ပြစ်ချက်အားပြုပြင်ခြင်း
Vol. 69 Ch. 963
ရော်မု၏ အောင်မြင်မှုသည် ကျင့်ကြံရေးလောက အတွက်လည်း ကြီးမားသော အပြောင်းအလဲ ဖြစ်သည်။
ကမ္ဘာမြေတွင် ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ တက်ရောက်နိုင်သူ ရှိခဲ့လေပြီ။
ပထမဆုံး အဆင့်တက်သူသည် အခက်ခဲဆုံး ဖြစ်သည်။
ကျင့်ကြံသူများ အဖွဲ့တစ်ခုလုံးမှာလည်း စိတ်လှုပ်ရှားနေကြသည်။
အန်လင်းသည် တာအိုသခင် ရော်မုအား ဂုဏ်ပြုလိုသောကြောင့် စိတ်ဝိဥာဥ်ကျောက်တုံး တစ်ထောင်အား လက်ဆောင်ပို့ပေးလိုက်သည်။
အားလုံးမှာ ကြီးမားလှသော ရက်ရောမှုကြောင့် အန်လင်းအား သူဋ္ဌေးကြီးအဖြစ် သတ်မှတ်လိုက်ကြလေပြီ။
အန်လင်းသည် ဖုန်းအားချကာ မြက်ခင်းပြင်ကို ကြည့်ရှုလိုက်သည်။
ငြိမ်းချမ်းသောည၏ ပတ်ဝန်းကျင်တွင် သက်ရှိစွမ်းအင်များ ပေါကြွယ်ဝနေသည်။
"ပြောင်းလဲမှုတွေ ဖြစ်တော့မှာပဲ။"
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်မှာ ဓားတစ်လက်အလား မတ်မတ်ထိုင်နေ၏။
သက်ရှိစွမ်းအင် စီးဆင်းမှုမှာ တဖြည်းဖြည်း ပိုမိုများပြားလာသည်။ မကြာမီပင် အန်လင်း၏ အာရုံခံနိုင်စွမ်းကိုပင် ကျော်လွန်သွားလေသည်။ ထိုသည်မှာ တလောကလုံး အဆင့်တက်ခြင်းဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုလည်း ဖြစ်သည်။
..........
နှစ်နာရီခန့် ကြာပြီးနောက်
ဖန်ကွဲသံအချို့ ထွက်ပေါ်လာသည်။
အန်လင်း လှည့်ကြည့်လိုက်သောအခါ ဤကမ္ဘာနှင့် မသက်ဆိုင်သော အဝါရောင် အလင်းများအား တွေ့လိုက်ရသည်။
မြွေဖြူဝိဥာဥ် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
"အဲ့ဒါ ကျွန်မတို့ မျိုးနွယ်စုရဲ့ အံ့ဖွယ်အလင်းရောင်ပဲ။ ဒီနေရာက တကယ်ပဲ ကျွန်မတို့ မျိုးနွယ်စုရဲ့ ရှေးဟောင်းမြေနဲ့ ဆက်စပ်နေတာပဲ။"
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် စိတ်မသက်မသာ ဖြစ်လာကာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်နေရသည်။
ကောင်းကင်နှင့်မြေပြင်၏ တာအိုစွမ်းအင်များ ထကြွလာကာ ကမ္ဘာမြေတွင် အရောင်စုံသော စက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုရောင်စဥ်ကွင်းသည် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်သို့ တက်သွားပြီးနောက် မီးရှူးမီးပန်းများသဖွယ် ပေါက်ကွဲသွားတော့သည်။ ပေါက်ကွဲသွားသော အလင်းစများသည် သစ်ပင်တစ်ပင်၏ သစ်ကိုင်းများသဖွယ် ကမ္ဘာမြေအနှံ့ ပြန့်ကားရောက်ရှိသွားလေသည်။
သက်ရှိစွမ်းအင် သိပ်သည်းမှုမှာ စတင်ပြောင်းလဲလာသည်။
ထိုအပြောင်းအလဲသည် တောင်တန်းများ၊ မြစ်ချောင်းအင်းအိုင်များနှင့် ကမ္ဘာမြေ၏ ဝင်ရိုးစွန်းများကိုပါ သက်ရောက်မှု ဖြစ်စေခဲ့သည်။
မုန်တိုင်းများ၊ ငလျင်များ၊ မီးတောင်ပေါက်ကွဲမှုများ အစရှိသော သဘာဝကပ်ဘေးများပါ ဖြစ်ပေါ်လာရသည်။
သက်ရှိစွမ်းအင်များ ရွာကျကာ အံ့ဖွယ်အလင်းများ၏ ကောင်းချီးပေးမှုကြောင့် ရှားပါးသော အဖိုးတန် ရတနာများလည်း မွေးဖွားလာသည်။
ပျက်စီးခြင်းနှင့် ဖြစ်တည်ခြင်းမှာ တပြိုင်နက်တည်း ပေါ်ပေါက်လာသလိုပင်။
အန်လင်းသည် ထိုအရာများအား ဂရုမစိုက်နိုင်ပေ။ မန္တာန်ဝင်္ကပါ၏ အလယ်မှ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုအား ခံစားမိနေသောကြောင့် သူထိတ်လန့်နေမိသည်။
အဝါရောင် အလင်းများမှာလည်း ပိုမိုပြန့်ကားလာကာ ပက်ကြားအက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုသည်မှာ ညကောင်းကင်ယံတွင် ဒဏ်ရာဖြစ်နေသလို ထင်မှတ်ရကာ အဝါရောင် အလင်းများထံမှ ဖြာထွက်လာသော စွမ်းအင်မှာလည်း ပြင်းထန်လွန်းလှသည်။
"ပိုင်လေး..... ဒါက မြေဝိဥာဥ်ကလန်ရဲ့ ရှေးဟောင်းမြေနဲ့ ဆက်နွယ်နေတယ်ဆိုတာ သေချာရဲ့လား။ ဒီအရှိန်အဝါက မင်းတို့ ဘိုးဘေးဆီကပေါ့။ အဲ့ဒါဆို ရန်သူမဟုတ်တာ သေချာပါတယ်နော်။"
အန်လင်း မေးမြန်းလိုက်သည်။
မြွေဖြူဝိဥာဥ် မျက်နှာပျက်သွားသည်။
"ဒီနေရာက ကျွန်မတို့ မျိုးနွယ်စုရဲ့ ရှေးဟောင်းမြေနဲ့ ဆက်နွယ်နေတယ်ဆိုတာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီအရှိန်အဝါကတော့ မသေချာဘူး။ ပြင်စရာရှိတာ ပြင်ထားသင့်တယ်။"
သူမသည် ရွှေရောင်သလင်းကျောက်အားထုတ်ကာ စက်ဝိုင်းသဏ္ဍာန် ယန္တရားတစ်ခုပေါ် တင်လိုက်သည်။
အန်လင်း မျက်လုံးပြူးသွားသည်။ ထိုသည်မှာ စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းတန်သော ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်ပင်။
မြွေဖြူဝိဥာဥ် စကားဆိုလာသည်။
"အခွင့်အရေးသာရှိရင် ရှေးဟောင်းမြေကို ရောက်ဖူးချင်လိုက်တာ။ အခုကတော့ ပြစ်ချက်တွေ အရင်ပြင်ရမှာပေါ့။"
သူမ လက်သင်္ကေတများ ပြောင်းလဲလိုက်သည်နှင့် ရွှေရောင်အလင်းများမှာ အက်ကြောင်းထံ ပျံဝဲသွားသည်။
မန္တာန်ဝင်္ကပါမှာလည်း ကောင်းကင်နှင့်မြေပြင်ထံမှ စွမ်းအင်များ စုပ်ယူကာ အက်ကြောင်းအား ပိတ်ပစ်ပေးနေသည်။
"ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်ကို ဒီလိုသုံးလို့ ရတာလား။"
အန်လင်း အံ့အားသင့်သွားသည်။
ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များအား မှော်ရတနာများ အသက်သွင်းခြင်းနှင့် ကောင်းကင်နှင့်မြေပြင်၏ စွမ်းအင်များ စုပ်ယူခြင်းတို့တွင် အသုံးပြုနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
အက်ကြောင်းကြီးမှာ တဖြည်းဖြည်း ကျုံ့ဝင်လာကာ ဆယ်ပေခန့်သာ ရှိတော့သည်။
"ပြင်ရလွယ်သားပဲ။"
အန်လင်း မှတ်ချက်ပြုလာသည်။
သူသည် ထိုအက်ကြောင်းအားပိတ်ရန် အသည်းအသန် ကြိုးစားရလိမ့်မည်ဟု ထင်ထားခဲ့ပါသော်လည်း ယခုတွင်မူ ဘေးမှသာ ရပ်ကြည့်ဖြစ်နေသည်။
"ဒါမျိုးက ပြီးခါနီးလေ၊ ပိုခက်လေပဲ။ သခင်မက အေးအေးဆေးဆေး ဖြစ်နေတာ မဟုတ်ဘူး။"
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် ရှင်းပြလာသည်။
ထိုအချိန်မှာပင် မြွေဖြူဝိဥာဥ်မှာ တုန်ယင်လာလေသည်။
"ဘာဖြစ်တာလဲ။"
အန်လင်း ထိတ်လန့်သွားသည်။
မြွေဖြူဝိဥာဥ်သည် အံကြိတ်ကာ မှော်ရတနာအား ထိန်းချုပ်နေပြီး သူမ၏ အသွင်အစစ်အမှန်သည်ပင် စတင်ထွက်ပေါ်လာသည်။
အက်ကြောင်းထဲ ရောက်ရှိနေသော မှော်ရတနာမှာလည်း ပြင်းထန်စွာ တုန်ခါနေလေသည်။
ခရက်.......
အက်ကြောင်းမှာ ဖြည်းညင်းစွာ ကျယ်ပြန့်လာပြန်သည်။
၎င်းတို့အားလုံး အမူအရာ ပြောင်းလဲသွားရသည်။
အက်ကြောင်းထဲမှ လက်မည်းကြီးများ ထွက်ပေါ်လာသည်။
"ငါ့ကို မကြိုဆိုကြဘူးလား။"
ကျောချမ်းရလောက်သော စကားသံကြီးအား ကြားလိုက်ကြရသည်။
အက်ကြောင်းထဲမှ ဆံပင်နီနီနှင့် မြွေကြေးခွံများ ဖုံးအုပ်နေသော ခေါင်းတစ်ခု ပေါ်ထွက်လာသည်။
အန်လင်းမှာ တောင်ခွင်းလက်သီးနှင့် နှုတ်ဆက်လိုက်သည်။
ဝုန်း.....
မြွေမိစ္ဆာမှာ လက်သီးအား တည့်တည့်မြည်းလိုက်ရလေသည်။
"ငါ့ကို ဘယ်သူတိုက်ရဲတာလဲ။"
"မင်းပါပါးလေ။"
အန်လင်းမှာ တောင်ခွင်းလက်သီး နောက်တစ်လုံး လက်ဆောင်ပေးလိုက်သည်။
ဝုန်း.....
ကြောက်မက်ဖွယ် စွမ်းအင်ပေါက်ကွဲမှုများ ဖြစ်သွားသည်။
မြွေမိစ္ဆာသည် အနီရောင် အသံလှိုင်းများဖြင့် ပြန်လည်တိုက်ခိုက်လာသည်။
ထိုမြွေမိစ္ဆာသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်သို့ ရောက်ရှိထားပုံရပြီး မှော်ရတနာအား ခုခံနေရသောကြောင့် အန်လင်းအား အပြည့်အဝ မတိုက်ခိုက်နိုင်ခြင်းပင်။
"ကမ္ဘာသစ်ကြီး ပွင့်လာပြီ။"
မြွေမိစ္ဆာ အော်ဟစ်လိုက်သည်။
"ဝင်ကြ......."
၎င်းသည် အက်ကြောင်းအား အားဖြင့်ဆွဲဖြဲပစ်လိုက်သည်။
များပြားလှသော မြွေမိစ္ဆာများ ထွက်လာကြတော့သည်။
မြွေအချို့သည် အတောင်များ ပေါက်နေကာ အချို့သည် တိမ်တိုက်များစီးလျက် အချို့မှာမူ မြေပြင်ပေါ် လျင်မြန်စွာ တွားသွားနေကြသည်။
"မြွေဖြူဝိဥာဥ်...... ဒါကဘာတွေလဲ။"
ရွှမ်းယွမ်ချန် မေးမြန်းလာသည်။
မြွေဖြူဝိဥာဥ်မှာ မျက်နှာတစ်ခုလုံး ဖြူဖျော့နေလေပြီ။
"ကျွန်မလည်း မသိဘူး။"
သူမ အံကြိတ်ကာ ပြောလိုက်သည်။
"သူတို့မှာ မြွေဝိဥာဥ်ကလန်ရဲ့ အရှိန်အဝါ ရှိပေမယ့် ကြမ်းတမ်းလွန်းတယ်။ ကုန်းမြေပျက်စီးမှုကြောင့် သန္ဓေပြောင်းသွားတာ ဖြစ်လိမ့်မယ်။"
"အဲ့ဒါဆို ရန်သူတွေပေါ့။"
ရွှမ်းယွမ်ချန် ဓားထုတ်လိုက်သည်။
မြွေဖြူဝိဥာဥ် အတည်ပြုပေးလိုက်သည်။
"ဟုတ်တယ်။"