← Chapters

စကြဝဠာအစွန်း

Vol. 56 Ch. 779

စကြဝဠာအစွန်း

Vol. 56 Ch. 779

“ အင်မော်တယ်ရောင်းရင်း ကျေးဇူးပြုပြီး ရပ်ပါဦး။ ဒါက ကောင်းကင်ဘုံအလွန်ရဲ့ လူသားပိုင်နက်ပါ။ ပျံသန်းခွင့် မရှိပါဘူး ” မိုဝူကျိက လူသားပိုင်နက် ကာကွယ်ရေး အစီအရင်ဆီ ရောက်လာသည့်အခါ အင်မော်တယ် အုပ်စိုးသူ တစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

မိုဝူကျိက တိုက်ပွဲ စတင်ရန် ရောက်လာခြင်း မဟုတ်သည့်အတွက် လခြမ်းကွေး ပုဆိန်လှံရှည်ကို သိမ်းဆည်းထားလိုက်၏။

တစ်ဖက်တွင် ဤအင်မော်တယ် အုပ်စိုးသူ၏ စိတ်နှလုံးသားမှာ အတော်လေး တုန်လှုပ်နေမိ၏။ သူက အရမ်းယဉ်ကျေးနေသည့် အကြောင်းအရင်းမှာ မိုဝူကျိက ပျံသန်းလာ၍ ဖြစ်သည်။ အလွန်အမင်း အားကောင်းသော ပျံသန်းရေး ရတနာများမှလွဲ၍ ကောင်းကင်ဘုံနယ်နမိတ်အလွန်၌  ပျံသန်းဖို့ရာ မဖြစ်နိုင်လောက်ချေ။ သို့သော်လည်း ဤလူက ကျင့်ကြံဆင့် မြင့်မြင့် ရှိဟန် မပေါ်သော်လည်း အမှန်တကယ် ပျံသန်းလာလေသည်။

ဤနေရာမှာ လူသားပိုင်နက်နှင့် နီးနေသော်လည်း ရိုးရှင်းသည့် ကိစ္စတော့ မဟုတ်ချေ။

“ ကောင်းကင်ဘုံအလွန်ရဲ့ လူသားပိုင်နက်ထဲက အစီအရင်ကို ဌားပြီးတော့ ကောင်းကင်ဘုံအလွန် စကြဝဠာဆီ သွားချင်လို့ပါ။ မိတ်ဆွေ ကျုပ် ဘယ်လိုသွားနိုင်လဲ မေးပါရစေ ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ မေးလိုက်သည်။

သူ့ရှေ့မှောက်၌ လူသားပိုင်နက်၏ ကာကွယ်ရေး အစီအရင် ရှိနေသည်။ မိုဝူကျိ ရောက်ရှိလာသည့်အခါ မည်သည့် အချက်ပေးသံမှ မရှိကြောင်း သတိထားမိလိုက်သောကြောင့် လူသားမျိုးနွယ်ကို သတ်မိသည့် အန္တရာယ်များသော အချိန်ကာလမှာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ လက်တွေ့၌ မိုဝူကျိက အချက်ပေးသံများ မြည်လာလျှင်ပင် မစိုးရိမ်ပေ။ သူ့လက်ရှိစွမ်းရည်မှာ မဟာဧကရာဇ်များကိုပင် သတ်နိုင်စွမ်း ရှိနေပြီ ဖြစ်ရာ ဘာကြောင့်များ အသေးအမွှားလေးကို လိုက်ဂရုစိုက်နေရမည်နည်း။

မိုဝူကျိက ကောင်းကင်ဘုံနယ်နမိတ်အလွန်အတွင်း အင်မော်တယ် ဧကရာဇ်အနည်းငယ်မျှသာ ရှိကြောင်း သိထားသည်။

ဤအင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက ချက်ချင်းဆိုသလို ကြောင်အမ်းသွားလေ၏။

ဒီလူက ဘယ်က ရောက်လာတာလဲ …

ကူးသန်းရေး အစီအရင်က လူတိုင်း သုံးလို့ရတဲ့အရာလား …

မိုဝူကျိ ပျံသန်းနိုင်သည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက တိုက်ခိုက်ပြီးလောက်လေပြီ။

တစ်ဖက်လူက တိတ်ဆိတ်သွားသည်ကို မြင်ပြီး မိုဝူကျိက ကျောက်စိမ်းပြားကို ထုတ်ကာ ပစ်ပေးလိုက်သည်  “ ကျုပ်က ကောင်းကင်ဘုံအလွန်မြို့မှာ  ဆိုင်ပိုင်ရှင်ပဲ ”

ဤအင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက ကျောက်စိမ်းပြား၌ ဖော်ပြထားသော နာမည်နှင့် ဆိုင်နာမည်ကို ကြည့်လိုက်ပြီးနောက် နှလုံးခုန်နှုန်းပင် မြန်ဆန်သွားလေ၏။

ဒီလူက မိုဝူကျိလား …..

ဤနေရာ၌  မိုဝူကျိက အင်မော်တယ် ဧကရာဇ်များစွာကို သတ်ခဲ့သည့်အကြောင်း မသိသည့်သူ မည်သူရှိမည်နည်း။

အင်မော်တယ် အုပ်စိုးသူက ကျောက်စိမ်းပြားကို ပြန်မပေးနိုင်ခင် သူ့လက်ပတ်မှ ဆက်သွယ်ရေး ပုတီးစေ့ဆီ အကြောင်းကြားချက် ဝင်လာသည်။ ထိုသတင်းမှာ ရိုးရိုးလေးသာ ဖြစ်၏။ သိပ်မကြာသေးခင်က ပိန်ပါးပါး အမျိုးသားတစ်ယောက်သည် ကောင်းကင်ဘုံအလွန်မြို့၏ မီဖေးကုန်သည်အိမ်တော်ကို စိမ်ခေါ်ခဲ့ပြီး အင်မော်တယ် ဧကရာဇ် ယူရှင်းကို သတ်ကာ  မီဖေးကုန်သည်အိမ်တော်ကို လုယက်သွားသည့် အကြောင်း ဖြစ်ပေသည်။

သူက ထိုသတင်းကို မြင်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးမှာ တုန်တုန်ယင်ယင် ဖြစ်မိသွားသည်။ မိုဝူကျိက ဖော်ရွှေဟန် ပေါ်သော်လည်း အားနည်းခြင်းနှင့် အလှမ်းကွာလွန်းလှသည်။ ယခု သူ့ရှေ့မှောက်မှ လူမှာ မီဖေးကုန်သည်အိမ်တော်ကို လုယက်ခဲ့သောသူ ဖြစ်ကြောင်း မခန့်မှန်းနိုင်လျှင် သူက တကယ့်ငတုံး ဖြစ်နေပေလိမ့်မည်။

“ ဪ …. အိမ်တော်သခင်မိုကိုး ကျေးဇူးပြုပြီး ဝင်ပါခင်ဗျ … ဒီကနေစပြီးတော့ တန်းတန်းလျှောက်သွားရုံပါပဲ။ လူသားပိုင်နက်ကို ဖြတ်ပြီးသွားရင် နေရာလွတ်ကြီးတစ်ခုဆီ ရောက်သွားပါလိမ့်မယ်။ ကူးသန်းရေး အစီအရင်က အဲဒီနေရာမှာ ရှိပါတယ်ဗျ ” အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက ကျောက်စိမ်းပြားကို မိုဝူကျိဆီ မြန်မြန် ပြန်ပေးလိုက်ရင်း ရိုရိုကျိုးကျိုး ပြောလိုက်သည်။

မိုဝူကျိက မီဖေးကုန်သည်အိမ်တော်ကို ဖျက်စီးပြီး အင်မော်တယ် ဧကရာဇ် တစ်ယောက်ကိုပင် သတ်လာလေရာ သူ့လိုမျိုး အင်မော်တယ် အုပ်စိုးသူတစ်ယောက်ကို မိုဝူကျိအနေနှင့် သူ့ကို  မသတ်ရဲကြောင်း မယုံပေ။

“ ကျေးဇူးပါ ” မိုဝူကျိက ကျောက်စိမ်းပြားကို သိမ်းလိုက်၏။ သူ့လေလွတ်မြောက်ရေး နည်းစနစ်မှာ လေပြေလေးသာ လိုအပ်ပြီး လေပြေလေး တိုက်ခတ်သွားသကဲ့သို့ မိုဝူကျိက လူသားပိုင်နက်၌ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိက သူ့ကို ဘာမှမလုပ်ဘဲ ထွက်သွားသည်ကို မြင်မှ အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက အသက်ပြင်းပြင်း ရှုရဲတော့သည်။ သူ့နောက်ကျော၌ ချွေးအေးများပင် ရွဲနေလေ၏။ သူ့အနေနှင့် ထိုမျှသတ္တိကောင်းသူကို ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။ မီဖေးကုန်သည်အိမ်တော်မှ အင်မော်တယ် ဧကရာဇ် လေးယောက်ကို သတ်၍ ကောင်းကင်ဘုံအလွန် စကြဝဠာဆီ သွားဦးမည် ဖြစ်ကာ ဤလူ၏ သတ္တိရှိမှုမှာ ကောင်းကင်ကို လွှမ်းခြုံနိင်လောက်သည့်အထိ ကြီးမားနေပြီ မဟုတ်ပါလော။

…….…

အမွေးတိုင်ဝက်စာလေးအတွင်း မိုဝူကျိက နေရာလွတ်ဆီ ရောက်ရှိလာသည်။

မိုဝူကျိက ဘာမှမပြောနိုင်ခင် မဟာလော့ရှန်းအဆင့် ကျင့်ကြံသူလေးက သူ့ဆီ ရောက်လာကာ  “ အိမ်တော်သခင်မို ကူးသန်းရေး အစီအရင်ထဲ ဝင်ပါခင်ဗျ ”

“ အစိမ်းရောင်ကျောက် ဘယ်လောက်ကျလဲ ” မိုဝူကျိက အကျိုးအကြောင်းမသင့်သည့် လူရမ်းကားတစ်ယောက်ကဲ့သို့ ပြုမူရန် ဆန္ဒမရှိပေ။

“ အိမ်တော်သခင်မိုက နာမည်ကျော် စီနီယာတစ်ယောက်ပါ။ ကျုပ်က ဘယ်လိုလုပ် အစိမ်းရောင်ကျောက် လက်ခံနိုင်မှာလဲဗျာ ….” ဤမဟာလော့ရှန်းအဆင့် ကျင့်ကြံသူ၏ လေသံမှာ စိတ်အားထက်သန်မှုအပြည့် ဖြစ်နေလေ၏။

“ အဲဆိုလည်း ကျေးဇူးပါပဲ ” မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။

သူက တာဝန်ရှိသူမှာ ဤမဟာလော့ရှန်းအဆင့် ကျင့်ကြံသူ မဟုတ်မှန်း သိပေသည်။ ကောင်းကင်ဘုံအလွန်  လူသားပိုင်နက်ထဲမှ အဆင့်မြင့် ကျင့်ကြံသူများက သူ ရုတ်ရုတ်သည်းသည်း ပြုမူမည်ကို စိုးရိမ်နေကြဟန် ပေါ်သည်။ ထို့ကြောင့် သူ့အား တတ်နိုင်သမျှ မြန်မြန် ပို့ဆောင်ချင်နေကြသည်။ သူတို့အနေနှင့် မိုဝူကျိက အင်မတန် မောက်မာပြီး အကျိုးအကြောင်းမသင့်သည့်လူကဲ့သို့ ခံစားမိကြ၍ မိုဝူကျိအား သူတို့ကို  တိုက်ခိုက်စေနိုင်မည့်  အကြောင်းပြချက် မပေးလိုကြပေ။

မိုဝူကျိက ပြောစရာ ရှာမတွေ့ ဖြစ်မိသွားသည်။ သူက သူ့ကိုယ်သူ ပြန်လည် ဖြေရှင်းဖို့ရာ စိတ်မပါသောကြောင့် ရိုးရိုးရှင်းရှင်း ကျေးဇူးတင်စကားဆိုကာ ကူးသန်းရေး အစီအရင်ထဲ ဝင်လိုက်တော့သည်။

အလင်းဖြူဖြူ တစ်ခု သူ့အား လွှမ်းခြုံသွားပြီးနောက် အသက်တစ်ရှိုက်စာလောက်အတွင်း မိုဝူကျိက မြေပြင်ပေါ် ပြန်လည် ရောက်ရှိသွားလေ၏။ သူက မျှောလွင့်နေသည့် ကျောက်တုံးကြီးတစ်ခုပေါ် ရောက်ရှိနေပေသည်။ ကျောက်တုံးကြီးအလယ်၌ ကူးသန်းရေး အစီအရင် သုံးခု ရှိနေသည်။

ကျောက်တုံးကြီးအစွန်းဖျား၌ သစ်သားပြား တစ်ခု ထောင်ထားကာ ကောင်းကင်ဘုံနယ်နမိတ်အလွန် ကူးသန်းရေး အစီအရင်ဟု ရေးသားထား၏။

ဤကျောက်တုံးကြီးပေါ်၌ လူအရေအတွက် များပြားနေသည်။ မိုဝူကျိက ကူးသန်းရေး အစီအရင်မှ ထွက်လာသောအခါ လမ်းကြောင်းနှစ်ခုကို မြင်လိုက်ရသည်။ တစ်ခုမှာ စကြဝဠာအစွန်းဆီ ဦးတည်နေပြီး နောက်တစ်ခုမှာ ပိတ်ဆို့ထားဟန် ပေါ်၏။ လမ်းနှစ်ခုက လေထဲ မျှောလွင့်နေသောကြောင့် မပြီးနိုင်မဆုံးနိုင် ရှည်လျားလျသည်ဟု ခံစားရသည်။

သူက ကောင်းကင်ဘုံ နယ်နမိတ်အလွန်၌ စိတ်စွမ်းအားကို ဖြန့်ကျက်နိုင်ခဲ့သော်လည်း ဤနေရာ၌ ပိုမိုလွယ်ကူကြောင်း တွေ့ရှိလိုက်ရသည်။ ဤနေရာ၌ စိတ်စွမ်အား ကန့်သတ်ထားသည့်  အတားအဆီးများ မရှိကြောင်း သိသာလှသည်။ ဤနေရာတွင် တာအိုအခြေခံကို မှုန်မှိုင်းသွားစေသည့် ပျက်စီးစွမ်းအားများလည်း မရှိပေ။ တစ်ခုတည်းသော အတားအဆီးမှာ အဆုံးသတ်၌ ပိတ်ဆို့ထားသော စိတ်အာရုံ ဖြစ်သည်။

မိုဝူကျိက စကြဝဠာအစွန်းက ကြားဖူးသော်လည်း နက်နက်ရှိုင်းရှိုင်း ထည်ထည်ဝင်ဝင် မသိပေ။ သူက ဤနေရာမှာ စကြဝဠာ ဘုံပိုင်နယ်မြေ တစ်ခုဖြစ်ကြောင်းသာ သိထား၏။

ယခု မိုဝူကျိက ရောက်လာပြီ ဖြစ်ရာ ထပ်၍ မမေးနေတော့ပေ။ သူက စကြဝဠာအစွန်းဆီသို့သာ တိုက်ရိုက်ဦးတည်လိုက်လေ၏။ အကယ်၍ လော့စီသာ ထွက်မသွားသေးလျှင် သူမသည်လည်း စကြဝဠာအစွန်း၌ ရှိပေလိမ့်မည်။

ကူးသန်းရေး အစီအရင်စင်မြင့်နှင့် စကြဝဠာအစွန်းကြားမှ အကွာအဝေးမှာ သိပ်မကွာလှပေ။ မိုဝူကျိ၏ အမြန်နှုန်းဖြင့် အမွေးတိုင်ဝက်စာမျှသာ အချိန်ယူလိုက်ရသည်။ ထို့အပြင် သူက မပျံသန်းဘဲ သွားလိုက်ခြင်း ဖြစ်၏။ ပျံသန်းသွားပါက နှစ်မိနစ် မှ သုံးမိနစ်လောက်သာ ကြာမြင့်ပေလိမ့်မည်။

ခမ်းနားကြီးကျယ်လှသော မျှော်လွင့်နေသော အင်မော်တယ်နယ်မြေတစ်ခုက မိုဝူကျိရှေ့မှောက် ပေါ်လာ၏။ အင်မော်တယ်နယ်မြေ ဝန်းကျင်မှ ကာကွယ်ရေး အစီအရင်မှာ သေချာပေါက် ထိပ်တန်းအဆင့် အင်မော်တယ်အစီအရင်များ ဖြစ်၏။ မိုဝူကျိက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်သည့်အခါ ဤအစီအရင်၌ ပိတ်မိသွားလျှင် လွတ်မြောက်ဖို့ရာ ခက်ခဲမည် ဖြစ်ကြောင်း သိလိုက်သည်။

လက်ရှိ သူက အဆင့် ၈ အင်မော်တယ် အစီအရင်ဆရာတစ်ယောက် ဖြစ်၏။ သူက အဆင့် ၉ အင်မော်တယ် အစီအရင်များကို မြင်နိုင်သော်လည်း ချိုးဖျက်နိုင်ဖို့ရာ မလိုအပ်နေပေ။

ဤနေရာ ကောင်းကင်ယံထက်၌ စာလုံးကြီးနှစ်လုံးမှာ မျှောလွင့်နေလေ၏။

  “ စကြဝဠာ အစွန်း ”

မိုဝူကျိက ခဏတာ တွေဝေသွားသော်လည်း စကြဝဠာအစွန်းဆီ ဦးတည်ထားသော အစီအရင်ဂိတ်တံခါးဆီ ဝင်လိုက်သည်။ စကြဝဠာအစွန်း၌ အင်အားစုများစွာ ရှိကြလေရာ မီဖေးကုန်သွယ်ရေး အိမ်တော်နှင့် သူ့ကြားရှိ ပဋိပက္ခကြောင့် စကြဝဠာအစွန်း၏ အစီအရင်များကို သုံး၍ သူ့အား ဖမ်းဆီးလိမ့်ကြမည်ဟု မထင်ပေ။ အကယ်၍ မီးဖေးကုန်သွယ်ရေး အဖွဲ့က ထိုမျှ အားကောင်းနေလျှင် သူက မီဖေး၏ စီးပွားရေးကို တစ်လ၊ နှစ်လလောက်ဖြင့် လုယူနိုင်စွမ်း ရှိမည် မဟုတ်ပေ။

မိုဝူကျိက အစီအရင်ထဲ ဝင်လိုက်သည်နှင့် သိပ်သည်းလှသော ဝိညာဉ်စွမ်းအားများက သူ့ဆီ ခေါ်ဆောင်သွားသည်။ ဤဝိညာဉ်စွမ်းအားအဆင့်မှာ သူ့ကျင့်ကြံဆင့်အတွက် အသုံးမဝင်တော့သော်လည်း မိုဝူကျိက အတော်လေး အံ့အားသင့်မိဆဲ ဖြစ်၏။ ဤနေရာ၌ အင်မော်တယ်သွေးကြော မည်မျှကို မြှပ်နှံ့ထားသနည်း။ ဤနေရာရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ သူ့ဖင်းဖန်နှင့်ပင် ယှဉ်ပြိုင်လို့ ရလုနီးပါး ဖြစ်နေသည်။

မိုဝူကျိ မျက်စိရှေ့မှောက်၌ ဆိုင်တန်းများစွာ ပေါ်လာလေ၏။ မိုဝူကျိက ထိုအရာကို မြင်သောအခါ သက်ပြင်းချလိုက်သည်။ ဤနေရာ၌ အင်အားစုများစွာ ရှိနေလေရာ မီဖေးအနေနှင့် သူ့အား ပွင့်လင်းမြင်သာ ရန်ရှာရဲမည် မဟုတ်ပေ။

မူလက မိုဝူကျိသည် စကြဝဠာအစွန်းသို့ ဝင်လိုက်လိုက်ချင်း  မီဖေးကုန်သွယ်ရေး အဖွဲ့မှ လူများ၏ အဝိုင်းခံရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း  မီဖေးကုန်သွယ်ရေး အဖွဲ့မှ လူတစ်ယောက်မျှပင် ပေါ်မလာပေ။ ထိုနှစ်များဆီက ကောင်းကင်ဘုံအလွန်မြို့လေးထံ အကူအညီ ပို့လွတ်ပေးဖို့ ကြာမြင့်နေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့အနေနှင့် သူ့ကို သေချာပေါက် လာရှာမည်မှန်း သိနေသည်။ အချိန်ကာလတစ်ခုမျှသာ ကြာမြင့်ပေလိမ့်မည်။ သို့သော်လည်း သူက လုံးဝ ကြောက်ရွံ့မနေပေ။ အကယ်၍ မီဖေးကုန်သွယ်ရေးအဖွဲ့က သူ့အား လာမရှာလျှင် သူက သွားရှာမည် ဖြစ်၏။

ယခု သူက စကြဝဠာအစွန်းသို့ ရောက်ရှိလာပြီ ဖြစ်ရာ သူ လုပ်ဖို့ လိုအပ်နေသည့်အရာများစွာ ရှိပေသည်။ အရင်ဦးစွာဖြင့် သူက နေထိုင်ဖို့ တည်းခိုဆောင်ကို ရှာဖွေရမည်။

“ သခင်ကြီး …. ဒီနေရာက အတော်လေး စည်ကားတာပဲ ” ရွိုက်ကောက  ဤနေရာ၏ သက်ဝင်လှုပ်ရှားမှုကို သတိပြုမိပြီး စိတ်လှုပ်ရှားလာမိသည်။ သူက မိုဝူကျိသည် “ မင်း စိတ်ကြိုက်သွားပြီး လေ့လာချည်” ဟု ပြောလာမည့်အရေးကို စောင့်ဆိုင်းနေလေ၏။ သို့သော်လည်း မိုဝူကျိက သူ့စကားကို အဖတ်ပင် မလုပ်ချေ။

“ မိတ်ဆွေက အိမ်တော်သခင် မိုဝူကျိ လားဗျ ” ဝတ်ရုံစိမ်းနှင့် လူလတ်အရွယ် အမျိုးသားကြီးက မိုဝူကျိရှေ့ ရောက်လာကာ လက်နှစ်ဖက် ယှက်၍ ပြောလိုက်သည်။

“ အဟုတ်ပဲ …” မိုဝူကျိက ထိုလူအား ကြည့်ကာ အေးအေးဆေးဆေး ပြန်ဖြေလိုက်လေ၏။ သူ့စိတ်ထဲ၌ ဤလူမှာ ကောင်းကင်ဘုံအလွန်မြို့ကလားဟု တွေးမိသွားသည်။

ထိုလူလတ်အရွယ် အမျိုးသားမျက်နှာထက်၌ စိတ်အားထက်သန်သည့် အမူအယာ ပေါ်လာပြီး  “ တကယ့်ကို ကောင်းတယ်။ ကျုပ်က မီဖေးကုန်သွယ်ရေး အဖွဲ့ရဲ့ တာဝန်ခံပါ။ ကျုပ်တို့ အဖွဲ့ ဒုခေါင်းဆောင်က အိမ်တော်သခင်ကို ဧည့်သည်တော်အဖြစ် ဖိတ်ကြားလိုက်လို့ပါ ”

မိုဝူကျိက နှာခေါင်းရှုံ့ကာ  “ ခင်ဗျားတို့ မီဖေးကုန်သွယ်ရေး အိမ်တော်က ဘာလို့ထင်နေတာလဲ။ ကျုပ်ကို ဖိတ်ကြားခွင့် ရှိတယ်လား ”

လူလတ်အရွယ် အမျိုးသား၏ အမူအယာမှာ ချက်ချင်းတောင့်တင်းသွားလေသည်။ သူက အသိပြန်ဝင်လာသည့်အချိန်၌ မိုဝူကျိက ထွက်သွားပြီးလေပြီ။ သူက မိုဝူကျိ၏ ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်ကာ နှာခေါင်းရှုံ့ကာ သရော်မိလိုက်သည်။

 အကယ်၍ မီဖေးကုန်သွယ်ရေး အဖွဲ့ရဲ့  အင်မော်တယ် ဧကရာဇ် အများစုက   စကြဝဠာအစွန်းမှာ  ရှိမနေတဲ့  အချက်ကြောင့်သာ မဟုတ်ရင် မင်းလိုမျိုး ပါးမွှားလေးက ဒီနေရာမှာ လမ်းလျှောက်နေဖို့ အခွင့်အရေး ရှိမယ် ထင်နေလား ….

မင်း  မိုဝူကျိက အထက်စီးဆန်နေလျှင်ပင် မီဖေးကုန်သည်အိမ်တော်ကို လုယက်သည့်အတွက် ပြန်လည် ပေးဆပ်ရမည်။

အမွေးတိုင်တစ်ဝက်စာကြာပြီးနောက် မိုဝူကျိက အဆင့်မြင့်မြင့် အင်မော်တယ် တည်းခိုဆောင်၌ ရပ်လိုက်သည်။ ထိုအရာမှာ တာအိုသောတ အိမ်တော်ဟု ခေါ်ဆိုပေသည်။

သူက ဤတည်းခိုဆောင်၌ ယာယီနေထိုင်ဖို့ရာ ဆုံးဖြတ်လိုက်သည်။ မိုဝူကျိက တည်းခိုဆောင်ထဲ ဝင်လိုက်သည်နှင့် ဆွဲဆောင်မှုရှိရှိ အမျိုးသမီး ပုံရိပ်ဝါးဝါးလေးကို တည်းခိုဆောင်ရှေ့ရှိ ပြသရေး ပိတ်ကားချပ်၌ ပြသထားကြောင်း တွေ့လိုက်ရသည်။

ထိုပုံရိပ်အောက်၌ မိတ်ဆက်ထားသည့် အကြောင်းအရာတချို့ ပါရှိပေသည်

“ ထိပ်တန်းအဆင့် အင်မော်တယ်ကျွန်၊ လှပကြော့ရှင်းသော သွင်ပြင်လေး ရှိပြီးတော့ ယင်မီးဖိုအတွက် ပြီးပြည့်စုံတဲ့ ရွေးချယ်မှုလေး ဖြစ်စေမှာပါ ….. တကယ်လို့ ပိုင်ဆိုင်ဖို့ စိတ်ဝင်စားရင် ဒီနေ့ည ကောင်းကင်ကမ္ဘာလေလံပွဲကို တက်ရောက်လိုက်ပါ …. ”

မိုဝူကျိက ရပ်တန့်လိုက်သည်။ သူ့စိတ်ထဲ၌ အကြောက်တရားတချို့ ကြီးစိုးလာလေ၏။ ဤအမျိုးသမီး၏ ပုံစံကို အရမ်းရင်းနှီးနေကြောင်း ခံစားမိနေသည်။ ထိုစဉ် သူ့လက်များပင် တုန်ယင်လာမိ၏။ သူက ဤပုံရိပ်လေးမှာ ချိန်စုယင် ဖြစ်နေမည်ကို စိုးရိမ်မိလာသည်။

ချိန်စုယင်၏  ပြိုင်ဖက်ကင်း အလှတရားဖြင့် အင်မော်တယ်ကျွန်အဖြစ် ဖမ်းပြီး ရောင်းချခံနေရသည်မှာ မထူးဆန်းလှပေ။

မိုဝူကျိက ထိုအရာကို အတည်ပြုတော့မည့်ဆဲဆဲတွင် ပုံရိပ်လေးကား ပြောင်းလဲသွားလေ၏။ ယခု ထိုအရာမှာ စာလိပ်ပုံစံ ဖြစ်ပြီး စာလိပ်အောက်တွင် “ ထိပ်တန်းအဆင့် ရေလွတ်မြောက်ရေး နည်းစနစ် … တကယ်လို့ ဒီနည်းစနစ်ကိုသာ လိုချင်ရင်တော့  …. ”

“ ဒီက စီနီယာက နေစရာနေရာ ရှာနေတာလားဗျ ” ထိုစဉ် မိုဝူကျိရှေ့ ဇဝနဉာဏ်ရွင်သည့် အကူတစ်ယောက် ပေါ်လာကာ လေးလေးစားစား မေးလိုက်သည်။

“ ဟုတ်တယ် ” မိုဝူကျိက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရသည်။ သူက သာမာန်အင်မော်တယ် ဧကရာဇ်များကို လျစ်လျူရှုထားနိုင်သော်လည်း စကြဝဠာအစွန်းတစ်ခုလုံးကို စိမ်ခေါ်နိုင်သည့် အင်အား မရှိသေးပေ။ သူက မည်မျှ ဒေါသထွက်ပြီး စိုးရိမ်နေစေကာမူ ချိုးနှိမ်ထားရုံသာ တတ်နိုင်ပေ၏။ ထို့အပြင် ထိုပုံရိပ်လေးမှာ ဝေဝါးနေသောကြောင့် ချိန်စုယင် ဖြစ်ကြောင်း အတည်မပြုလိုက်နိုင်ပေ။

အကယ်၍ ချိန်စုယင် ဖြစ်နေလျှင် သူက တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ ပို၍ လိုအပ်သေး၏။ မဟုတ်လျှင် သူမကို မကယ်နိုင်ရုံသာမက သူကိုယ်သူလည်း ကပ်ဘေးခေါ်ဆောင်လာသလို ဖြစ်နေလိမ့်မည်။ စကြဝဠာအစွန်း၌ အင်အားစုများစွာ ရှိနေသော်လည်း လေလံပွဲကို လူသိရှင်ကြား နှောင့်ယှက်လိုက်ပါက သေချာပေါက် အဝိုင်းခံရမည် ဖြစ်ပေသည်။

မိုဝူကျိက နေစရာရှာနေကြောင်း ကြားသောအခါ အကူလေးက ချက်ချင်း စိတ်ဓာတ်တက်ကြွလာကာ  “ စီနီယာက မှန်မှန်ကန်ကန် ရွေးချယ်ခဲ့တာပဲ။ ကျုပ်တို့ တာအိုသောတအိမ်တော်က စကြဝဠာအစွန်းတစ်ခုလုံးမှာ နံပါတ်တစ် တည်းခိုဆောင်ပဲ … ”

“ အတော်လေး ကျယ်တဲ့ အခန်းကို လိုချင်တယ်။ ပြီးတော့ စကြဝဠာအစွန်းအကြောင်း မိတ်ဆက်ကျောက်စိမ်းပြားကိုလည်း ပို့ပေးပါ။ ဒါနဲ့  … ဒီနေ့ ကောင်းကင်ကမ္ဘာ လေလံပွဲရဲ့ လက်မှတ်လည်း လိုချင်တယ် ” မိုဝူကျိက အကူလေး စကားကို ဖြတ်ပြောလိုက်သည်။

အကူလေးက မိုဝူကျိ စကားများကို ကြားသောအခါ အမူအယာ ပျက်ယွင်းသွားလေ၏။ အကူလေးက ပြန်လည် တုံ့ပြန်လိုက်သည်

“ စီနီယာ အဲဒီမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတာဆိုတော့ ကောင်းကင်ကမ္ဘာ လေလံပွဲ လက်မှတ်ကို ရဖို့ အရမ်းခက်တယ်။ သာမာန် ထိုင်ခုံအတွက် လက်မှတ်ကတောင် အစိမ်းရောင်ကျောက် ၅၀၀ လောက် လိုတယ် …. ”

***

All Chapters