လျော်ကြေး
Vol. 57 Ch. 786
မိုဝူကျိက သူ့လခြမ်းကွေး ပုဆိန်လှံရှည်အား ဘေး၌ ထားကာ အေးစက်စွာ ပြန်မေးလိုက်သည် “ ခင်ဗျားက ဘယ်သူလဲ ”
“ ဒီဧကရာဇ်က မီဖေးကုန်သွယ်ရေး အဖွဲ့ ဒုခေါင်းဆောင် ကျူချွမ်းပဲ … ” အဝါရောင်ဝတ်ရုံနှင့် အမျိုးသားက ပြောလိုက်သည်။ သူက သူ့အရှိန်အဝါများကိုပင် ထုတ်ဖော်လိုက်သည်။ သူက မိုဝူကျိနှင့် ရင်မဆိုင်လိုသော်လည်း မိုဝူကျိအား သူ ကျူချွမ်းက မဟာဧကရာဇ် ဖြစ်ကြောင်း သိစေလိုသည်။
မိုဝူကျိက သူ့အပေါ် စိုးရိမ်ပူပင်မှုနည်းနည်း ရှိလျှင် လုံလောက်သွားလေပြီ။ သူ့မီဖေးကုန်သွယ်ရေး အဖွဲ့က မိုဝူကျိလိုမျိုး မိုက်မဲသောသူနှင့် ဆက်၍ အရှုပ်အထွေး မဖြစ်လိုတော့ပေ။
ဤလူက မိုက်မဲခြင်းကြောင့်သာ မဟုတ်လျှင် နတ်ဘုရားမျိုးနွယ်စု၏ သခင်လေးနှင့် အင်မော်တယ် ဧကရာဇ် သုံးယောက်လုံးကို သတ်ရဲမည်လား။
ထို့အပြင် ယခုအချိန်မျိုး၌ မီဖေးကုန်သွယ်ရေးအဖွဲ့တွင် အဆင့်မြင့် ကျင့်ကြံသူများ ရှိမနေချေ။
ကျူချွမ်း၏ အစီအစဉ်အရ သူ့မဟာဧကရာဇ် အရှိန်အဝါကို ထုတ်ဖော်ပြပြီးနောက် မိုဝူကျိသည် တွန့်ဆုတ်မှုတချို့တော့ ရှိသွားပေလိမ့်မည်။ ထို့နောက် မိုဝူကျိက သူနှင့် ညှိနှိုင်းဆွေးနွေးလိုလာလိမ့်မည်။
သူက မိုဝူကျိ မဟုတ်သောကြောင့် မိုဝူကျိ တွေးနေသည့်အရာများကို မသိပေ။ မိုဝူကျိက စကားတစ်ခွန်းမှ ပြန်မပြောဘဲ ဝဲကတော့ စွမ်းအားစက်ကွင်းသာ ထုတ်ဖော်လိုက်၏။ တစ်ချိန်တည်းဆိုသလို သူက လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် အကြီးအကျယ် ပျက်စီးစေနိုင်သည့် အလင်းတန်းမှာ ပဉ္စလက်ပြသလို ထွက်ပေါ်လာသည်။
“ မင်း …” ကျူချွမ်း စိတ်ထဲ၌ ဒေါသတရားနှင့် တုန်လှုပ်မှုတို ဖြစ်ပေါ်လာသည်။ သူက မိုဝူကျိသည် စည်းမျည်းများကို သွေဖယ်နေသည့်သူ ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။ ကျူချွမ်းက စကြဝဠာအစွန်း၏ စည်းမျည်းများကို တစ်ချိန်လုံး ကျေနပ်အားရနေမိသည်။ စကြဝဠာအစွန်းမှာ အားကောင်းသူများ ကြီးစိုးသော နေရာတစ်ခု ဖြစ်ပြီး အားနည်းသူများက စည်းမျည်းများကို ချိုးဖောက်လိုက်သည်နှင့် တာဝန်ရှိသူများက ချက်ချင်း ပေါ်လာကြသည်။
ယနေ့ ကျူချွမ်းက အမြင်သစ် တစ်ခု ရလိုက်မိသည်။ မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့ရှေ့၌ မောက်မောက်မာမာ လာလုပ်နေသော်လည်း တာဝန်ရှိသူများက လုံးလုံး ပေါ်မလာပေ။
အဲလို စောက်သုံးမကျတဲ့ တာဝန်ရှိသူတွေက ဘာအသုံးဝင်မှာလဲ …..
ကျူချွမ်းက ချက်ချင်းဆိုသလို ကြေးမုန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။ ထိုကြေးမုန်က မျက်နှာပြင်ထက်၌ ရွှေရောင်အလင်းတန်း မြောက်များစွာ ထွက်ပေါ်လာသည်။
“ ဘုန်း ” မဟူရာချောက်နက်က မီဖေးကုန်သွယ်ရေး အဖွဲ့၏ ကာကွယ်ရေး အစီအရင်ကို တစစီ ဖြစ်သွားစေပြီး ကျူချွမ်း၏ စွမ်းအားစက်ကွင်းဆီ ရောက်ရှိလာသည်။
ကျူချွမ်း ကိုယ်တိုင်က သူ့စွမ်းအားစက်ကွင်းမှာ အက်ကွဲလာကြောင်း မြင်လိုက်ရသည်။ အင်မော်တယ် သဘာဝစွမ်းအားများမှာ လေထုအတွင်း တုန်ဟီးနေပြီး တာအိုစွမ်းအား အရိပ်အယောင်တချို့လည်း ထွက်ပေါ်လာသည်။
ကျူချွမ်း၏ ရွှေရောင်အလင်းတန်းပေါင်း မြောက်များစွာက ချက်ချင်းဆိုသလို ကြေမွလာပြီး အင်မော်တယ်သဘာဝစွမ်းအားမှာ သူ့ရင်ဘတ်ပေါ် ရောက်ရှိလာသည်။ နေရာတွင် ကျူချွမ်းက သွေးတစ်ပွက် အန်လိုက်ရပြီး မီတာဆယ်ချီ လွှင့်ထွက်သွားလေ၏။ သူက မတ်မတ်ရပ်နိုင်ဖို့ပင် မနည်းရုန်းကန်လိုက်ရသည်။
ထိုအချိန်အတန့်လေးကား ကျူချွမ်း၏ စိတ်နှလုံးသားကို အေးခဲသွားစေသည်။ သူက မဟာဧကရာဇ် ဖြစ်သော်လည်း မိုဝူကျိအတွက် ပြိုင်ဖက် မဟုတ်သေးပေ။ စကြဝဠာအစွန်းမှ အထူးချွန်ဆုံး မဟာဧကရာဇ်ငါးယောက်ကသာ မိုဝူကျိအား ခုခံနိုင်ပေလိမ့်မည်။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ မိုဝူကျိအား နှောင့်နှေးစေရုံသာ ဖြစ်၏။ အကယ်၍ ဤနေရာ၌ ရုတ်ရုတ်သည်းသည်း ဖြစ်သွားလျှင် လူများက သေချာပေါက် ရောက်လာကြလိမ့်မည်။
မိုဝူကျိက သူ့အရင်ဆုံး လက်ဦးမှု အရယူသင့်ကြောင်း သိပေသည်။ ကျူချွမ်းအား သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မည်သို့ ခွင်ပြုပေးရမည်နည်း။ ရှေ့တစ်လှမ်းတိုးကာ သူ့လခြမ်းကွေး ပုဆိန်လှံရှည်မှ အလင်းတန်းများစွာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းဆိုသလို သူ့အသိစိတ်ပင်လယ်အတွင်း ခရမ်းရေကန်၌ စိတ်စွမ်းအင်မြှား တစ်စင်း ဖွဲ့စည်းလာသည်။
ကျူချွမ်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ခြင်းက မိုဝူကျိအနေနှင့် ကျူချွမ်းအား အချိန်တိုလေးအတွင်း ရှင်းပစ်နိုင်သည့် နည်းလမ်းမှာ သူ့စိတ်စွမ်းအင် မြှား ထုတ်သုံးရန် ဖြစ်ကြောင်း သိလိုက်သည်။ မဟုတ်လျှင် ဤတိုက်ပွဲကား အချိန်ကြာမြင့်လာမည် ဖြစ်သည်။
မူလက ကျူချွမ်းသည် သူ့လျို့ဝှက်တိုက်ကွက်ဖြင့် ဖောက်ခွဲပစ်ချင်သော်လည်း သူက သူ့ဘေးမှ လေထုမှာ အေးစက်လာပြီး သေစေလောက်သည့် စွမ်းအားများကြား ပိတ်လှောင်ခံလိုက်ရသလို ခံစားမိလိုက်သည်။ ထို့အပြင် သူက ထိုစွမ်းအားမှာ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း သေချာမသိပေ။
ယခင် တိုက်ခိုက်မှုမှာ သူ့အား မိုဝူကျိထက် အနည်းငယ်မျှ နိမ့်ကျနေကြောင်း ခံစားရစေသော်လည်း ယခုအခါ ကျူချွမ်းက မိုဝူကျိအား လုံးဝ နှောင့်နှေးအောင် မလုပ်နိုင်ကြောင်း သိသွားသည်။ အကယ်၍ ထိုစွမ်းအားများ ထွက်ပေါ်လာသည်နှင့် ကျူချွမ်းသည်လည်း ယုံမှားဖွယ်မရှိ သေဆုံးသွားပေလိမ့်မည်။
“ ရပ် ….” ကျူချွမ်းက ကတိုက်ကရိုက် အော်ပြောလိုက်သည်။
မိုဝူကျိက ကျူချွမ်း၏ ပြောဆိုမှုကို လုံးဝ လျစ်လျူရှုထားလေ၏။
သူက ရပ်ဆိုတာနဲ့ ရပ်ရမှာလား …..
“ အင်မော်တယ်ရောင်းရင်းမို …. ဒါက စကြဝဠာအစွန်းပါ။ အင်မော်တယ်ရောင်းရင်းမိုက ကျုပ် ဖုန်းဟွမ်ရဲ့ ဂုဏ်သတင်းကို ထောက်ထားပြီးတော့ ယာယီရပ်တန့်ပေးမယ်လို့ မျှော်လင့်ပါတယ် ” ညင်သာသည့် အသံလေး တစ်သံ ပျံ့လွှင့်လာသည်။
မိုဝူကျိက ထိတ်လန့်သွားမိသည်။ သူ့အသိစိတ်ပင်လယ်အတွင်း ဖွဲ့စည်းထားသော စိတ်စွမ်းအင်မြှားမှာ ဖြည်းဖြည်းချင်း ပျောက်ပျက်သွားလေ၏။
ဤလူ၏ အရှိန်အဝါ တစ်ခုတည်းဖြင့် မိုဝူကျိက ရောက်ရှိလာသူမှာ သူ့ထက် အားမနည်းကြောင်း ခံစားမိလိုက်သည်။ အကယ်၍ သူသာ ဤလူနှင့် တိုက်ခိုက်ရလျှင် သူ့လျို့ဝှက်ချက်အားလုံးကို ထုတ်ဖော်ရမည်သာ ဖြစ်၏။ သူက ထိုလို လူမျိုးအား ရန်မစလိုပေ။
ထို့အပြင် သူက မီဖေးကုန်သွယ်ရေး အဖွဲ့ဆီ သတ်ဖြတ်ရန် ရောက်ရှိလာခြင်း မဟုတ်ဘဲ ကျင့်ကြံရေး အရင်းအမြစ်များ အရယူရန် ရောက်လာခြင်းသာ ဖြစ်၏။ ကျူချွမ်းမှာ သူ အချိန်မရွေး သတ်ပစ်နိုင်သည့် အင်မော်တယ် ဧကရာဇ် တစ်ယောက်မျှသာ ဖြစ်ပြီး တစ်ဖက်၌ ဤဖုန်းဟွမ်မှာ သေချာပေါက် ရိုးရှင်းသည့်သူ မဟုတ်ချေ။
ထိုမျှတင် မကသေးပေ။ ဤဖုန်းဟွမ်၏ စိတ်စွမ်းအားမှာ အနည်းငယ် ရင်းနှီးနေကြောင်း ခံစားမိနေသည်။ အကယ်၍ သူသာ မမှားလျှင် ဖုန်းဟွမ်၏ စိတ်စွမ်းအားမှာ သူ တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ် တိုက်ခိုက်နေစဉ်အတွင်းလည်း သူ့အပေါ် ရောက်ရှိလာဖူးပေလိမ့်မည်။
မိုဝူကျိက သတ်ဖြတ်ငွေ့ကို ပြန်ရုတ်သိမ်းလိုက်သည်ကို မြင်၍ ကျူချွမ်းက သက်ပြင်းသာ ချလိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက် ယှက်ကာ ရောက်ရှိလာသူအား ကျေးဇူးတင်လိုက်သည် “ တာအိုသခင်ဖုန်းကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ”
ဤသို့မျိုး အချိန်၌ အရှက်သိက္ခာမှာ ဒုတိယ ဖြစ်ပေသည်။ ကျူချွမ်းက ဖုန်းဟွမ်သာ ရောက်ရှိမလာလျှင် သူ့အနေနှင့် သေခြင်းတရားကို ထိုင်စောင့်နေသလို ဖြစ်မည်မှန်း တခြားသူများထက် ကောင်းကောင်း သိ၏။
မိုဝူကျိက ရောက်လာသောသူကို ကြည့်လိုက်သည့်အခါ လူနှစ်ယောက် ဖြစ်နေပြီး တစ်ယောက်မှာ သူ့ကိုယ်သူ ဖုန်းဟွမ်ဟု မိတ်ဆက်သည့် လူ ဖြစ်၏။ သူက ပညာရှင်ဆန်ဆန် သွင်ပြင် ရှိပြီး မဟာဧကရာဇ် တစ်ယောက်၏ အရှိန်အဝါလည်း ရှိပေသည်။ သို့သော်လည်း မိုဝူကျိက ထိုလူမှာ ရိုးရိုး မဟာဧကရာဇ်မျှ မဟုတ်မှန်း သိနေသည်။ သူက ကျူချွမ်းထက် များစွာ အားကောင်းပေလိမ့်မည်။
ဖုန်းဟွမ်၏ ဘေးတွင် ရှိနေသူမှာ မုတ်ဆိတ်မွေးနှင့် အမျိုးသား တစ်ယောက် ဖြစ်ပြီး မဟာဧကရာဇ် ဖြစ်သလို တာအိုအရှိန်အဝါ တစ်ခုတည်းဖြင့် သူကလည်း ကျူချွမ်းထက် အားကောင်းမှန်း သိသာလှသည်။
ဖုန်းဟွမ်က ကျူချွမ်းအား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ပြုံးကာ လက်နှစ်ဖက် ယှက်လိုက်ပြီး “ အင်မော်တယ်ရောင်းရင်းမိုက ကျုပ်ကို မသိလောက်ဘူး။ ကျုပ်က စကြဝဠာအစွန်းရဲ့ တာအိုသခင် ဖုန်းဟွမ်ပါ။ ဒါက ကျုပ်ရဲ့ မိတ်ဆွေကောင်းလည်း ဖြစ်သလို မိစ္ဆာမျိုးနွယ်က မဟာဧကရာဇ် တစ်ယောက်လည်း ဖြစ်တဲ့ ကျီကူပါ ….”
ကျီကူက မိုဝူကျိနှင့် နတ်ဘုရားမျိုးနွယ်မှ အင်မော်တယ် ဧကရာဇ် သုံးယောက်ကြားမှ တိုက်ပွဲကို မြင်တွေ့ပြီးနောက် မိုဝူကျိအား အနည်းငယ် ကြောက်ရွံ့နေမိသည်။ ယခု ဖုန်းဟွမ်၏ မိတ်ဆက်ပေးမှုဖြင့် သူက မြန်မြန် နှုတ်ဆက်လိုက်သည် “ အင်မော်တယ်ရောင်းရင်းမိုရဲ့ လျို့ဝှက်တိုက်ကွက်တွေက တကယ်ကို အံ့အားသင့်စရာပါပဲ ….. ကျီကူအနေနဲ့ တကယ် လေးစားမိပါတယ် ”
“ တာအိုသခင်ဖုန်းနဲ့ အင်မော်တယ်ရောင်းရင်းကျီတို့ကိုး …. အရင် ကျုပ်ရဲ့ မသိတတ်မှုအတွက် ခွင့်လွတ်ပေးပါ ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ပြန်ပြောလိုက်သည်။ သူက နတ်ဘုရားမျိုးနွယ်စုနှင့် မီဖေးကုန်သွယ်ရေး အဖွဲ့ကို ရန်စထားပြီးပြီ ဖြစ်ရာ ယခု ဖုန်းဟွမ်က သူ့အား ရန်မစလိုသောကြောင့် သူ့အနေနှင့်လည်း ထိုသို့မျိုး အဆင့်မြင့် ကျင့်ကြံသူအား ရန်စမည် မဟုတ်ပေ။ ထို့အပြင် ဤလူမှာ စကြဝဠာအစွန်း၏ တာအိုသခင် ဖြစ်နေသေး၏။
“ အင်မော်တယ်ရောင်းရင်းမိုရဲ့ ဂုဏ်သတင်းကို ကြားဖူးနေတာ ကြာလှပါပြီ။ ဒါပေမဲ့ အိမ်တော်သခင်မိုက မီဖေးကုန်သွယ်ရေး အဖွဲ့ရဲ့ တံခါးကို ဘာလို့များ ဖျက်စီးပစ်လိုက်တာလဲ ” ဖုန်းဟွမ်က ပြုံးရင်း မေးလိုက်သည်။
သူက ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူ့ရည်ရွယ်ချက်အရ သူက ဤသို့မေးခွန်းမျိုး သေချာပေါက် မမေးလိုပေ။ မီဖေးကုန်သွယ်ရေး အဖွဲ့ ပျက်စီးသွားလျင်ပင် သူ့နှင့် ဘာများ ပတ်သတ်နေသနည်း။
သို့သော်လည်း စကြဝဠာအစွန်း၏ တာအိုသခင် တစ်ယောက်အနေနှင့် မေးမြန်းရမည် ဖြစ်၏။
“ တာအိုသခင်ဖုန်း … အဲလူက မောက်မာပြီးတော့ ရိုင်းစိုင်းပါတယ်။ သူက စကြဝဠာအစွန်းရဲ့စည်းမျည်းတွေကိုလည်း လုံးဝ အရေးမစိုက်ဘူး။ သူ ရောက်လာတာနဲ့ မီဖေးကုန်သွယ်ရေး အဖွဲ့ တံခါးနဲ့ ကာကွယ်ရေး အစီအရင်ကို ဖျက်စီးပစ်လိုက်တာပါ။ တာအိုသခင်ဖုန်းအနေနဲ့ မီဖေးကုန်သွယ်ရေး အဖွဲ့ဘက်ကနေ တရားမျှတမှု ရှာပေးဖို့ တောင်းဆိုပါတယ် ….” မိုဝူကျိက ဘာမှမပြောနိုင်ခင် ဝတ်ရုံစိမ်းနှင့် အမျိုးသားက မြန်မြန် ရှေ့တိုးလာကာ မကျေနပ်ချက်များကို ဖော်ပြလိုက်သည်။
ကျူချွမ်း၏ စိတ်ထဲ လေးလံမိသွားသည်။ ကိစ္စများက ဆိုးရွားလာတော့မည်မှန်း ခံစားနေရသည်။ ဖုန်းဟွမ်၏ စိတ်ကို မည်သို့ မသိဘဲ နေမည်နည်း။ အကယ်၍ စကြဝဠာအစွန်း၏ စည်းမျည်းမှာ အမှန်တကယ် အသုံးဝင်နေလျှင် မိုဝူကျိအား တာအို ဆွေးနွေးခြင်း စင်မြင့်ကို ဖျက်စီးခွင့် ပြုမည် မဟုတ်ပေ။
အကယ်၍ ဖုန်းဟွမ်က စည်းမျည်းများကို ပြောရဲလျှင် မိုဝူကျိက နတ်ဘုရားမျိုးနွယ်စုမှ အင်မော်တယ် ဧကရာဇ်များ တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ် တက်ရောက်လာသည့် ကိစ္စအား ပြန်ပြောပေလိမ့်မည်။ ဤတာဝန်ခံက အမှန်ကို သုံးစားမရပေ။ တကယ်လို့ ဖုန်းဟွမ်က ထိုစကားလေးမျှဖြင့် အလွယ်တကူ ဖြောင့်ဖြ၍ ရနိုင်သည်ဆိုလျှင် စကြဝဠာအစွန်း၏ တာအိုသခင် ဖြစ်လာမည်ကို မဟုတ်ပေ။ ဖုန်းဟွမ် ရောက်ရှိလာသည့် အကြောင်းအရင်းမှာ သူက မီဖေးကုန်သွယ်ရေးအဖွဲ့ကို ကူညီချင်၍ မဟုတ်ဘဲ ရွေးချယ်စရာ မရှိ၍ ရောက်လာခြင်းသာ ဖြစ်၏။
သို့သော်လည်း ကျူချွမ်းက ဤတာဝန်ခံသည် အဘယ်ကြောင့် ထိုစကားများ ထုတ်ပြောသည်ကိုလည်း သိပေသည်။ အကြောင်းမှာ မိုဝူကျိက သူ့ကို ပိတ်ရိုက်လိုက်သည့်အခါ သွားများပင် ကျွတ်ထွက်သွားလေရာ စော်ကားသည်ဟု ထင်မြင်၍ ဖြစ်သည်။
ဖုန်းဟွမ်က အေးအေးဆေးဆေး ကျန်ရှိနေဆဲ ဖြစ်သော်လည်း သူ့စိတ်ထဲ၌ အေးစက်စွာ ရယ်မောနေမိသည်။
ငါ့ကို အဲဒီစည်းမျည်းတွေနဲ့ လာအကျပ်ကိုင်ရဲတယ်ပေါ့ ….
“ ဖယ်စမ်း ” ကျူချွမ်းက ရိုက်လွှတ်လိုက်သည်။ ထိုတာဝန်ခံမှာ ကျူချွမ်း၏ လက်သံကို တစ်ခေါက် ခံလိုက်ရပြန်သည်။ သူ့ပေါက်လာသည့် သွားမှာလည်း နောက်တစ်ကြိမ် ပါးစပ်မှ ပြန်ကျွတ်ထွက်သွား၏။
တာဝန်ခံကို ရိုက်လွှတ်လိုက်ပြီးနောက် ကျူချွမ်းက မိုဝူကျိ ပြောမည့်စကားကိုပင် စောင့်မနေတော့ဘဲ
“ တာအိုသခင်ဖုန်း … တကယ်လို့ ကျုပ်တို့ မီဖေးကုန်သွယ်ရေး အဖွဲ့က မှားတာပါ။ အရင်တုန်းက ကျုပ်တို့ မီဖေးကုန်သည်အိမ်တော်က အိမ်တော်သခင်မိုက လူသားဆေးလုံးအိမ်တော် ဖွင့်တာကို မြင်တော့ ကျုပ်တို့က မနာလိုလို့ အိမ်တော်သခင်မိုကို ရန်စမိခဲ့ပါတယ်။ အခု အိမ်တော်သခင်မိုက ကျုပ်တို့အပြုအမူတွေကြောင့် ပြန်ရောက်လာတာပါ။ မီဖေးကုန်သွယ်ရေးအဖွဲ့ ကိုယ်စားပြုပြီးတော့ ကျုပ်က အိမ်တော်သခင်မိုကို လျော်ကြေးပေးပါ့မယ် ”
ဖုန်းဟွမ်က မျက်နှာပေါ်၌ အမူအယာ ပြောင်းလဲမှု မရှိပေ။ အကယ်၍ ကျူချွမ်းက ထိုစကားများကို မပြောလိုလျှင် သူ ဖုန်းဟွမ်က ဤအခြေအနေအား ဖြေရှင်းဖို့ရာ ဂရုစိုက်နေမည် မဟုတ်ပေ။ ထို့အပြင် သူက သူကိုယ်တိုင် ဝင်ပါလျှင်ပင် မိုဝူကျိအား ထိန်းချုပ်ထားနိုင်မည် မဟုတ်ကြောင်း သေချာသိနေသည်။ ဤသို့ဆိုမှတော့ မီဖေးကုန်သွယ်ရေး အဖွဲ့အတွက် မိုဝူကျိလို လူမျိုးကို အဘယ်ကြောင့် ရန်စရမည်နည်း။
ကျူချွမ်းက စကားအဆုံးတွင် မိုဝူကျိထံ သိုလှောင်လက်စွပ် တစ်ကွင်း ပေးလိုက်သည်။
“ ဒေါင် ” လက်စွပ်မှာ ပြန်လွှင့်လာပြီး ကျူချွမ်း၏ ခြေထောက်နား ရောက်ရှိသွားသည်။
“ အိမ်တော်သခင်မို ဒါက ဘာသဘောလဲ ” ကျူချွမ်း အမူအယာမှာ ပျက်ယွင်းသွားလေ၏။ တစ်ချိန်တည်းဆိုသလို သူက မိုဝူကျိ၏ စိတ်စွမ်းအားကို အတော်လေး အံ့အားသင့်သွားသည်။ သူက အမှန်တကယ် ကောက်ပင် မကောက်လိုက်ပေ။
“ ဟားဟား …. သူက အထဲမှာ ပါတဲ့ ပစ္စည်းတွေက လူသားဆေးလုံးအိမ်တော်အတွက် လျော်ကြေးပေးဖို့ မလောက်ဘူးလို့ ပြောချင်နေတာမလား ” လူအုပ်ကြားမှ အသံတစ်သံ ထွက်လာသည်။
ကျူချွမ်းမှာ နှလုံးခုန်ပင် မြန်ဆန်သွားလေ၏။
မိုဝူကျိက အချိန်တိုလေးအတွင်း စိတ်စွမ်းအားဖြင့် လက်စွပ်ကို ဖွင့်ကြည့်လိုက်တာလား …. အရမ်းကြောက်ဖို့ မကောင်းလွန်းနေဘူးလား
ဖုန်းဟွမ်ပင် နှလုံးခုန် မြန်မိသွားသည်။
ကျူချွမ်း လက်စွပ်ပေါ်၌ အတားအဆီးများ ရှိနေလေရာ မိုဝူကျိက ထိုအတားအဆီးများကို အချိန်တိုလေးအတွင်း အမှန်တကယ် ချိုးဖျက်နိုင်ခဲ့တာလား ….
ဖုန်းဟွမ်က သူသည် မိုဝူကျိကို အထင်သေးမိကြောင်း ရုတ်ချည်း ခံစားမိလာသည်။
“ အင်မော်တယ်ရောင်းရင်း ပြောတာ မှန်တယ်။ အဲဒီနှစ်တွေတုန်းက ကျုပ်တို့ ဆေးလုံးအိမ်တော်အတွင်းမှာ ရှိနေတဲ့ ဆေးလုံးတွေနဲ့ ဆေးပင်တွေရဲ့ ဆယ်ပုံတစ်ပုံကတောင် အဲဒီ အစိမ်းရောင်ကျောက် သုံးသိန်းထက် များသေးတယ်။
ဒါပေမဲ့ ကျုပ်ရဲ့လူသားဆေးလုံးအိမ်တော်က ဖျက်စီးခံခဲ့ရပြီးတော့ ဆေးပင်တစ်ပင်တောင် ကျန်မနေဘူး။ ကျုပ်က အစိမ်းရောင်ကျောက် မတွေ့ဖူးဘူးထင်ပြီး ဒုခေါင်းဆောင်က အနိုင်လာကျင့်တာလား။ ကောင်းပြီလေ … ကျုပ်ရဲ့ဆေးလုံးအိမ်တော် ပေါက်စလေးက ခင်ဗျားတို့ အဖွဲ့လောက် ဘယ်ကြီးကျယ်မှာတုန်း …. အစိမ်းရောင်ကျောက် သန်းဂဏန်းလောက်ဆိုရင်တော့ ကျုပ်ကို စိတ်လှုပ်ရှားစေမိမှာပေါ့ …” မိုဝူကျိက ပြောနေရင်း သတ်ဖြတ်ငွေ့များက ထပ်မံ ထွက်ပေါ်လာပြန်သည်။
သူက ဖုန်းဟွမ်အပေါ် စိုးရိမ်မိသည်က အမှန် ဖြစ်သော်လည်း မီဖေးကုန်သွယ်ရေး အဖွဲ့က သင့်တော်သည့် လျော်ကြေး မပေးလျှင် သူ့အား မသိတတ်ဘူးဟု မည်သူကမှ အပြစ်မတင်သင့်ပေ။
ဖုန်းဟွမ်က စကားတစ်ခွန်းမှ မပြောပေ။ အစိမ်းရောင်ကျောက် သုံးသိန်းမှာ အမှန်တကယ် နည်းပါးလွန်းပေသည်။ သို့သော်လည်း မိုဝူကျိ တောင်းဆိုသည့် အစိမ်းရောင်ကျောက် သုံးသန်းကား များပြားလွန်းသွားချေပြီ။
“ ပေးမယ် ” ကျူချွမ်း မျက်နှာမှာလည်း မှုန်မှိုင်းနေပြီး နောက်ထပ် သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ပေးလိုက်ရသည်။
မိုဝူကျိက လက်စွပ်အတွင်း၌ အစိမ်းရောင်ကျောက် သုံးသန်းခွဲနှင့် အဆင့် ၇ နှင့် အဆင့် ၈ ဆေးပင်တချို့ကို မြင်လိုက်ရသည်။ မိုဝူကျိက လက်စွပ်ကို လက်ခံထားလိုက်၏။ ထို့နောက် သူက ကျူချွမ်းဘက် လှည့်ကာ
“ တာအိုသခင်ဖုန်းရဲ့ နာမည်ကို ထောက်ထားပြီးတော့ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ မီဖေးကုန်သွယ်ရေး အဖွဲ့က ကျုပ်ကို ပြဿနာ လာရှာရဲရင်တော့ ကျုပ်ကို အဆိုးမဆိုနဲ့ …..”
“ ကျုပ်တို့ မီဖေးကုန်သွယ်ရေးအဖွဲ့ကလည်း အိမ်တော်သခင်မိုရဲ့ စကားတွေကို စိတ်ထဲ စွဲနေအောင် မှတ်ထားပါ့မယ် ” ကျူချွမ်းက အေးစက်စွာ ပြောလိုက်သည်။
ဤကိစ္စမှာ အဆုံးသတ်သွားကြောင်း မြင်၍ ဖုန်းဟွမ်က လက်နှစ်ဖက် ယှက်ကာ “ အင်မော်တယ်ရောင်းရင်းမို … ကျုပ်နဲ့အတူတူ လက်ဖက်ရည်ကြမ်း လိုက်သောက်ရင်း စကားပြောဖို့ အချိန်များ ရှိလား ”
မိုဝူကျိက စကြဝဠာအစွန်းမှ ထွက်သွားရန် အလျှင်လိုနေသောကြောင့် ဖုန်းဟွမ်နှင့် အချိန်ထိုင်ဖြုန်းမည် မဟုတ်ပေ။ သို့သော်လည်း သူက ပြန်မဖြေခင် ဖုန်းဟွမ်က ဆက်ပြောလိုက်သည်
“ အင်မော်တယ်ရောင်းရင်းမို …. မီဖေးကုန်သွယ်ရေး အဖွဲ့နဲ့ နတ်ဘုရားမျိုးနွယ်စုက အဆင့်မြင့် ကျင့်ကြံသူတွေက စကြဝဠာအစွန်းဆီ အချိန်တစ်ခုလောက်အထိ ပြန်ရောက်လာဦးမှာ မဟုတ်ဘူး … သူတို့မှာ လုပ်စရာ ရှိနေကြသေးတယ်လေ ”
မိုဝူကျိက နှလုံးခုန် မြန်ဆန်သွားလေ၏။ သူက ပြန်ဖြေတော့မည့်ဆဲဆဲတွင် ယန်ယွဲ့ရုန် ပြောသည်ကို ကြားလိုက်ရသည် “ အစ်ကိုကြီးတာ့ဟွမ် … ညီမကို ဖမ်းခေါ်လာတဲ့ သူနေရာကို သိရပြီ ”
***