အခန်း(၅၇၁) စားချင်စိတ်
Vol. 41 Ch. 571
အခန်း(၅၇၁) စားချင်စိတ်
ကျိုးကွေ့လိုင်နဲ့ ကျိုးရွှမ်တို့က သွက်လက်ပြီး တော်ကြသည်။ သို့သော်လည်း လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က တစ်ပတ်ကြာသောအခါ ဖုန်းဆက်ခဲ့ပြီး ဖက်ထုပ်ဆိုင်က ဖုန်းနံပါတ်ကို ရသွားခဲ့ပါသည်။
လင်းချင်းဟယ်က အချိန်ကိုကြည့်လိုက်ပြီး ဖုန်းဆက်လိုက်သည်။
"အမေ" ကျိုးကွေ့လိုင်၏ အသံက ဖုန်းထဲမှ ထွက်လာခဲ့သည်။
"ဘာကို အမေလဲ။ တခြားသူခေါ်တာဆို ဘယ်လိုလုပ်မလဲ" လင်းချင်းဟယ်က ရွှင်ပျစွာ ငေါက်လိုက်ပါသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဖုန်းဆက်တာ အဖေနဲ့ အမေပဲဖြစ်မှာပေါ့။ ဘယ်သူမှ ဒီဖုန်းနံပါတ်ကို မခေါ်ဖူးသေးဘူး" ကျိုးကွေ့လိုင်က ရယ်မောလိုက်ပါသည်။
"ဘယ်လောက် ကုန်သွားလဲ" လင်းချင်းဟယ်က မေးလိုက်၏။
"စုစုပေါင်း ယွမ် ၁,၄၀၀ ဝန်းကျင်လောက်ပဲ" ကျိုးကွေ့လိုင် နည်းနည်း ရင်နာသွားပါသည်။
"အဲ့လောက်တောင် စျေးကြီးတာလား" လင်းချင်းဟယ် မေးလိုက်သည်။
"အခုက အများကြီး စျေးနည်းသွားတာ။ အရင်တုန်းကဆို ယွမ် ၆,၀၀၀လောက် ရှိတယ်" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။
တကယ့် ငွေကုန်ပေါက်ပဲဖြစ်သည်။
လင်းချင်းဟယ်က သူမရင်ထဲတွင် ရေရွတ်လိုက်ပါသည်။ ထို့နောက် ညီအစ်ကိုနှစ်ယောက် အထည်ဆိုင်များကို ပြန်ပြုပြင်ထားသည့်အကြောင်းကို မေးလိုက်သည်။
"အမေ အဘွားနဲ့ တခြားသူတွေပြောတာကို နားမထောင်နဲ့နော်။ စီးပွားရေးက အခုအများကြီး ပိုအဆင်ပြေနေပြီ လစာကလည်း အရင်လတုန်းကဆို ယွမ် ၄,၀၀၀ နီးပါးလောက် အရောင်း ပိုတက်သွားတယ်" ကျိုးကွေ့လိုင်က နောက်ဆုံးစာကြောင်းကို တိုးတိုးလေး ပြောလိုက်ပါသည်။
လင်းချင်းဟယ် အံ့သြသွားပါသည်။ "အဲ့လောက်တောာင်လား"
"ဟုတ်တာပေါ့" ကျိုးကွေ့လိုင်က ဂုဏ်ယူစွာဖြင့် ပြောလိုက်ပါသည်။ "ရှော့ပင်းမောလ်ထဲမှာ မြင်ဖူးတယ်။ စျေးတွေကတော့ ကျွန်တော်တို့ထက် အများကြီး ပိုမြင့်တယ်။ အရည်အသွေးက ကျွန်တော်တို့လောက် မကောင်းဘူး။ စတိုင်တွေကလည်း ကျွန်တော်တို့ဆိုင်လောက် မဆန်းသစ်ဘူး။ အဲ့တာကြောင့် ကျွန်တော်ပြောပြလိုက်တော့ သူတို့ လျှော့စျေးပေးတာပဲ။"
"လူဆိုးကောင်လေး နင့်ဖာသာနင်တစ်ယောက်တည်း လျှောက်လုပ်မနေနဲ့။ တစ်ခုခု လုပ်စရာရှိရင် နင့်အစ်ကိုလတ်နဲ့ တိုင်ပင်ဦး” လင်းချင်းဟယ်က သူ့သား၏ ပါးနပ်မှုအတွက် ဂုဏ်ယူသော်လည်း ထိန်းထားရပါသည်။ ဒါမှ သူဘဝင်မြင့်မသွားမှာဖြစ်သည်။
"လျှောက်မလုပ်ပါဘူး။ ကျွန်တော် လုပ်သမျှ အကုန်လုံးကို အစ်ကိုလတ်နဲ့ အတည်ပေါက် ဆွေးနွေးတယ်။ ကတ်စတမ်မာတွေကလည်း ဆိုင်ရဲ့ ပန်ကာနှစ်လုံးကို ချီးကျူးနေကြတာ" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
လင်းချင်းဟယ် ပြုံးလိုက်၏။
"မင်းတစ်ယောက်တည်း ကောင်းကြောင်းပြောမနေနဲ့" ကျိုးရွှမ်က ဖုန်းကိုယူလိုက်ပြီး ပြောလိုက်သည်။ "အမေ ဘယ်လိုနေသေးလဲ။"
"ကောင်းပါတယ်။ နင့်အဖေရှိနေတာ ဘာဖြစ်နိုင်မှာ မို့လို့လဲ" လင်းချင်းဟယ်က ပြုံးလိုက်သည်။
"ကောင်းတာပေါ့။ အိမ်က ကိစ္စတွေကို စိတ်မပူပါနဲ့။ အားလုံး အဆင်ပြေပါတယ်" ကျိုးရွှမ်က အာမခံလိုက်ပါသည်။
လင်းချင်းဟယ်က သူတို့နှစ်ယောက်နဲ့ စကားအကြာကြီး ပြောပြီးမှ ဖုန်းချလိုက်ပါသည်။ သူတို့ ဖုန်းဘေလ် ၁၀ ယွမ်ကျော်လောက် သုံးလိုက်မိကြသည်။
ကျိုးချင်းပိုင်က ပြောလိုက်၏။ "ကိုယ်မနက်ဖြန် သွားပေးလိုက်မယ်။"
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။ ဖုန်းတစ်လုံး ရှိထားတာ တကယ်ပဲ ကောင်းမွန်သည်။ "အရင်တုန်းက ကျွန်မ စျေးကြီးလွန်းတယ်လို့ ထင်ထားတာ။ ပြီးတော့ မလိုဘူးလို့လည်း ထင်ထားတာ။ အခုတော့ တပ်ချင်ရင် တပ်လို့ရပြီ။ ဒါပေမယ့် ယွမ် ၄,၀၀၀ ကျော်ဆိုရင်တော့ စျေးကြီးလွန်းတယ်။"
ကျိုးချင်းပိုင်က နောက်နေ့ သူ့ဖုန်းနံပါတ်ကို သွားပေးခဲ့သည်။ အိမ်ရာမြေစီမံရေးဌာနက မှတ်ထားလိုက်ပါသည်။
မျက်စိတစ်မှိတ်အချိန်အတွင်း ဇွန်လထဲသို့ ဝင်ရောက်လာပြီဖြစ်သည်။
လင်းချင်းဟယ်၏ ဗိုက်က အခုအနည်းငယ် ထွက်လာပါပြီ။ ရေချိုးရင် အသိသာဆုံးဖြစ်သည်။ သို့သော်လည်း သာမန်အချိန်တွေမှာတော့ သိပ်ပြီး မသိသာသေးပါ။
ထို့ကြောင့် သူမ ကျိုးချင်းပိုင်နဲ့အတူ ကားလိုက်စီးပြီး အိမ်များကို လိုက်ကြည့်နိုင်ပါသေးသည်။
သို့သော်လည်း ဇွန်လမှာ စပူလာပြီဖြစ်သဖြင့် လင်းချင်းဟယ်တစ်ယောက် အပြင်သို့ အများကြီး မထွက်ချင်တော့ပါ။
ကျိုးချင်းပိုင်က သူတစ်ယောက်တည်းသာ ထွက်ဝယ်ခဲ့ပါသည်။
အဘွားကျန်းက ခရမ်းချဥ်သီးတစ်ခြင်း လက်ဆောင်လာပေးပြီး ပြောလိုက်သည်။ "လူလေးကျိုး ဘာတွေလုပ်နေတာလဲ။ သူ နေ့တိုင်း အပြင်ထွက်နေတာ သတိထားမိတယ်။"
"ဒီတိုင်း လျှောက်လည်နေတာပါ" လင်းချင်းဟယ်က ပြောလိုက်သည်။ သူမ ခရမ်းချဥ်သီးများကို ယူလိုက်ပြီး ရေဆေးကာ စားလိုက်သည်။ "ကောင်လေးကမ်းက စာမွေးပွဲရှိတယ်နော်။"
"စာမေးပွဲတွေ ဖြေပြီးသွားပါပြီ။ ရလဒ်က ၂ ရက်အတွင်း ထွက်လာတော့မှာ။ နောက်ထပ် စာမေးပွဲက ဖိုင်နယ်စာမေးပွဲပဲ" အဘွားကျန်းက ပြုံးလိုက်ပါသည်။
"သူက အများကြီး တိုးတက်လာပါတယ်။ အဆင့်တွေ အများကြီး တက်သွားမှာပါ" လင်းချင်းဟယ်က ပြောလိုက်သည်။
ကျန်းကမ်းက တခြားဘာသာရပ်တွေမှာလည်း သာမန်လောက်သာ ရှိမည်ဟု သူမ ထင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့အင်္ဂလိပ်စာက အလွန်ဆိုးရွားလွန်းသည် မဟုတ်ပါလား။ သို့သော်လည်း ဆန့်ကျင်ဘက်ဖြစ်နေကာ ကျန်းကမ်းက အင်္ဂလိပ်စာ တစ်ခုတည်းသာ ညံ့ပါသည်။ ကျန်ဘာသာရပ်များမှာတော့ အတန်းထဲက ထိပ်တန်းအဆင့် ၁၀ ထဲမှာ ပါသည်။
သူ့အင်္ဂလိပ်စာကြောင့် သူ့အင်္ဂလိပ်စာဆရာက အမြဲတမ်း စိတ်ပူနေရ၏။ ဘာကြောင့်မှန်းမသိဘဲ အင်္ဂလိပ်စာဆရာကို သူတို့ အထင်မှားနိုင်ကြသည်။
၂ ရက်ကြာသောအခါ ရလဒ်များ ထွက်လာခဲ့ပါသည်။ ကျန်းကမ်းက ထိပ်တန်း အယောက် ၁၀၀ ထဲတွင် ပါလာနိုင်ခဲ့ပါသည်။
သူ့အင်္ဂလိပ်စာမှာ အရင်တုန်းက သူ့ကို ဆွဲချခဲ့သည်။ အခုတော့ ၂၅ မှတ်ကြီးများတောင် တိုးတက်လာခဲ့ပါသည်။ ထိုအကြောင်းကြားသောအခါ လင်းချင်းဟယ်က မျက်စောင်းရွယ်ကာ ပြောလိုက်သည်။ "၂၅ မှတ်တည်း တိုးတက်လာတာလား။"
"အဲ့တာ မဆိုးပါဘူး" ကျန်းကမ်းက မာနကြီးသော်လည်း လင်းချင်းဟယ်ရှေ့မှာတော့ မာနမကြီးရဲပါ။ ခေါင်းကုတ်ရင်း တီးတိုးပြောလိုက်ပါသည်။
အရင်တုန်းက စာမေးပွဲမှာ ရမှတ် ၁၀ - ၂၀ ဝန်းကျင်လောက်သာရခဲ့သည်။ အခုတော့ ၄၅ မှတ် ရခဲ့ပါသည်။ အမှတ် ၂၅ မှတ်တောင် တိုးလာတာ မဟုတ်ပါလား။
"ဆက်ကြိုးစား၊ ဒါ မကောင်းသေးဘူး။ ငါ့သားတွေဆို အင်္ဂလိပ်စာမှာ အမြဲတမ်း ၉၀ အောက်မကျဘူး" လင်းချင်းဟယ်က ပြောလိုက်သည်။ "ငါ့နာမည် မပျက်စေနဲ့နော်။"
အဘွားကျန်းက ထိုစကားကြားသောအခါ ရယ်မောလိုက်ပါသည်။ ထို့နောက် သူမ၏ မြေးကို ကြည့်လိုက်၏။ "နင်ကြားလား။ နင့်ဒေါ်လေးလင်းရဲ့ နာမည်ကို မပျက်စီးစေနဲ့နော်။"
ကျန်းကမ်း၏ နှုတ်ခမ်းထောင့်များ တွန့်သွားပါသည်။
"ဒီနေ့စသင်လိုက်ရအောင်။ ငါ ခက်ခဲမှုကို ထပ်မြှင့်တော့မယ်။ အခြေခံ အမှတ်တွေလောက်ကတော့ ရဖို့ လွယ်တယ်။ အမှတ် ၅၀ - ၆၀ ဆိုတာလည်း လွယ်တုန်းပဲ။ အမှတ် ၇၀ - ၈၀ ရဖို့ကတော့ နောက်တစ်ဆင့် ရောက်သွားပြီ" လင်းချင်းဟယ်က ပြောပြလိုက်ပါသည်။
သူ့ကို အရင်တုန်းက တစ်ရက် ၁၀ လုံး ကျက်ဖို့ ပြောခဲ့သည်။ အခုလည်း တစ်ရက် ၁၀ လုံး ကျက်နေဆဲဖြစ်ပြီး ၅ လုံး တိုးသွားပါသည်။
သူမ၏ စာအကျဥ်း ၂ ပုဒ်ကို ပြန်နွှေးဖို့ ပြောလိုက်သည်။
"လုပ်နိုင်မလား" လင်းချင်းဟယ်က မေးလိုက်သည်။
"လုပ်နိုင်ပါတယ်" ရလဒ်ကောင်းကောင်း၏ အရသာကို ခံစားဖူးသွားပြီဖြစ်သော ကျန်းကမ်းက ခေါင်းငြိမ့်လိုက်ပါသည်။
သူ့အင်္ဂလိပ်စာသာ အမှတ် ၆၀ ကျော်ထက် ရောက်နိုင်ပါက ကျန်တာတွေကိုလည်း ဆက်ပြီး ဆွဲမထားနိုင်ပါ။ တခြားဘာသာရပ်များကိုပါ ကြိုးစားပမ်းစားလုပ်ပါက သေချာပေါက် ထိပ်ဆုံးအဆင့်များထဲ ပါနိုင်ပါသည်။
အချိန် ၁ နာရီက လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ လင်းချင်းဟယ်က ပြောလိုက်သည်။ "ငါနင့်ကို နောက်ထပ် နာရီဝက်အချိန်ပေးမယ်။ နင်နားမလည်တဲ့ အချက်တွေရှိရင် မေးလို့ရတယ်။"
"တခြားဘာသာတွေကောလား" ကျန်းကမ်းက မျက်ခုံးပင့်ကာ မေးလိုက်ပါသည်။
"အင်း" လင်းချင်းဟယ်ကလည်း မျက်လုံးပြန်ပင့်လိုက်သည်၊။
အထက်တန်း ပထမနှစ် စာများသာဖြစ်သည်။ သူမ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်တုန်းက အားလုံး လေ့လာထားပြီးပါပြီ။ နှစ်အနည်းငယ်ကြာပြီဖြစ်သော်လည်း သူမ ဘာမှ မမေ့သေးပါ။
ထို့ကြောင့် ကျန်းကမ်းက ခက်ခဲ့သည့် သင်္ချာပုစ္ဆာတစ်ခု မေးလျှင် လင်းချင်းဟယ်က အလွယ်လေး ဖြေရှင်းနိုင်ပါသည်။
ကျန်းကမ်းကို ကြိုးစားခိုင်းထားသည်။ ထို့နောက် လမ်းပြပေးဖို့ ပွင့်ပွင့်လင်းလင်း တောင်းဆိုခဲ့ပါသည်။
သူပြန်သွားသောအခါ အဘွားကျန်းက ပြောလိုက်ပါသည်။ "အဲ့ဒီလူဆိုးကောင်လေးကို အရင်တုန်းက အလိုလိုက်ထားကြတာ။ သူက တစ်ဦးတည်းသော သားလေ။ နောက်မှ သမီးလေးတစ်ယောက် ထပ်မွေးတာ"
"ရပါတယ်။ ဒီအရွယ်တွေက ဒီလိုပါပဲ" လင်းချင်းဟယ်က စိတ်မရှိပါ။ တကယ်တော့ သူမ ထိုအသက်အရွယ်တုန်းက စိတ်အားတက်ကြွမှုများဖြင့် ပြည့်ဝနေတတ်သည့် လူငယ်များကို သဘောကျခဲ့ပါသည်။
ဇွန်လရောက်သောအခါ ရာသီဥတုက ပိုပိုပူလာပြီဖြစ်သည်။ လင်းချင်းဟယ်က ရေခဲချောင်းစားချင်သည်။ သို့သော်လည်း သူမဗိုက်ထဲက ကလေးလေးကြောင့် စိတ်ထဲက ထုတ်ပစ်ဖို့သာ ရှိပါသည်။
ခရမ်းချဥ်သီးနဲ့ သစ်သီးဝလံများ စားတာပိုကောင်းပါသည်။ ရေခဲချောင်းကိုတော့ စိတ်ထိန်းထားရပါမည်။
"ကျွန်မကို နှမ်းကောက်ညှင်းလုံးလုပ်ပေးမယ်" လင်းချင်းဟယ်က စားချင်စိတ်ပြင်းပြလာပြီး ကျိုချင်းပိုင်အတွက် ခက်ခဲအောင် စလုပ်လာပါသည်။
ဒါကို ခက်ခဲအောင် လုပ်သည်ဟုတော့ ပြောလို့မရပေ။ ကျိုးချင်းပိုင်ကလည်း လုပ်ပေးချင်ပါသည်။ သို့သော် နှမ်းကောက်ညှင်းလုံး ဘယ်လိုလုပ်ရသလဲမသိပေ။ ထို့ကြောင့် လင်းချင်းဟယ်က ညွှန်ကြားပေးလိုက်ရပါသည်။
ကျိုးချင်းပိုင်၏ လက်များက ကြီးမားသည်။ သူလုပ်သည့် ကောက်ညှင်းလုံးများက မသေးသော်လည်း အရသာရှိပါသည်။
"ကြိုက်ရင် မနက်ဖြန် မြေပဲထည့်ပြီးလုပ်ပေးမယ်" ကျိုးချင်းပိုင်လည်း စားရင်း ပြောလိုက်ပါသည်။
"အင်း" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်၏။
သူမ စားချင်သောက်ချင်စိတ်များ ပိုပိုပြင်းပြလာသော်လည်း သူမ၏ အစားအသောက်ကိုတော့ ထိန်းပါသေးသည်။ သူမ နှမ်းကောက်ညှင်းလုံး တစ်ပန်းကန်စားပြီး ထပ်မစားတော့ပါ။ ကျန်တာကို ကျိုးချင်းပိုင် စားသွားပါသည်။
ကျိုးချင်းပိုင်က ပြောလိုက်သည်။ "ဒီကိုရောက်လာကတည်းက ကိုယ် ဝိတ် ၁၀ ကျင်းလောက် တက်လာတယ်။"
"ပြန်သွားရင် ဝိတ်ပြန်ချလိုက်ပေါ့" လင်းချင်းဟယ်က သူ့ကို ဂရုမစိုက်ပါ။ သူမ စားချင်စိတ် ပြည့်ဝသွားပြီဖြစ်သဖြင့် သူ့ကိစ္စသူ ရှင်းပါစေ၊။