နေဝင်ရိုက်ချက်
Vol. 57 Ch. 784
“ ရပ်စမ်း … ငါက နတ်ဘုရားမျိုးနွယ်စုရဲ့ သခင်လေးပဲ။ တကယ်လို့ မင်း ငါ့ကို သတ်လိုက်ရင် မင်း ပုန်းရမဲ့မြေ မရှိဘဲ ဖြစ်သွားမယ် ….” ဝူလီက အလောတကြီး အော်ပြောလိုက်သည်။ သူ့တွင် ထွက်ပြေးနိုင်သည့် နည်းလမ်း တချို့ ရှိသော်လည်း သူ့တာအိုအခြေခံဓာတ်ကို နှိုးဆွပစ်ရမည် ဖြစ်သည်။ အကယ်၍ သူ လုပ်ဆောင်လိုက်ပါက သူ့အတွက် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ရသော ပါရမီများ ပြန်လည် ရဖို့ရာ ခက်ခဲပေဦးမည်။ ထို့အပြင် သူ့အရည်အချင်းကို တိုးမြင့်ရန် ဝိညာဉ်ကြောကိုလည်း ဝါးမျိုနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ထို့အပြင် သူက သတ်ဖြတ်ရေးအကွက်ကို ထုတ်ထားပြီးပြီ ဖြစ်ရာ သူ့သတ်ဖြတ်ရေး အကွက်မှာ သဲကျိုး ဖြစ်၏။
အာကာပြင်ထဲ၌ အလွန်တရာ ရှားပါးသော ပန်းပွင့်အမျိုးအစား ရှိပေသည်။ ထိုပန်းပွင့်ကို သဲကျိုးပန်းဟု ခေါ်ဆိုပြီး သဲကျိုးပန်းတွင် အဆင့် မရှိပေ။ အာကာပြင်ထဲ၌ အလွန်တရာ လှလှပပ ပွင့်လေ့ ရှိသော်လည်း သဲကျိုးအဖြစ် သန့်စင်လိုက်လျှင် ပြိုင်ဖက်ကင်း လက်နက် တစ်ခု ဖြစ်လာလိမ့်မည်။ အများစုက သဲကျိုးကို သိကြသော်လည်း လူတချို့သာ ရရှိနိုင်ကြသည်။ အကြောင်းမှာ ထိုပန်းပွင့်က အလွန်တရာကို ရှားပါး၍ ဖြစ်သည်။
သဲကျိုးမှာ လျို့ဝှက်တိုက်ကွက် မဟုတ်သော်လည်း လျို့ဝှက်တိုက်ကွက်များထက်ပင် ပိုကြောက်မက်ဖို ကောင်းလေသည်။ ဖြေဆေးမရှိသည့် အဆိပ် ဖြစ်နေသည်။ ကောလဟာလများအရ မည်မျှ အားကောင်းနေစေကာမူ တာအိုဧကရာဇ် ဖြစ်နေလျှင်ပင် သဲကျိုးက တစစီ အမှုန့်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပေ၏။ ထို့နောက် လေထုထဲ အစအနမရှိ ကွယ်ပျောက်သွားရမည်။
ဝူလီက အဆင့်မြင့် ကျင့်ကြံသူများကို ဆက်တိုက် စိမ်ခေါ်ရဲပြီး ဂုဏ်သတင်း မြင့်တက်လာသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။ နောက်ထပ် အကြောင်းအရင်း တစ်ခုမှာ သူက လွတ်မြောက်နိုင်စွမ်း ရှိသည်ဟု အပြည့်အဝ ယုံကြည်ထား၍ ဖြစ်သည်။
သူက သူ့အား တားမြစ်လွတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးအောင် ဖိအားပေးနိုင်သည့် သူကို တစ်ခါမှ မတွေ့ဖူးသလို သူ့သဲကျိုး ထုတ်သုံးရလောက်သည့် ပြိုင်ဖက်မျိုးလည်း မတွေ့ဖူးသေးပေ။
ဝူလီက မိုဝူကျိသည် သူ့ထက် များစွာ အားကောင်းကြောင်း သိလိုက်သည့်အခါ ရပ်တန့်ရန် အော်ဟစ်ကာ ပြောလိုက်သည်။ သူက ထိုအချိန်လေး၌ သဲကျိုးကို ထုတ်လွှင့်လိုက်ခြင်း ဖြစ်၏။
သဲကျိုးမှာ ရှားပါးကာ အဖိုးတန်သော်လည်း သူ့အသက်နှင့် အနာဂတ်လောက် အရေးမကြီးပေ။
ရပ်စမ်းတဲ့လား …
မိုဝူကျိက တစ်ဖက်လူ စကားကို မကြားချင်ယောင် ဆောင်ထားလိုက်သည်။ သူက တိုက်နေတုန်း ဘယ်သောအခါမှ မရပ်တန့်ဖူးပေ။
“ ရွပ် ” တို့ဖူးကို လှီးဖြတ်လိုက်သည့်အလား လေဟုန်ဆန်မြစ်က ဝူလီ၏ ရွှေရောင်တံဆိပ်တော်ကို ပိုင်းဖြတ်ကာ ဝူလီ၏ စွမ်းအားစက်ကွင်းကိုလည်း စုတ်ဖြဲပစ်လိုက်သည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….
ဝူလီက သဲကျိုးကို သုံးပြီးသည့်တိုင် မိုဝူကျိ၌ ဘာမှမဖြစ်ကြောင်း တွေ့လိုက်သည့်အခါ သူ့မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ ထိုအချိန်၌ တားမြစ် လွတ်မြောက်ရေး နည်းစနစ်ကို သုံးရမလားဟု စဉ်းစားနေချိန် မရှိတော့ပေ။ ဝိညာဉ်ကြောများကို တစ်ခုပြီး တစ်ခု နှိုးဆွလိုက်သည့်အခါ သူ့တစ်ကိုယ်လုံးမှာ ပုံရိပ်ယောင်အဖြစ် စတင် ပြောင်းလဲလာသည်။
“ ဖူး ” လေဟုန်ဆန်မြစ် သူ့ဆီ ကျရောက်လာသည့်အခါ ဝူလီ၏ ပုံရိပ်ယောင် ခန္ဓာကိုယ်က နဂိုအခြေအနေ ပြန်ရောက်လာသည်။
ဝူလီ၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်း ပြတ်သွားသောကြောင့် သွေးမြူများ လွှင့်စင်လာသည်။
“ မဟုတ်ဘူး ” ဝူလီက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူက ဤသို့သေဆုံးရလိမ့်မည်ဟု မယုံပေ။ သူ့သဲကျိုးကို ခံနိုင်ရည် ရှိနိုင်လိမ့်မည်ဟု မထင်ထားပေ။ သူ မယုံကြည်နိုင်သော်လည်း အမှောင်ထုက သူ့အား လွှမ်းခြုံသွားတော့သည်။ သူက အဖြေရှာဖို့ရာ အခွင့်အရေးပင် မရတော့ချေ။
မိုဝူကျိက လက်ဖဝါးကို ဖြန့်လိုက်ပြီး ဝူလီ၏ သိုလှောင်လက်စွပ်ကို ယူလိုက်သည်။ ထို့နောက် သူက မီးတောက် ပစ်ကာ ဝူလီ၏ ခန္ဓာကိုယ်အား အမှုန့်ဖြစ်အောင် လောင်ကျွမ်းစေလိုက်သည်။ တာအိုဆွေးနွေးခြင်း စင်မြင့်ထက်၌ မိုဝူကျိ၏ လေဟုန်ဆန်မြစ်ရိုက်ချက်နှင့် နှစ်ပိုင်း ပြတ်ကျန်နေခဲ့သော ရွှေရောင် တံဆိပ်တော်သာ ထီးထီးချည်း ကျန်ရှိနေတော့သည်။
မိုဝူကျိ စိတ်ထဲ၌လည်း အထိတ်တလန့် ဖြစ်နေမိသည်။ သူက ဝူလီကို လွယ်လွယ်လေး သတ်လိုက်နိုင်သည့်အချက်ကိုသာ မကြည့်သင့်ပေ။ လက်တွေ့၌ သူ့တွင် အဆိပ်ဖြေ လမ်းကြောင်း မရှိပါက သူ့အနေနှင့် အဆုံးသတ်သွားနိုင်၏။ ဤဝူလီ၌ သဲကျိုးကဲ့သို့ အဆိပ်ပြင်းပြင်း ရှိနေလေသည်။ ထိုအဆိပ်၌ ဖြေဆေးမရှိချေ။ ဖြေဆေး ရှိနေလျှင်ပင် တိုက်ပွဲအတွင်း မည်သူက အဆိပ်ဖြေနိုင်စွမ်း ရှိမည်နည်း။
ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင် တစ်ခုလုံး တိတ်ဆိတ်သွားကြသည်။ တာအို ဆွေးနွေးခြင်း စင်မြင့်ထက်၌ ဝူလီဆီမှ တစ်ကွက် တောင့်ခံနိုင်သည့် ကိစ္စမှာ ပုံမှန်တော့ မကပေ။ အကြောင်းမှာ ဝူလီက တစ်ကွက်တည်းဖြင့် တာအိုဆွေးနွေးခြင်းကို အမြဲတမ်း အဆုံးသတ်လိုက်၍ ဖြစ်ပေသည်။
သို့သော်လည်း ဝူလီက တစ်ဖက်လူကို တစ်ကွက်တည်းဖြင့် အဆုံးသတ်ပစ်နိုင်လိုက်သည် မဟုတ်ဘဲ သူက တစ်ဖက်လူ၏ တိုက်ကွက် တစ်ကွက်၌ ပျောက်ကွယ်သွားရသည်။
ချက်ချင်းဆိုသလို လူအများစုက တိုက်ပွဲအပြီး နောက်ဆက်တွဲ ပြဿနာကို တွေးမိကုန်ကြသည်။ ဝူလီက စကြဝဠာအစွန်း၌ မည်သည့်ထောက်ပံ့မှုကိုမှ မလိုအပ်သော်လည်း အကြောင်းမှာ ဝူလီက အကူအညီ မလိုအပ်၍ မဟုတ်ပါလော။ သို့သော် ယခု ဝူလီကား အသတ်ခံလိုက်ရပြီ ဖြစ်ကာ ကိစ္စများမှာ သေချာပေါက် ရိုးရှင်းတော့မည် မဟုတ်ပေ။ အများစုက ဝူလီသည် နတ်ဘုရားမျိုးနွယ်၌ သာမာန်မဟုတ်သည့် အဆင့်အတန်း ပိုင်ဆိုင်ထားကြောင်း ယုံကြည်ထားကြ၏။
ယခု ဤသို့လူမျိုးကား တာအိုဆွေးနွေးခြင်း စင်မြင့်ထက်၌ အသတ်ခံလိုက်ရပြီ ဖြစ်ကာ နတ်ဘုရားမျိုးနွယ်စုက မည်သို့ အလွတ်ပေးမည်နည်း။
အကယ်၍ တာအိုဆွေးနွေးခြင်း စင်မြင့်မှာ တရားမျှတသည့် နေရာတစ်ခု ဖြစ်နေလျှင် ကိစ္စများက ရိုးရှင်းသွားမည် ဖြစ်သော်လည်း တာအိုဆွေးနွေးခြင်း စင်မြင့် သို့မဟုတ် စကြဝဠာအစွန်း တစ်ခုလုံးမှာ တရားမျှတသည့် နေရာမဟုတ်ကြောင်း အရူးပင် သိပေသည်။
…………………
“ အားကောင်းလိုက်တာ ….” ကောင်းကင်ဘုံအလွန် တည်းခိုဆောင် အပေါ်ဆုံးထပ်၌ ကျီကူက မုတ်ဆိတ်မွေးကို သပ်ကာ ပြောလိုက်သည်။ သူက သူ သောက်ချင်နေသည့် သေရည်အကြောင်းကိုပင် မေ့လျော့သွားလေ၏။
သူ့ဘေးတွင် ရှိနေသော တာအိုသခင် ဖုန်းဟွမ်ကလည်း အသက်ပြင်းပြင်းရှုကာ ပြောလိုက်သည် “ သူက တကယ်ကို အားကောင်းလွန်းတယ် ”
အချိန်တချို့ကြာပြီးနောက် ကျီကူက ဖြည်းဖြည်းချင်း ပြောလိုက်သည် “ အဲဒီလူက ငါနဲ့ မယှဉ်နိုင်ပေမဲ့ သိပ်မကွာဘူးပဲ ”
ယခင်ကတည်းက သူ့အနေနှင့် မိုဝူကျိ အနိုင်ရမည်မှန်း မှန်းဆထားပြီးသား ဖြစ်သော်လည်း မိုဝူကျိက သန့်သန့်ရှင်းရှင်း အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ထားပေ။ သူက ဤတာအို ဆွေးနွေးခြင်း စင်မြင့်အပြီးတွင် ပြဿနာ သွားရှာရန် စိတ်ကူးထားသေး၏။
သူ့အကြောင်းပြချက်မှာ မိုဝူကျိက နှစ်ဖက်ချွန် အင်မော်တယ် အုပ်စိုးသူကို သတ်လိုက်သည့် အကြောင်း ဖြစ်ပေလိမ့်မည်။ မိုဝူကျိက အလွန်ချမ်းသာသောကြောင့် အစိမ်းရောင်ကျောက်တချို့ လိုချင်မိသည်။ ဤနည်းဖြင့် သူက အစိမ်းရောင်ကျောက်များကို ရရှိရုံသာမက နတ်ဘုရားမျိုးနွယ်စုအတွက်လည်း ကိစ္စ တစ်ခု ကူညီပေးလိုက်သလို ဖြစ်လိမ့်မည်။
သို့သော် ယခုတွင် သူက ထိုအတွေးကို လုံးဝ ပယ်ချလိုက်သည်။ မိုဝူကျိက သူ့လောက် အားမကောင်းသော်လည်း မိုဝူကျိက မဆိုးလှပေ။ သူက အစိမ်းရောင်ကျောက်လေးတချို့ဖြင့် ဤလူအား ရန်သွားစမိ၍ မဖြစ်ပေ။
ဖုန်းဟွမ်က ဘာမှမပြောပေ။ သူက မိုဝူကျိသည် ကျီကူထက် အားကောင်းကြောင်း သေချာသိနေသည်။ ဤဝူလီက အားနည်းလွန်းနေသည်မှာ ကံဆိုးလှပေသည်။ မိုဝူကျိအနေနှင့် လျို့ဝှက် တိုက်ကွက် လေဟုန်ဆန်မြစ် တစ်ကွက်တည်းဖြင့် အနိုင်ရသွားလေ၏။ ဖုန်းဟွမ်က ထိုလျို့ဝှက်တိုက်ကွက်ကို သလင်းကျောက် မှတ်တမ်း၌ တွေ့ဖူးပေသည်။ ယခု သူက ကိုယ်တိုင် မြင်တွေ့လိုက်ရသောကြောင့် သူသာ တိုက်ခိုက်ခံရသူ ဖြစ်နေလျှင် မည်သို့ ရှောင်ရှားရမည်ကို တွေးတောမိနေသည်။
………………..…
“ မင်းက ငါတို့ သခင်လေးကို သတ်ရဲတယ်လား ” ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ပုံရိပ်သုံးခုက တာအိုဆွေးနွေးခြင်း စင်မြင့်ဆီ ရောက်ရှိလာသည်။
အပေါ်ယံ၌ ထိုလူသုံးယောက်မှာ သာမာန် အင်မော်တယ်များနှင့် တူသော်လည်း သူတို့ တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ် ရောက်သည်နှင့် အရှိန်အဝါများ အပြင်းအထန် ထွက်ပေါ်လာသည်။ အားအနည်းဆုံး ယန်ယွဲ့ရုန်ပင် ထိုလူသုံးယောက်မှာ အင်မော်တယ် ဧကရာဇ်များ ဖြစ်ကြောင်း သိလိုက်သည်။
ယန်ယွဲ့ရုန်က ရှောင်ရှောင်ယုအတွက် နှစ်သိမ့်စကား မပြောပေးနိုင်ခင် မျက်နှာမှာ ဖြူဖျော့လာလေ၏။ အင်မော်တယ် ဧကရာဇ် သုံးယောက်က သူမ အစ်ကိုကြီးတာ့ဟွမ်အား ဝိုင်းထားကြသည်။ တာ့ဟွမ်က ကောင်းကင်ဘုံ သွေဖယ်နေလျှင်ပင် သူက ယနေ့ သေဆုံးရမည်သာ ဖြစ်၏။
မိုဝူကျိက အင်မော်တယ် ဧကရာဇ် သုံးယောက်ကို ကြည့်လိုက်သည့်အခါ နှစ်ယောက်မှာ အစောပိုင်းအဆင့်မျှသာ ဖြစ်ပြီး နောက်တစ်ယောက်မှာ အလယ်အလတ်အဆင့် ဖြစ်ပေသည်။ အရိုးသားဆုံး ပြောရလျှင် ထိုအဖွဲ့က သူ့အာရုံကို မဖမ်းစားမိပေ။ သူ့စိတ်ထဲ၌ ထိုလူများသည် မည်မျှ မောက်မာကြောင်း တွေးတောနေမိ၏။
တာအို ဆွေးနွေးခြင်း စင်မြင့်ထက်၌ ဝူလီသာ အခြားလူများကို သတ်ခွင့် ရှိပြီး ဝူလီ အသတ်ခံရလျှင် ပြစ်မှုဟု သတ်မှတ်ထားသည်လား။
“ သေစမ်း …” လူသုံးယောက်လုံးက တစ်ချိန်တည်း အော်လိုက်ကြသည်။ ထိုစဉ် အလင်းတန်း မြောက်များစွာက နေရာတစ်ခုလုံးကို ကာဆီးထားသည်။
တာအို ဆွေးနွေးခြင်း စင်မြင့်အောက်၌ ကြည့်ရှုသူများမှာလည်း အလျှင်အမြန် နောက်ဆုတ်ကုန်ကြသည်။ ထိုအင်မော်တယ် ဧကရာဇ်များမှာ တာအို ဆွေးနွေးခြင်း စင်မြင့်ထက်မှ အတားအဆီးများကို ချိုးဖျက်လိုက်ကြပြီ ဖြစ်၏။ အင်မော်တယ် ဧကရာဇ် သုံးယောက်၏ စွမ်းအားစက်ကွင်းနှင့် ရင်ဆိုင်ရသည့်အခါ ကြည့်ရှုလေ့လာသူများမှာ နောက်မဆုတ်ဘဲ မနေနိုင်ကြတော့ပေ။
နောက်ဆုတ်ကြသည့်အပြင် ထိုလူများက သက်ပြင်းချလိုက်ကြသည်။ သူတို့က မိုဝူကျိသည် အဆုံးသတ်ပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။ အင်မော်တယ် ဧကရာဇ် သုံးယောက် ဝိုင်းထားသည် ဖြစ်ရာ မိုဝူကျိ အသက်ရှင်နိုင်လျှင် အတော်လေး ထူးဆန်းနေပေလိမ့်မည်။
ထို့အပြင် ထိုအင်မော်တယ် ဧကရာဇ်များက နတ်ဘုရားမျိုးနွယ်စုမှ ဝူလီအား ကာကွယ်ရန် တာဝန်ပေးထားသော လူများ ဖြစ်ကြသည်။ ထိုသုံးယောက်က အားနည်းနေသည်ဆိုမှ ပို၍ ထူးဆန်းနေပေလိမ့်မည်။
မိုဝူကျိက ရယ်မောလိုက်ရင်း သူ့ဝဲကတော့ စွမ်းအားစက်ကွင်းအား ထုတ်လွှင့်လိုက်သည်။ သူက အင်မော်တယ် ဧကရာဇ် သုံးယောက်နှင့် ရင်ဆိုင်နေရသော်လည်း သူ့စွမ်းအားစက်ကွင်းမှာ သေချာပေါက် အားမနည်းပေ။ ထိုအင်မော်တယ် ဧကရာဇ် သုံးယောက်လုံးက သူတို့စွမ်းအားစက်ကွင်းများကို မပေါင်းစည်းသရွေ့ ဖြစ်သည်။
“ ဝုန်း ဝုန်း …” စွမ်းအားစက်ကွင်း အချင်းချင်း ထိပ်တိုက် တွေ့သွားသောကြောင့် အင်မော်တယ် သဘာဝစွမ်းအားများက ပေါက်ကွဲထွက်ကုန်သည်။ ထိုပေါက်ကွဲမှုကြား တာအိုစွမ်းအားတချို့ပင် ပါဝင်နေသေး၏။
ထိုသုံးယောက်က ရုတ်တရက်ဆိုသလို စိတ်ထဲ တုန်လှုပ်မိသွားသည်။ သူတို့စွမ်းအားစက်ကွင်းများမှာ သာမာန် မဟုတ်ပေ။ သူတို့အားလုံးမှာ အင်မော်တယ် ဧကရာဇ်အဆင့်များ ဖြစ်ကြသည်။
သို့သော် ယခုတွင် မိုဝူကျိ၏ စွမ်းအားစက်ကွင်း တစ်ခုက သူတို့ စွမ်းအားစက်ကွင်း သုံးခုလုံးကို ခုခံနိုင်စွမ်း ရှိနေလေ၏။ ထိုဝဲကတော့ စွမ်းအားစက်ကွင်းမှာ လှိုင်းလုံးများကဲ့သို့ ထွက်ပေါ်လာပြီး သူတို့၏ စွမ်းအားစက်ကွင်းများကို မိုဝူကျိ၏ စွမ်းအားစက်ကွင်းကြောင့် တစစီ ဖြစ်မသွားစေဖို့ရာ ကာကွယ်ဖို့ရာ ဖိအားပေးနေသည်။ အကယ်၍ သူတို့ စွမ်းအားစက်ကွင်း တစစီ ကြေမွသွားပါက ဤနေရာတစ်ခုလုံးမှာ မိုဝူကျိ လက်ထဲ ရောက်ရှိသွားလိမ့်မည်။
သုံးယောက်လုံးက စိတ်တည်ငြိမ်အောင် ထိန်းလိုက်ကြသည်။ သူတို့က မိုဝူကျိ တစ်ယောက် ဝူလီကို သတ်နိုင်ခြင်းမှာ တကယ့်စွမ်းရည်နှင့်သာ ဖြစ်ပြီး အကောက်ကြံခြင်း သို့မဟုတ် ကံကောင်းခြင်းတို့ကြောင့် မဟုတ်ကြောင်း သိလိုက်သည်။ အကယ်၍ သူတို့သာ စိတ်မငြိမ်သည့် အခြေအနေနှင့် ဆက်လက် တိုက်ခိုက်နေလျှင် သူတို့လည်း ရှုံးနိမ့်သွားပေလိမ့်မည်။
မိုဝူကျိက သူတို့သုံးယောက် အင်အားပူးပေါင်းသည့်အထိ မစောင့်ဆိုင်းဘဲ သူပုဆိန်လှံရှည်အလင်းတန်းကို အဆုံးမဲ့ ကန္တာရအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ပုဆိန်လှံရှည် အလင်းတန်းများက ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။ ထို့နောက် တာအို ဆွေးနွေးခြင်း စင်မြင့်ထက်၌ အစီအရင်အလံပေါင်း သန်းပေါင်းများစွာ အုပ်လွှမ်းသွားသည်။ မဟာသဲကန္တာရအတွင်းမှ ပုဆိန်လှံရှည်မှာ ဆက်လက်၌ ပြန့်လာပြီး သဲလှိုင်းကြီးများအဖြစ် ပြောင်းလဲလာသည်။ ထိုသဲလှိုင်းလုံးကြီးမှာ ထိုသုံးယောက်၏ စွမ်းအားစက်ကွင်းကို ထိုးဖောက်၍ သူတို့ဆီ အပြင်းအထန် ဝင်ရောက်သွားသည်။
ထိုအင်မော်တယ် ဧကရာဇ် သုံးယောက်လုံးက မုန်တိုင်းထန်နေသည့် ပင်လယ်အလယ် ကျရောက်သွားသည့်အလား ခံစားလိုက်ရသည်။ ထို့အပြင် သူတို့က ပင်လယ်ကို ရင်ဆိုင်နေသည့် အားကောင်းကောင်း သင်္ဘောများ မဟုတ်ဘဲ သစ်သားတုံးမျှသာ ဖြစ်နေသည်။
ထိုစဉ် သူတို့က ပင်လယ်နှင့် ရင်ဆိုင်နေရသည်လား ဒါမှမဟုတ် သဲကန္တာရနှင့် ရင်ဆိုင်နေရသည်လား မပြောနိုင်ကြတော့ပေ။
“ ဒါက အဲဒီလူရဲ့ ပုဆိန်လှံရှည်အလင်းကနေ ဖြစ်ပေါ်လာတဲ့ စွဲလမ်းအဆင့် လျို့ဝှက်တိုက်ကွက်ပဲ … တန်းတိုက်ကြစို့ ” ထိုအင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူက အရင်ဆုံး အသိပြန်ဝင်လာသည်။ ထိုစကားကို ပြောပြီးနောက် သူ့လက်ထဲမှ ရိုးတံတစ်ခု ဖြစ်ပေါ်လာသည်။ ထိုစဉ် ထိုရိုးတံကြီးမှာ နွယ်ပင်များအဖြစ် ပြောင်းလဲသွားပြီး မိုဝူကျိထံ ဝင်ရောက်လာသည်။
အခြားအင်မော်တယ် ဧကရာဇ် နှစ်ယောက်လည်း အသိပြန်ကပ်လာကြသည်။ တစ်ယောက်က နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည့် အနက်ရောင် အလံကို ပစ်လွှတ်လိုက်ပြီး နောက်တစ်ယောက်က မိုဝူကျိ ဦးခေါင်းထံ ဧရာမတူကြီး ထုတ်ကာ ရိုက်ဖို့ ကြိုးစားလိုက်သည်။
ထိုသုံးယောက် အတူတူ တွဲတိုက်သည်မှာ ပထမအကြိမ် မဟုတ်မှန်း သိသာလှသည်။ သူတို့အပြုအမူများမှာ ချောမွေ့ကာ အပြစ်အနာဆာ ကင်းလှသည်။
ထိုစဉ် မိုဝူကျိ၏ မဟာသဲကန္တာရက အက်ကွဲသံများ ထွက်ပေါ်လာလေ၏။ မိုဝူကျိရှေ့တွင် ရှိနေသော နွယ်ပင်များမှာ နွယ်ပင်လက်ကြီးအဖြစ် တိုက်ရိုက် ပြောင်းလဲသွားသည်။
အကယ်၍ မိုဝူကျိသာ ရှေ့တိုးလိုက်လျှင် ထိုနွယ်ပင်လက်ကြီးက သူ့အား ဖမ်းဆုပ်ထားမည် ဖြစ်၏။ အကယ်၍ သူသာ နောက်ဆုတ်လိုက်လျှင် အနက်ရောင် အလံ၏ စွမ်းအားစက်ကွင်းအတွင်း ကျရောက်ကာ ဧရာမတူကြီးကြောင့် သူ့ဦးခေါင်းမှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလိမ့်မည်။
သို့သော်လည်း မိုဝူကျိ မျက်နှာထက်၌ တည်တည်ငြိမ်ငြိမ် ဖြစ်နေဆဲ ဖြစ်သည်။ သူက လက်ကို ဝှေ့လိုက်သည်နှင့် လေဟုန်ဆန်မြစ် ကျဆင်းလာသည်။
အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက ထိုလျို့ဝှက်တိုက်ကွက်ကို မြင်ပြီးသား ဖြစ်၏။ ထိုအရာက အားကောင်းလွန်းသော်လည်း သူတို့ကို ဒဏ်ရာအပြင်းအထန် ရစေဖို့ မလုံလောက်ပေ။ သူတို့ ဒဏ်ရာအပြင်းအထန် ရသွားလျှင်ပင် သူတို့၏ သခင်လေးကို သတ်ခဲ့သည့် ဤလူသားမျိုးနွယ်စုကိုတော့ ဖျက်စီးပစ်ရမည်။
လေဟုန်ဆန်မြစ်မှာ ဝမ်းနည်းစရာ ကောင်းလွန်းပြီး လှပလွန်းလှသည်။ အပြည့်အဝ ကျဆင်းမလာခင် အလံစက်ကွင်းကို ချိုးဖောက်ကာ ဧရာမတူကြီးအား နှေးကွေးသွားစေ၏။
“ ဘုန်း ” မဟာသဲကန္တာရမှာ ပေါက်ကွဲထွက်သွားသည်။ ထိုစဉ် ထိုအင်မော်တယ် ဧကရာဇ် သုံးယောက်လုံး၏ ခန္ဓာကိုယ်၌ ဒဏ်ရာမရသည့် နေရာဟူ၍ မရှိတော့ပေ။ သို့သော်လည်း တစ်ချိန်တည်းတွင် နွယ်ပင် အရိပ်နှစ်ခုက မိုဝူကျိ ရင်ဘတ်ဆီ ထိုးဖောက်သွား၏။
မိုဝူကျိထံ မီးခိုးရောင်မှုန်မှိုင်းမှိုင်း သေစေလောက်သည့် စွမ်းအားများက လွှမ်းခြုံလာသည်။ အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူမှာ မဟာသဲကန္တာရကြောင့်် ဒဏ်ရာရသွားသော်လည်း ဘဝင်မခိုက်ဘဲ မနေနိုင်တော့ပေ။ သူ့နတ်ဘုရား နွယ်ပင်က မိုဝူကျိ၏ အသက်ဓာတ်ကို စုပ်ယူကာ မိုဝူကျိ၏ ခန္ဓာကိုယ်ကို တစစီ လုပ်ပစ်မည် ဖြစ်၏။
သို့သော်လည်း သူက ချက်ချင်းဆိုသလို တုန်လှုပ်သွားလေသည်။ မိုဝူကျိက ထိုအရာများ၏ သက်ရောက်မှုကို ခံရဟန် မပေါ်ဘဲ လက်သီးချက် ပစ်ခွင်းလိုက်သည်။
“ ဘုန်း ” မိုဝူကျိ၏ လက်သီးချက်က ဧရာမတူကြီးထံ ကျရောက်သွားသည်။ သူ့လက်ထဲမှ အရိုးများမှာ ကြေမွသွားသော်လည်း တစ်ချိန်တည်းတွင် တူကြီးကလည်း မိုဝူကျိလက်ချက်ဖြင့် အဝေးလွှင့်ထွက်သွားသည်။
ဤအင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူက ရေရွတ်လိုက်သည်
“ သူ့ကို ငါ့နတ်ဘုရားနွယ်ပင်နဲ့ ပိတ်လှောင်ထားပြီးပြီ။ ငါတို့တွေ ကိုယ့်ဘာသာ ကာကွယ်ရုံပဲ …. ဆက်တိုက်ဖို့ မလို … ”
ဤအင်မော်တယ် ဧကရာဇ် စကားမဆုံးခင် ရပ်တန့်သွားလေ၏။ သူက သူ့ရှေ့မှ မြင်ကွင်းကို တအံ့တဩ ငေးကြည့်နေမိသည်။ သူက သူ့အသက်ဓာတ်မှာ ထိုနေဝင်သွားသည့် မြင်ကွင်းနှင့် ပေါင်းစပ်သွားသလို ခံစားလိုက်ရပြီး နေဝင်သွားသည်နှင့် သူ့ဘဝလည်း အဆုံးသတ်သွားလိမ့်မည်။
***