အခန်း(၅၇၅) အတိတ်က လူယုတ်မာနဲ့ ပြန်ဆုံတွေ့ခြင်း
Vol. 41 Ch. 575
အခန်း(၅၇၅) အတိတ်က လူယုတ်မာနဲ့ ပြန်ဆုံတွေ့ခြင်း
အနာဂတ်မျိုးဆက်များ၏ လူထုဘေးကင်းလုံခြုံရေးကတော့ အပြစ်အနာအဆာ ကင်းပါသည်။ အထူးသဖြင့် မြို့ကြီးပြကြီးများတွင် စောင့်ကြည့်ရေးကင်မရာများ နေရာတိုင်းတွင် ရှိနေ၏။ ပြဿနာရှာရဲသူများကတော့ လွတ်မည်မဟုတ်ပါ။
အခုလက်ရှိတော့ ဘာမှပြောစရာမလိုပေ။
သားအဖများ ညစာချက်ပြုတ်ပြင်ဆင်ခဲ့ကြသည်။ ထို့နောက် အတူတူ စုရုံးပြီး စားသောက်ကြ၏။ ဒီနေ့ လက်ထောက်ခေါင်းဆောင်ကျန်းက အိမ်စောစောပြန်ခဲ့သည်။ အိမ်ကို ၇ နာရီခွဲတုန်းက ပြန်လာပြီး ဘာမှမစားရသေးပါ။ သို့သော် သူအိမ်ပြန်ရောက်လာသောအခါ သူ့မိန်းမနဲ့ ကလေးတွေကို မတွေ့ခဲ့ပေ။
သူ့မိဘများအိမ်သို့ ရောက်လာခဲ့ပြီး အိမ်ထဲမဝင်ခင် ကျိုးချင်းပိုင်တို့ အိမ်က အလွန်လင်းထင်းနေပြီး စည်ကားနေသည်ကို သတိထားမိသွားပါသည်။
သူ့မိန်းမနဲ့ ကလေးတွေဒီရောက်နေတာ သိသာသည်။
"ရှင့်ကို ၈ နာရီ ၉ နာရီလောက်မှ ပြန်လာမယ် ထင်ထားတာ။ ဘာလို့ ဒီနေ့ပြန်လာတာ အရမ်းစောနေတာလဲ" ရွှယ်မိန်လီက မေးလို်ကသည်။
"ဒါက ကျွန်တော့်သားငယ်ပါ ရှောင်ကမ်းတို့ အဖေ" ကျိုးချင်းပိုင်က သူ့သားကို လက်ထောက်ခေါင်းဆောင်ကျန်းနှင့် မိတ်ဆက်ပေးလိုက်ပါသည်။
"ဦးလေးကျန်း" ကျိုးကွေ့လိုင်က မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်၏။
လက်ထောက်ခေါင်းဆောင်ကျန်းက ပြုံးကာ ပြောလိုက်ပါသည်။ "သားကလည်း အဖေ့ခြေရာနင်းမယ့် ပုံစံပဲ။"
"ကျွန်တော် အဲ့လိုစကားမျိုးကို သဘောကျတာ" ကျိုးချင်းပိုင်က မျက်နှာပြောင်ကာ ပြောလိုက်ပါသည်။
လင်းချင်းဟယ်က လက်ထောက်ခေါင်းဆောင်ကျန်းကို မေးလိုက်သည်။ "ရှင်စားပြီးပြီလား။ ကျွန်မတို့တော့ စားပြီးသွားပြီ။ ဒါပေမယ့် ခေါက်ဆွဲတွေ ကျန်နေသေးတယ်။ မစားရသေးရင် တစ်ပန်းကန်လောက် နွှေးပေးရမလား။"
"အဲ့လောက် ဒုက္ခခံစရာ မလိုပါဘူးဗျာ။ ကျွန်တော် အိမ်ပြန်ပြီး စားလိုက်ပါ့မယ်" လက်ထောက်ခေါင်းဆောင်ကျန်းက ပြုံးကာ ငြင်းလိုက်ပါသည်။
"ကျွန်မတို့ ရောက်နေတာ ကြာပြီ။ ပြန်နှင့်တော့မယ်နော်" ရွှယ်မိန်လီကလည်း ပြောလိုက်သည်။
"ဒုက္ခခံတာ မဟုတ်ပါဘူး။ ဒီတိုင်း ခေါက်ဆွဲပြုတ်ပေးတာပဲကို" လင်းချင်းဟယ်က ပြန်ပြောလိုက်၏။
သို့သော်လည်း နောက်ဆုံးမှာတော့ လက်ထောက်ခေါင်းဆောင်ကျန်းက မနေခဲ့ပါ။ သူ့မိန်းမနဲ့ ကလေးတို့ကို အိမ်ပြန်ခေါ်လာခဲ့သည်။ အဘိုးကျန်းနဲ့ အဘွားကျန်းတိုက ခဏလောက် ဆက်နေလိုက်ကြပြီး ၈ နာရီကျော်မှ ပြန်သွားကြလေသည်။
နောက်ဆုံးတော့ မိသားစု သုံးယောက်သာ အိမ်မှာ ကျန်ခဲ့ကြတော့သည်။
"ဒီကိုရောက်လာပြီး အဖေနဲ့အမေ ဆွေမျိုးတွေ ပိုရနေတာ မသိခဲ့ဘူး" ကျိုးကွေ့လိုင်က ပြောလိုက်သသည်။
"ကျန်းမိသားစုက မဆိုးပါဘူး။ သူတို့နဲ့ အဆက်အဆံ လုပ်ရတာ အဆင်ပြေတယ်" လင်းချင်းဟယ်က ပြောလိုက်၏။
ထို့အပြင် ဒီနေရာမှာလည်း အိမ်ခြံမြေတွေ အများကြီး ဝယ်ထားသည်။ ထို့ကြောင့် စီမံပေးဖို့ တစ်ယောက်ယောက်၏ အကူအညီကို လိုပါလိမ့်မည်။ ကျန်နေရာများက အသာထား၊ လင်းချင်းဟယ်က ဒီအိမ်ကိုတော့ ဂရုစိုက်ထားချင်ပါသည်။
"အင်း ဒီမှ ဆွေမျိုးတွေရှိနေတော့ အမေ့ ကိုယ်ဝန်ကိုလည်း စိတ်အေးလို့ ရတာပေါ့" ကျိုးကွေ့လိုင်က ခေါင်းငြိမ့်လိုက်ပါသည်။
"နင်က ဒီကို လူကိုယ်တိုင် ရောက်နေပြီကို၊ ဘာလို့ ကင်မရာယူလာခဲ့တာတုန်း။ မလေးဘူးလား" လင်းချင်းဟယ်က ကျိုးကွေ့လိုင်တစ်ယောက် ဖလင်များ ထပ်လဲတော့မည်ကို မြင်တော့ ပြောလိုက်ပါသည်။ မနက်ဖြန် သူအပြင်ထွက်မှာ သိသာသည်။
"ကျွန်တော် တကူးတကကို ယူလာခဲ့တာ။ အဖေ ကျွန်တော့်အမေရဲ့ ပုံကို နေ့တိုင်း ရိုက်နော်။ သူ့ရဲ့ ကိုယ်ဝန်အခြေအနေ တိုးတက်မှုကို မှတ်တမ်းတင်ထား။ နောက်ပိုင်းကျရင် ညီမလေးကို ပြန်ပြမယ်။ သူသေချာပေါက် သဘောကျလိမ့်မယ်" ကျိုးကွေ့လိုင်က ပြောလိုက်သည်၊။
သူ့ညီမ၏ ဗိုက်ထဲက ပုံကိုတောင် သူရိုက်ချင်နေပါသည်။ သို့သော်လည်း မဖြစ်နိုင်ဘူး မဟုတ်လား။ သူတို့က ဆင်းရဲခဲ့ဖူးသည်။ သူ့အမေက သူတို့ညီအစ်ကိုများကို နှစ်တိုင်း ရိုးရာမပျက် ဓာတ်ပုံရိုက်ပေးခဲ့တာတောင် တော်လှပါပြီ။
ထို့ကြောင့် ကိုယ်ဝန်ဓာတ်ပုံများအကြောင်း စဥ်းစားဖို့ပင်မလိုပေ။
သူတို့တုန်းက မရိုက်နိုင်ခဲ့သော်လည်း သူတို့ ညီမလေးကတော့ ရိုက်နိုင်ပါလိမ့်မည်။
ကျိုးချင်ပိုင်က ခွင့်ပြုလိုက်သည်။ သို့သော် လင်းချင်းဟယ်ကတော့ ကန့်ကွက်လိုက်၏။ "ဘာဓာတ်ပုံကို ရိုက်မှာလဲ။ သူမွေးလာမှ နင့်ဖာသာနင် ပြောပြလို့ရတာပဲ။"
သူမ အခုပုံပျက်ပန်းပျက်ဖြစ်နေတာကို ဘာလို့ ရိုက်ရမှာလဲ။
"လှပါတယ်။ တစ်ရက်ကို တစ်ပုံလောက်ပဲ ရိုက်ပါ" ကျိုးချင်းပိုင်ကလည်း သူ့သားရဲ့ အကြံက ကောင်းသည်ဟု ထင်မိပါသည်။
လင်းချင်းဟယ်က သူ့ကို မျက်စောင်းရွယ်လိုက်ပြီး သားငယ်ကို ပြောလိုက်သည်။ "နင် ဒီနေ့ တစ်နေကုန် ခရီးပန်းလာတာ။ သွားနားတော့လေ။"
"မပင်ပန်းပါဘူး" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။ ထို့နောက် မိသားစု စီးပွားရေးအကြောင်း ပြောပြလိုက်သည်။ဘာမှ စိုးရိမ်စရာထွေထွေထူးထူး မရှိပါ "ကျွန်တော့် အအဘိုးနဲ့ အဘွားကို သွားအသိပေးလိုက်တာ။ အဘွားက ကြက်တစ်ကောင်သတ်ပြီး ချက်ပေးလိုက်ချင်နေတယ်။ ရာသီဥတုကို တွေးပြီး ရေခဲရိုက်ပြီး သယ်လာရင်တောင် မကောင်းနိုင်လို့ ယူမလာခဲ့ဘူး။"
"ဒီမှာ စျေးရှိတာပဲ။ အဲ့လောက် အဝေးကြီးက ကြက်ကို ယူလာဖို့ မလိုပါဘူး" လင်းချင်းဟယ်က ပြောလိုက်သည်။
"ကျွန်တော်လည်း အဲ့လိုပဲထင်လို့ ယူမလာတာ" ကျိုးကွေ့လိုင််ကခေါင်းငြိမ့်လိုက်သည်။
"စောစော နားတော့ မနက်ဖြန် ရှောင်ကမ်းကို လိုက်ပို့ခိုင်းမယ်။ ရှားရှားပါးပါး လာရတဲ့ခရီးဆိုတော့လေ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ကျိုးကွေ့လိုင်က ခေါင်းငြိမ့်လိုက်ပြီး အခန်းထဲ ဝင်အိပ်လိုက်ပါသည်။
လင်းချင်းဟယ်က သရေစာအနည်းငယ် စားသောက်ပြီး သွားတိုက်ကာ ကျိုးချင်းပိုင်နဲ့အတူတူ အိပ်လိုက်ပါသည်။
နောက်တစ်နေ့မနက် စောစောတွင် ကျိုးကွေ့လိုင်က မနက်စာစားပြီးနောက် ကျန်းကမ်း လာမှာကို စောင့်နေပါသည်။ ကျန်းကမ်းက သူ့တတိယအစ်ကိုကို လမ်းလျှောက်ဖို့အတွက် လာခေါ်မည်ဖြစ်သည်။
ကျန်းကမ်းကလည်း နေရာများများစားစား မရောက်ဖူးပါ။ သို့သော်လည်း ကိစ္စမရှိပေ။ သူတို့ အတူတူ လျှောက်လည်လို့ ရပါသည်။
သူတို့ အိမ်ပြန်ပြီး နေ့လည်စာ စားမည် မဟုတ်ပါ။ အပြင်မှာသာ နေမည်။ သားငယ်က ရှန်ဟိုင်းမြို့တော်ကို အားလပ်ရက်အဖြစ် လာခဲ့ခြင်းဖြစ်သောကြောင့် လင်းချင်းဟယ်က လွှတ်ထားပေးလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် သူ့ကို ဘာမှလုပ်ခိုင်းစရာလည်း မရှိပေ။ သူက နောက်ပိုင်း စီးပွားရေးလုပ်တော့မည်ဖြစ်သဖြင့် ရှန်ဟိုင်းမြို့တော် ပတ်လည်ကို လျှောက်ကြည့်ပြီး အမြင်ကျယ်အောင် လုပ်ထားတာ ပိုကောင်းပါသည်။
ကျိုးချင်းပိုင်က ပြောလိုက်သည်။ "ကိုယ်တို့ သမီးလေးရမှဖြစ်မယ်နော်" သားတစ်ယောက် ရလာလည်း အသုံးမဝင်ပါ။ သူတို့က အမြဲတမ်း အပြင်သာ ထွက်နေတတ်ကြသည်။ သမီးများကသာ ပိုဂရုစိုက်တတ်ပြီး အဖေအိုနှင့် အမေအိုဘေးမှာ နေတတ်ကြပါသည်။
လင်းချင်းဟယ်က ဒီအကြောင်း သူ့ကို ဘာမှမပြောခဲ့ပါ။ ဒီနေ့ ရာသီဥတု သာယာနေသည်ကို မြင်သောအခါ သူမ ပြောလိုက်၏။
"ကျွန်မတို့ ရပ်ကွက်ဟောင်းမှာ လမ်းသွားလျှောက်ကြမလား။"
"မလိုပါဘူး၊ ကိုယ်ရောက်ပြီးပြီ" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
"ဘယ်တုန်းက သွားလိုက်တာလဲ" လင်းချင်းဟယ်က သူ့ကို အံ့သြစွာကြည့်လိုက်ပါသည်။
"သိပ်မကြာသေးပါဘူး။ အဲ့ဒီဘက်မှာ လောလောဆယ်တော့ ဘယ်သူမှ ရောင်းဖို့ အစီအစဥ် မရှိသေးဘူး။ နောက်မှ ပြန်သွားကြည့်ဖို့ စိတ်ကူးထားတယ်" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပြီး ကျိုးချင်းပိုင်နဲ့အတူတူ ဆေးရုံမှာ ဆေးလာစစ်ပါသည်။
ဘာမှထူးခြားတာသိပ်မရှိပါ။ သို့သော်လည်း ကျိုးချင်းပိုင် ဆရာဝန်ဆီသို့ ဆေးစစ်ချက်အဖြေဖြင့် သွားနေစဥ် တစ်ယောက်ယောက်က မထင်မှတ်စွာဖြင့် သူမကို လှမ်းခေါ်လိုက်ပါသည်။
"ချင်းဟယ်လား"
လင်းချင်းဟယ်က လှည့်ကြည့်လိုက်ပြီး သက်လတ်ပိုင်းယောက်ျားတစ်ယောက်ကို မြင်လိုက်ရပါသည်။ အရပ်မရှည်ပါ။ သို့သော် နည်းနည်းတော့ ရင်းနှီးနေသလိုပင်။
"ကျွန်တော့်ကို မမှတ်မိဘူးလား။ ကျွန်တော် ချန်းရှန်လေ” ဒီသက်လတ်ပိုင်း ယောက်ျားက ချန်းရှန်လား။
လင်းချင်းဟယ် မှတ်မိသွားပါသည်။ လမ်းကျဥ်းတစ်ခုမှာ ရန်သူနဲ့ ထိပ်တိုက်တွေ့သည်ဟု သူမရင်ထဲက ရေရွတ်လိုက်မိပါသည်။ ချန်းရှန်ဆိုတာ ကျေးရွာမှာတုန်းက သူမကို ပြန်ပေးဆွဲချင်ခဲ့သည့် လူယုတ်မာ မဟုတ်လား။
ထိုအချိန်တုန်းကလည်း တက္ကသိုလ်သို့ သူလျှောက်ခဲ့သည်။ ကျောင်းသားပထမအသုတ်က စာမေးပွဲအောင်ခဲ့သည်။ ထို့နောက် သူထွက်သွားခဲ့သည်။ မထွက်သွားခင် မဟုတ်တာ တစ်ခုခု ပြောတာကို မိသွားသောကြောင့် သူမ၏ သားလတ် ထိုးကြိတ်တာကို ခံခဲ့ရပါသည်။
ထိုနှစ်က ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးနောက် သူတို့ ဒီဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ကြမှာ မဟုတ်တော့ဘူးဟု ထင်ခဲ့မိသည်။ မထင်မှတ်ထားစွာဖြင့် သူတို့ ပြန်တွေ့ခဲ့ကြပါသည်။
"နင်ဘာလို့ ဒီရောက်နေတာလဲ" လင်းချင်းဟယ်က သူ့ကိုကြည့်ကာ ပြောလိုက်သည်။
၇ နှစ် ၈ နှစ်လောက်ကြာပြီးသောအခါ သူက အတော်လေး အရွယ်ရင့်သွားသည်။ သူ့ကို ခဏလောက်ပင် မမှတ်မိခဲ့ပါ။
သူ့ကို မမှတ်မိသော်လည်း ချန်းရှန်ကတော့ သူမကို မြင်မြင်ချင်း မှတ်မိသွားပါသည်။ သူ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးဆုံးသည့်နှစ် ဆောင်းရာသီတွင် ထွက်သွားခဲ့သည်။ ၈ နှစ်တာလောက် ကုန်ဆုံးသွားပြီ ဖြစ်သည်။ သို့သော်လည်း သူမ၏ ပုံစံကတော့ အများကြီး ပြောင်းလဲမသွားပါ။ ပြောင်းလဲမသွားရုံတင်မကဘဲ သူမ၏ အရှိန်အဝါကပါ တိုးတက်လာပါသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေသလိုပင်။
"ကျွန်တော့်အိမ်က ရှန်ဟိုင်းမြို့တော်မှာလေ။ ဘွဲ့ရပြီးတော့ ဒီမှာ အလုပ်လာလျှောက်တာ" ချန်းရှန်က သူ့ကိုယ်သူ ပိုမိုသပ်ရပ်အောင် ကြိုးစားလိုက်ပြီး ဖြေလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ ဘာမှ ဆက်မပြောချင်တော့ပါ။
ချန်းရှန်က သူမနဲ့ စကားနည်းနည်းလောက် ထပ်ပြောချင်နေပြီး ပြောလိုက်ပါသည်။
"ဘာလို့ ဒီကို ရောက်နေတာလဲ။ ခင်ဗျား မြို့တော်ကို ပြောင်းသွားတာ မှတ်မိပါတယ်။"
"ဒီမှာ လာလည်တာပါ" လင်းချင်းဟယ်က သူ့ကိုကြည့်လိုက်သည်။
ကျိုးချင်းပိုင်က သိပ်မကြာခင် ပြန်ထွက်လာခဲ့၏။ ကျိုးချင်းပိုင်ကို မြင်သောအခါ ချန်းရှန် ရှက်ရွံ့သွားမိပါသည်။ ကျိုးချင်းပိုင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အထူးသဖြင့် ဒီကျေးတောသားက နှစ်တွေ အများကြီး ကြာတာတောင် ပြောင်းလဲမသွားသောကြောင့်ဖြစ်သည်။
သူ့ပုံစံက ပိုပြီး သန်မာလာသည့်ပုံပင်။ လင်းချင်းဟယ်ဘေးမှာ ရပ်နေလျှင် သူမနဲ့ပင် မထိုက်တန်ပါ။
"သွားကြမယ်" လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ခေါ်လိုက်ပါသည်။
ကျိုးချင်းပိုင်က ချန်းရှန်ကို သွေးအေးအေး လှည့်ကြည့်လိုက်ပြီးမှ သူ့မိန်းမနဲ့အတူ ထွက်သွားတော့သည်။
ချန်းရှန်က သူတို့၏ နောက်ကျောများကို ကြည့်ရင်း ကျန်ခဲ့သည်။ သူ့နှုတ်ခမ်းကို ကိုက်လိုက်မိ၏။ ခဏလောက်ကြာသောအခါ ပြန်လှည့်သွားပြီး တခြား လူနာဆောင်တစ်ခုသို့သာ သွားခဲ့ပါတော့သည်။