အခန်း(၅၄၅) ငါ့ကိုနှစ်နှစ်လောက် စောင့်ပေးပါ
Vol. 39 Ch. 545
အခန်း(၅၄၅) ငါ့ကိုနှစ်နှစ်လောက် စောင့်ပေးပါ
"ဒီနေ့ ငါစက်ဘီးနဲ့လာခဲ့တာ။ လေညှင်းခံချင်လို့ တစ်ခါတည်း လိုက်ပို့ပေးမယ်လေ။" ဝိန်ကော်တုန်းက မတ်တပ်ရပ်ကာ ပြောလိုက်ပါသည်။
"နင်းနိုင်ပါ့မလား ခုနက ဝိုင်တွေအများကြီး သောက်ထားတာ မြင်တယ်နော် အစ်ကိုကော်တုန်း" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်၏။
"အဲ့လောက်က ဘာမှမဖြစ်ပါဘူး။" ဝိန်ကော်တုန်းက ပြောလိုက်ပါသည်။
"လောင်စန်းကိုပဲ လိုက်ပို့ခိုင်းလိုက်ပါ့မယ်။" ကျိုးစစ်နီက ယဥ်ကျေးစွာ ပြုံးလိုက်ပါသည်။
"ရပါတယ်။ ကော်တုန်းကို လိုက်ပို့ခိုင်းလိုက်။ စစ်နီကို မြန်မြန်လိုက်ပို့ပေးလိုက်လေ။ ဦးလေးနဲ့ ဒေါ်လေးတို့ဆီကို သေသေချာချာ ပို့ပေးလိုက် ကြားလား။" အမေဝိန်၏ ရင်ထဲတွင် ပန်းများပွင့်ဖူးသွားပြီး တည်ငြိမ်စွာ ပြောလိုက်ပါသည်။
"ကျွန်တော် သိပါတယ်။" ဝိန်ကော်တုန်းက ပြန်ပြောလိုက်၏။
"သွားသွား" လင်းချင်းဟယ်က ဝိန်ကော်တုန်းကို ကြည့်လိုက်ပြီး ကျိုးစစ်နီကို ပြောလိုက်ပါသည်။
ထို့ကြောင့် ကျိုးစစ်နီက ခေါင်းငြိမ့်လိုက်၏။ ထို့နောက် ဝိန်ကော်တုန်းနှင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူမကို အဖေကျိုးနှင့် အမေကျိုးတို့ထံသို့ စက်ဘီးဖြင့် လိုက်ပို့ပေးခဲ့ပါသည်။
"ချင်းဟယ် ကျွန်မတို့ကော အပြင်လမ်းထွက် လျှောက်ကြမလား။" အမေဝိန်က သူမ မျက်နှာပေါ်က အပြုံးကို မဖုံးကွယ်နိုင်တော့ပါ။
"သွားကြစို့လေ။" လင်းချင်းဟယ်က ခေါင်းငြိမ့်သည်။
"လိုက်ကြဦးမလား။" အမေဝိန်က အဖေဝိန်နှင့် ကျိုးချင်းပိုင်တို့ကို မေးလိုက်ပါသည်။
"ကိုယ့်ဖာသာကိုယ် သွားကြပါ။” အဖေဝိန်က အပြင်မထွက်ချင်ပါ။
"မင်းအမေနဲ့ လိုက်သွားလိုက်ချေ" ကျိုးချင်းပိုင်က သားကြီးကို ညွှန်ကြားလိုက်ပါသည်။
"မေ့ကျား အပြင် လမ်းထွက်လျှောက်ကြရအောင်။" ကျိုးခိုင်က ဝိန်မေ့ကျားကို ပြောလိုက်ပါသည်။
ဝိန်မေ့ကျားက သူ့ကို ကြည့်လိုက်ပြီး သူမ အိတ်ကို သွားယူလိုက်သည်။ ထို့နောက် အမေဝိန်၊ လင်းချင်းဟယ်၊ ကျိုးခိုင်နှင့် ဝိန်မေ့ကျားတို့ အတူတူ အပြင်ထွက်လာခဲ့ကြပါသည်။
ကျိုးကွေ့လိုင်က အိမ်မှာ နေခဲ့၏။ သူ့အစ်ကိုကြီးအတွက် အခွင့်အရေးများ ဖန်တီးပေးရမည် မဟုတ်လား။
အဖေဝိန်နဲ့ သူ့အဖေတို့အတွက် ပျားရည် နှစ်ခွက် သွားဖျော်လိုက်သည်။ ဒါက အမူးပြေဆေး ဖြစ်ပါသည်။
အပြင်ဘက်တွင် ဝိန်မေ့ကျားက ကျိုးခိုင်ဘေးတွင် လမ်းလျှောက်နေသည်။ ကျိုးခိုင်က အရပ် တကယ်ရှည်သည်။ ဝိန်မေ့ကျားက အရပ် မပုသော်လည်း ကျိုးခိုင်ဘေးတွင် ရပ်နေသောအခါ တကယ် ငှက်ကလေးလို ဖြစ်နေပါသည်။
သူတို့နှစ်ဘောက်က အမေဝိန်နှင့် လင်းချင်းဟယ်တို့ နောက်တွင် လမ်းလျှောက်နေကာ စကားပြောနေကြပါသည်။
အမေဝိန်နှင့် လင်းချင်းဟယ်တို့ သူတို့ကို လွှတ်ထားပေးလိုက်သည်။
အမေဝိန်က ပြုံးလိုက်သည်။ "ကြည့်ရတာ ကျွန်မရဲ့ ခပ်တုံးတုံးသား စန်းပွင့်ပြီထင်ပါရဲ့။"
တကယ် သံမဏိတိုင်မှ ပန်းပွင့်လာသလို ဖြစ်ပါသည်။ ကောင်မလေးကို အိမ်ပြန်ပို့ပေးရကောင်းမှန်း သိသည်။ အမေဝိန်က သူမသား အကြောင်း ကောင်းကောင်း သိ၏။ သူက အလွန် ဖြောင့်မတ်ပြီး ဘာလှည့်ကွက်မှလည်း မသိပါ။ သူ သဘောမကျလျှင် ဒီလို စကားမျိုး ဟမှာ မဟုတ်ပေ။
လင်းချင်းဟယ်က ဝိန်ကော်တုန်း စိတ်ဝင်စားမှု ရှိသည်ကိုပြောနိုင်သည်။ သို့သော် ရိုးရိုးသားသား ပြောရလျှင် လင်းချင်းဟယ် မျှော်လင့်ထားတာထက် အနည်းငယ် ကျော်လွန်နေပါသည်။
"စစ်နီကို ဒီတိုင်း အိမ်ပြန်ပို့ရုံပါပဲ။ ရှင်ထင်နေသလို မဟုတ်လောက်ပါဘူး။” လင်းချင်းဟယ်က ဒီလိုပဲ ပြောလိုက်ပါသည်။
သူမ၏ တူမကို မနာကျင်စေချင်ပါ။ သူမသာ ဝိန်ကော်တုန်းနဲ့ တွဲပြီး ဝိန်ကော်တုန်းက အားမရ ဖြစ်လာလျှင် ဘယ်လိုလုပ်မည်နည်း။ တွဲတာက ရလဒ် မရှိနိုင်ကြောင်း လင်းချင်းဟယ် သိသော်လည်း စစ်နီက သူ့ကို ချစ်မိသွားလျှင် ဘယ်လိုလုပ်မလဲ။
အမေဝိန်က တိုက်တွန်း၏။ "ချင်းဟယ် ကျွန်မကို ယုံပါ။ ကျွန်မသားအကြောင်းကို ကျွန်မ နားလည်တယ်။ သူက ဒီကဏ္ဍကို စဥ်းစားပြီးပြီထင်တယ်။ သူက နောက်ပြောင်တတ်တဲ့ လူမျိုး မဟုတ်ပါဘူး။ သူသာ တွဲဖို့ ဆုံးဖြတ်လိုက်ရင် အတည်တကျတွဲမှာ။ ပြီးတော့လည်း စစ်နီက ဒီလောက်တော်တာ သူသေချာပေါက် သဘောကျမှာပါ။”
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "ကော်တုန်း တော်တာ ကျွန်မသိပါတယ်။ ဒါပေမယ့် သူတို့ကြားက ကွာခြားချက်က တကယ် ကြီးမားလွန်းတယ်"။
"အဲ့တာ ဘာဖြစ်လဲ။ စစ်နီကလည်း သူ့ကိုသူ တိုးတက်အောင် ညကျောင်းတက်နေပြီပဲ။ ပြီးတော့လည်း ကျွန်မတို့ မိသားစုအခြေအနေနဲ့ ဆိုရင် စစ်နီက ပတ်သက်လို့ လွယ်ကူမှာပါ။ ကော်တုန်းနဲ့ တွဲခိုင်းကြည့်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် တခြားသူတွေထက်တော့ မဆိုးနိုင်ပါဘူး ဟုတ်တယ်မလား။" အမေဝိန်ကလည်း သူမ၏ သားအတွက် အကောင်းဆုံး ပြန်တိုက်ခိုက်ပါသည်။
"ကျွန်မ ဆုံးဖြတ်လို့တော့ မရဘူး။ စစ်နီကို မေးကြည့်ရဦးမယ်။ ပြီးတော့ ကော်တုန်းက စစ်နီထက် အသက်အများကြီး ကြီးသေးတယ်။" လင်းချင်းဟယ်က အမေဝိန်နှင့် ရင်းနှီးသော်လည်း ဝိန်ကော်တုန်းကိုတော့ ကျိုးနွံအောင် လုပ်ထားမှ ဖြစ်ပါမည်။
ဒါအမှန်တရားပဲ ဖြစ်သည်။
"ကျွန်မသိပါတယ်။ ကော်တုန်းက အသက်နည်းနည်း ပိုကြီးတယ်။ အဲ့တာကြောင့် သူက ချစ်တတ်မှာပါ။ စစ်နီသာ သူ့ကို လက်ထပ်လိုက်ရင် အနိုင်မကျင့်ပါဘူး။ ကျွန်မပြောတာ ယုံကြည်လိုက်ပါ။” အမေဝိန်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "ဒါဆို အချိန်ကျရင် ကျွန်မ မေးကြည့်လိုက်ပါမယ်။"
"မေးကြည့်လိုက်။ ကော်တုန်းက နောက်နှစ်ဆို တစ်ယောက်တည်း ထွက်နေတော့မှာ။ အဆင်ပြေသွားရင် လင်မယားနှစ်ယောက် ကိုယ့်ဘဝနဲ့ ကိုယ်နေလို့ရတာပေါ့။” ဟု အမေဝိန်က ပြောလိုက်၏။
"သူ့လစာကို သူပဲ ကိုင်ထားတယ်။ တစ်လကို ယွမ် ၁၀၀ ကျော်ရပြီး နောက်နှစ်ကျရင် လစာ တိုးလိမ့်မယ်။ ကျွန်မတို့ကို တစ်ခါတစ်လေ ပေးရင် ကမ်းရင် လုံလောက်ပါပြီ။ ကျန်တာကို စိတ်မပူပါနဲ့။ ကျွန်မတို့မှာလည်း ကျွန်မတို့ စုထားတဲ့ ငွေတွေ ရှိပါတယ်။"
သို့သော်လည်း တကယ်တမ်း အောင်မြင်ပါက လင်းချင်းဟယ် သဘောတူချင်ပါသည်။ ဒီလို ပြီးပြည့်စုံသည့် လူတစ်ယောက်ကို ရှာဖို့က မလွယ်ကူပါ။ ဝိန်မိသားစု၏ အခြေအနေနှင့် အမေဝိန်တို့ အဖေဝိန်တို့၏ အမြင်ကျယ်ပုံအရ သူမ လက်ထပ်လိုက်ပါက အဆင်ပြေနိုင်ဖို့ လွယ်ပါသည်။
ထို့ကြောင့် လင်းချင်းဟယ်က ဒီကိစ္စကို ကျိုးစစ်နီနှင့် ဆွေးနွေးဖို့ စီစဥ်ထားပါသည်။
အမေဝိန်က ကျိုးခိုင်နှင့် သူမသမီးကို ပြောလိုက်သည်။ "နင်တို့နှစ်ယောက် ရုပ်ရှင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် သွားကြည့်ကြလေ။ ငါတို့တွေ ပြန်နှင့်တော့မယ်။"
"မြန်လှချည်လား။" ဝိန်မေ့ကျားက ပြန်ပြောလိုက်ပါသည်။
"အရမ်းအေးတယ်လေ။ နင်တို့လူငယ်တွေက ဘာမှမဖြစ်ပေမယ့် ငါတို့က ခံနိုင်ရည် မရှိဘူး။" အမေဝိန်က ပြောလိုက်ပါသည်။
"မေ့ကျားကို ဂရုစိုက်နော်။" လင်းချင်းဟယ်က သူမသားကို ညွှန်ကြားလိုက်သည်။ ထို့နောက် သူမနှင့် အမေဝိန်တို့ ပြန်သွားကြ၏။
ကျိုးခိုင်နှင့် ဝိန်မေ့ကျားတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် နှစ်ယောက်စလုံး ရှက်သွေးဖြာကာ မျက်နှာ လွှဲလိုက်ကြသည်။ အခုတော့ နှစ်ဖက် မိဘများက သူတို့ကို စုံတွဲများလို သဘောထားနေပြီ ဖြစ်သည်။
"သွားကြမယ်လေ။" ကျိုးခိုင်က ချောင်းဆိုးကာ ပြောလိုက်ပါသည်။
"အင်း" ဝိန်မေ့ကျား ပြန်ပြောလိုက်သည်။
ကျိုးခိုင်က သူမနဲ့ အတူတူလမ်းလျှောက်ရင်း ပန်းခြံထဲ လျှောက်ကြည့်နေပါသည်။
ဝိန်မေ့ကျား စကားပြောဖို့ ပြင်လိုက်စဥ် ကျိုးခိုင်က ပြောလိုက်သည်။
"မေ့ကျား အဲ့ဒီ စစ်သားပေါက်စတွေကို လက်မခံနဲ့ဦး။ ငါ့ကို နှစ်နှစ်လောက် စောင့်ပါ။"
ဝိန်မေ့ကျား ခေတ္တတွန့်ဆုတ်သွားသည်။
ထို့နောက် ချက်ချင်း မျက်နှာ နီရဲသွားပြီး မာဖလာကို အပေါ်ဆွဲတင်လိုက်ပါသည်။
"ငါတို့က အခု ငယ်ပါသေးတယ်။ ငါ့ရာထူးကလည်း နိမ့်သေးတယ်။ ငါနည်းနည်းလောက် ရာထူးတက်ဖို့ စောင့်ဦး။ အဲ့ကျရင် လက်ထပ်ကြမယ်။ ဟုတ်ပြီလား။" ကျိုးခိုင်က မေးလိုက်ပါသည်။
ဝိန်မေ့ကျားက ရှက်သွေးဖြာနေပါသည်။ သူ့ကို ချောင်းကြည့်ရင်း တိုးတိတ်စွာ သဘောတူလိုက်ပါသည်။
ကျိုးခိုင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။ ဘေးမှာ ဘယ်သူမှ မရှိတာကို မြင်သောအခါ သူမ၏ လက်ကို ကိုင်လိုက်ပါသည်။
"နင် ဘာလုပ်တာလဲ။" ဝိန်မေ့ကျားက ပို၍ပင် ရှက်သွားပါသည်။ သို့သော် မရုန်းပါ။
"ငါနဲ့အတူ နင်အရွယ်ရောက်လာတာပါ။ ငါ့ကို လက်ထပ်တာ အကောင်းဆုံးပဲ။ ငါနင့်ကို သေချာပေါက် ကာကွယ်ပေးပါ့မယ်။ နင် ဒုက္ခမရောက်အောင် တစ်သက်လုံး ကာကွယ်ပေးမယ်။" ကျိုးခိုင်က သစ္စာဆိုလိုက်သည်။
"အပြောကောင်းလိုက်တာ၊ အရင်တုန်းက ဘာလို့ ဒီလို ချွဲချွဲနွဲ့နွဲ့ မပြောတတ်တာလဲ။" ဝိန်မေ့ကျားတစ်ယောက် ရင်တွေ ဆက်တိုက်ခုန်နေပါသည်။ ထို့ကြောင့် သူမမျက်နှာကို လွှဲလိုက်ပြီး ရေရွတ်လိုက်၏။
"အဲ့တုန်းက နင်က ငယ်သေးတာကိုး။" ကျိုးခိုင်က ပြန်ပြောလိုက်သည်။ သူ့ကိုယ်သူလည်း နားမလည်နိုင်ပါ။ ဒီနှစ် နှစ်သစ်ကူးပြီးလျှင် သူ့အသက် ၂၁ နှစ်ပြည့်ပြီဖြစ်သည်။ ထို့ကြောင့် မိန်းမယူဖို့အရွယ်ရောက်ပြီ မဟုတ်လား။ အရင်ဆုံး တွဲကြပြီး ဖြည်းဖြည်းချင်း လက်ထပ်ကြမည်။ စိတ်ပိုင်းဆိုင်ရာ အာရုံစိုက်ထားရမည့် တစ်စုံတစ်ခုလည်း ရှိသေးသည်။
ဝိန်မေ့ကျားက သူ့ကို ရွှင်ပျစွာ မျက်စောင်းလိုက်ပါသည်။
သူတို့နှစ်ယောက် လမ်းထပ်လျှောက်ကြပြီးမှ အိမ်ပြန်ခဲ့ကြသည်။ ကျိုးခိုင်က ဝိန်မိသားစုကို ပြန်လိုက်ပို့လိုက်ပြီး တိုက်ခန်းပေါ်သို့ တက်လာခဲ့ပါသည်။
"အစ်မမေ့ကျားနဲ့ အပြင်ထွက်သွားပြီးတော့ တစ်ခုခု ပြောင်းလဲသွားသလိုပဲလို့ ဘာလို့ခံစားမိပါလိမ့်။" ကျိုးကွေ့လိုင်က သူ့အစ်ကိုကြီးကို စတင်စစ်ဆေးမေးမြန်းပါသည်။
"ဘာပြောင်းလဲသွားတာလဲ။" အိမ်ပြန်ရောက်လာပြီဖြစ်သည့် ကျိုးရွှမ်က မေးလိုက်သည်။
"မသိဘူး။ အစ်မ မေ့ကျားက ငါတို့ကိုတောင် မကြည့်ရဲတော့တဲ့ ပုံစံနဲ့။ မျက်နှာလည်း နီနေတယ်။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ထိုမေးခွန်းများကို မမေးပါ။ သူမ သတိသာပေးလိုက်၏။ "မေ့ကျားကို အသည်းမခွဲနဲ့နော်။ မဟုတ်ရင် ငါခွင့်မလွှတ်ဘူး။"
ထို့နောက် ကျိုးချင်းပိုင်၏ အခြေအနေကို ကြည့်ဖို့ သူမအခန်းထဲ ဝင်သွားပါသည်။ ဒီနေ့ည အဖေဝိန်နဲ့ သူသောက်တာ နည်းနည်းများသွားသည်။