စကြဝဠာအစွန်း တခွင် နာမည်ဆိုးဖြင့် ကျော်ကြားခြင်း
Vol. 57 Ch. 787
“ ဘယ်နေရာမှာလဲ ” မိုဝူကျိက မေးလိုက်သည်။
“ ဟဲရှီးအဖွဲ့မှာ ” ယန်ယွဲ့ရုန်က မေးခွန်းကို ဖြေလိုက်ပြီးနောက် အမှားကျူးလွန်မိသလို ခံစားလာရသည်။
အစ်ကိုကြီးတာ့ဟွမ်က ဟဲရှီးအဖွဲ့ကို သွားရန်စမိရင် ဘယ်လိုလုပ်မလဲ …..
အစ်မရှောင်ယုဆီမှ ဟဲရှီးအဖွဲ့သည် အလွန်တရာ အားကောင်းကြောင်း ကြားခဲ့ဖူး၏။ သူမက ထိုအတွေးဖြင့် မြန်မြန် ပြောလိုက်သည် “ အစ်ကိုကြီးတာ့ဟွမ် … ညီမတို့တွေ ဒီနေရာကနေ မြန်မြန် ထွက်သွားတာ ပိုကောင်းမယ်ထင်တယ်။ ပြီးတော့ ညီမလည်း အဆင်ပြေနေပြီပဲလေ ”
“ စိုးရိမ်နေဖို့ မလိုဘူး ” မိုဝူကျိက ယန်ယွဲ့ရုန်အား စိတ်ချလက်ချနေရန် အကြည့်ဖြင့် အရိပ်အကဲ ပြလိုက်သည်။ ထို့နောက် သူက ဖုန်းဟွမ်တို့ဘက် လှည့်၍ လက်နှစ်ဖက် ယှက်ကာ “ တာအိုသခင်ဖုန်းရဲ့ ဖိတ်ကြားမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမဲ့ အခု ကိုယ့်ကိစ္စလေးကို အရင်ဆုံး ဖြေရှင်းစရာ ရှိနေလို့ပါ ”
ယခု သူက နတ်ဘုရားမျိုးနွယ်စုမှ အဆင့်မြင့် ကျင့်ကြံသူများသည် အချိန်တစ်ခုအတွင်း ပြန်မရောက်လာသေးကြောင်း သိထားလေရာ မိုဝူကျိက စကြဝဠာအစွန်းမှ ထွက်သွားဖို့ရာ အလျှင်မလိုတော့ပေ။ သူက ဖုန်းဟွမ်သည် သူ့အား လိမ်ညာရမည့် အကြောင်းအရင်း မရှိကြောင်း ယုံကြည်မိ၏။ ထို့အပြင် သူတို့နှစ်ယောက်လုံးကြား၌ ရန်ကြွေး မရှိလေရာ ဖုန်းဟွမ်အနေနှင့် သူ့ကို ပျက်စီးအောင် လုပ်ရမည့် အကြောင်းပြချက် မရှိချေ။
“ အင်မော်တယ်ရောင်းရင်းမို စိတ်ကြိုက်လုပ်ပါ ” ဖုန်းဟွမ်က မျက်နှာထက်၌ ညင်သာသည့် အပြုံးလေး ချိတ်ဆွဲထားဆဲ ဖြစ်သည်။ သူ့ဟန်ပန်က အတော်လေး သေသပ်လှပြီး ကြော့ရှင်းနေပေသည်။
သူလည်း ယန်ယွဲ့ရုန်၏ စကားကို ကြားလိုက်လေရာ မိုဝူကျိက ဟဲရှီးအဖွဲ့တွင် ရုတ်ရုတ်သည်းသည် ဖြစ်စေမည်ဆိုလျှင်ပင် သူ့အပေါ် သက်ရောက်မှု ရှိမည် မဟုတ်ပေ။ ဟဲရှီးအဖွဲ့မှာ အမြဲတမ်း ရန်လိုသည့်နေရာမျိုး ဖြစ်ခဲ့ပြီး ခေါင်းဆောင် အန်းရွှယ်ချန်းမှာလည်း သူ့နီးပါး ကျော်ကြားပြီး စကြဝဠာအစွန်း၏ ကျော်ကြားသော မဟာဧကရာဇ် ငါးယောက်ထဲမှ တစ်ယောက် အပါအဝင် ဖြစ်ပေသည်။ လက်ရှိ၌ အန်းရွှယ်ချန်းက ရှိမနေသော်လည်း လန်ရန် ရှိပေ၏။ အန်းရွယ်ချန်းနှင့် ယှဉ်လျှင် လန်ရန်က အားနည်းနေခြင်း မရှိပေ။ ဖုန်းဟွမ်က မိုဝူကျိနှင့် လန်ရန်ကြား မည်သူက ပို၍ အားကောင်းနေမလဲဟု အလွန်အမင်း စိတ်ဝင်စားမိသည်။
ပွဲကြည့်ရန် ရောက်လာကြသော အင်မော်တယ်များမှာလည်း လူစုပြန်ကွဲသွားကြလေ၏။ သို့သော်လည်း သူတို့က မိုဝူကျိသည် ယန်ယွဲ့ရုန်ကို ခေါ်၍ ဟဲရှီးအဖွဲ့ဆီ သွားနေသည်ကို မြင်သောအခါ တဖန် ပြန်လည် စုစုရုံးရုံး ဖြစ်လာကြပြန်သည်။
……………………
“ ဒါက ဟဲရှီးအဖွဲ့ပဲ … ကိစ္စမရှိရင် ထွက်သွားစမ်း ” မီးခိုးရောင်ဝတ် အမျိုးသမီး တစ်ယောက်က မိုဝူကျိ လမ်းကို ပိတ်ဆို့ထားလိုက်၏။ သူမက သူ့မရှေ့မှ လူသည် ကျော်ကြားလှသော မိုဝူကျိ ဖြစ်ကြောင်း မသိသေးပေ။
“ ကျုပ် အထဲမှာ လူတစ်ယောက် ရှာဖို့ လိုတယ် ” မိုဝူကျိက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ မီးခိုးရောင်ဝတ် အမျိုးသမီးမှာ သူ့အား မသက်မသာ ခံစားရစေသည်။ သူမ၏ တစ်ကိုယ်လုံးမှာ ခက်ထန်သည့် အရှိန်အဝါများ ထွက်ပေါ်နေလေရာ ထိုအမျိုးသမီးသည် လူများစွာ သတ်ခဲ့ကြောင်း သိသာလှသည်။ ကြည့်ရသည်မှာ သူမက နေ့တိုင်းနီးပါး သတ်နေဟန် ပေါ်နေသည်။ သူမ မျက်ဝန်းမှ အကြည့်များကလည်း လူသေကို ကြည့်နေသည့်အလား ဖြစ်နေသည်။
“ ထွက်သွားစမ်း ” ထိုအမျိုးသမီးက မိုဝူကျိအား နှစ်ကြိမ်မြောက် ထပ်ပြောလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူမ ခန္ဓာကိုယ်၌ ပြင်းထန်သော သတ်ဖြတ်ငွေ့များကို ထုတ်လွှင့်လိုက်သည်။
မိုဝူကျိက ယခု သူ လှည့်လိုက်လျှင် ထိုအမျိုးသမီးကို သူ့ကို သတ်မည် ဖြစ်ကြောင်း သေချာသိနေသည်။
စကြဝဠာအစွန်းမှာ အတော်လေး ထူးခြားသည့် နေရာတစ်ခု ဖြစ်ပေသည်။ ဤနေရာ၌ အကြောင်းအရင်းဟူ၍ မရှိပေ။ သူက စကားတစ်ခွန်းမျှ ပြောလိုက်သော်လည်း အသတ်ခံရတော့မည် ဖြစ်နေသည်။
ဤတစ်ကြိမ်၌ မိုဝူကျိက ရှင်းပြဖို့ရာ စိတ်ပင် မပါတော့ချေ။ သူက ထိုအမျိုးသမီးဆီ ခြေတစ်လှမ်း ဆက်တိုးလိုက်သည်။ ထိုအမျိုးသမီးက ဓားရှည်ဖြင့် ကာဆီးလိုက်စဉ် မိုဝူကျိက ထိုအမျိုးသမီး၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
“ ဂျွတ် ….” အရိုးကျိုးသံပင် ထွက်ပေါ်လာလေ၏။ ထိုအအမျိုးသမီး ပါးစပ်ဟလိုက်သည့်အချိန် သွေးများပင် စီးကျလာသည်။ သူမ တစ်ကိုယ်လုံးမှာ လွှင့်ထွက်သွားပြီး နံရံနှင့် ပစ်တိုက်ကာ ပြန်ပြုတ်ကျလာသည်။
“ ရှင်က ကျမရဲ့ ကျင့်ကြံဆင့်ကို ဖျက်စီးပစ်လိုက်တာ …” ထိုအမျိုးသမီးက မိုဝူကျိအား မယုံကြည်နိုင်စွာ ကြည့်လိုက်ရင်း နောက်ထပ် သွေးတစ်ပွက် အန်ထုတ်လိုက်ရပြန်သည်။
သူမက အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့်မျှသာ ရှိသေးသော်လည်း လူများကို ပုရွက်ဆိတ်များအလား သတ်ဖြတ်ပစ်ခဲ့ပြီး ဘယ်သောအခါမှ ညှာတာသက်ထားမှုကို မပြသခဲ့ပေ။ သူမက လွှင့်စင်သွားပြီး ကျင့်ကြံဆင့်များပင် ပျက်စီးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုစဉ် သူမ၏ ဝိညာဉ်လမ်းကြောင်းများပင် ပျက်စီးလာပြီး အသိစိတ်ပင်လယ်လည်း အငွေ့ပျံသွားလေပြီ။
“ အိမ်တော်သခင်မို သေမင်းတမန် မိန်းကလေး လီကို သတ်လိုက်ပါဗျို့ ” လူအုပ်ကြားမှ အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုမီးခိုးရောင်ဝတ် အမျိုးသမီးတွင် သေမင်းတမန် မိန်းကလေးလီဟုသော နာမည်ပွား ရှိပေသည်။ ဟဲရှီးအဖွဲ့အတွင်း သေမင်းတမန် မိန်းကလေးလီမှာ ကျင့်ကြံဆင့် အမြင့်ဆုံး မဟုတ်သော်လည်း သူမက လူအများဆုံးကို သတ်ပစ်ထားသော သူတစ်ယောက် ဖြစ်ပေသည်။
လူတစ်ယောက်က သူမထက် အားနည်းနေပြီး ဟဲရှီးအဖွဲ့၏ စည်းမျည်းများကို မသိဘူးဆိုလျှင် ထိုလူက သူမ၏ ဓားချက်အောက်၌ သေဆုံးကြရသည်။
လူအများစုက သူမသည် သတ်ဖြတ်ရေး တာအိုကို လေ့ကျင့်သည်ဟု ယုံကြည်ကြပြီး ဆက်တိုက် သတ်ဖြတ်နေခြင်းကသာ သူမ တာအိုကို ပြီးပြည့်စုံစေလိမ့်မည်။
“ အစ်မရေ …. အစ်မအတွက် ကလဲ့စားကို တစ်ဝက်တော့ ဆပ်ပြီးသွားပြီ ” လူအုပ်ကြားမှ လူငယ်တစ်ယောက်က အကြီးအကျယ် ထိခိုက်နေသည့် သေမင်းတမန် မိန်းကလေး လီအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူက ပျော်လွန်း၍ တုန်တုန်ယင်ယင် ဖြစ်နေမိသည်။ သူက ဤအမျိုးသမီးကို အမြဲတမ်း သတ်ပစ်ချင်ခဲ့သော်လည်း သူ့အင်အားမှာ သူမကို သတ်ဖို့ရာ အလှမ်းကွာနေလေ၏။
“ ငါ့ရဲ့ ကျင့်ကြံဆင့်ကို ဖျက်စီးရဲတယ်ပေါ့ … ” သေမင်းတမန် မိန်းကလေးလီက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ ဤသည်မှာ ဟဲရှီးအဖွဲ့ ဖြစ်ပြီး သူမက ဟဲရှီးအဖွဲ့၏ သေမင်းတမန် မိန်းကလေးလီ ဖြစ်သော်လည်း ဟဲရှီးအဖွဲ့နေရာ၌ သူမ၏ ကျင့်ကြံဆင့်ကို ဖျက်စီးခံခဲ့ရသည်။
မိုဝူကျိက မီးခိုးရောင်ဝတ် အမျိုးသမီးကို ဘာမှပြန်မပြောဘဲ ကြည့်လိုက်သည်။ သူက ခေါင်းထဲပင် မထည့်ပေ။
ဒီအမျိုးသမီးက ဘယ်လိုတောင် ဘဝင်မြင့်နေရတာလဲ ….
သူမက တခြားသူကို သတ်လို့ရပြီးတော့ တခြားသူကျ သူမ ကျင့်ကြံဆင့်ကို ဖျက်စီးလို့ မရဘူးတဲ့လား ….
“ အိမ်တော်သခင်မို ….ကျုပ်တို့ ဟဲရှီးအဖွဲ့က ခင်ဗျား သတ်လို့ရတဲ့နေရာတော့ ဟုတ်ပေမဲ့ အရင်ဆုံး အဖွဲ့ခန်းမဆီ သွားသင့်တယ်။ အိမ်တော်သခင်မိုက ကျုပ်တို့ ဟဲရှီးအဖွဲ့ရဲ့ တံခါးဝပဲ ရှိသေးတာကို ကျုပ်တို့အဖွဲ့ကလူကို သတ်ပြီးပြီ။ ခင်ဗျားက စကြဝဠာအစွန်း တစ်ခုလုံးမှာ ကိုယ့်ဘာသာ နံပါတ်တစ်များ ထင်နေတာလား ” အေးစက်စက် အသံတစ်သံကို ကြားလိုက်ရပြီး မိုဝူကျိရှေ့ လူအိုကြီး တစ်ယောက် ပေါ်လာသည်။
မိုဝူကျိက မထူးမခြားနား ပြောလိုက်သည် “ ခင်ဗျားကို သိတယ်။ ခင်ဗျားက လေလံပွဲတုန်းက ကျုပ်ညီမကို အင်မော်တယ်ကျွန်အဖြစ် ဝယ်ချင်တဲ့သူမလား။ အခု ကျုပ်ကို ပြဿနာ ထပ်လာရှာပြန်ပြီ။ အရမ်းကို ကောင်းတယ် ”
မိုဝူကျိက လက်ဖဝါးဖြန့်လိုက်သည်နှင့် လခြမ်းကွေး ပုဆိန်လှံရှည် ပေါ်လာသည်။ သူက ထိုလူအိုကြီးကို လေလံပွဲမှာကတည်းက သိခဲ့ခြင်း ဖြစ်၏။ သူက ဟဲရှီးအဖွဲ့၏ ဒုခေါင်းဆောင် လန်ရန်သာ ဖြစ်၏။
“ ဟားဟား ” လန်ရန်က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သော်လည်း သူ့မျက်နှာ၌ ရယ်ရွှင်မြူးသည့် အရိပ်အယောင် ရှိမနေပေ “ မိုဝူကျိ … ငါ့ ဟဲရှီးအဖွဲ့ရဲ့ အင်မော်တယ် ဧကရာဇ်တွေ မရှိဘူးဆိုပေမဲ့ ငါတို့ ဟဲရှီးအဖွဲ့က မင်းကို ကြောက်မယ် ထင်နေလား။ မင်း တိုက်ချင်ရင် ငါ လန်ရန်က ပူးပေါင်းပေးရတာပေါ့ ”
မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်သည် “ ကျုပ် တစ်ခေါက် ထပ်ပြောလိုက်မယ်။ ကျုပ်က လူတစ်ယောက်ကို လာရှာတာ …. တကယ်လို့ ခင်ဗျား လမ်းဖယ်ပေးရင် ဒီနေ့ကိစ္စကို ဘာမှမဖြစ်ခဲ့သလို မေ့ထားပေးလိုက်မယ်။ ဒါပေမဲ့ ကျုပ်လမ်းကို ထပ်ပိတ်ထားမယ်ဆိုရင်တော့ ကျုပ်ကို အဆိုးမဆိုနဲ့ ”
မိုဝူကျိက မတိုက်ချင်၍ မဟုတ်ပေ။ သို့သော်လည်း ဤနေရာ၌ သူက သူ့ဘာသာ မှီခိုရမည့်အပြင် ယန်ယွဲ့ရုန်ကိုလည်း စောင့်ရှောက်ပေးရမည် ဖြစ်၏။ ထို့ကြောင့်သာ မဟုတ်လျှင် သူက လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် ပိုင်းချပြီးလောက်လေပြီ။ လန်ရန်၏ ခန္ဓာကိုယ်မှ သေခြင်းတရား စွမ်းအားများ ထုတ်လွှင့်နေသည်ကို သတိထားမိသည်။ လန်ရန်က သူ့အသက်ဓာတ် ကုန်ခမ်းတော့မည့် လူတစ်ယောက်သာ ဖြစ်၏။ မိုဝူကျိက ထိုသို့ လူမျိုးအပေါ် သူ့အသက်နှင့် တုပြိုင်၍ မတိုက်ချင်ပေ။
လန်ရန်၏ မျက်နှာမှာလည်း အမူအယာ ပြောင်းလဲသွားသည်။ အရိုးသားဆုံးပြောရလျှင် သူလည်း မိုဝူကျိလို သွေးပူလွယ်သည့်သူမျိုးနှင့် မတိုက်လိုပေ။ သူက သူ့အသက်ဓာတ်ကို နှစ် ၆၀ ဆွဲဆန့်ပေးနိုင်သည့် အင်မော်တယ်အခွံ အသီးကို ဝယ်ယူလာခါစ ဖြစ်၏။ အကယ်၍ သူသာ နှစ် ၆၀ ကို ကောင်းကောင်း အသုံးချနိုင်လျှင် သူ ပူးကပ်နိုင်မည့် သင့်တော်သော ခန္ဒာကိုယ်ကို ရှာတွေ့နိုင်လိမ့်မည်။
အကယ်၍ သူက ပူးကပ်ခြင်း အောင်မြင်ပါက သူက ဟဲရှီးအဖွဲ့ကို ဆက်လက် မှီခိုစရာ မလိုတော့ပေ။ ထိုစဉ် သူက အနည်းငယ် နောင်တရမိသည်။ သူက လေလံပွဲမှ စောစောစီးစီး ထွက်လာမိသည်ကို နောင်တရလာမိသည်။ သူက မိုဝူကျိ တစ်ယောက် သူ့အလုပ် ပြီးသည့်အထိ လေလံပွဲ၌သာ ဆက်နေနေသင့်ပေသည်။
လန်ရန်က တွေဝေနေစဉ် မိုဝူကျိက ယန်ယွဲ့ရုန်ကို ခေါ်ကာ ခန်းမ၏ ဒုတိယအလွှာသို့ တက်လာလိုက်သည်။
ဟဲရှီးအဖွဲ့၏ အဖွဲ့ခန်းမမှာ အတော်လေး ကျယ်ဝန်းလှသည်။ ဝိညာဉ်စွမ်းအားစုစည်းရေး အစီအရင်များကို ခင်းကျင်းထားသောကြောင့် ဝိညာဉ်စွမ်းအား သိပ်သည်းမှုမှာ အမြင့်ဆုံး ဖြစ်နေသည်။ ပြောရမည်ဆိုလျှင် စည်းမျည်းများ၏ အရိပ်အယောင်တချို့ပင် ရှိနေသေးသည်။
မိုဝူကျိက ခဏတာမျှ ရပ်လိုက်ရုံဖြင့် ဤနေရာမှာ ကျင့်ကြံဖို့ရာ နေရာကောင်း ဖြစ်ကြောင်း သိလိုက်သည်။
ထိုအထဲ၌ မြောက်များစွာသော အတားအဆီးများ ရှိပြီး ထိုအတားအဆီးတစ်ခုစီ၌ ကျင့်ကြံသူ တစ်ယောက် ကျင့်ကြံနေလေ၏။ ထို့အပြင် ခန်းမထောင့်နေရာများ၌ တာအိုအကြောင်း ဆွေးနွေးနေကြသော လူအုပ်စုလည်း ရှိနေသည်။
ခန်းမတစ်ခုလုံးကား သွေးနံ့ ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည်။ ယန်ယွဲ့ရုန်က မိုဝူကျိနား ကပ်၍ ပြောလိုက်သည် “ အစ်မရှောင်ယု ပြောတာတော့ ဒီမှာ သဘောမတူတဲ့ စကားတစ်ခွန်း ပြောလိုက်တာနဲ့ သွေးသံရဲရဲ တိုက်ပွဲ ဖြစ်ကြတာတဲ့ …. ဟိုးနားက တာအိုဆွေးနွေးကြတဲ့သူတွေကလည်း နောက်အခိုက်အတန့်လေးမှာ လက်နက်တွေ ကိုင်ဆွဲပြီးတော့ တိုက်ပွဲ စဖြစ်နိုင်တယ် ”
မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက အစီအရင်အလံ ဆယ်ခုကို ပစ်လွှတ်ကာ ပြောလိုက်သည် “ ယွဲ့ရုန် ကြည့်ကြည့် …. မင်းကို ဖမ်းခဲ့တဲ့သူ ဒီမှာ ရှိလား ”
မိုဝူကျိက အစီအရင်အလံများ ပစ်လွှတ်လိုက်သည်နှင့် ခန်းမတစ်ခုလုံးမှာ ရှင်းလင်းသွားသည်။ အတားအဆီးအတွင်း ကျင့်ကြံနေကြသည့် ကျင့်ကြံသူများပင် ကွက်ကွက်ကွင်းကွင်း ပေါ်လာသည်။
“ သူပဲ ..” ယန်ယွဲ့ရုန်က ဆံပင်ရှုပ်ရှုပ်နှင့် အမျိုးသားကို တန်းမှတ်မိလိုက်သည်။
မိုဝူကျိက ယန်ယွဲ့ရုန် ပြသည့် တည်နေရာအတိုင်း ကြည့်လိုက်သည်။ ထိုသူတွင် ခက်ထန်ကြမ်းထန်သည့် အငွေ့အသက်များ ရှိနေလေ၏။ သူတွင် ခက်ထန်သည့် သွင်ပြင်လည်း ရှိပေသည်။ မိုဝူကျိက တစ်ချက်တည်းကြည့်ရုံဖြင့် ထိုလူမှာ ရက်စက်တတ်သူမှန်း ပြောနိုင်လေ၏။ ထိုသူ၏ ကျင့်ကြံဆင့်မှာ မိုဝူကျိအနေနှင့် ကြည့်ဖို့ပင် မလုံလောက်ပေ။ ထိုသူက အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်မျှသာ ရှိသေး၏။
ဟဲရှီးအဖွဲ့ခန်းမအတွင်းမှ လူများမှာ ရက်စက်ကြသူများ ဖြစ်သော်လည်း မိုဝူကျိက ခန်းမ၏ အတားအဆီးများအထိ ဖြတ်မြင်နိုင်အောင် အစီအရင်များ အသုံးပြုလိုက်သည့်အခါ၌ပင် မည်သူကမှ မလှုပ်ရှားကြပေ။ ရက်စက်ခြင်းမှာ တုံးအခြင်းနှင့် မတူညီပေ။ မိုဝူကျိက ဟဲရှီးအဖွဲ့၌ ဤသို့လုပ်ရဲသည့်အတွက် သေချာပေါက် ထိပ်တန်းအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်ရမည်။
“ ကောင်းပြီ ” မိုဝူကျိက ပြောရင်း သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
“ ဘန်း ” ထိုအမျိုးသား၏ အတားအဆီးမှာ ကြေမွသွားလေ၏။ နောက်အခိုက်အတန့်လေး၌ မိုဝူကျိ၏ အင်မော်တယ် သဘာဝစွမ်းအားများမှာ ထိုလူ၏ လည်ပင်းကို ဆုပ်ကိုင်ပြီး ဆွဲခေါ်လာသည်။
“ ကျုပ်က ကျုပ်ရဲ့ အတားအဆီးအတွင်းမှာပဲ ကျင့်ကြံနေတာပါ။ ဒီက စီနီယာကို ဘယ်လိုများ အနှောင့်အယှက် ပေးမိလို့လဲ ” ထိုလူမှာ တံခါးပိတ် လေ့ကျင့်နေသော်လည်း မိုဝူကျိက သူ့အတားအဆီးကို ချိုးဖောက်ကာ သူ့အား ဆွဲခေါ်လာသည်။
သူက ထိုစကားများ ပြောလိုက်ပြီးနောက် မိုဝူကျိဘေးတွင် ရပ်နေသော ယန်ယွဲ့ရုန်ကို မြင်လိုက်ရသည်။ သူ့စိတ်ထဲ အေးစက်သွားလေ၏။ မိုဝူကျိက ဘာမှမပြောနိင်ခင် သူက မြန်မြန် ပြောလိုက်သည်
“ စီနီယာ …. အဲဒီ မိန်းကလေးကို ကျုပ် အရင်တုန်းက မသိပါဘူး။ ပြီးတော့ စီနီယာနဲ့ ပတ်သတ်နေမှန်းလည်း မသိလို့ပါ။ စီနီယာက ကျုပ်ကို အဲကိစ္စကြောင့် သတ်ပစ်ချင်တယ်ဆိုရင်တော့ ကျုပ် အောင်းလုက လက်မခံနိုင်ပါဘူး ”
“ ငါ့ညီမလေးရဲ့ သိုလှောင်လက်စွပ်က ဘယ်မှာလဲ ” မိုဝူကျိက အေးစက်စွာ မေးလိုက်သည်။
“ အထဲက အလောင်းကိုတော့ ဖျက်စီးလိုက်ပေမဲ့ အထဲက ပစ္စည်းတွေက ရှိပါသေးတယ် … ”
ယန်ယွဲ့ရုန်က အစ်မရှောင်ယု၏ အလောင်းကို ဖျက်စီးလိုက်သည့်အကြောင်း ကြားလိုက်သောအခါ ရှိုက်ကာ ငိုကြွေးလိုက်သည်။
အောင်းလုက ဘာမှမပြောနိုင်ခင် မိုဝူကျိ၏ အင်မော်တယ် သဘာဝစွမ်းအားက အောင်းလုအား တင်းတင်း ညှစ်ပစ်လိုက်သောကြောင့် သွေးမြူအဖြစ် ပြောင်းလဲသွားတော့သည်။
“ သွားကြစို့ ” မိုဝူကျိက လက်စွပ်ကို သိမ်းကာ ယန်ယွဲ့ရုန်ကို ခေါ်လာရင်း ဒေါသတကြီး ဖြစ်နေသည့် လန်ရန်အား ဖြတ်ကျော်လာလိုက်သည်။
သူက လန်ရန် ခန္ဓာကိုယ်ဘေးပတ်လည်မှ သေခြင်းတရား အငွေ့အသက်များကို ခံစားမိသည့်အခါ လန်ရန်မှာ ဘာမှမလုပ်ဘဲ နေနေသည့် အကြောင်းအရင်းကို သဘောပေါက်သွားသည်။ သေခြင်းတရားနှင့် နီးကပ်လာလေလေ ပို၍ ကြောက်ရွံ့လာလေလေ ဖြစ်၏။ ထို့ကြောင့်သာ မဟုတ်လျှင် လန်ရန်က နတ်ဘုရားမျိုးနွယ်စု၏ ဝူလီအား ကြောက်ရွံ့မည် မဟုတ်ပေ။
………..…
“ အဲဒီ စီနီယာမိုက အရမ်းအားကောင်းတာပဲ။ သူက ဟဲရှီးအဖွဲ့ကိုတောင် မကြောက်ဘူး ”
“ ခေါင်းဆောင်အန်း မရှိလို့ ဖြစ်လိမ့်မယ် ”
“ ခေါင်းဆောင်အန်း ရှိနေရင်တောင် စီနီယာမိုက သူ လုပ်ရမဲ့ဟာကို လုပ်ဦးမှာပဲ ”
အချိန်တိုလေးအတွင်း မိုဝူကျိ၏ နာမည်မှာ စကြဝဠာအစွန်းတခွင် ပျံ့နှံ့လာသည်။ နေ့ဝက်တာအတွင်း မိုဝူကျိက တာအိုဆွေးနွေးခြင်း စင်မြင့်ကို ဖျက်စီးပစ်ခဲ့သည်မှ စ၍ မီဖေးကုန်သွယ်ရေး အဖွဲ့ကို ဖျက်စီးခဲ့ပြီး ဟဲရှီးအဖွဲ့၌လည်း ရုတ်ရုတ်သည်းသည်း ဖြစ်စေခဲ့ပေသည်။ မိုဝူကျိကို မကြောက်ဘဲ နေဖို့ရာ ခက်ခဲလှပေ၏။
………………
အမွေးတိုင်တစ်ဝက်စာကြာချိန်တွင် မိုဝူကျိက ယန်ယွဲ့ရုန်အား ခေါ်ဆောင်၍ ကောင်းကင်ဘုံအလွန် တည်းခိုဆောင်ရှိ ဖုန်းဟွမ်နှင့် ကျီကူတို့၏ ကိုယ်ပိုင်အခန်းဆီ ရောက်ရှိလာသည်။
“ အင်မော်တယ်ရောင်းရင်းမိုက ရန်ကြွေးကို မြန်မြန်ပဲ ပြန်ဆပ်တာပဲ … ခင်ဗျားရဲ့ စိတ်နှလုံးသားက အဟန့်အတားရှိမှာ မဟုတ်ဘူး။ ကျီကူက တကယ်လေးစားမိပါတယ် ” လေးယောက်သားလုံး ထိုင်ပြီးနောက် ကျီကူက အရင်ဦးစွာ ပြောလိုက်သည်။
ထိုစဉ် မိုဝူကျိက မတ်တတ်ရပ်ကာ သေရည်ခွက်ကို မ လိုက်ရင်း “ တာအိုသခင်ဖုန်းနဲ့ အင်မော်တယ်ရောင်းရင်းကျီတို့ စိတ်သဘောထားကြီးပေးတဲ့အတွက် ကျေးဇူတင်ပါတယ်။ ကျုပ်က စကြဝဠာအစွန်းမှာ ရုတ်ရုတ်သည်းသည်း ဖြစ်စေခဲ့တာကို ခွင့်ပြုပေးထားလို့ ကျေးဇူးတင်ပါတယ် ”
ဖုန်းဟွမ်နှင့် ကျီကူက မိုဝူကျိသည် ချိုမြိန်သော စကားမျှ ပြောနေသည်ကို သိကြသည်။ ဖုန်းဟွမ်နှင့် ကျီကူတို့က ဝင်ပါလျှင်ပင် မိုဝူကျိက သူလုပ်ချင်တာ လုပ်ဦးမည် ဖြစ်၏။
“ အင်မော်တယ်ရောင်းရင်းမိုက အားနာလွန်းနေပါပြီ … ထိုင်ပါဦး ” ဖုန်းဟွမ်က မြန်မြန် ပြောလိုက်သည်။
မိုဝူကျိက ထိုင်လိုက်သည်။ ထို့နောက် သူက တန်းမေးလိုက်သည်
“ တာအိုသခင်ဖုန်း … စောစောလေးတုန်းက နတ်ဘုရားမျိုးနွယ်နဲ့ မီဖေးကုန်သွယ်ရေး အဖွဲ့က အဆင့်မြင့် ကျင့်ကြံသူတွေ အားလုံး မရှိကြဘူးလို့ ပြောတာဆိုတော့ သူတို့က ဘယ်သွားကြလို့လဲ ”
မိုဝူကျိက ဟဲရှီးအဖွဲ့လည်း အတူတူ ဖြစ်ကြောင်း သေချာသိပေသည်။ မဟုတ်လျှင် သူ ဟဲရှီးအဖွဲ့ကို သွားစဉ်အခါက သူ့ကို လာရင်ဆိုင်မည့်သူမှာ လန်ရန် တစ်ယောက်တည်း ဖြစ်နေမည် မဟုတ်ပေ။
***