အခန်း(၅၄၃) သူ အစ်မကို သဘောကျနေတဲ့ပုံစံပဲ
Vol. 39 Ch. 543
အခန်း(၅၄၃) သူ အစ်မကို သဘောကျနေတဲ့ပုံစံပဲ
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ဒီနှစ် နှစ်သစ်ကူးအတွက် သူတို့အိမ်မှာ သွားမစားခဲ့ပါ။
အဘယ့်ကြောင့်ဆိုသော် အဖေဝိန်နှင့် အမေဝိန်တို့က ဝိန်ကော်တုန်း၊ ဝိန်မေ့ကျားတို့နှင့်အတူ သူတို့အိမ်မှာ လာစားကြမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ လင်းချင်းဟယ်က ကန်းကျစ်နှင့် သားလတ်ကို အဖေကျိုး၊ အမေကျိုးတို့ အိမ်မှာ သွားစားခိုင်းလိုက်သည်။ သားကြီးနှင့် သားငယ်တို့ကတော့ ဒီမှာပဲ နေရ၏။ ထို့အပြစ် ကျိုးစစ်နီကိုလည်း ခေါ်လိုက်သည်။ ကျိုးစန်းနီ၊ လီအိုက်ကော်နှင့် တခြားသူတွေကတော့ အဘိုးအဘွားများ၏ အိမ်တွင် သွားစားကြပါသည်။ ဟိုဘက်အိမ်မှာ မစည်ကားမှာကို စိတ်ပူနေဖို့ မလိုပါဘူး။
ဝိန်ကော်တုန်းက လက်ဆောင်တွေ အများကြီး ယူလာခဲ့သည်။ နေ့လည်ခင်းတွင် သူရောက်လာခဲ့ခြင်း ဖြစ်၏။
လင်းချင်းဟယ်က ပြုံးလိုက်သည်။ "ဒီနှစ် နှစ်သစ်ကူးညစာက အရမ်းစည်ကားတာပဲ။ နှစ်တိုင်းဒီလိုမျိုး ဖြစ်နိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ”
"ရှင်စိတ်မဆိုးဘူးဆိုရင် နောက်နှစ် သူတို့အကုန် ပြန်လာကျရင်လည်း ဒီမှာ အနှောင့်အယှက် လာပေးမယ်နော်။” အမေဝိန်က ပြုံးရယ်လိုက်ပါသည်။
"ဘာစိတ်ဆိုးစရာရှိလို့လဲ။ ကျွန်မက ပျော်တောင် ပျော်ဦးမယ်။” လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
ထို့နောက် ကျိုးစစ်နီ၊ ကျိုးခိုင်နှင့် ကျိုးကွေ့လိုင်တို့ကို ကူညီခိုင်းလိုက်ပါသည်။
"ခိုင်လေးနဲ့ သူ့ညီတို့ကို ကြည့်ပါဦး။ ချက်တတ်ပြုတ်တတ်လိုက်ကြတာ။ နင်ကတော့ ယောင်းမတောင် သေချာမကိုင်တတ်ဘူး။" အမေဝိန်က ဝိန်ကော်တုန်းကို ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ပြောလိုက်၏။ "ချက်တတ်ပြုတ်တတ်တဲ့သူကို ယူလိုက်ရင် အဆင်ပြေပါပြီ။ အချက်အပြုတ်ဆိုတာ အသေးအဖွဲကိစ္စလေးပါ။”
"ရှင်က ကောင်းကောင်းမွန်မွန် သင်ကြားပေးထားတာပဲ။” အမေကျိုးက ချီးကျူးလိုက်ပါသည်။ သို့သော်လည်း သူမ၏ အကြည့်က ကျိုးခိုင်နှင့် ကျိုးကွေ့လိုင်တို့နဲ့အတူ အလုပ်များနေသည့် ကျိုးစစ်နီဆီကိုသာ ရောက်ရောက်သွားတတ်၏။
ကျိုးစစ်နီက ဟင်းသီးဟင်းရွက်များကို လှီးနေသည်။ အလွန်သွက်လက်ကာ ကျိုးခိုင်ကို အမိန့်ပေးလိုက်ပါသည်။ "ကြက်သား ဆေးပြီးသွားပြီလား။ ဆေးပြီးပြီးဆို သမီး ခုတ်ထစ်လိုက်မယ်။”
ကျိုးစစ်နီက အိမ်မှုကိစ္စ နိုင်နင်းသော ကောင်မလေး တစ်ယောက်ဖြစ်မှန်း အမေဝိန် သိလိုက်ရပါသည်။ ထို့နောက် သူ့အကြီးဆုံးသားကို ပြန်ကြည့်လိုက်၏။
ဝိန်ကော်တုန်းလည်း ကျိုးစစ်နီကို ကြည့်နေသည်။ သို့သော် ဘာစိတ်မှ သိပ်မရှိပါ။ ဒီကောင်မလေးက အနည်းငယ် ငယ်လွန်းနေပါသည်။
သူမသား၏ အကျင့်စရိုက်ကို သူမသိပြီး သူမရင်ထဲတွင် တစ်ဆို့ဆို့ဖြစ်နေရပါသည်။
လင်းချင်းဟယ်က ဒီအကြောင်း ဂရုမစိုက်ပါ။ စစ်နီကို ကြည့်ရှုဖို့အတွက်သာ ဒီနေ့ခေါ်ခဲ့ခြင်းဖြစ်၏။ ဒီကိစ္စကို သူမ ဘာမှ မစဥ်းစားထားပါဘူး။ သူမ ဝိန်မေ့ကျားကို မေးလိုက်၏။ "မေ့ကျား အဲ့ဒီမှာ အလုပ်တွေ အရမ်းများနေလား။"
"တစ်ခါတစ်လေကျရင်တော့ အားတဲ့အချိန်တွေ ရှိပါတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာတော့ လုပ်စရာတွေ အများကြီးရှိတယ်။” ဝိန်မေ့ကျားက ပြန်ဖြေလိုက်ပါသည်။
"အဲ့ဒီမှာ ဘယ်လောက်ပဲ အလုပ်များများ တစ်ရက်ကို သုံးနပ် မှန်မှန် စားရမယ်။ အိမ်မှာ ဝက်အစာအိမ်နှစ်ခု ရှိတယ်။ ငါ ဝက်ကလီစာနဲ့ ကြက်သားဟင်းတွေ ပိုချက်ပေးပြီး သားကြီးကို ပို့ခိုင်းလိုက်မယ်လေ။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"အဲ့လောက် အဝေးကြီး ပို့ပေးဖို့ မလိုပါဘူး။ ဒေါ်လေးတို့ပဲ စားကြပါ။ ဒါမှမဟုတ် သမီးကို ကြိုပြောပေါ့။ ဒါဆို လာစားမယ်လေ။” ဝိန်မေ့ကျားက ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။
"ကိစ္စမရှိပါဘူး။ ၃ရက်နေ့နဲ့ ၆ရက်နေ့တွေမှာ ချက်ကျွေးမယ်။ နင်တို့က ၇ရက်နေ့ ပြန်ကြမှာ မဟုတ်လား။” လင်းချင်းဟယ်က ပြောလိုက်၏။
"ဟုတ်တယ်။" ဝိန်မေ့ကျားက ခေါင်းငြိမ့်လိုက်ပါသည်။
"နင်ပြောတော့ ၁၀ ရက်နေ့အထိ အားလပ်ရက်ယူလို့ရတယ်ဆို။” ဝိန်ကော်တုန်းက မေးလိုက်ပါသည်။
"ယူလို့ရပါတယ်။ ဒါပေမယ့် အဲ့ကျရင် သူတစ်ယောက်တည်း ပြန်ရမှာလေ။ ခိုင်လေးနဲ့ အတူတူ စောစော ပြန်လိုက်တော့ ပိုကောင်းတာပေါ့။” ဟု အမေဝိန်က ပြောလိုက်ပါသည်။
သူမ၏ သားကို သူမ တော်တော်လေး ဘဝင်မကျပါ။ ချင်းဟယ်ရဲ့ တူမလေးက ဘယ်လောက်တောင် တော်လိုက် ထက်မြက်လိုက်သလဲ။ နူးညံ့သော အရွယ်မျိုးဖြစ်ပြီး သွက်သွက်လက်လက်လည်း ရှိသည်။ သူမကိုယ်တိုင်က အလွန်စိတ်အားထက်သန်သူဖြစ်ပြီး စကားများတတ်သူလည်း မဟုတ်ပါ။
အမေဝိန်၏ ချွေးမတစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်များက ရိုးရှင်းပါသည်။ သူမ ဘယ်ကလာလဲဆိုတာ အရေးမကြီးပါဘူး။ သူမရဲ့ မိသားစုက အရမ်းပြဿနာမရှိဘဲ ကောင်မလေးက လက်တွေ့ကျသော ကောင်မလေးတစ်ယောက်ဖြစ်ရင် ရပါပြီ။ ဆင်းရဲသည်ဖြစ်စေ၊ မြို့တော် အိမ်ထောင်စု စာရင်း မရှိတာပဲ ဖြစ်စေ အမေဝိန် လုံးဝ ဂရုမစိုက်ပါ။
ဘာပဲဖြစ်ဖြစ် သူမသားက ပိုက်ဆံရှာနိုင်သည်။ သူ့ လစာက ယွမ် ၁၀၀ နီးပါးလောက်ရှိ၏။ နောက်နှစ်ဆို လစာထပ်တိုးဦးမည်ဟုပင် ပြောသည်။ လုံးဝ လုံလောက်ပါသည်။
သူမတို့ ဘက်မှာ ပြဿနာမရှိသော်လည်း ဒီဘက်ကတော့ ဒီလိုမဟုတ်ပါ။
ဟိုဟာ အဆင်မပြေ ဒီဟာ အဆင်မပြေနဲ့ အမေဝိန်က သူ့သားကြီးကို အလွန်စိတ်တိုင်းမကျ ဖြစ်နေပါသည်။ ဒီလိုစရိုက်မျိုးက လူပျိုကြီးဖြစ်ဖို့ သေချာနေသည့် စရိုက်မျိုးဖြစ်ပါသည်။
"စစ်နီ။ အသားလုံး ထပ်ကြော်ရအောင်။ ငါးအသားလုံးကောပဲ” လင်းချင်းဟယ်က ပြောလိုက်၏။
"ဟုတ်ကဲ့” ကျိုးစစ်နီက ပြန်ဖြေရင်း အလုပ်စလုပ်လိုက်ပါသည်။
ဝိန်ကော်တုန်းက သူမကို ကြည့်လိုက်၏။ ကောင်မလေးက သွက်သွက်လက်လက် ရှိပါသည်။ သူ့အမေ ဘာကိုဆိုလိုသလဲ သူနားလည်၏။ သို့သော် သူ တကယ် ဘာမှ မခံစားရပါ။
လင်းချင်းဟယ်က အမေဝိန်ကို မေးလိုက်သည်။ "နောက်နှစ်ထဲ လုပ်ဖို့ စီစဥ်ထားလား။”
အမေဝိန်က ပြုံးရယ်လိုက်၏။ "အဖေဝိန်ကို ဆိုင်တွေ လိုက်ကြည့်ခိုင်းထားတယ်။ အချိန်တန်ရင် ငှားကြည့်လိုက်ပြီး စီးပွားရေး အခြေအနေ ဘယ်လိုရှိလဲ ကြည့်ကြတာပေါ့။”
"ဘာစီးပွားရေးလဲဟင်" ဝိန်မေ့ကျားက မသိသေးပါ။
"နောက်နှစ်ကျရင် ငါနင့်ဒေါ်လေးလင်းဆီကနေ ပညာယူပြီး အထည်ဆိုင်ဖွင့်မလို့လေ။ ငါတို့ဘက်က လမ်းတစ်ခုမှာဖွင့်မှာပါ။” ဟု အမေဝိန်က ရွှင်ပျစွာ ပြန်ဖြေလိုက်ပါသည်။
ဝိန်မေ့ကျားက ပြုံးလိုက်ပါသည်။ "မဆိုးပါဘူး။ ဒါပေမယ့် အမေ ကိုင်တွယ်နိုင်ပါ့မလား။”
"နင့်ဒေါ်လေးလင်းဆီသွားပြီး အကြာကြီး ပညာယူထားတာ။ ဘာလို့ မကိုင်တွယ်နိုင်ရမှာလဲ။ ဘယ်လိုလုပ်ရမလဲ ငါသိပါတယ်။” အမေဝိန်က ပြန်ပြောလိုက်ပါသည်။
"အကြံကောင်းပဲ။ လုပ်စရာ တစ်ခုခုရှိတော့ အမေ မပျင်းရတော့ဘူးပေါ့။” ဝိန်မေ့ကျားက ပြုံးရယ်ကာ ပြောလိုက်ပါသည်။
"ဟုတ်တယ်။ နင့်အဖေနဲ့ နင့်အစ်ကိုတို့ကတော့ သိပ်သဘောမတူချင်ဘူး။ ငါ့ကိုအိမ်မှာပဲ နေခိုင်းချင်တာ။ ငါ့အရိုးတွေလည်း တောင့်တင်းနေပြီ။” အမေဝိန်က ပြောလိုက်သည်။
"ဆိုင်ကို ဝယ်ဖို့ အစီအစဥ် မရှိဘူးလား။” လင်းချင်းဟယ်က မေးလိုက်သည်။
"အဖေဝိန်က အရင်စမ်းဖွင့်ကြည့်ဖို့ ပြောတာ။ ငါသာ စိတ်ပိုင်းဖြတ်နိုင်ပြီဆို ဝယ်ပေးမယ်တဲ့။” အမေဝိန်က ပြန်ဖြေလိုက်သည်။
အဖေဝိန်က ဒီနှစ် "A Spray of Plum Blossom" ရုပ်သံအစီအစဥ်ကို ကျိုးချင်းပိုင်နဲ့ အတူတူ ကြည့်နေပါသည်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ဝင်ပါမှာ မဟုတ်ဘူးဟု ပြသနေခြင်ဖြစ်ပါသည်။
"ကော်တုန်း သွားကူပေးလိုက်ဦးလေ။” အမေဝိန်က သူ့သားကို အမိန့်ပေးလိုက်ပါသည်။
"လူ ၃ ယောက်တောင်ရှိတာ ကျွန်တော်က ဘာကူညီပေးနိုင်မှာလဲ” ဝိန်ကော်တုန်းက မလှုပ်ရှားပါဘူး။
"ဟင်းသီးဟင်းရွက်တွေ သွားခြွေပေးလိုက်ပေါ့” အမေဝိန်က တည်ငြိမ်သော မျက်နှာဖြင့် ပြောလိုက်ပါသည်။ တကယ်တော့ စစ်နီနဲ့ သွားစကားပြောခိုင်းနေခြင်းဖြစ်ပါသည်။
ဝိန်ကော်တုန်းလည်း ဒါကို သိပါသည်။ သူက စိတ်ပျက်နေသော်လည်း သွားလိုက်ပါသည်။
"ရပါတယ်ဗျာ။ ကျွန်တော်တို့ ၃ ယောက်တောင် ရှိတယ်လေ” ကျိုးကွေ့လိုင်က ပျော်ရွှင်စွာ ပြောလိုက်ပါသည်။ ဝိန်ကော်တုန်းတစ်ယောက် ဘာလို့ ဒီကိုလိုက်လာလဲဆိုတာကို သူတို့ မသိကြပါဘူး။
"သားငယ် နင်က အငယ်ဆုံးလေ။ ဒီမှာ တီဗီလာကြည့်။ သူတို့ကို အလုပ်ပေးထားလိုက်။” အမေဝိန်က ပြောလိုက်၏။
"ကြည့်လို့ မရပါဘူးဗျာ။ အစ်ကိုကြီးကော်တုန်းနဲ့အတူတူ တို့ဟူးခြောက်တွေ လှီးရဦးမယ်။” ကျိုးကွေ့လိုင်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
သူတို့နှစ်ယောက် တို့ဟူးခြောက်များ အတူတူ လှီးခဲ့ကြသည်။ ကျိုးကွေ့လိုင်က စကားများနေ၏။
"အစ်ကိုကော်တုန်း အစ်ကိုက မငယ်တော့ဘူးနော်။ ဘယ်တော့ လက်ထပ်မှာလဲ။”
ဝိန်ကော်တုန်း၊ "..."
တကယ်ပါပဲ။ သူ ဘယ်ပဲ သွားသွား ဒီအကြောင်း ပြောတဲ့လူ အမြဲတမ်း ရှိနေသည်။
"စံနှုန်းမြင့်မြင့်တွေ ထားမနေပါနဲ့။ အိမ်မှုကိစ္စနိုင်နင်းပြီး လက်တွေ့ကျတဲ့ လူမျိုးကိုပဲ ရွေးချယ်လိုက်လေ။ ကျွန်တော့်အစ်မ စစ်နီကိုပဲကြည့်။ သူ့လို ကောင်မလေးမျိုးဆို အကောင်းဆုံးပဲ။” ကျိုးကွေ့လိုင်က ပြုံးလိုက်ပါသည်။
ဒီကိစ္စအကြောင်း သူ ဘာမှ မသိမှန်း ဝိန်ကော်တုန်းသိပါသည်။ သိရင် ဒီလိုစကားမျိုး ပြောမှာ မဟုတ်ပေ။ သို့သော်လည်း ကျိုးစစ်နီကို ကြည့်လိုက်ပါသေးသည်။
ကျိုးစစ်နီက ခေါင်းမမော့ပေ။ ကြက်သားကို သွက်သွက်လက်လက် ခုတ်နေပြီး ပြောလိုက်ပါသည်။ "မဟုတ်တာတွေ မပြောနဲ့ လောင်စန်း”
"ဘာလို့ မဟုတ်တာတွေ ပြောရမှာလဲ။ အစ်မစစ်နီက အရမ်းတော်တယ်။ အစ်မနဲ့ လက်ထပ်ရတဲ့လူကတော့ ကံကောင်းမှာပဲ။” ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
ထိုအခါမှ ကျိုးစစ်နီက သူ့ကို စောင်းကြည့်လိုက်ပါသည်။ သူမ မျက်လုံးထဲတွင် ရွှင်မြူးသော ပုံရိပ်တစ်ခု တွေ့ရ၏။
"အပြောကောင်းတယ်နော်။ နင်အရွယ်ရောက်လေလေ ပိုပြီး မရိုးသားလေ ဖြစ်လာတာပဲ။”
"ကျွန်တော် အမှန်တိုင်း ပြောတာလေဗျာ။ ကျွန်တော်ပြောတာမယုံရင် အကြီးဆုံးအစ်ကိုကိုပဲ မေးကြည့်လိုက်ပါလား။” ကျိုးကွေ့လိုင်က ရယ်ကြဲကြဲ ပြုံးလိုက်ပါသည်။
ကျိုးခိုင်က စိတ်ထဲမထည့်သော်လည်း အမှန်တရားဖြစ်သည်။ သူ ပြောလိုက်၏။ "စစ်နီ နင်မြို့တော်မှာပဲ လက်ထပ်မှာလား။”
"ငါက အဲ့လောက်ကောင်းကောင်း လက်ထပ်နိုင်ပါ့မလား” ကျိုးစစ်နီက ရယ်မောလိုက်ပါသည်။ သူမ ဒီကိစ္စကို မစဥ်းစားဖူးပါ။ မွေးရပ်မြေနဲ့ နီးနီးနားနားမှာသာ လက်ထပ်ချင်သည်။ ဘာပဲဖြစ်ဖြစ် သူမ၏ ဒုတိယအစ်မက မြို့တော်တွင် လက်ထပ်ပြီးသားဖြစ်ပါသည်။ ရပ်ဝေးမှာ တစ်ယောက်လောက် လက်ထပ်ပြီးရင် လုံလောက်ပါပြီ။
"ကိုယ့်ကိုယ်ကို အထင်သေးနေတာလား။” ကျိုးကွေ့လိုင်က ပြောလိုက်၏။
"အစ်မအာ့နီကတောင် လက်ထပ်နိုင်သေးတာပဲ။ အခု အစ်မက အလုပ်အရမ်းကြိုးစားတယ်။ ဘာလို့ မြို့တော်မှာ လက်မထပ်နိုင်ရမှာလဲ။ ချန်းယန်ကို ရွေးရင် ကောင်းမယ်ထင်တယ်။ သူလည်း အစ်မကို စိတ်ဝင်စားနေတဲ့ပုံပဲ။”