← Chapters

ဒီငတုံးက ဘယ်က ရောက်လာတာလဲ

Vol. 56 Ch. 781

ဒီငတုံးက ဘယ်က ရောက်လာတာလဲ

Vol. 56 Ch. 781

မိုဝူကျိက စိတ်ထဲ လေးလံသွားလေ၏။ လျို့ဝှက် ဝိညာဉ်ကြောမှာ လူတစ်ယောက်၏ တစ်သက်တာလုံး၌ ပေါ်မလာတာမျိုး ဖြစ်နိုင်ပေသည်။ အကယ်၍ ပေါ်လာခဲ့လျှင်လည်း ထိုလူကို သေချာပေါက် လူသုံးကုန်အဖြစ် သတ်မှတ်ခံရလေ၏။

လျို့ဝှက် ဝိညာဉ်ကြောမှာ အပိုင်ယူဖို့ရာ အကောင်းဆုံး ပစ်မှတ်တစ်ခု ဖြစ်ပြီး အကောင်းဆုံး မီးပြင်းဖို ဖြစ်လာလိမ့်မည်။ လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြောအမျိုးအစားမှာ ကျင့်ကြံရေး  လမ်းလွဲဖောက်ပြန်မှုအား ထိန်းချုပ်ပေးနိုင်စွမ်း ရှိ၏။

ကျင့်ကြံခြင်း ဖောက်ပြန်မှုမှာ တွေ့လေ့ရှိသော ပုံမှန်ဖြစ်ရပ်မျိုး ဖြစ်ကာ အထူးသဖြင့် လျို့ဝှက်ပညာရပ်များ ကျင့်ကြံရာ၌ ဖြစ်လေ့ ရှိသည်။ ကျင့်ကြံရေး ဖောက်ပြန်နေစဉ်အတွင်း ဝိညာဉ်လမ်းကြောင်းနှင့် သွေးကြောများ ပေါက်ကွဲနိုင်ပေသည်။ သို့သော် လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြော ပိုင်ရှင်များက ထိုပြဿနာကို အပြည့်အဝ ပြေလည်နိုင်စွမ်း ရှိနေသည်။

သို့သော် လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြောပိုင်ရှင်က ရေသဘာဝ ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်သည်နှင့် သူ့လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြော၏ တန်ဖိုးမှာ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်ပေသည်။ ထိုလူ၏ ယခင်ဝိညာဉ်ကြောက မည်သို့ပင် ဖြစ်နေစေကာမူ လုံးဝ ပျောက်ပျက်သွားလိမ့်မည်။ တစ်ချိန်တည်းဆိုသလို ထိုလျို့ဝှက် ဝိညာဉ်‌ကြောက ပင်မ ဝိညာဉ်ကြော ဖြစ်လာပြီး ထိုဝိညာဉ်ကြော၏ အရည်အသွေးမှာလည်း ပို၍ သန့်စင်လာလိမ့်မည်။

ထို့ကြောင့် တစ်ယောက်ယောက်က လျို့ဝှက် ဝိညာဉ်ကြော ရှိကြောင်း သိသည်နှင့် ကျင့်စဉ်များကို လျို့ဝှက် ဝိညာဉ်ကြောနှင့် သက်ဆိုင်သည့် သဘာဝ အမျိုးအစားကိုသာ ရွေးချယ်၍ လေ့ကျင့်ကြတော့သည်။ သူ့ကျင့်ကြံရေးမှာ အထောက်အကူပြုရုံသာမက ကိုယ့်ဘာသာ ထိန်းသိမ်းနိုင်အောင်လည်း ကူညီပေး၏။ ကျင့်ကြံလိုက်သည်နှင့် လျို့ဝှက် ဝိညာဉ်ကြောမှာ လျို့ဝှက်ချက်အဖြစ် မကျန်ရှိတော့ပေ။

ယီလော့အာက ပြုံးလိုက်ရင်း

“ အားလုံးလည်း လျို့ဝှက်ဝိညာဉ်ကြောရဲ့ တန်ဖိုးကို ကောင်းကောင်း သိလိမ့်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ရေဓာတ် ဝိညာဉ်ကြောပိုင်ရှင်တွေကိုပေါ့ ….  ဒီ အင်မော်တယ်ကျွန်ရဲ့ လျို့ဝှက်ဝိညာဉ်ကြောက ပေါ်လာတာနဲ့ သူမက သိသွားပါလိမ့်မယ်။ ယခုအထိတော့ သူမက မကျင့်ကြံနိုင်သေးပါဘူး ”

ယီလော့အာက ပြောနေရင်း သူမရှေ့ စင်မြင့်ထက်၌ ဖြတ်ခနဲ လင်းသွားပြီး ဝတ်စုံပြာနှင့် မိန်းကလေး တစ်ဦး ရောက်ရှိလာသည်။ အားလုံးက ထိုမိန်းကလေးကို ကြည့်လိုက်ပြီး အားလုံးက ထိုမိန်းကလေးမှာ ယီလော့အာ ပြောသည့် အင်မော်တယ်ကျွန် ဖြစ်လိမ့်မည်ဟု သိလိုက်ကြသည်။

“ ကြမ်းခင်းဈေးကတော့ အစိမ်းရောင်ကျောက် တစ်သိန်းပါ။ တစ်ခါတိုးတိုင်း အနည်းဆုံး တစ်သောင်းပါ။ လေလံစလို့ ရပါပြီရှင် ” ယီလော့အာက တဖန် ပြောလိုက်သည်။

မိုဝူကျိက ထိုအင်မော်တယ်ကျွန်လေးကို မြင်လိုက်သည်နှင့် ချိန်စုယင် မဟုတ်ကြောင်း သိလိုက်မိသည်။ ထိုသို့ဆိုလျှင်ပင် မိုဝူကျိက သက်ပြင်းအရှည်ကြီး ချမိသွားလေ၏။ သူက ထိုအမျိုးသမီးကို မှတ်မိပေသည်။

မိုဝူကျိက ထိုအမျိုးသမီး၏ နာမည်မှာ ယန်ယွဲ့ရုန် ဖြစ်ကြောင်း အမှတ်ရလိုက်သည်။ သူမက ဖြူစင်ရိုးသားသော မိန်းကလေး တစ်ဦး ဖြစ်ပြီး သူမနောက်တွင် အမြဲလိုက်ပါနေတတ်သည့် ရှောင်ရှောင်ယုဆိုသည့် မိန်းကလေးလည်း ရှိနေသေး၏။ ရှောင်ရှောင်ယုမှာလည်း ကြင်နာတတ်သော မိန်းကလေး ဖြစ်ပေသည်။ သူက တာ့ဟွမ်အမည်ရှိ သာမာန်လူတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့စဉ်က ရှောင်ရှောင်ယုက သူ၏ အင်မော်တယ်ဘုရင် ဆေးလုံးကို လုယူဖို့ရာလည်း မကြိုးစားခဲ့ပေ။

တစ်ဖက်တွင် ယန်ယွဲ့ရုန်က သေမျိုးများကို ကယ်တင်ပေးရန် ကြိုးစားပေးခဲ့ဖူးသည်။

မိုဝူကျိက ယန်ယွဲ့ရုန်နှင့် ရှောင်ရှောင်ယုတို့အပေါ် အမြင်ကောင်းကောင်း ရှိပြီး မိတ်ဆွေအဖြစ် သတ်မှတ်ထားလေ၏။ ယန်ယွဲ့ရုန် ကြင်နာမှု တစ်ခုတည်းကပင် သူ့အကူအညီ ပေးဖို့ရာ လုံလောက်နေလေပြီ။ သူက အစိမ်းရောင်ကျောက်များ ပြတ်လပ်သွားလျှင် နောက်ထပ် နည်းလမ်း ရှာနိုင်သေးသည်။ သို့သော် လူတစ်ယောက် ကွယ်ပျောက်သွားပါက ထာဝရ ပျောက်ကွယ်သွားပေလိမ့်မည်။

ယန်ယွဲ့ရုန်၏ အမူအယာမှာ ဖြူဖျော့ပြီး စိတ်နှင့်ကိုယ်နှင့် ကပ်ဟန် မပေါ်ပေ။ သူမ ဝိညာဉ် ပျောက်ကွယ်တော့မည့်အလား ပုံစံ ပေါက်နေလေ၏။ မိုဝူကျိက သူ့အနေနှင့် ယန်ယွဲ့ရုန်ကို ကယ်တင်လိုက်လျှင်ပင် ရိုးသားဖြူစင်လှသော မိန်းကလေးက ဘယ်သောအခါမှ ပြန်ရောက်လာမည် မဟုတ်ကြောင်း ကောင်းကောင်း သိထားသည်။

သူက တရားသူတော်စင်ကျောင်းမှ စုရှီကိုပင် ပြန်လည် အမှတ်ရသွားလေ၏။ သူက စုရှီ၏ ပြောင်းလဲမှုကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လာရသူ ဖြစ်ရာ ဇာတ်တူသား စားကြသည့် လောကကြီး၌ အဖိုးတန်လေးများက ဖြည်းဖြည်းချင်း ပျောက်ကွယ်နေရသည်။

အချိန်တိုလေးအတွင်း ယန်ယွဲ့ရုန်၏ တန်ဖိုးမှာ အစိမ်းရောင်ကျောက် သုံးသိန်းအထိ တိုးမြင့်သွားလေ၏။ လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြော၏ တန်ဖိုးမှာ တိုင်းတာလို့ မရပေ။ ယန်ယွဲ့ရုန်က မည်မျှ လှပနေသည့် အကြောင်းကို ထည့်ပြောဖို့ မလိုပေ။ သူမကို မီးပြင်းဖိုအဖြစ် အသုံးပြုလျှင်ပင် အတော်လေး တန်ဖိုးရှိမည် ဖြစ်၏။

“ ဒီဧကရာဇ်က အစိမ်းရောင်ကျောက် လေးသိန်း ပေးမယ် ” အေးစက်စက် အသံတစ်သံက လေလံအခန်းငယ်လေးအတွင်းမှ ထွက်ပေါ်လာသည်။ အသံမျှသာ ဖြစ်သော်လည်း လေလံပွဲ၏ အပူချိန်က ရုတ်ချည်း ထိုးကျသွားလေ၏။

ထိုစဉ် လေလံဈေးနှုန်းမှာ ငြိမ်သွားလေ၏။ မည်သူကမှ ဆက်၍ တိုးမပေးရဲကြတော့ပေ။ မိုဝူကျိက ထိုအကြောင်းအရာနောက်၌ အကြောင်းအရင်းများစွာ ရှိမည်မှန်း သိပေသည်။ နံပါတ်တစ် အချက်အနေနှင့် အစိမ်းရောင်ကျောက် လေးသိန်းမှာ နည်းပါးသည့် ပမာဏ မဟုတ်ပေ။ ဒုတိယအချက်အနေနှင့် လူများစွာက ထိုလူအား ကြောက်ရွံ့ကြသည်။

ဤလေလံပွဲ၌ ပြသရေး ပိတ်ကားချပ်၌ လေလံဈေးနှုန်း ပေါ်လာစေဖို့ရာ လေလံဆွဲ အပြားပေါ်၌  လေလံကြေးကို ချရေးလိုက်ရုံ ဖြစ်၏။

သို့သော်လည်း ဤလူက လူသိရှင်ကြား ကြေညာနေပေသည်။ သူက တခြားလူများကို သူနှင့် လိုက်မပြိုင်ရန် ပြောနေခြင်းသာ ဖြစ်မှန်း သိသာလှသည်။

မိုဝူကျိမှ လွဲ၍ လေလံပွဲရှိ လူတိုင်းမှာ ထိုအေးစက်စက် အသံပိုင်ရှင် လန်ရန်ကို သိကြသည်။ ထိုသူမှာ ဟဲရှီးအဖွဲ့၏ ဒုခေါင်းဆောင် ဖြစ်ပေသည်။

ဤလူက သတ်ဖြတ်ခြင်းများနှင့် ထုံထိုင်းနေသူ တစ်ဦး ဖြစ်၏။ သူက အခြားလူများ၏ အသက်ကို မျက်လုံးထဲ မထည့်ပေ။ ထို့အပြင် သူ့ဟဲရှီးအဖွဲ့မှာ သွေးပေါ် တည်ဆောက်ထားသော ဂုဏ်သတင်းမျိုးဖြင့် ကျော်ကြားလေသည်။

အားလုံးက လန်ရန်သည် ထိုအင်မော်တယ် ကျွန်လေးကို အဘယ်ကြောင့် ကြေးမြင့်မြင့် ပေးဝယ်ကြောင်း သိကြ၏။ ထိုအရာမှာ လန်ရန်က ကြေကွဲမြို့ဟောင်း၌ ဒဏ်ရာအပြင်းအထန် ရလာပြီး သူ့ဝိညာဉ်ကြောမှာ အတော်လေး ခိုက်မိသွားပေသည်။ သူက ဤကျွန်ကို ဝယ်ယူသည့် ရည်ရွယ်ချက်တစ်ခုသာ ရှိ၏။

ဤသို့မျိုး ရက်စက်သည့်သူနှင့် ရင်ဆိုင်တွေ့သည့်အခါ မည်သူကမှ ဆက်လက်၍ လေလံမဆွဲရဲကြတော့ပေ။ လေလံဆွဲလိုက်ပါက ဤလူကို သွားရန် ရန်စသလို ဖြစ်နေပေလိမ့်မည်။ ဤသည်မှာ လေလံပွဲ ဖြစ်သော်လည်း မည်သူမှ ဟဲရှီး၏ လန်ရန်ကို ရန်မစလိုကြပေ။

မိုဝူကျိက တွေဝေမနေဘဲ “ အစိမ်းရောင်ကျောက် လေးသိန်းခွဲ” ဟု ချရေးလိုက်သည်။ သူက လန်ရန်ကို မသိပေ။ သူ သိသည်က ဆက်လက်၍ လေလံဆွဲရမည်သာ ဖြစ်၏။

ယီလော့အာ၏ အသံက တဖန် ထွက်ပေါ်လာကာ  “ အခန်းငယ် ၂၉ က အစိမ်းရောင်ကျောက် လေးသိန်းနဲ့ တစ်ခါ ….”

မိုဝူကျိက ထိတ်လန့်သွားလေ၏။

 တစ်ခုခု မှားယွင်းနေလေပြီ…..

သူက လေးသိန်းခွဲ ပေးခဲ့သော်လည်း ပိတ်ကားချပ်၌ ဘာလို့ ပေါ်မလာရတာလဲ …..

သူ့ လေလံဆွဲ အပြားက ပျက်စီးနေတာလား ….

သို့သော်လည်း မိုဝူကျိက ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။ ထိုအရာမှာ လျှပ်စီးပစ္စည်း မဟုတ်၍ အကြောင်းအရင်းမရှိဘဲ ပျက်စီးသွားမည် မဟုတ်ပေ။

“ လေးသိန်း နှစ်ခါ ...”

မိုဝူကျိက သူ့လေလံဈေးနှုန်းကို အော်ပြောတော့မည့်ဆဲဆဲ ပိတ်ကားချပ်၌ လေလံဈေးနှုန်းမှာ ပြောင်းလဲသွားပြီး  လေးသိန်းမှ လေးသိန်း နှစ်သောင်း ဖြစ်သွားသည်။

မိုဝူကျိက မျက်မှောင်ကျုတ်လိုက်သည်။ ထိုလေလံဈေးမှာ သူ့ဈေး မဟုတ်ကြောင်း  သိလိုက်သည်။

လေလံဈေးနှုန်း အသစ် ပေါ်လာသည်နှင့် ယီလော့အာက ချက်ချင်းပြောလိုက်သည်  “ တစ်ယောက်က အစိမ်းရောင်ကျောက် လေးသိန်း နှစ်သောင်း ပေးလိုက်ပါပြီ။ ထပ်တိုးပေးမဲ့သူ မရှီတော့ရင် ….. ”

“ ခဏ … ငါ လန်ရန်ကို ဘယ်သူက ဆန့်ကျင်ရဲတာလဲ ” အခန်းငယ် ၂၉ မှ အေးစက်စက် အသံတစ်သံ ထွက်လာပြန်သည်။

ပျင်းတိပျင်းရွဲအသံကိုလည်း ကြားလိုက်ရလေ၏  “ ဒီအုပ်စိုးသူ နာမည်က ဝူလီပဲ …. မင်း တိုက်ချင်တယ်ဆိုရင် လာခဲ့စမ်းပါ ”

မိုဝူကျိအား ထိတ်လန့်သွားစေသည်က လန်ရန်သည် စကားတစ်ခွန်းပင် ပြန်ခံ မပြောရဲတော့သည့် အကြောင်း ဖြစ်ပေသည်။ မိုဝူကျိ စိတ်ထဲ၌ မကျေမနပ် ဖြစ်မိသွားသည်။ ဤလူက လေလုံးကြီးနေခြင်းသာ ဖြစ်ပေသည်။

“ လေးသိန်းနှစ်သောင်း တစ်ကြိမ် …”

ယီလော့အာက နောက်တစ်ကြိမ် ထပ်မအော်ခင် မိုဝူကျိက “ လေးသိန်းခွဲ” ဟု ထပ်မံ ရေးချလိုက်ပြန်သည်။

သူ့အား စိတ်တိုစေသည်က သူ့လေလံဈေးနှုန်းမှာ ပိတ်ကားချပ်၌ ယခုအထိ ပေါ်မလာခြင်း ဖြစ်၏။ မိုဝူကျိက ကိစ္စအမျိုးမိုး ကြုံတွေ့ဖူးလေရာ ဤလေလံပွဲက တစ်ခုခု စီစဉ်ထားခြင်း မခန့်မှန်းမိသေးလျှင် သူက အရူးသာ ဖြစ်ပေတော့မည်။ ဤလေလံအိမ်တော်က လန်ရန်နှင့် ဝူလီတို့အား ကြောက်ရွံ့နေသည်မှာ သိသာလှသည်။ ထိုနှစ်ယောက် လေလံဆွဲလိုက်သည်နှင့် တခြားသူများကို လေလံမဆွဲနိုင်အောင် ကာဆီးထားလေ၏။

မိုဝူကျိ စိတ်ထဲ ဒေါသထွက်လာမိသည်။

ဤလူများက လေလံပွဲကို ဤသို့သတ္တိမျိုးဖြင့် ကျင်းပနေသည်လား ….

“ လေးသိန်း နှစ်သောင်း နှစ်ကြိမ် ….”

“ အစိမ်းရောင်ကျောက် လေးသိန်းခွဲ ” မိုဝူကျိက ယီလော့အာ၏ စကားကို ဖြတ်ပြောပြီး သူ့လေလံဈေးနှုန်းကို ကျယ်ကျယ်လောင်လောင် ကြေညာလိုက်သည်။ သူ့အသံမှာ လန်ရန်ကဲ့သို့ အေးစက်မနေသော်လည်း လေလံပွဲတစ်ခုလုံး သေချာကြားရပေသည်။

လူအုပ်ကြီးက တိတ်ဆိတ်သွားလေ၏။ ဝူလီကို မည်သူက မသိဘဲ နေမည်နည်း။ ဝူလီက နတ်ဘုရားမျိုးနွယ်စု၏ ပါရမီရှင် ဖြစ်ပြီး စကြဝဠာအစွန်း၌ ရန်စမရသော တည်ရှိမှုမျိုး ဖြစ်ပေသည်။

ဟဲရှီး၏ လန်ရန်ကဲ့သို့ လူမျိုးပင် ဝူလီအား ရန်မစရဲပေ။ သို့သော် ယခုတွင် ထိုကောင်လေးက လေလံအခန်းငယ်ပင် မရှိဘဲဖြင့် လေလံဈေးမြင့်ပေးနေသည်။

 ဤသည်က သေချင်နေခြင်း မဟုတ်လျှင် ဘယ်အရာက ဖြစ်မည်နည်း။

ဝူလီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက ဘာမှမပြောနိုင်ခင် မိုဝူကျိက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်  “ လေလံအိမ်တော်ကို တစ်ခုလောက် မေးပါရစေ … ကျုပ် လေလံဆွဲအပြားက ဘာလို့ ကျုပ်ရဲ့ ဈေးနှုန်းကို မဖော်ပြပေးတာလဲ။ လေလံအိမ်တော်က ကျုပ်ရဲ့ ဈေးနှုန်းကို ထုတ်ပြောရအောင်အထိ ဘာလို့ ဖိအားပေးရတာလဲ ”

ယီလော့အာပင် မိုဝူကျိကြောင့် အထိတ်တလန့် ဖြစ်သွားလေ၏။

 ဤလူက ဘယ်နေရာက ရောက်လာတာလဲ …. သူက နတ်ဘုရား မျိုးနွယ်၏ ဝူလီကိုပင် ဆန့်ကျင်ရဲသည်လား ….

“ ဒါက ဘာသဘောလဲ။ ကျုပ် အစိမ်းရောင်ကျောက်တွေက အတုတွေလား။ ဘယ်သူမှတောင် မဖြေကြပါ့လား။ ကျုပ်က လေလံဆွဲလိုက်ပေမဲ့ ဘာလို့ ပိတ်ကားချပ်မှာ ပေါ်မလာရတာလဲ ” မိုဝူကျိ အသံမှာ ခက်ထန်နေလေ၏။ သူက ဝူလီ၏ အေးစက်စက် သရော်သံကိုပင် အသိမှတ်မပြုပေ။

သူက မီဖေးကုန်သွယ်ရေး အဖွဲ့ကို ရန်စထားပြီးပြီ ဖြစ်ရာနောက်ထပ် အင်အားစုကို ရန်စခြင်းက ထပ်၍ ဆိုးရွားနိုင်တော့မည် မဟုတ်ပေ။

“ အာ …” ယီလော့အာက နောက်ဆုံးတွင် အသိပြန်ဝင်လာလေ၏  “ ဒါက စနစ်နဲ့ ပတ်သတ်ပြီးတော့ ယာယီပြဿနာလေး ပေါ်လာလို့ နေမှာပါ။ လေလံဆွဲလို့ ရပါတယ်ရှင် ”

လက်တွေ့၌ မိုဝူကျိက ပိတ်ကားချပ်၌ သူ့လေလံဈေးနှုန်း လေးသိန်းခွဲ ပေါ်လာစေဖို့ရာ ထပ်၍ လေလံဆွဲစရာ မလိုလိုက်ပေ။

မိုဝူကျိက ထိုအရာမှာ သူ့ရှေ့ထွက်၍ ပြောလိုက်သောကြောင့် ဖြစ်မည်မှန်း သိပေသည်။ ထို့ကြောင့် လေလံအိမ်တော်က ဤကိစ္စရပ်ကို တားဆီးမထားရဲတော့ပေ။

“ လေးသိန်း ခြောက်သောင်း ” ပိတ်ကားချပ်ပေါ်မှ ဈေးနှုန်းမှာ ပြောင်းသွားသည်နှင့် ဝူလီ အသံက ထပ်မံ ထွက်ပေါ်လာသည်  “ စောစောက လေလံဆွဲသွားတဲ့ ကောင်လေး … မင်းက တော်တော် သတ္တိကောင်းနေတာပဲ ”

မိုဝူကျိက ဝူလီကို ဘာကြောင့် ဂရုစိုက်နေရမည်နည်း။ သူက အစိမ်းရောင်ကျောက် ငါးသိန်းအထိ တိုးပေးလိုက်သည်။ တစ်ချိန်တည်းဆိုသလို မိုဝူကျိက ဤကောင်းကင်ကမ္ဘာ လေလံပွဲကြောင့် ပြောစရာပင် ရှာမတွေ့တော့ပေ။ သူတို့က အလုပ်ကို ဆိုးဆိုးရွားရွား လုပ်နေကြသည်။ အကယ်၍ ဤလေလံပွဲ၌ ရတနာကောင်းကောင်းသာ ပေါ်မလာပါက မိုဝူကျိက ဤမျှ လူများမည် မဟုတ်ကြောင်း မှန်းဆမိလိုက်သည်။

“ ကောင်းတယ် …. သတ္တိရှိပြီး ချမ်းသာတယ် ” ဝူလီ၏ လေသံက လန်ရန်ကဲ့သို့ အေးစက်စက် ဖြစ်လာသည်။ သို့သော်လည်း သူက ဆက်၍ လေလံမဆွဲတော့ပေ။

သူက နတ်ဘုရားမျိုးနွယ်၏ ဂုဏ်ယူဖွယ် မျိုးဆက်တစ်‌ယောက် ဖြစ်ပြီး စကြဝဠာအစွန်း၌ ထင်ရှားကျော်ကြားသောသူ ဖြစ်သော်လည်း အစိမ်းရောင်ကျောက်များစွာ ထုတ်သုံးဖို့ရာ ခေါင်းကိုက်စရာ ဖြစ်နေသေး၏။

သူက ယန်ယွဲ့ရုန်ကို လိုချင်သည့်အကြောင်းအရင်းမှာ သူမ၏ လျို့ဝှက်ဝိညာဉ်ကြောကြောင့် ဖြစ်၏။ အကယ်၍ သူသာ ဤဝိညာဉ်ကြောကို ဝါးမျိုပစ်နိုင်လျှင် သက်ရောက်မှုမှာ ရှန်းထျန်း ဝိညာဉ်ကြောကို ဝါးမျိုပစ်သည့်ထက် မလျော့နည်းနိုင်ပေ။ အကယ်၍ လေလံပွဲ စည်းမျည်းများကြောင့်သာ မဟုတ်လျှင် သူက သူ့အဆင့်အတန်းကို သုံး၍ တခြားသူများကို လေလံမဆွဲနိုင်အောင် တားဆီးလိုက်မည်သာ ဖြစ်၏။

“ ငါးသိန်း တစ်ကြိမ် …. ငါးသိန်း နှစ်ကြိမ် ….”

ယီလော့အာ၏ လေသံပင် တုန်တုန်ယင်ယင် ဖြစ်လာသည်။ ဝူလီက ဒေါသထွက်ကာ လေလံအိမ်တော်ကို ဇောက်ထိုးမိုးမျှော် လုပ်ပစ်မည်ကို စိုးရိမ်မိလာသည်။ အကယ်၍ ဤသို့သာ ဖြစ်လာလျှင် သူတို့အနေနှင့် ဇာတ်သိမ်းသွားလိမ့်မည်။

ကံကောင်းလှစွာ သူမ၏ စိုးရိမ်မှုများက ဖြစ်မလာခဲ့ပေ။ သူမက တုန်တုန်ယင်ယင်ဖြင့် နောက်ဆုံးကြေညာလိုက်သည်  “ ငါးသိန်း သုံးကြိမ် ….ဒီ အင်မော်တယ်ကျွန်လေးကို ရရှိသွားတဲ့  ၂၈ တန်းမြောက်က နံပါတ် ၁၃၆ ကို ဂုဏ်ပြုပါတယ်ရှင် …”

အမူအယာ ကင်းမဲ့နေသည့် ယန်ယွဲ့ရုန်ကို မိုဝူကျိ ဘေး ခေါ်လာပေး၏။ မိုဝူကျိက အစိမ်းရောင်ကျောက် ငါးသိန်း ထည့်ထားသော သိုလှောင်အိတ်ကို ပေးလိုက်သည်။

လူအုပ်ကြား ဆွေးနွေးမှု မရှိသော်လည်း မိုဝူကျိက စိတ်စွမ်းအားများစွာက စစ်ဆေးကြည့်နေကြောင်း ခံစားမိ၏။ ထိုမျှတင် မကသေးဘဲ အကြည့်များစွာကလည်း မိုဝူကျိဆီ ကျရောက်နေသည်။

အားလုံးက ဤငတုံး ဘယ်နေရာမှ ပေါ်လာသည်ကို သိချင်နေကြသည်။

***

All Chapters