← Chapters

တာအို ဆွေးနွေးခြင်း စင်မြင့်

Vol. 57 Ch. 782

တာအို ဆွေးနွေးခြင်း စင်မြင့်

Vol. 57 Ch. 782

ယန်ယွဲ့ရုန်၏ အမူအယာမှာ စိတ်နှင့်ကိုယ်နှင့် ကပ်သည့်ပုံ မပေါ်ပေ။ သူမက မိုဝူကျိကိုလည်း တာ့ဟွမ်အဖြစ် လုံးဝ မမှတ်မိပေ။

ဤလေလံပွဲကို မိုဝူကျိက ဤကိစ္စကြောင့် ရောက်လာခြင်းသာ ဖြစ်၏။ ယခု ယန်ယွဲ့ရုန်ကို ခေါ်ပြီးပြီ ဖြစ်ရာ ဆက်နေနေဖို့ရာ ရည်ရွယ်ချက် မရှိတော့ပေ။

မိုဝူကျိက ထွက်သွားတော့မည့်ဆဲဆဲတွင် တည်ငြိမ်သော အသံလေး ထွက်ပေါ်လာသည်  “ ဒီ အင်မော်တယ်ရောင်းရင်းက တကယ်ကို သတ္တိကောင်းတာပဲ။ ဒီအင်မော်တယ်ရောင်းရင်းက ကျုပ် ဝူလီနဲ့အတူတူ တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ် သွားဖို့ ဆန္ဒရှိလား။ ကျုပ် ဝူလီက ခင်ဗျားကို တာအိုဆွေးနွေးခြင်း စင်မြင့်ကို တရားဝင် ဖိတ်ကြားချင်ပါတယ် …. ”

လေလံပွဲနေရာတစ်ခုလုံး အပ်ကျသံ ကြားရလောက်သည့်အထိ တိတ်ဆိတ်သွားလေ၏။ တာအိုဆွေးနွေးခြင်း စင်မြင့်ထက်၌ ဝူလီ လက်ချက်ဖြင့် သေဆုံးသွားရသော အင်မော်တယ်မည်မျှ ရှိနေမည်ကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။

ဝူလီက မိုဝူကျိအား တာအိုဆွေးနွေးခြင်းစင်မြင့်ထံ ခေါ်နေသည့် အကြောင်းအရင်းကို အရူးပင် သိပေသည်။

ယန်ယွဲ့ရုန်က တာအိုဆွေးနွေးခြင်းဟူသော စကားလုံးကို ကြားလိုက်သည့်အခါ အထိတ်တလန့်ဖြင့် အော်ပြောလိုက်သည် “ တာအိုကို သွားပြီး မဆွေးနွေးပါနဲ့ ”

မိုဝူကျိက ဝူလီ၏ အင်အားအတိအကျကို မသိသော်လည်း မီဖေးကုန်သွယ်ရေး အဖွဲ့ကို ရန်မူဖို့ ဆန္ဒရှိလေရာ ဝူလီ တစ်ယောက်တည်းကို ဘာများ ကြောက်နေရမည်နည်း။

ကောင်းကင်ဘုံအလွန် တာအိုဆွေးနွေးခြင်း စင်မြင့်ထက်၌ စည်းမျည်းမှာ ရိုးရှင်းပေသည်။ စိမ်ခေါ်သူမှာ မိမိထက် ကျင့်ကြံဆင့်တူနှင့် ကျင့်ကြံဆင့် မြင့်သည့်သူကိုသာ စိမ်ခေါ်ခွင့် ရှိပြီး စိမ်ခေါ်လိုက်သည်နှင့် လက်ခံရမည် ဒါမှမဟုတ် စကြဝဠာအစွန်းမှ ထွက်သွားရမည် ဖြစ်သည်။ စကြဝဠာအစွန်းသို့ နှစ်ရာချီ ကြာမြင့်ပြီးမှသာ ပြန်လာခွင့် ရလိမ့်မည်။

မိုဝူကျိက ဝူလီသည် သူနှင့် အဘယ်ကြောင့် တာအိုဆွေးနွေးလိုနေမှန်း ကောင်းကောင်းသိပေသည်။ သူသာ လက်မခံလျှင် စကြဝဠာအစွန်း၌ ဆက်နေခွင့် မရှိတော့ဘဲ မောင်းထုတ်ခံရမည် ဖြစ်၏။

သူ မောင်းထုတ်ခံရသည်နှင့် ဝူလီသည်လည်း စကြဝဠာအစွန်းသို့ ထွက်လာကာ သူ့အား လိုက်သတ်ပေလိမ့်မည်။

အကယ်၍ သဘောတူညီလိုက်လျှင် ဝူလီက သူ့အား တာအိုဆွေးနွေးခြင်း စင်မြင့်ထက်၌ သတ်မည် ဖြစ်၏။ ယခုအချိန်အထိ ဝူလီက သူ့နာမည်ကိုပင် မမေးသေးပေ။ ဝူလီက သူ့အား သေလူအဖြစ် မှတ်ယူထားသည်မှာ သိသာလှသည်။

“ခင်ဗျား သဘောပဲ …” မိုဝူကျိ အသံမှာ တည်ငြိမ်လှသည်  “ တာအို ဆွေးနွေးခြင်း စင်မြင့်မှာ တွေ့ကြတာပေါ့ ”

မိုဝူကျိက ဝူလီသည် သူနှင့် တာအိုဆွေးနွေးရန် အလျှင်လိုနေသည့် အကြောင်းအရင်းကို ခန့်မှန်းမိပေသည်။ ဝူလီအနေနှင့် သူက ယန်ယွဲ့ရုန်အား  ရေဓာတ် သဘာဝ ကျင့်စဉ် ပေးလိုက်မည်ကို စိတ်ပူနေပေသည်။

“ ကောင်းတယ် …. မင်းမှာ သတ္တိရှိသားပဲ ” ဝူလီက ရယ်မောလိုက်၏။

မိုဝူကျိ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ ဝူလီ စိတ်ပူနေသည့် အကြောင်းအရင်းမှာ မိုဝူကျိက ယန်ယွဲ့ရုန်အား ရေဓာတ် သဘာဝကျင့်စဉ်ကို ကျင့်ကြံခိုင်းလိုက်မည်ကို စိုးရိမ်မိနေသည်။ အကယ်၍ ယန်ယွဲ့ရုန်သာ စတင်ကျင့်ကြံလိုက်သည်နှင့် မိုဝူကျိကို သူ သတ်နိုင်လျှင်ပင် အသုံးမဝင်တော့ချေ။

“ နောက်တစ်ခုကတော့ ကြေကွဲမြို့ဟောင်းရဲ့ မြေပုံကို လေလံပစ်မှာ ဖြစ်ပါတယ်ရှင် …. ပြောကြတာကတော့ ဒီမြေပုံက ထိပ်တန်းအဆင့် တာအိုအသီးပင်ဆီ ပြထားတယ်တဲ့ …” ယီလော့အာ၏ လေသံမှာ တဖန် ထွက်ပေါ်လာပြန်သည်။

အားလုံးက ယီလော့အာသည် တင်းကျပ်နေသော လေထုကြီး ပြေလျော့လာစေရန် စကားလွဲလိုက်ခြင်း ဖြစ်ကြောင်း သိကြသည်။ လေလံအိမ်တော်အနေနှင့် ဝူလီကို မစော်ကားရဲသည်မှာ အမှန် ဖြစ်၏။ တစ်ဖက်တွင် မိုဝူကျိက အမည်မသိ ပုဂ္ဂိုလ် ဖြစ်ကာ အစိမ်းရောင်ကျောက်များစွာကို ထုတ်ပြီး  ဝူလီအား ရင်ဆိုင်ခဲ့သည်။

သူက ငတုံး ဖြစ်နိုင်ပါ့မလား ….

မိုဝူကျိက ထွက်သွားရန် ရည်ရွယ်ထားသော်လည်း ယီလော့အာ၏ စကားများက သူ့အား ရပ်တန့်စေသွား၏။

မိုဝူကျိက တာအိုအသီးပင်အကြောင်း သိထားသည်မှာ ကောင်းကင်ဘုံအလွန်မြို့သို့ ရောက်ပြီးမှ ဖြစ်သည်။ အင်မော်တယ် တစ်ယောက်က ဆေးလုံးများနှင့် အလဲအလှယ် လာလုပ်စဉ် ထိုအင်မော်တယ်က တာအိုအသီးပင်အတွက် ရိုးရှင်းသော မိတ်ဆက်နှင့်အတူ အင်မော်တယ်ဆေးပင်များအကြောင်း မိတ်ဆက်ပါသည့် စာအုပ်လေးကို ထုတ်ပေးခဲ့သည်။ တာအိုအသီးပင်မှာ မိုးမြေစည်းမျည်းများ ပါဝင်နေသည့် အင်မော်တယ်အသီး ဖြစ်ပေသည်။ တကယ်တော့ ထိုအသီး၏ အဆင့်မှာ အင်မော်တယ်အဆင့်ကို ကျော်လွန်နေလေ၏။

တာအိုအသီးပင်မှာ လူတစ်ယောက်၏ အသိအမြင်ကို မြင့်တက်စေနိုင်သည့် ကောင်းကင်ဘုံ ရတနာမျိုး ဖြစ်ကြောင်း ပြောကြဖူးသည်။ မိုဝူကျိက ကြေကွဲမြို့ဟောင်းဆီ သွားရန် ကြံရွယ်နေသည်ကို ထည့်ပြောဖို့ရာပင် မလိုတော့ပေ။ သူက မသွားလျှင်ပင် တာအိုအသီးပင်၏ မြေပုံ ရနိုင်မည့် အခွင့်အရေးကိုတော့ လက်မလျော့လိုပေ။

“ ဒီကျောက်စိမ်းမြေပုံလေးရဲ့ ကြမ်းခင်းဈေးက အစိမ်းရောင်ကျောက် ငါးသောင်းပါ။ တစ်ခါတိုးတိုင်း အနည်းဆုံး ငါးထောင် … ”

“ ခြောက်သောင်း ” ယီလော့အာ၏ စကားမဆုံးခင် အသံတစ်သံ ထွက်ပေါ်လာသည်။

မူလက ရုတ်ရုတ်သည်းသည်း ဖြစ်နေကြသော လူအုပ်ကြီးလည်း ငြိမ်ကျသွားလေ၏။ လေလံနှုန်းမှာ ပိတ်ကားချပ်၌ ပေါ်မလာသော်လည်း အားလုံးက မည်သူပြောမှန်း သိလိုက်ကြသည်။ ထိုသူမှာ နတ်ဘုရား မျိုးနွယ်စု၏ ဝူလီသာ ဖြစ်နေသည်။

ဝူလီက မိုဝူကျိကြောင့် ဒေါသထွက်နေခြင်း ဖြစ်လေရာ အားလုံးက ထိုကျောက်စိမ်းမြေပုံကို လိုချင်လျှင် ကိုယ့်သေတွင်းကို တူးသလို ဖြစ်မည်မှန်း သိကြသည်။

ယီလော့အာသည်လည်း မသာမယာ ဖြစ်သွားလေသည်။ ဝူလီက စည်းမျည်းများကို မထီမဲ့မြင် ပြုနေသည်မှာ သိသာလှသည်။ ပြောစရာမလိုသောစည်းမျည်းများအရ ဝူလီသည် လေလံမဆွဲခင်  ဆယ်ကြိမ်မြောက် လေလံဆွဲပြီးသည့်အထိ  စောင့်ဆိုင်းသင့်ပေသည်။ သို့သော် ယခုတွင် မည်သူမှ လေလံမဆွဲခင် သူက သူ့အဆင့်အတန်းကို အသုံးချ၍ လေလံဆွဲနေသည်။ ထိုသည်မှ စည်းမည်းများကို မထီမဲ့မြင်ပြုနေခြင်း ဖြစ်၏။ ထို့အပြင် သူ့အတွက် ဒုတိယအကြိမ်လည်း ဖြစ်ပေသည်။

ထိုစဉ် ကောင်းကင်ကမ္ဘာ ကုန်သွယ်ရေး အဖွဲ့မှ တခြားလူများလည်း မသာမယာ ဖြစ်ကုန်ကြသည်။ သို့သော်လည်း သူတို့က ရှေ့ထွက်ပြီး ဝူလီကို အပြစ်ဖော်လိုက်လျှင် နတ်ဘုရားမျိုးနွယ်ကို ဆန့်ကျင်သလို ဖြစ်သွားပေလိမ့်မည်။ ဝူလီက ဤလေလံပွဲမှ ထွက်သွားနိုင်သော်လည်း သူတို့ ကောင်းကင်ကမ္ဘာ ကုန်သွယ်ရေး အဖွဲ့၏ အနာဂတ်နေ့ရပ်များမှာ ကောင်းတော့မည် မဟုတ်ချေ။

မည်သူကမှ လေလံမဆွဲကြပေ။ အချိန်အတော်ကြာပြီးနောက် ယီလော့အာက ခပ်ဩဩ ပြောလိုက်သည် “ တစ်ယောက်ယောက်က အစိမ်းရောင်ကျောက် ခြောက်သောင်း ပေးလိုက်ပါပြီရှင် …. ခြောက်သောင်း တစ်ကြိမ် … ”

ယီလော့အာ၏ စိတ်ထဲ၌ အကြောက်တရား ကြီးစိုးနေသည်။ သူမက မှားယွင်းနေမှန်း သတိပြုမိလိုက်သည်။ ဝူလီ၏ ကိစ္စကို ဝင်ဖြတ်ရန် လေလံပွဲ မစတင်သင့်လိုက်ပေ။ ဤကျောက်စိမ်းမြေပုံမှာ ဈေးများများ ရသင့်သော်လည်း ယခုအခါ ဈေးနှုန်းက ထပ်၍ တက်မလာတော့ပေ။ ဤလေလံပွဲ အဆုံးသတ်သွားသည်နှင့် သူမအနေနှင့် ခက်ခဲသည့်အချိန်များနှင့် သေချာပေါက် ရင်ဆိုင်ရလိမ့်မည်။

“ ခြောက်သောင်းခွဲ ” မိုဝူကျိ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ သူ့၏ ထိတ်လန့်ခြင်းမရှိသည့် အသံကြောင့် ဝူလီသာ ဆက်လက်၍ လေလံဆွဲလျှင် မိုဝူကျိလည်း လိုက်ဆွဲမည် ဖြစ်ကြောင်း သိသာလှသည်။

ယီလော့အာက စကားတစ်ခွန်း ပြောဖို့ရာပင် ထိတ်လန့်နေမိသည်။ သို့သော်လည်း လေလံပွဲနေရာ၌ ရှိနေသော အခြားအင်မော်တယ်များက ပုံမှန်ဖြစ်ကြောင်း ခံစားမိပေသည်။ မိုဝူကျိနှင့် ဝူလီတို့ကြားမှ ရန်ကြွေးမှာ ဖြန်ဖြေ၍ မရတော့ပေ။

“ အဲဆိုရင်တော့ ကျုပ် တကယ်လိုချင်နေတဲ့မြေပုံကို  အစိမ်းရောင်ကျောက် ခြောက်သောင်းခွဲတောင် သုံးပြီး ဝယ်ပေးလို့  ခင်ဗျားကို ကျေးဇူးတင်ရမှာပဲ ….” ဝူလီအသံမှာ အလွန်တည်ငြိမ်နေလေ၏။

အားလုံးက သူ ပြောလိုသည့်အရာကို သိကြသည်။ ဤကျောက်စိမ်းမြေပုံကို မိုဝူကျိ ဝယ်ယူသွားသော်လည်း  နောက်ဆုံး၌ သူ ဝူလီ လက်ထဲ၌ အဆုံးသတ်မည် ဖြစ်ကြောင်း သွယ်ဝှက်ပြောနေခြင်း ဖြစ်၏။

“ ခြောက်သောင်းခွဲ တစ်ကြိမ် ” ယီလော့အာ၏ အသံမှာ အနည်းငယ် တုန်ယင်နေလေ၏။ တကယ်တော့ သူမ ခြေထောက်များသည်လည်း တုန်တုန်ယင်ယင် ဖြစ်နေမိသည်။ သူမက ဤလေလံပွဲ၌ အမှားအကြီးကြီး ကျူးလွန်မိလေပြီ။

ယီလော့အာက သုံးကြိမ် ကြေညာပြီးသည့်တိုင် မည်သူကမှ လေလံမဆွဲကြပေ။ အားလုံးက ဤကျောက်စိမ်းမြေပုံမှာ ဝူလီဆီ ရောက်မည်မှန်း သိနေကြသောကြောင့် မည်သူက လေလံဆွဲရဲမည်နည်း။

ကျောက်စိမ်းမြေပုံက မိုဝူကျိဆီ ရောက်ရှိလာသည်။ မိုဝူကျိက အစိမ်းရောင်ကျောက်များကို ပေးချေတော့မည့်ဆဲဆဲတွင် ဝူလီအသံက ထွက်ပေါက်နားမှ ထွက်ပေါ်လာသည်  “ မင်းကို တာအို ဆွေးနွေးခြင်း စင်မြင့်ထက်မှာ စောင့်နေမယ် ”

အင်မော်တယ်များစွာက ဝူလီ စကားကို ကြားသောအခါ လေလံပွဲမှ ထွက်သွားကြတော့သည်။

ထိုလူများက မိုဝူကျိသည် မည်သို့သော နေရာမျိုးမှ ရောက်လာပြီး  ဝူလီအား စိမ်ခေါ်ရဲသည်ကိုလည်း သိချင်နေကြသည်။

မိုဝူကျိလည်း တုံ့ဆိုင်းမနေဘဲ ယန်ယွဲ့ရုန်အား လေလံပွဲမှ ခေါ်ထုတ်လာလိုက်သည်။ သူက ဝူလီ တစ်ယောက် တာအိုဆွေးနွေးခြင်း စင်မြင့်ထက်၌ စောင့်ဆိုင်းနေခြင်း ကိစ္စအား ဂရုမစိုက်ပေ။ သူက တာအိုသောတအိမ်တော်ဆီသာ တန်းပြန်လာလိုက်၏။

……………..…

မိုဝူကျိက အခန်းဆီ ပြန်ရောက်သောအခါ ယန်ယွဲ့ရုန် ခန္ဓာကိုယ်ပေါ်မှ ချိတ်ပိတ်ထားသည်များကို ဖယ်ရှားဖို့ တစ်မိနစ်ပင် အချိန်မယူလိုက်ရပေ။ တစ်ချိန်တည်းဆိုသလို သူက ယန်ယွဲ့ရုန် ပါးစပ်ထဲ စိတ်ဝိညာဉ် သန့်စင်ခြင်း ဆေးလုံးကို တိုက်လိုက်သည်။

ယန်ယွဲ့ရုန်က ချက်ချင်းဆိုသလို ရုန်းကန်ကာ မိုဝူကျိအား အထိတ်တလန့် ကြည့်လိုက်ပြီး  “ ရှင်က ဘယ်သူလဲ … ကျမက ဘယ်နေရာ ရောက်နေတာလဲ ”

မိုဝူကျိက ရယ်မောကာ  “ ကျုပ်ကို မမှတ်မိတော့ဘူးလား။ အစ်မကြီးရှောင်ယုရော ဘယ်မှာလဲ ”

“ အာ ” ယန်ယွဲ့ရုန်က အံ့အားသင့်သွားပြီး ပြန်လည် အမှတ်ရသွားကာ  “ ရှင်က  … ရှင်က  … ”

သူမက မိုဝူကျိကို မှတ်မိသော်လည်း သူမ မျက်လုံးသူ မယုံနိုင်ပေ။

မိုဝူကျိက ညင်ညင်သာသာ ပြောလိုက်သည်  “ ဟုတ်တယ် …ကျုပ်က အဲဒီနှစ်တုန်းက တွေ့ခဲ့တဲ့ တာ့ဟွမ်ပါ … ”

“ ရှင်က တကယ်ကို တာ့ဟွမ်ပဲ …ဘယ်လိုလုပ်ပြီးတော့  …” ယန်ယွဲ့ရုန်သည် သူမ မှန်ကန်ကြောင်း သတိပြုမိလိုက်သည်။ တာ့ဟွမ် တစ်ယောက်တည်းကသာ ရှောင်ယုအား အစ်မကြီး ရှောင်ယုဟု ခေါ်ဆိုသူ ဖြစ်၏။

“ ဘယ်လိုလုပ် လေလံပွဲ ရောက်နေတာလဲ။ ပြီးတော့ လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြောကရော ဘယ်လိုလုပ် ပေါ်သွားတာလဲ။ ရှောင်ရှောင်ယုနဲ့ ယူချန်းရော ဘယ်မှာလဲ ” မိုဝူကျိက နားမလည်စွာ မေးလိုက်သည်။

ယန်ယွဲ့ရုန်က အသိပြန်ဝင်လာပြီး  သူမက သနားစရာကောင်းလွန်းသည့် အခြေအနေကို ပြန်လည် အမှတ်ရသွားကာ စတင်၍ ငိုရှိုက်တော့သည်။

သူမက အမြဲတမ်း ဖူးဖူးမှုတ် အလိုလိုက်ခံရသော်လည်း စကြဝဠာအစွန်း၌ နေထိုင်ရသော အချိန်များမှာ ငရဲသာ ဖြစ်၏။

“ အစ်ကိုကြီး တာ့ဟွမ်ကို ကျေးဇူးတင်ပါတယ်။ အစ်ကိုကြီးကြောင့်သာ မဟုတ်ရင် ညီမတော့ ပြန်လည် မွေးဖွားဖို့ အခွင့်အရေးတောင် ရပါမလား မသိတော့ပါဘူး ” ယန်ယွဲ့ရုန်က ကြမ်းပြင်ပေါ် ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ သူမက လေလံပွဲမှ အဖြစ်အပျက်ကို ရေးရေးလေး ပြန်လည် မှတ်မိလာသည်။

တာ့ဟွမ်က တကယ်ကို အားကောင်းတာပဲ …

မိုဝူကျိက ယန်ယွဲ့ရုန်အား ထူပေးကာ နွေးနွေးထွေးထွေး ပြောလိုက်သည်  “ အသေးစိတ်‌ ပြောပါဦး … စိတ်ပူနေဖို့ မလိုတော့ဘူး ”

“ အဲဒါတွေ အားလုံးက နတ်ဘုရားမျိုးနွယ် ဝူလီကြောင့်ပါ၊ သူက အစ်မရှောင်ယုရဲ့ ရှန်းထျန်း မီးဓာတ် ဝိညာဉ်ကြောကို မျက်စိကျနေတာ …. အစ်မရှောင်ယုရဲ့ ဝိညာဉ်ကြောကို ဝါးမျိုပစ်ချင်တာနဲ့   အစ်မရှောင်ယုက သူ့ကို စော်ကားပါတယ်ဆိုပြီး ပြောပြီးတော့ တာအိုဆွေးနွေးဖို့ စိမ်ခေါ်ခဲ့တာ … အစ်မရှောင်ယုနဲ့ ညီမတို့က စကြဝဠာအစွန်းကနေလည်း ထွက်မသွားရဲဘူး။ ဘယ်သူကမှလည်း မကူညီချင်ကြဘူး … ”

“ ဘန်း ” မိုဝူကျိက စားပွဲခုံကို ဒေါသတကြီး ထုရိုက်ကာ  “ အဲဒီ ဝူလီက အင်မော်တယ် အုပ်စိုးသူအဆင့်လေ။ အင်မော်တယ်ဘုရင်အဆင့်ကို တာအိုဆွေးနွေးဖို့ စိမ်ခေါ်ရဲတယ်ပေါ့ …. အရှက်မဲ့လိုက်တာ ”

မိုဝူကျိက ရှောင်ရှောင်ယု၏ ကျင့်ကြံဆင့် အတိအကျကို မသိသော်လည်း သူက အင်မော်တယ်ဘုရင် ဆေးလုံးကို ပေးခဲ့သူ ဖြစ်ပေသည်။ ရှောင်ရှောင်ယု၏ ပါရမီက ကောင်းနေလျှင်ပင် သူမအနေနှင့် အင်မော်တယ် အုပ်စိုးသူအဆင့်ကို ရောက်ဦးမည် မဟုတ်ပေ။ ဝူလီ လေလံပွဲမှ ထွက်သွားစဉ်က မိုဝူကျိက ထိုလူအား စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်သည်။ ထို့ကြောင့် ဝူလီသည် အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့် ဖြစ်မှန်း သိလိုက်သည်။

ယန်ယွဲ့ရုန်က ရှိုက်ကာ

“ အဲတုန်းက အဲဒီမကောင်းဆိုးဝါးက အင်မော်တယ် အုပ်စိုးသူအဆင့် မရောက်သေးဘူး။ သူက အစ်မရှောင်ယုနဲ့ အဆင့်အတူတူပဲ။ သူက အစ်မရှောင်ယုရဲ့ ဝိညာဉ်ကြောကို ဝါးမျိုပစ်ပြီးမှ အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်သွားတာ …. ပြီးတော့ အစ်မရှောင်ယုရဲ့ စိတ်နန်းတော်ကိုလည်း ဆွဲကိုင်တာ ကိုယ်တိုင် မြင်လိုက်ရတယ် …. ”

“ ဘယ်လိုဖြစ်ပြီး ကျွန်အဖြစ် ရောင်းခံနေရတာလဲ ” မိုဝူကျိက မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။

ယခု သူက စကြဝဠာအစွန်း၏ စည်းမျည်းတချို့ကို သိလာခြင်း ဖြစ်ပေသည်။ လူသားမျိုးနွယ်စု၏ အဆင့်အတန်းမှာ နိမ့်ကျနေပြီး ပိုမို နိမ့်ကျနေလျှင်ပင် လူသားမျိုးနွယ် ကျင့်ကြံသူ ဖြစ်သည့် ယန်ယွဲ့ရုန်အား လေလံပွဲ၌ တင်မည် မဟုတ်ပေ။ လူများက ယန်ယွဲ့ရုန်၏ လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြောကို အလိုရှိနေလျှင်ပင် သူတို့က တိတ်တဆိတ်သာ ပြန်ပေးဆွဲကြလိမ့်မည်။ သို့သော်လည်း သူမက လေလံပွဲ၌ ရောက်နေလေ၏။

“ ဝူလီက အစ်မရှောင်ယုရဲ့ ရှန်းထျန်း ဝိညာဉ်ကြောကို ဝါးမျိုပစ်ပြီးတော့ ညီမက ကုံးရှုရှန်းဆီ သွားပြီး တောင်းဆိုခဲ့တယ် ”

“ခဏ … ကုံးရှုရှန်းက ဘယ်သူလဲ ” မိုဝူကျိက ဖြတ်မေးလိုက်သည်။

ယန်ယွဲ့ရုန်က ဖြူဖျော့စွာဖြင့်

“ သူက အထက်ဘုံ တာအိုဧကရာဇ် ကျီချန်းလောင်ရဲ့ ခြောက်ယောက်မြောက် တပည့်ပါ။ သူက အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့် ရောက်နေပြီ။ အဲတုန်းက သူလည်း တာအိုဆွေးနွေးခြင်းစင်မြင့်မှာ ရှိနေတယ်။ အဲဒါနဲ့ ညီမက သူ့ဆီ သွားပြီး အစ်မရှောင်ယုကို ကယ်ပေးဖို့ သွားတောင်းဆိုတော့ သူက ညီမကို လူသားမျိုးနွယ်ကနေ ထုတ်ပယ်လိုက်တယ်။ အခု ညီမမှာ လူသားမျိုးနွယ်ရဲ့ အဆင့်အတန်း မရှိတော့ဘူး ”

မိုဝူကျိ မျက်နှာအမူအယာမှာ အေးစက်လာလေ၏။ ကုံးရှုရှန်းသည် အဘယ်ကြော့် ထိုသို့ လုပ်မှန်း မှန်းဆမိလိုက်သည်။ သို့သော်လည်း သူက အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူမျှ ဖြစ်ကာ ယန်ယွဲ့ရုန်ကို လူသားမျိုးနွယ်စုမှ မည်သို့အခွင့်နှင့်များ ထုတ်ပယ်လိုက်ရသနည်း။

သူ့ကိုယ်သူ လူသားမျိုးနွယ်စု၏ တည်ထောင်သူ မှတ်နေတာလား ….

“ ငါ ကုံးရှုရှန်းကို နောက်မှ ရှာမယ်။ အခု ငါတို့တွေ တာအိုဆွေးနွေးခြင်း စင်မြင့်ဆီ သွားကြမယ်။ အခု အဲဒီ ဝူလီက ငါနဲ့ တာအို ဆွေးနွေးဖို့ ဘယ်လို တာအိုမျိုး ရှိနေလဲ ကြည့်ရတာပေါ့ ” မိုဝူကျိက ထရပ်ကာ ပြောလိုက်သည်။

***

All Chapters