မြေမိစ္ဆာအားတိုက်ခိုက်ခြင်း
Vol. 69 Ch. 964
"ဟားဟားဟား...... အဲ့ကျင့်ကြံသူတွေ အားလုံးကိုသတ်ပစ်...."
"မြွေဝိဥာဥ်ကလန်က သူတောင်ရှိသေးတယ်။ စိတ်လှုပ်ရှားလိုက်တာ။"
"ရွှီး..... ရွှီး..... လတ်ဆတ်တဲ့ လူသားတွေ...."
"ရွှီး.... မြွေဝိဥာဥ်နဲ့ လူသားကို မင်းစားလိုက်။ ငါကတော့ ခွေးသားစားမှာ။"
တပိုင် ကြက်သီးထသွားသည်။
မြွေမိစ္ဆာများမှာ အက်ကြောင်းထဲမှ အဆက်မပြတ် ထွက်လာနေကြသည်။
မြွေဖြူဝိဥာဥ်သည် ခေါင်းနီမြွေမိစ္ဆာအား မယှဥ်နိုင်သောကြောင့် အက်ကြောင်းမှာ ပိုမိုကျယ်ဝန်းလာသည်။
များပြားလှသော မြွေမိစ္ဆာများမှာ မြွေဖြူဝိဥာဥ်ထံ ရောက်ရှိလာကြသည်။
ဝုန်း........
ခရမ်းရောင် မီးတောက်များကြောင့် ထိုမြွေမိစ္ဆာများ အရည်ပျော်ကျကုန်သည်။
တိုက်ပွဲနတ်ဘုရား ဇီယန်သည် မြွေဖြူဝိဥာဥ်အား ကာကွယ်လိုက်ခြင်းပင်။
"တိုက်ပွဲနတ်ဘုရား ဇီယန်..... သခင်မကို ကာကွယ်ပေးထားလိုက်။"
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်သည် ဓားအားဆွဲကာ ခေါင်းနီမြွေမိစ္ဆာထံ ပြေးဝင်သွားသည်။
ခေါင်းနီမြွေမိစ္ဆာကိုသာ ရှေးဟောင်းထိုက်ချူကုန်းမြေထဲ ပြန်ပို့နိုင်ပါက ယခုပြဿနာများ ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
"ရွှီး.... ရွှီး...... မင်းမတားနိုင်ပါဘူး။"
"မြင့်မြတ်သော မြွေဝိဥာဥ်သုံးပါး ထွက်လာခဲ့ကြပါ။"
ထိုအော်သံနှင့်အတူ အက်ကြောင်းထဲမှ ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။
ကျောက်စပါးအုံး တစ်ကောင်သည် တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်၏ ဓားပုံရိပ်အား ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ကြောက်မက်ဖွယ် စွမ်းအင်များကြောင့် ဓားပုံရိပ် ပျက်စီးကာ တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်သည်လည်း အဝေးသို့ လွင့်ထွက်သွားရသည်။
"ဟားဟား...... ဒါက မြွေဝိဥာဥ်ကလန်က ကျင့်ကြံသူပေါ့လေ။ ဘာမှလည်း မဟုတ်ပါဘူး။"
ကျောက်စပါးအုံး ခနဲ့လိုက်ပြီးနောက် ၎င်း၏ခန္ဓာကိုယ်အား ပေထောင်ချီ ဖြစ်သွားစေလိုက်သည်။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် လှမ်းအော်လိုက်သည်။
"သခင်မ..... သတိထား....."
မြင့်မြတ်သော မြွေဝိဥာဥ်သုံးပါးထဲမှ နှစ်ပါးသည် မြွေဖြူဝိဥာဥ်အား ပစ်မှတ်အဖြစ် ရွေးထားကြသည်ပင်။
၎င်းတို့သည် အရူးများ မဟုတ်ကြပေ။ တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်သည် ခေါင်းနီမြွေမိစ္ဆာအား အရေးပါသူအဖြစ် သိနိုင်သလို ၎င်းတို့သည်လည်း မြွေဖြူဝိဥာဥ်၏ အဆင့်အတန်းအား ခန့်မှန်းနိုင်ကြသည်။
မြွေဖြူဝိဥာဥ်အား သတ်ပစ်နိုင်ပါက အက်ကွဲကြောင်းအား ပိတ်ပစ်နိုင်မည့်သူ မရှိတော့ပေ။
"တကယ့်အလှလေးပဲ။ သူမက ငါ့အတွက်ပဲ.... ဟဲဟဲ။"
တောင်ပံခြောက်ခုနှင့်မြွေမှာ တောက်လောင်နေသော မျက်ဝန်းများဖြင့် မြွေဖြူဝိဥာဥ်အား ကြည့်လိုက်သည်။
"မဟုတ်ဘူး။ သူမက ငါ့အတွက်ပဲ။"
ခေါင်းကိုးလုံးနှင့် မြွေမှာလည်း အလျှော့မပေးလိုပေ။ တိုက်ပွဲနတ်ဘုရား ဇီယန်၏ မီးတောက်သည်လည်း ၎င်းတို့အတွက် အယားပင် မပြေပေ။
၎င်းတို့သည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများ ဖြစ်သောကြောင့် တိုက်ပွဲနတ်ဘုရား ဇီယန်လည်း ကြောက်ရွံ့နေမိလေပြီ။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်သည်ပင် ၎င်းတို့နှင့် ယှဥ်မတိုက်နိုင်သောကြောင့် သူသာဆိုလျှင် သေသွားလောက်သည်။
"သခင်မ.... အက်ကြောင်းကို ဂရုမစိုက်ပဲ ပြေးတော့။"
တိုက်ပွဲနတ်ဘုရား ဇီယန်မှာ မြွေဖြူဝိဥာဥ်အား လှမ်းဆွဲလိုက်သည်။
မြွေဖြူဝိဥာဥ်မှာ တုတ်တုတ်မလှုပ်ပေ။
"မကြောက်နဲ့။ စီနီယာ အန်လင်းက ငါတို့ကို ကာကွယ်ပေးလိမ့်မယ်။"
"ဘာလို့ အဲ့လောက်တောင် ယုံကြည်နေရတာလဲ။"
တိုက်ပွဲနတ်ဘုရား ဇီယန်မှာ မျက်ရည်အဝဲသား ဖြစ်နေလေပြီ။
ဟင်းလင်းပြင်သို့အပြန် မြွေမိစ္ဆာ နှစ်ကောင်သည် မြွေဖြူဝိဥာဥ်နား ရောက်ရှိလာစဥ်မှာပင် အန်လင်းလည်း ထွက်ပေါ်လာသည်။
"တွေ့လား။ စီနီယာ အန်လင်းက ကာကွယ်ပေးမှာပါဆို။"
မြွေဖြူဝိဥာဥ် ပြုံးကာပြောလာသည်။
တိုက်ပွဲနတ်ဘုရား ဇီယန် မျက်နှာပျက်သွားသည်။
"သူရှိနေလည်း ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။"
အန်လင်းသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ဖြစ်ကာ ရန်သူများမှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ဖြစ်သောကြောင့် ရင်ဆိုင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
"ရူးနေတဲ့လူသား...... လစ်စမ်းပါ။"
"အဲ့လူသားကို အရင်သတ်လိုက်ရအောင်။"
ဟင်းလင်းပြင်သို့အပြန်အဆင့် မြွေမိစ္ဆာ နှစ်ကောင်မှာ တပြိုင်နက် တိုက်ခိုက်လာကြသည်။
ထိုအချိန်မှာပင် အကန့်အသတ်မဲ့သော မီးတောက်များ ရုတ်တရက် ကျဆင်းလာလေသည်။
မြင့်မြတ်သော ဗာမီလီယမ် မီးတောက်နှင့် အံ့ဖွယ်မီးတောက် ခြောက်သွယ်မှာ မြွေမိစ္ဆာ နှစ်ကောင်အား လွှမ်းမိုးသွားသည်။
"အား......"
မြွေမိစ္ဆာ နှစ်ကောင်လုံး အော်ဟစ်ကာ ထွက်ပြေးသွားရတော့သည်။
ထိုမီးတောက်များကြား ဆက်နေနေပါက ၎င်းတို့ပြာကျသွားပေလိမ့်မည်။
အခြားသော မြွေမိစ္ဆာများသည် မီးတောက်များ၏ အရှိန်အဝါကြောင့် ထိပင်မထိပဲ အရည်ပျော်ကုန်သည်။
တိုက်ပွဲနတ်ဘုရား ဇီယန်မှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
"အား..... အားကောင်းလိုက်တာ။"
သူတိုးညင်းစွာ ရေရွတ်လိုက်သည်။
"ဒါပေါ့။ စီနီယာ အန်လင်းပဲဟာ။"
မြွေဖြူဝိဥာဥ် ပြုံးကာပြောလာသည်။
ခေါင်းနီမြွေမိစ္ဆာမှာလည်း အမူအရာ ပြောင်းလဲသွားရသည်။
"ဒုတိယ အစီအစဥ်ကို စလိုက်တော့။"
အက်ကြောင်းမှာ ဆက်လက်ကျယ်လာနေဆဲပင်။
မြွေများသည် အနည်းဆုံး သောင်းဂဏန်းမျှ ရှိနိုင်ကာ ခေါင်းနီမြွေမိစ္ဆာ၏ အမိန့်ကြောင့် ရွှမ်းယွမ်ချန်၊ တီနာနှင့် တပိုင်တို့အား ပစ်မှတ်ထားလာကြသည်။
၎င်းတို့သည် အားနည်းသူများအား ဓားစာခံလုပ်မည် ဖြစ်သည်။
တပိုင်သည် သူ၏နယ်ပယ်အားထုတ်ကာ မြွေမိစ္ဆာများအား စတင်တိုက်ခိုက်လာသည်။
ဓားများမှာ မီတာရာနှင့်ချီ လွှမ်းခြုံသွားသည်။
နယ်ပယ်ထဲ ရောက်လာသမျှ မြွေများမှာလည်း အပိုင်းပိုင်းအစစ ဖြစ်ကုန်ကြလေသည်။
"အား........"
စပါးအုံး တစ်ကောင်မှာ ဓားဖြင့်တိုက်ခိုက်ခံလိုက်ရသောကြောင့် နာကျင်စွာ အော်ဟစ်လိုက်ပါသော်လည်း ဓားသွားများမှာ ၎င်း၏ကြေးခွံအား မဖောက်နိုင်ခဲ့ပေ။
"ဟားဟားဟား....... စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ကို ခြေလှမ်းတဝက်ပဲ ရောက်ပြီးတော့ ဖင်တောင်နေပါလား။ ငါမင်းကို စားပြမယ်။"
စပါးအုံးမှာ တပိုင်ထံ ချည်းကပ်လာသည်။
တပိုင်မှာ စပါးအုံးအား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် တစ်နေရာသို့ လှမ်းကြည့်လိုက်လေသည်။
စပါးအုံးသည် တပိုင်အား ဝါးမြိုပစ်ရန် ပြင်နေစဥ်မှာပင် သိစိတ်အာရုံထဲမှ နာကျင်မှုကို ခံစားလိုက်ရသည်။
"အား......"
စပါးအုံးမှာ မြေပြင်တွင် လူးလွန့်နေတော့သည်။
ဓားများ၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမှာ သိစိတ်အာရုံပေါ် တိုက်ရိုက်သက်ရောက်နိုင်ပေသည်။
တပိုင်၏ နယ်ပယ်သည် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပြိုင်တူတိုက်ခိုက်နိုင်သည်။
စပါးအုံးသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ရှိပါသော်လည်း နာနာကျင်ကျင်ပင် အသက်ထွက်သွားရသည်။ အားနည်းသော မြွေမိစ္ဆာများသည် တပိုင်ထံ ဆက်လက်တိုးဝင်လာပါသော်လည်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့်ရှ်ိသော မြွေမိစ္ဆာများမှာ နောက်သို့ဆုတ်ခွာကုန်သည်။
"ဟိုလူချောချောက အနိုင်ကျင့်လို့ ကောင်းမယ့်ပုံပဲ။"
"ဟုတ်တယ်။ သူ့ကိုပဲ ဓားစာခံ လုပ်ကြတာပေါ့။"
ထိုမြွေမိစ္ဆာများမှာ ရွှမ်းယွမ်ချန်အား ရွေးချယ်လိုက်ကြသည်။
ရွှမ်းယွမ်ချန်မှာ ထိုသည်ကိုကြည့်ကာ ဖိအားပင် ဖြစ်လာရလေသည်။
သူအံကြိတ်ကာ သက်ပြင်းချလိုက်သည်။
"ငါ့ရဲ့နယ်ပယ်ကို သုံးရတော့မှာပေါ့။"