိုနေလဲ။”
"အဆင်ပြေကြပါတယ်။ နောက်ပိုင်း သိပ်မဆိုးလောက်ပါဘူး။” လင်းချင်းဟယ်က ပြန်ပြောလိုက်၏။
"ဒုတိယအစ်ကိုတို့ မိသားစုကော" ကျိုးရှောင်မိန်က ဆက်မေးသည်။
လင်းချင်းဟယ်က ပြုံးလိုက်၏။ "သူတို့ နောက်နှစ် အိမ်တစ်လုံးဆောက်ဖို့ ပြင်နေကြတယ်။ ရှားရှားက သူ့ဆရာရဲ့သမီးနဲ့ တွဲနေတယ်လေ။”
ဒီလိုပုံစံကို ကြည့်ခြင်းအားဖြင့် သိပ်ပြီးမဆိုးလှပါ။ ရွာထဲက တခြားသူတွေနဲ့ ယှဥ်ရင် မဆိုးလှပါ။ ကျိုးမိသားစု၏ ညီအစ်ကိုတချို့ကသာ အားလုံး ကောင်းကောင်းမွန်မွန် တိုးတက်သွားခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ညီအစ်ကိုများနှင့် ယှဥ်လျှင် အများကြီး တိုးတက်မှုမရှိသည့်ပုံပေါ်သော်လည်း အနှစ်ချုပ်အားဖြင့် မဆိုးလှပါ။
"ဟိုကောင်မလေး လျို့နီက ဖုန်းဘယ်လိုရပြီး ဒီကို ဖုန်းဆက်တာလဲမသိဘူး။ နင်ပြန်သွားတော့ သူနင့်ကို လာတွေ့သေးလား။” ကျိုးရှောင်မိန်က ပြောလိုက်သည်။
"သူလာမတွေ့ရဲပါဘူး။” လင်းချင်းဟယ်က ပြောလိုက်၏။
ကျိုးလျို့နီက သူမကို လာမတွေ့ပါ။ ကျိုးချင်းပိုင်ကိုလည်း လာမတွေ့ပေ။ ဒီတစ်ခေါက် ပြန်သွားတော့ ကျိုးလျို့နီကိုတောင် သူတို့ မတွေ့ခဲ့ကြပါ။ သို့သော်လည်း ကျိုးလျို့နီ ဘယ်မိသားစုနဲ့ လက်ထပ်သွားရသလဲ သူတို့ သိခဲ့ကြပါသည်။ တကယ်ပဲ အဆင့်ချင်း တူညီသည့် မိသားစုထဲ ရောက်သွားခြင်း ဖြစ်သည်။
"သူဖုန်းဆက်ပြီး ဘာပြောတာလဲ။” လင်းချင်းဟယ်က မေးလိုက်၏။
"ထုံးစံအတိုင်းပဲပေါ့။ သူ့ကို မြို့တော်ခေါ်ဖို့ စန်းနီကို ပြောနေတာလေ။” ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်က အထင်သေးစွာ ပြောလိုက်သည်။ "စန်းနီက သူ့ကို စိတ်ကုန်နေပြီ။”
တစ်ချိန်တုန်းက အိမ်အလုပ်အားလုံးကို စန်းနီကိုသာ ပုံပေးပြီး သူမ၏ အပေါက်ဆိုးသော ပါးစပ်ဖြင့် အနိုင်ကျင့်ခဲ့သည်။ ဒါတောင် ဒုတိယမရီးက ဒီကောင်မလေးကို အလားအလာကောင်းသည်ဟု ထင်နေသေး၏။
"ငါသူ့ကို အဖြေပေးလိုက်ပါတယ်။ ရွာမှာပဲ ဆက်နေလို့။ ဒီလာဖို့ စိတ်တောင်မကူးနဲ့လို့ ပြောပစ်လိုက်တယ်။” ကျိုးရှောင်မိန်က ပြောလိုက်၏။
လင်းချင်းဟယ် ကျိုးလျို့နီအကြောင်း မပြောတော့ပါ။ ပြီးသွားတာ ကြာပြီဖြစ်သည့် ကိစ္စဖြစ်ပါသည်။ ရွာထဲတွင်သာ အေးအေးဆေးဆေး နေထိုင်ပါ။
သူမ သက်ပြင်းချလိုက်၏။ "မြို့တော်က အိမ်က ပိုပြီး သက်တောင့်သက်သာရှိတာပဲ။”
ရထားစီးလာပြီး ရေချိုးလိုက်တော့ လုံးဝ လန်းဆန်းသွားခဲ့ပါသည်။
ရေချိုးအိမ်ထဲမှ ထွက်လာသောအခါ သူမတို့ အရင်ဆုံး ပြန်ခဲ့ကြသည်။ ကျိုးချင်းပိုင်နှင့် စုတာ့လင်းတို့ကတော့ ကြာနိုင်ပါသေးသည်။
သူမတို့ အဖေကျိုးနှင့် အမေကျိုးတို့အိမ်တွင် လာစောင့်နေလိုက်ကြသည်။
အမေကျိုးက ပြောလိုက်၏။ "ဒီတစ်ခေါက် အိမ်ပြန်တာ ကလေးတွေကို ခေါ်သွားသင့်တယ်လေ။”
"သမီး သေချာ မစဥ်းစားလိုက်မိလို့ပါ။ နောက်တစ်ခေါက်မှ ပြောကြတာပေါ့။” လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
အမေကျိုးက ထိုအကြောင်း မဆက်တော့ဘဲ ပြောလိုက်သည်။ "ရှန်ရှန်နဲ့ ဟူကျစ်တို့လည်း ပြန်သွားကြပြီ။ သူ့မိသားစု ဆင်းရဲတာကို အထင်သေးမလား မသိဘူးနော်။”
"ဒီမင်္ဂလာပွဲကို သဘောကျတာ ချန်းမိသားစုလေ။ ဟွမ်မိသားစုမှ မဟုတ်တာ။ သူတို့က ဟူကျစ်လို လူငယ်လေးကိုပဲ သဘောကျတာ။ သူ ဆင်းရဲလည်း ကိစ္စမရှိဘူး။ ဟူကျစ်က နောက်နှစ်ဆို သူ့အိမ်ထောင်စုစာရင်းကို ပြောင်းရွှေ့ချင်နေပြီ။ အနာဂတ်ကျရင် တစ်နှစ်လုံးမှ အကြိမ်ရေ နည်းနည်းလောက်ကလွဲပြီး မွေးရပ်မြေ ပြန်နိုင်မှာမဟုတ်တော့ဘူး။” လင်းချင်းဟယ်က အာမခံကာ ပြောလိုက်ပါသည်။
အမေကျိုးက ပြောလိုက်၏။ "အိမ်ထောင်စု စာရင်းပြောင်းရွှေ့ပြီးတာနဲ့ ဟူကျစ်တစ်ယောက် ပိုက်ဆံစုပြီး အိမ်တစ်လုံးလောက် ဝယ်မှ ဖြစ်မယ်။”
လူကြီးများ၏ အမြင်တွင်တော့ အိမ်တစ်လုံးဝယ်ခြင်းက လက်တွေ့အကျဆုံး လှုပ်ရှားမှု ဖြစ်ပါသည်။ အိမ်ငှားပြီးနေတာက ကြည့်ကောင်းပါ့မလား။
"အင်းပါ။ ဟူကျစ်က သမီးဆီမှာ ပိုက်ဆံတွေ အများကြီး စုထားပါတယ်။ သူကြိုးစားသရွေ့ သေချာပေါက် အိမ်တစ်လုံးဝယ်နိုင်မှာပါ။” လင်းချင်းဟယ်က ပြောလိုက်၏။
ဟူကျစ် အိမ်တစ်လုံးဝယ်ဖို့ ပိုက်ဆံလုံလောက်ပြီဆိုလျှင် လုပ်ငန်းအိမ်ရာများလည်း စျေးကွက်ပေါ် ရောက်လာလောက်ပြီဖြစ်သည်။ ထို့ကြောင့် တန်းဝယ်နိုင်ပါသည်။
"သူ့ကို ချမ်းကျစ်ထက် အဆင့်နိမ့်ပြီး အထင်သေးစရာဖြစ်အောင် လုပ်လို့တော့ မဖြစ်ဘူးနော်” အမေကျိုးက သတိပေးလိုက်၏။
ကျိုးရှောင်မိန်က ပြောလိုက်သည်။ "အကုန်လုံးက မြေးတွေပဲကို။ အမေ ဘာလို့ ဘက်လိုက်ရတာလဲ။”
"ငါ့မှာ အဲ့လိုမြေးမျိုးမရှိဘူး။ အဲ့လို မိန်းမမျိုးကို ယူထားတာ ဘယ်နေရာမှာ မျက်နှာပြလို့ရဦးမှာလဲ။ သူ့ကို ရတနာလို သဘောထားနေစရာလား။” အမေကျိုးက ငေါက်လိုက်ပါသည်။
သူမက ရှေးရိုးစွဲဆန်သည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အရင်တုန်းက ရှုရှန့်မိန်၏ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရသည့် ကိစ္စမှာ သူမအတွက် အကြီးအကျယ် ထိတ်လန့်စရာ ဖြစ်ခဲ့ပြီး အိပ်ယာပေါ်တွင် အနားယူခဲ့ရသည့်အထိ ဖြစ်ခဲ့သည်။
အခုတော့ ရှုရှန့်ချမ်း၏ ကိစ္စအကြောင်း ကြားသိလိုက်ရသောအခါ အမေကျိုးတစ်ယောက် ဝမ်းသာနိုင်ပါဦးမလား။
ထိုအကြောင်းကို ကြားသောအခါ လင်းချင်းဟယ် ကြောင်စီစီ ဖြစ်သွားသည်။ အမေကျိုး ဒီအကြောင်းတွေ ဘယ်တုန်းက သိသွားတာလဲ။ သူမ ကျိုးရှောင်မိန်ကို လှမ်းကြည့်လိုက်သည်။
ကျိုးရှောင်မိန်က ပြောလိုက်၏။ "စတုတ္ထယောက်မ နင်ငါနဲ့လိုက်ခဲ့ပြီး မှိုဖြူစွပ်ပြုတ် သောက်ဦးလေ။”
လင်းချင်းဟယ်လည်း သူမနဲ့အတူ မီးဖိုချောင်ထဲဝင်လာပြီး တီးတိုးမေးလလိုက်၏။ "အခြေအနေက ဘယ်လိုဖြစ်တာလဲ။ အမေက ဘာလို့ ဒီအကြောင်း သိသွားတာလဲ။”
သူမ ကြားလျှင် ခံနိုင်ရည်ရှိမရှိမှာကို စိုးသဖြင့် သူတို့ လျှို့ဝှက်ထားခဲ့ကြသည်။
"ဖုံးကွယ်ထားလို့ကို မရပါဘူး။ အမေက သူ့ကို အရမ်းတော်တယ် ထင်နေတာလေ။ သူ အခု အခြေအနေ ဘယ်လိုရှိလဲမေးလို့ ငါလည်း သူ့မင်္ဂလာကိစ္စအကြောင်း ပြောလိုက်တယ်။ ရှန့်မိန် ဘာလုပ်ခဲ့လဲဆိုတာတော့ မပြောပါဘူး။” ကျိုးရှောင်မိန်က ရှင်းပြလိုက်၏။
ရှုရှန့်ချမ်းက ရှုပ်ပွေသည့် ရည်းစားရာဇဝင်နှင့် နာမည်ဆိုးရှိသည့် မြို့သူတစ်ယောက်နဲ့ လက်ထပ်ခဲ့သည်ဟုသာ ပြောခဲ့ပါသည်။
သူတို့ ဘယ်လောက်ပဲ ကြိုးစားပြီး ဖျောင်းဖျခဲ့ပါစေ ဖျောင်းဖျလို့မရခဲ့ပါ။ ထို့ကြောင့် ဒီဘက်မိသားစုနဲ့ သူ့ဆက်ဆံရေး ပျက်သုဥ်းသွားပြီဖြစ်သည်။ နောက်ကို သူ လာမှာ မဟုတ်တော့ပါဘူး။
အမေကျိုးက ထိုအကြောင်းကြားသောအခါ အလွန်စိတ်တိုသွားခဲ့၏။ သူမ စိတ်တိုသော်လည်း လက်ခံနိုင်သော အခြေအနေဖြစ်ကာ လဲကျတာမျိုး မဖြစ်ခဲ့ပါ။
လင်းချင်းဟယ် ဘာမှ မပြောတော့ပေ။ သူမ သိရင်လည်း သိတာပဲပေါ့။ သူမ စိတ်ထဲမှာ မှတ်ထားသရွေ့ အဆင်ပြေပါသည်။
သိပ်မကြာခင် ကျိုးချင်းပိုင်နှင့် စုတာ့လင်းတို့ ပြန်ရောက်လာခဲ့သည်။
"တာ့လင်းက ပေါက်စီတွေ အများကြီးလုပ်ထားတယ်။ ပြန်ရင် ယူသွားနော်။ စားချင်တဲ့အချိန်ကျရင် ပြန်သာနွှေးလိုက်ချေ” အမေကျိုးက ပြောလိုက်၏။
"ဟုတ်ကဲ့” ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။
"နင့်အကြီးဆုံးအစ်ကိုနဲ့ တခြားသူတွေ ဘယ်လိုနေလဲ။” အမေကျိုးက မေးလိုက်၏။
"အဆင်ပြေပါတယ်။ ဒုတိယအစ်ကိုက နောက်နှစ်ထဲ အိမ်ဆောက်ဖြစ်လိမ့်မယ်။” ကျိုးချင်းပိုင်က ပြောပြလိုက်သည်။
"နင့်ဒုတိယအစ်ကိုက အိမ်ဆောက်တော့မယ် ဟုတ်လား" အမေကျိုးက ထိုသတင်းကြားသောအခါ အလွန်ပျော်ရွှင်သွားခဲ့ပါသည်။ "ဒါဆို နင်တို့ညီအစ်ကိုတွေအကုန်လုံး အိမ်အသစ်တွေနဲ့ပေါ့။ ရွာထဲမှာသာဆိုရင် လူတွေအများကြီး မနာလိုဖြစ်နေကြမှာပဲ။”
"မင်းက ရွာထဲမှာ မဟုတ်တာတောင် လူတွေ မနာလိုဖြစ်နေကြသေးတာပဲ။" အဖေကျိုးက ပြောလိုက်သည်။
ထိုအကြောင်းကြားသောအခါ အမေကျိုး၏ အပြုံးက ပိုကျယ်သွားသည်။ "ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ ကလေးတွေ ကိုယ်တိုင် အားထုတ်ကြိုးစားမှုကြောင့်ပဲလေ။ ကျွန်မတို့က ဘာမှမလုပ်နိုင်ဘူး။”
"အကြီးဆုံးမရီး လက်ဆောင်ပေးလိုက်တဲ့ ဘဲဥဆားရည်စိမ်က အရမ်းအရသာရှိတယ်။ အဖေနဲ့ အမေတို့ များများစားကြနော်" လင်းချင်းဟယ်က ပြောလိုက်သည်။ ထို့နောက် စာအိတ်နီ လေးအိတ်ကို ထုတ်ကာ အဖေကျိုးနှင့် အမေကျိုးတို့အား ပေးလိုက်၏။
"စာအိတ်နီတွေက ဘယ်ကရောက်လာတာတုန်း” အမေကျိုးက မေးလိုက်ပါသည်။
"အကြီးဆုံးမရီးနဲ့ တတိယမရီးတို့ ပေးလိုက်တာပါ။ တစ်အိတ်မှာ ယွမ် ၂၀ ပါပါတယ်။” လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။
အဖေကျိုးအတွက် ယွမ် ၂၀၊ အမေကျိုးအတွက် ယွမ် ၂၀။ တတိယမရီးက နောက်မှ ပေးလိုက်ခြင်း ဖြစ်သည်။ လင်းချင်းဟယ်က ဘာမှမပြောခဲ့ပါ။ ဒီအကြောင်းကို မေးခဲ့တာ တတိယမရီး ဖြစ်သည်။ ထို့ကြောင့် အကြီးဆုံးမရီးက သူမကို စာအိတ်နီများ ယူသွားခိုင်းသည့်အကြောင်း ပြောပြလိုက်၏။
"နှစ်ယောက်စလုံးက သိတတ်လိုက်တာ” အမေကျိုးက ဝမ်းသာစွာ ပြောလိုက်ပါသည်။
"ဒါက သမီးနဲ့ ချင်းပိုင်တို့ ပေးတာပါ” လင်းချင်းဟယ်က နောက်ထပ် နှစ်အိတ်ကို ထုတ်လိုက်သည်။ မိဘနှစ်ပါးတစ်ယောက် တစ်အိတ်စီရပါသည်။
"ဒေါ်လေး သမီးတို့လည်း စာအိတ်နီ လိုချင်တယ်" စုယာ့နှင့် စုထျန် တို့နှစ်ယောက်စလုံး ချစ်ဖို့ကောင်းသော မျက်လုံးလေးများ လုပ်ပြလိုက်ကြသည်။
"မနက်ဖြန်နှစ်သစ်ကူးကျရင် နင်တို့ဝမ်းကွဲအစ်ကိုကြီး ပြန်လာပြီး စာအိတ်နီတွေ ပေးလိမ့်မယ်” လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။
"တကယ်လားဟင်” စုယာ့က ပြောလိုက်၏။
"တကယ်ပေါ့” လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။
ညီအစ်မနှစ်ယောက်သား ပျော်ရွှင်သွားကြ၏။ "ဒါဆို ဝမ်းကွဲအစ်ကိုရဲ့ စာအိတ်နီကြီးကိုပဲ စောင့်တော့မယ်။”
"မှင်စာလေးတွေ။ နင်တို့ မုန့်ဖိုးကျတော့ တောင်းတတ်တယ်လား” ကျိုးရှောင်မိန်က ရွှင်ပျစွာ ဆူလိုက်ပါသည်။ ထို့နောက် စုတာ့လင်းကို ကြည့်လိုက်၏။ "ရှင့်သမီးတွေကတော့ မလွယ်ဘူး။”
စုတာ့လင်းက ရယ်သာရယ်လိုက်ပါသည်။
အဖေကျိုးနှင့် အမေကျိုးတို့လည်း ရွှင်မြူးနေကြ၏။ ဒီကိစ္စတွင် ဒုတိယမရီး၏ မသိတတ်မှုကို ဘယ်သူမှ မပြောကြပါ။
ပေးလျှင် ယူလိုက်မည်။ မပေးပါက သူ့ကို အထူးတလည် ဝေဖန်ဖို့ မလိုပါ။ လက်ရှိဘဝက ပိုပိုပြီး ကောင်းမွန်လာပါပြီ။ ဒီလောက်ကိစ္စကို သိပ်ပြီး ဂရုမစိုက်ကြတော့ပေ။