အခန်း(၅၄၄) အိမ်ထောင်ဦးစီးကောင်းရှိရမည်
Vol. 39 Ch. 544
အခန်း(၅၄၄) အိမ်ထောင်ဦးစီးကောင်းရှိရမည်
"ချန်းယန်မှာ ကောင်မလေးရှိတယ်။ မဟုတ်တာတွေ လျှောက်မပြောနဲ့။” ကျိုးစစ်နီက ပြန်ပြောလိုက်သည်။
"ကောင်မလေးရှိတယ်ဟုတ်လား။ ကျွန်တော်လည်း မကြားမိပါလား။” ကျိုးကွေ့လိုင်က ပြောလိုက်သည်။
"နင်မှ အဲ့ကို ထပ်မသွားတာ။ သူ့ကို အစားအသောက်တွေ ခဏခဏ ပို့ပေးတယ်။” ကျိုးစစ်နီက ပြန်ပြောလိုက်ပါသည်။
"အရေးမကြီးပါဘူးလေ။ ဒါပေမယ့် ဟိုဘက်အိမ်က ကျူးမိသားစုရဲ့ အဘွားကျူးက သူ့မြေးနဲ့ အစ်မကို တွဲပေးချင်နေတယ်ဆို” ကျိုးကွေ့လိုင်က အတင်းတုပ်လိုက်၏။
ကျိုးစစ်နီက ပြုံးလိုက်သည်။ "အဲ့ဒီကိစ္စ အရိပ်အယောာင်တောင် မတွေ့ရပါဘူး။”
အဘွားကျူးက သူ့မြေးနဲ့ သူမကို အောင်သွယ်ပေးချင်နေတာ သူမ သိပါသည်။ သို့သော် သူမ၏ အိမ်ထောင်ရေးကို သူမကိုယ်တိုင် ဆုံးဖြတ်ဖို့ အစီအစဥ် မရှိပါဘူး။ လူကြီးသူမများ၏ စကားကို နားထောင်ချင်သေး၏။
လူကြီးသူမများက အတွေ့အကြုံရှိသူများ ဖြစ်ကြသည်။ သူတို့က ကောင်းတယ်ဆို အဆင်ပြေပါသည်။ မကောင်းဘူးဟု ပြောရင်တော့ မေ့လိုက်တာ အကောင်းဆုံး ဖြစ်သည်။ ထိုလူကြီးသူမများက သူမကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးကြပြီး မဟုတ်တာ လုပ်မည့်သူများ မဟုတ်ကြပါ။
"ငါ့အစ်မ စစ်နီကတော့ စန်းပွင့်တယ်ဟေ့။” ကျိုးကွေ့လိုင်က ကျွတ်သပ်ကာ ပြောလိုက်သည်။
"တော်စမ်းပါအေ” ကျိုးစစ်နီက ရွှင်ပျစွာ ငေါက်လိုက်ပါသည်။ အသားလုံး ပူပူတစ်လုံးကို ယူကာ ပါးစပ်ပိတ်သွားအောင် သူ့ပါးစပ်ထဲ ထိုးထည့်ထားလိုက်၏။
"အစ်မစစ်နီ မြို့တော်က အရမ်းပျော်ဖို့ ကောင်းတာ။ ဒီမှာပဲ လက်တွဲဖော်ရှာရမယ်နော်။ ဒါမှ အနာဂတ်ကျရင် မြို့တော်မှာနေပြီး ဒီမှာ မကြာမကြာ လာစားလို့ရမှာ” ကျိုးကွေ့လိုင်က ဖျောင်းဖျလိုက်ပါသည်။
"နောက်ထပ် အသားလုံးတစ်လုံး စားချင်သေးလား။” ကျိုးစစ်နီက မေးလိုက်သည်။
ကျိုးကွေ့လိုင်က ပြုံးဖြီးဖြီးဖြင့် ဝိန်ကော်တုန်းကို ကြည့်လိုက်သည်။ "ကြည့်ပါဦး အစ်ကို ကော်တုန်းရယ်။ ခင်ဗျားက အိမ်မှုကိစ္စ ဘယ်တော့မှ လုပ်မယ့်လူမျိုး မဟုတ်ဘူးထင်တယ်။ ခင်ဗျားရဲ့ တို့ဟူးခြောက်တွေ အကုန် ကြေမွနေတာပဲ။”
ဝိန်ကော်တုန်းက ပြန်ပြောလိုက်၏။ "အေး ဟုတ်တယ်။ ငါတစ်ခါမှလည်း မလုပ်ဖူးဘူး။”
"အဆင်မပြေပါဘူး။ ကျွန်တော်တို့အမေ ကျွန်တော်တို့ကို ဘယ်အရွယ်တုန်းက စလေ့ကျင့်ပေးတာလဲ သိလား။ ကျွန်တော်တို့ အသက် ၆ နှစ် ၇ နှစ် အရွယ်လောက်ကတည်းက ကြမ်းပြင် တံမြက်စည်း လှည်းရတယ်။ ပန်းကန်ဆေးရတယ်။ ဟင်းသီးဟင်းရွက်တွေ ခြွေရတယ်။ အသက် ၉ နှစ်ကတည်းက ကျွန်တော်တို့ ဟင်းချက်တတ်အောင် သင်ရတယ်။” ဟု ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
ဝိန်ကော်တုန်းက မျက်ခုံးပင့်လိုက်သည်။ "ငါမြင်သလောက်တော့ ဒေါ်လေးလင်းက မင်းတို့တွေကို ချစ်ပါတယ်။”
"ဒါပေါ့၊ ရွာထဲက ကလေးတွေဆို သူတို့ညီအစ်ကိုသုံးယောက်မှာ စတုတ္ထဒေါ်လေးလို အမေမျိုးရှိလို့ မနာလိုတောင်ဖြစ်ကြတယ်။” ကျိုးစစ်နီက ဝင်ပြောလိုက်ပါသည်။
"ဒါဆို ဘာလို့ အသက်ငယ်ငယ်လေးနဲ့ အလုပ်ခိုင်းတာပါလိမ့်” ဝိန်ကော်တုန်းက စဥ်းစားကြည့်လိုက်ပါသည်။
ကျိုးစစ်နီက နှာခေါင်းရှုံ့ရင်း စိတ်ထဲမှ မြို့တော်က လူတွေက တကယ်ခြားနားသည်ဟု တွေးလိုက်မိပါသည်။ သူတို့ရဲ့ အတွေးတွေကလည်း ထူးဆန်း၏။ အလုပ်လုပ်ခိုင်းတယ်ဆိုတာ ချစ်လို့ပဲ မဟုတ်ဘူးလား။
"ကျွန်တော်တို့အမေက ကျွန်တော်တို့ မိန်းမ မရမှာ စိုးရိမ်နေတာလေ။” ဟု ကျိုးကွေ့လိုင်က ပြန်ဖြေပေးလိုက်၏။
"မင်းတို့ ညီအစ်ကိုတွေရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန် ရုပ်ရည်တွေနဲ့ဆိုရင် မင်းတို့ မရနိုင်တဲ့ ကောင်မလေးဆိုတာ ရှိလို့လားကွ။” ဝိန်ကော်တုန်းက ပြောလိုက်ပါသည်။
"သြော် အစ်ကိုကြီးကော်တုန်းကို ဒီလောက်အမြင်ရှိမှန်း မသိခဲ့ဘူး။” ကျိုးကွေ့လိုင်က ပြုံးရယ်လိုက်သည်။
"ကျွန်တော်တို့ အရင်တုန်းက ဆင်းရဲခဲ့လို့ မဟုတ်ဘူးလား။ ကျွန်တော်တို့ ရွာထဲကနေ ထွက်မလာတုန်းက ကျွန်တော်တို့ မိသားစုက ဆင်းရဲတယ်။ ကျွန်တော့်အဘွားဆို ကျွန်တော်တို့ညီအစ်ကိုတွေ မိန်းမယူနိုင်အောင် ပိုက်ဆံစုဖို့ အမေ့ကို အမြဲတမ်း နားပူနားဆာလုပ်တယ်။ အမေက ကျွန်တော်တို့မှာ ရှိသမျှ ပိုက်ဆံကို သုံးတတ်တယ်။ အဲ့တာကြောင့် ကျွန်တော်တို့ရဲ့ စွမ်းရည်တွေကို မြှင့်တင်ရတာပေါ့။ မိန်းမရှာတဲ့အခါ ချက်တတ်ပြုတ်တတ်တာကလည်း ဘောနပ်စ်တစ်ခုပဲ။”
"ဒေါ်လေးလင်းက အဲ့လိုကြီး ပြောတာလား။” ဝိန်ကော်တုန်းက ပြုံးရယ်လိုက်ပါသည်။
"ဟုတ်တယ်။ အမှန်တိုင်း ပြောတာနော်။ အဖေ့ကို ကြည့်ပါဦး။ အခုဆို ကျွန်တော့်အမေက အိမ်မှုကိစ္စ ထိစရာတောင် မလိုတော့ဘူး။ အဖေပဲ အကုန်လုပ်သွားတာ။ အိမ်က အခြေအနေ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ သူတို့ ရန်ဖြစ်တာ တစ်ခါမှ မမြင်ဖူးဘူး။ နားလည်ပြီလား။” ကျိုးကွေ့လိုင်က မျက်ခုံးပင့်ပြလိုက်ပါသည်။
"ဟုတ်တာပေါ့။ ယောက်ျားတွေကလည်း အိမ်မှုကိစ္စတွေ ကူလုပ်ပေးရမှာပေါ့။ နင့်အဖေဆို ငါ့ကို တစ်ခါမှ ကူညီမပေးဘူး။” အမေဝိန်က သူတို့စကားသံများကို ဂရုတစိုက်နားထောင်နေပြီး ထိုစကား ကြားသောအခါ ဝင်ပြောလိုက်ပါသည်။
"ကြီးကြီးမားမား ကိစ္စမဟုတ်ဘဲနဲ့ကွာ။” အဖေဝိန်လည်း မနေနိုင်တော့ဘဲ ညည်းတွားလိုက်ပါသည်။
"အသေးအဖွဲကိစ္စမဟုတ်ပေမယ့် နေ့တိုင်းလုပ်ရတော့ ကျွန်မလည်း ပင်ပန်းတာပေါ့။” အမေဝိန်က ငေါက်လိုက်ပါသည်။
"နောက်ကို ပိုကူညီပေးပါ့မယ်ကွာ။” အဖေဝိန်က ကတိပေးလိုက်ပါသည်။
"မလိုပါဘူး။ ကျွန်မ ပန်းကန်တွေ အကုန်ကွဲကုန်မယ်။" အမေဝိန်က ပြောလိုက်သည်။
အားလုံး ပွဲကျသွားကြ၏။ ဝိန်ကော်တုန်းလည်း ရယ်မောနေပါသည်။ ထို့နောက် ကျိုးစစ်နီကို ကြည့်လိုက်၏။ ကျိုးစစ်နီက အသားလုံးကြော်နှင့် ငါးလုံးကြော်တို့ကို ကြော်ပြီးသွားပါပြီ။ အနံ့လေးများက မွှေးနေသည်။ ဒယ်အိုးအောက်ခြေတွင် ဆီတွေ အများကြီး ကျန်နေသေးတာ တွေ့သဖြင့် ကြိုတင်လှီးထားသည့် ဂေါ်ဖီများကို ထည့်လိုက်ပါသည်။
တို့ဟူးခြောက်များလည်း အသင့်ဖြစ်နေပါပြီ။ ကျိုးစစ်နီက ပြောလိုက်၏။ "အားလုံး တီဗွီ သွားကြည့်ကြတော့လေ။ ကျန်တာ ငါတစ်ယောက်တည်း လုပ်နိုင်ပါတယ်။”
"ကောင်းပြီ" ကျိုးကွေ့လိုင်က လက်ဆေးပြီး တီဗွီသွားကြည့်သည်။
ဝိန်ကော်တုန်းက ပြောလိုက်၏။ "ငါ တခြားဟာတွေ ကူညီပေးမယ်လေ။”
"ရပါတယ်။ လောင်တနဲ့ ကျွန်မတို့ အတူတူလုပ်လို့ရပါတယ်။” ကျိုးစစ်နီက ပြန်လှည့်မကြည့်ဘဲ ပြောလိုက်ပါသည်။
တစ်ခေါက်လောက် ကြည့်လိုက်ရုံနဲ့ ဒီလူက အိမ်အလုပ် မလုပ်ဘဲ စားသောက်ဖို့သာ စောင့်နေတတ်သည့် သခင်လေးတစ်ယောက်ဖြစ်ကြောင်း သူမ မြင်နိုင်သည်။
ဝိန်ကော်တုန်းက သူမကို ကြည့်လိုက်ပြီး လက်သွားဆေးလေသည်။
ကျိုးခိုင်က ငါးကို ဆေးကြောပြီးသွားပါပြီ။ ကျိုးစစ်နီက အလွန်ကျေနပ်သွား၏။ ဒီလိုလူမျိုးကမှ အစွမ်းအစရှိပြီး ကူညီပေးနိုင်သူဖြစ်ပါသည်။
"ဒေါ်လေးဝမ်း မြှောက်ပြောတာ မဟုတ်ဘူးနော်။ ကျွန်တော့် အစ်ကိုကြီးကို ကြည့်ပါဦး။ လုံးဝ ပြီးပြည့်စုံတဲ့ ယောက်ျားတစ်ယောက်ပါ။ ရှိကိုရှိသင့်တဲ့ အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပဲနော်။” ကျိုးကွေ့လိုင်က ပြောလိုက်သည်။
"သူက မီးဖိုချောင်ထဲ ဝင်နိုင်ပြီး လူလည်ခေါင်မှာ ပေါ်လွင်တယ်။ ကားလည်း မောင်းတတ်ပြီး ကလေကချေလေးတွေကိုလည်း ထိုးတတ်တယ်နော်။” လင်းချင်းဟယ်က ထပ်ပြောလိုက်၏။
ထိုအခါ အားလုံး ရယ်မောလိုက်ကြပါသည်။ အဖေဝိန်တောင် ပြုံးပျော်ရွှင်သွားခဲ့၏။
ကျိုးချင်းပိုင်က သူ့မိန်းမကို ကြည့်နေပါသည်။
"အမေ အစ်ကိုကြီးကို ချီးကျူးရင်း အဖေ့ကိုပါ ချီးကျူးလိုက်တာလား။” ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
"ဒါပေါ့ နင့်အဖေေလို လူကောင်းမျိုးကို ချီးကျူးရမှာပေါ့။” လင်းချင်းဟယ်က ချီးကျူးဖို့ မတွန့်ဆုတ်ပါ။
ကျိုးချင်းပိုင်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားခဲ့ပါသည်။
ပြောရမည်ဆိုလျှင် ကျိုးမိသားစုအိမ်၏ အခြေအနေကို ဝိန်ကော်တုန်းတောင် သဘောကျမိပါသည်။ ထို့ကြောင့်လည်း သူ့အဖေနဲ့ အမေတို့က သူတို့နဲ့ ပတ်သက်ဆက်ဆံရတာကို သဘောကျကြခြင်း ဖြစ်သည်။ နှစ်သစ်ကူးညစာအတွက်တောင် အတူတူ ရောက်လာခဲ့ကြသည်။
၄ နာရီကျော်သောအခါ စားသောက်ပွဲ စတင်ခဲ့ပါသည်။ စားပွဲဝိုင်းကြီးတွင် ဟင်းလျာများဖြင့် ပြည့်နှက်နေခဲ့၏။ မိသားစုနှစ်စု အတူတူ စုစည်းကာ နှစ်သစ်ကူးညစာကို စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း စားသုံးခဲ့ကြပါသည်။
"သားငယ် နင်သောက်လို့မရဘူးနော်။ နင့်အစ်မ စစ်နီနဲ့ အတူတူ အချိုရည်ပဲ သောက်ဦး။” လင်းချင်းဟယ်က ပြောလိုက်၏။
"သိပါတယ် သိပါတယ်။ ကျွန်တော် ၁၈ နှစ်ပြည့်ပြီးမှ သောက်လို့ရမှာမလား။ အဖေနဲ့ ဦးလေးဝိန်အတွက် ငှဲ့ပေးနေတာပါ။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။
"အချိုရည်လည်း သောက်လို့ ကောင်းပါတယ်။” ကျိုးစစ်နီက ရွှင်ပျစွာ ဝင်ပြောလိုက်ပါသည်။
"နင့်အချက်အပြုတ်စွမ်းရည်က ကောင်းလိုက်တာ။ ဒီလောက်များတဲ့ ဟင်းလျာတွေကို ချက်ပြုတ်နိုင်တယ်နော်။” အမေဝိန် ချီးကျူးလိုက်ပါသည်။
ကျိုးစစ်နီကို သူမ ပိုကြည့်လိုက်လေလေ ပိုပြီး အားရကျေနပ်စရာ ကောင်းလာလေလေဖြစ်ပါသည်။ ဒီကောင်မလေးက ပေါင်းသင်းဆက်ဆံတတ်ရုံသာမကဘဲ ကောင်းမွန်သည့် အချက်အပြုတ်စွမ်းရည်လည်း ရှိသည်။ ဒီလိုကောင်မလေးသာ သူမရဲ့ တုံးတုံးအအ သားကို လက်ထပ်လိုက်ပါက သူကံကောင်းသွားပါလိမ့်မည်။
ကျိုးစစ်နီက ပြုံးလိုက်၏။ "သမီးရဲ့ စတုတ္ထဒေါ်လေးက အများကြီး ကြိုပြင်ထားပေးလို့ပါ။ သမီးက ချက်ပဲ ချက်လိုက်တာပါ။”
"ကျွန်မရဲ့ အကြီးဆုံးမရီးက ကျွန်မတို့ကို ဘဲဥဆားရည်စိမ်တွေ အများကြီး ပေးသွားတယ်။ အကုန်လုံးက သူတို့မိသားစု မွေးထားတဲ့ ဘဲခြံကပဲ ထွက်တာလေ။ အကုန်လုံး ဆီရွှမ်းပြီး အရသာ အရမ်းရှိတယ်။ ပြန်ရင် နည်းနည်း ယူသွားကြဦးနော်။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"ဒါဆို အားမနာတော့ဘူးနော်။” အမေဝိန်က ပြုံးလိုက်သည်။
"ဒီလိုပဲ ဖြစ်ရမှာပေါ့။” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ "များများစားကြပါ။ အေးသွားရင် မကောင်းဘူး။”
"အသားလုံးလေးက ကောင်းလိုက်တာ” အဖေဝိန်က အသားလုံးကို တစ်ကိုက်ကိုက်စားလိုက်ပါသည်။
"ကောင်းရင် များများစားပါ။ အဖေဝိန် ဒီနေ့မူးတဲ့အထိ ချင်းပိုင်နဲ့ သောက်ရမယ်နော်။” လင်းချင်းဟယ်က ရွှင်ပျစွာ တိုက်တွန်းလိုက်ပါသည်။
"မဖြစ်ပါဘူး။ ကျုပ်တို့ ခဏနေ ပြန်ရမှာလေ။” အဖေဝိန်က ရယ်မောလိုက်ပါသည်။
"ဘာဖြစ်လို့လဲရှင် သားကြီးကို လိုက်ပို့ခိုင်းမှာပေါ့။” လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
သူတို့ စားသောက်ရင်း သိုက်မြိုက်စွာ စကားပြောခဲ့ကြပါသည်။ ထိုစားသောက်ပွဲက ၁ နာရီကျော် ကြာမြင့်ခဲ့၏။ အားလုံးကလည်း စားသောက်ပွဲကို အလွန်အမင်း ကျေနပ်အားရကြပါသည်။
စားသောက်ပြီးနောက် အားလုံး တီဗွီအတူတူကြည့်ကြပြီး အချိုပွဲသစ်သီးများ စားသောက်ခဲ့ကြပါသည်။ အလုပ်အကြောင်းနှင့် တခြားကိစ္စများကို ပြောဆိုခဲ့ကြသည်။ အခြေအနေက သာယာလှပါသည်။
"စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးတို့ အဘိုးအဘွားတို့ဆီ သမီးပြန်တော့မယ်နော်” ဝိန်မေ့ကျားနှင့် အတူတူ ပန်းကန်များ တူများကို ဆေးကြောပြီးနောက် ကျိုးစစ်နီက ပြောလိုက်ပါသည်။
"ကျွန်တော်လိုက်ပို့ပေးမယ်လေ အစ်မ” ကျိုးကွေ့လိုင်က မတ်တပ်ရပ်ကာ ပြောလိုက်ပါသည်။