တောင်ပံနက်မျိုးနွယ်စု၏အိပ်မက်ဆိုး
Vol. 69 Ch. 967
ကမ္ဘာနှစ်ခုကြားမှ လမ်းကြောင်းမှာ ပွင့်ဟလာသည်။
ကောင်းကင်ဘုံဂိတ်တံခါးမှ အကန့်အသတ်မဲ့သော အလင်းများ ဖြာထွက်နေလေသည်။
ရင်းနှီးနေသော စွမ်းအင်အငွေ့အသက်ကြောင့် အန်လင်း အံ့သြသွားရသည်။
"ဒါက...... ကောင်းကင်ဘုံခုံရုံးလား။"
သူရေရွတ်လိုက်မိသည်။
မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ အံ့သြသင့်သော အခြေအနေမျိုး မဟုတ်ပေ။
ထိုက်ချူကုန်းမြေနှင့် ကမ္ဘာမြေအား ချိတ်ဆက်ပေးထားသော လမ်းကြောင်းမှာ ကောင်းကင်ဘုံခုံရုံးတွင်သာ ရှိသည်။ ထို့ကြောင့် စိုင်ရယ်သည်လည်း ထိုလမ်းကြောင်းကိုသာ ရှာဖွင့်ရမည်ပင်။
............
ကျွန်းမျောတစ်ခုပေါ်၌....
အံဖွယ်ရတနာဖြစ်သော လောကဖန်ဆင်းမိစ္ဆာရှင်းဓားသည် ကျွန်းမျောကြီး၏ အကာအရံအား ချိတ်ပိတ်ပေးထားသည်။
မြွေနက်ဝိဥာဥ်သည် တောင်ပံနက်မျိုးနွယ်စုဝင်များအား ပယ်ပယ်နယ်နယ် ရှင်းထုတ်ပစ်နေသည်။
တောင်ပံနက် ဧကရာဇ်မှာလည်း မြွေနက်ဝိဥာဥ်အား တိုက်ခိုက်နေရသည်။
"မြွေနက်ဝိဥာဥ်..... မင်းအရမ်းလွန်သွားပြီ။ တောင်ပံနက်မျိုးနွယ်စုဝင်တွေကို သတ်ပစ်လိုက်တဲ့အတွက် ဒီသွေးကြွေးကို မင်းပြန်ဆပ်ရမယ်။"
တောင်ပံနက် ဧကရာဇ်သည် မြွေနက်ဝိဥာဥ်အား နှင်ထုတ်ရန် ကြိုးစားနေပါသော်လည်း အလုပ်မဖြစ်ပေ။
မြွေနက်ဝိဥာဥ် ခနဲ့ပြုံး ပြုံးလိုက်သည်။
"ကမ္ဘာကို လွန်ခဲ့တဲ့ သုံးနှစ်က ကျူးကျော်ခဲ့တယ်မလား။ အဲ့ကတည်းက အကျိုးဆက်တွေကို တွေးထားသင့်တယ်။ အရှင်မ နွီဝါးရဲ့ ဖန်ဆင်းမှုကို နင်တို့နှောင့်ယှက်လို့ မရဘူး။ အခု အဲ့ရန်ကြွေးကို ငါပြန်ယူမယ်။"
ကမ္ဘာမြေ အဆင့်တက်လာပြီးနောက် မြွေနက်ဝိဥာဥ်သည် ဝင်္ကပါ၏ အဓိကဆုံမှတ်အား အသုံးချကာ တောင်ပံနက်မျိုးနွယ်စုထံ ရောက်လာနိုင်ခဲ့သည်။
ထို့နောက် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတော့သည်။
မြွေနက်ဝိဥာဥ်သည် တောင်ပံနက်မျိုးနွယ်စု၏ ဧကရာဇ်အား မသတ်ပစ်နိုင်ကြောင်း သူမကိုယ်သူမ သိရှိထားသည်။ သို့သော် တိုက်ပွဲဆင်နွှဲကာ ၎င်း၏ကျွန်းအား ဖျက်စီးပစ်ရန် ရည်ရွယ်ထားပေသည်။
တောင်ပံနက်မျိုးနွယ်စု၏ အကြီးအကဲများမှာလည်း အဝေးတွင် ပုန်းကွယ်ကာ ကြည့်သာကြည့်နေရသည်။
အခြားသော တောင်ပံနက်မျိုးနွယ်စုဝင်များမှာလည်း ကြောက်ရွံ့နေကြသောကြောင့် တောင်ပံနက် ဧကရာဇ်အား ကူညီပေးမည့်သူ မရှိပေ။
ဧကရာဇ်အား အသက်ပေးကာ ကာကွယ်မည့်သူမျိုး ဤနေရာတွင် ရှိမနေပေ။
တောင်ပံနက်မျိုးနွယ်စုဝင်များမှာလည်း တတ်နိုင်သမျှ အဝေးဆုံးတွင် ရှောင်ပုန်းလျက် အကာအကွယ်များ ပြုလုပ်နေကြသည်။
"ငါတို့ခေါင်းဆောင်က မြွေနက်ဝိဥာဥ်ကို နိုင်မယ်ထင်လား။"
"အဲ့ဒါက အရေးမကြီးဘူး။ နိုင်နိုင်ရှုံးရှူံး သတင်းဆိုးကြီးပဲ။ ဧကရာဇ် နိုင်သွားရင် အရှင်မ နွီဝါးရဲ့ အမျက်ဒေါသကို ခံရနိုင်တယ်။ ရှုံးသွားရင်လည်း ငါတို့ဘဝတွေက မြွေနက်ဝိဥာဥ် လက်ထဲရောက်သွားလိမ့်မယ်။"
"ကြယ်တွေစုံတဲ့ည အကြီးအကဲ အခုဘာလုပ်ကြမလဲ။"
"ငါတို့ ထွက်ပြေးဖို့ ပြင်ထားသင့်တယ်။"
"ဒါပေမယ့် ခေါင်းဆောင်က တိုက်ခိုက်နေတုန်းလေ။"
"ရူးနေတာလား။ ခေါင်းဆောင်က တိုက်ခိုက်နေတယ်ဆိုတာ ငါတို့ကို လွတ်မြောက်စေချင်လို့ပဲ။"
"ကြယ်တွေစုံတဲ့ည အကြီးအကဲက ပညာဉာဏ် ကြီးလိုက်တာ။"
တောင်ပံနက်မျိုးနွယ်စု၏ အဆင့်မြင့် ကျင့်ကြံသူများမှာ ထွက်ပြေးကုန်တော့သည်။
"ဟင်းလင်းပြင်သို့အပြန်အဆင့် အကြီးအကဲတွေအားလုံး ထွက်ပြေးကုန်ပြီပဲ။"
မြွေနက်ဝိဥာဥ် အထင်သေးစွာ ပြောလာသည်။
တောင်ပံနက် ဧကရာဇ် မျက်နှာပျက်သွားသည်။
ယီးတဲ့မှ...... ဘာလို့ထွက်ပြေးကုန်တာလဲ.....
၎င်းတို့အား မြွေနက်ဝိဥာဥ်နှင့် တိုက်ခိုက်ရန် မမျှော်လင့်ထားပါသော်လည်း ယခုကဲ့သို့ ထွက်ပြေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
တောင်ပံနက် ဧကရာဇ်မှာ ရင်နာသွားပါသော်လည်း ပဟေဠိဆန်စွာ ပြုံးလိုက်သည်။
"သူတို့က မင်းအတွက် လက်ဆောင်တစ်ခု ပြင်နေကြတာလေ။"
မြွေနက်ဝိဥာဥ်မှာ ကြောက်ရွံ့ခြင်း မရှိပေ။
သူမသာ ကြောက်တတ်ပါက တစ်ယောက်တည်း ရောက်လာမည်ပင် မဟုတ်ပေ။
သူမသည် ဆက်တိုက်ဆိုသလို တိုက်ခိုက်နေသောကြောင့် ကောင်းကင်နှင့်မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာရသည်။
ထို့နောက် မြွေနက်ဝိဥာဥ် အမူအရာ ပြောင်းလဲသွားလေသည်။
"မြွေဖြူဝိဥာဥ် ဒုက္ခရောက်နေပြီပဲ။"
သူမသည် လောကဖန်ဆင်းမိစ္ဆာရှင်းဓားအား ဆင့်ခေါ်ကာ ကျွန်းမျောထဲမှထွက်ရန် လမ်းကြောင်းတစ်ခု ဖန်ဆင်းလိုက်သည်။
တောင်ပံနက် ဧကရာဇ်မှာ ကြောင်တောင်တောင် ဖြစ်သွားရသည်။
ထို့နောက် ဆရာကြီးဟန်ဖြင့် လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းထားလိုက်သည်။
"ဟမ့်.... တာအိုပေါင်းစည်းခြင်း အဆင့်ပေမယ့် နွီဝါးရဲ့ ကျွန်သာသာပါပဲ။ ငါ့ကို မယှဥ်နိုင်တော့ ထွက်ပြေးရပြီပေါ့။"
ပုန်းကွယ်နေသော တောင်ပံနက်မျိုးနွယ်စုဝင်များမှာ ထိုစကားကြောင့် အောင်ပွဲခံလိုက်ကြသည်။
"တောင်ပံနက် ဧကရာဇ်က ပြိုင်ဘက်ကင်းပဲ။"
"တောင်ပံနက် ဧကရာဇ်က ငါတို့မျိုးနွယ်စုအတွက် အလင်းရောင်ပဲ။"
"တောင်ပံနက် ဧကရာဇ်က ဒီကမ္ဘာမှာ အတော်ဆုံးပဲ။"
ထွက်ပြေးသွားကြသော အကြီးအကဲများပါ ပြန်လည်ရောက်ရှိလာသည်။
တောင်ပံနက် ဧကရာဇ် ပြုံးကာပြောလိုက်သည်။
"မြွေနက်ဝိဥာဥ်ကို ဆုံးမလိုက်ပေမယ့် အရှင်မ နွီဝါးရဲ့ ခံစားချက်ကိုတွေးပြီး ကမ္ဘာပေါ်မှာ ထားခဲ့တဲ့ လမ်းကြောင်းကို ဖျက်လိုက်သင့်တယ်။"
"ဒါပေမယ့်......."
အကြီးအကဲ တစ်ဦးမှ လက်မခံလိုပါသော်လည်း တောင်ပံနက် ဧကရာဇ်မှာ လက်ကာပြလာသည်။
"ငါပြောသလိုသာလုပ်ပါ။ မိစ္ဆာရှင်းဓားလည်း ကမ္ဘာပေါ်မှာ မရှိတော့ဘူးလေ။"
အကြီးအကဲ စကားဆိုလာသည်။
"တောင်ပံနက် ဧကရာဇ်က တုနှိုင်းမဲ့ပါ။"
အခြားအကြီးအကဲများလည်း အော်ဟစ်လိုက်ကြသည်။
"တောင်ပံနက် ဧကရာဇ်က တုနှိုင်းမဲ့ပါ။"
တောင်ပံနက် ဧကရာဇ်မှာ မာန်ချီနေလေသည်။
ထိုလမ်းကြောင်းကိုသာ မဖျက်ပစ်ပါက မြွေနက်ဝိဥာဥ် ပြန်ရောက်လာနိုင်သည်။
တောင်ပံနက်မျိုးနွယ်စုသည် တိုက်ပွဲဒဏ်အား ခံနိုင်ရည် မရှိလောက်ပေ။
ထို့ကြောင့် လမ်းကြောင်းအား ဖျက်ကိုဖျက်ပစ်ရမည်။
မြွေနက်ဝိဥာဥ် ရှာမတွေ့နိုင်မည့် ထိုက်ချူကုန်းမြေ တစ်နေရာတွင် ပုန်းကွယ်နေသင့်သည်။
ထိုအတွေးနှင့်အတူ တောင်ပံနက် ဧကရာဇ် ပြုံးလိုက်မိသည်။
..........
ကမ္ဘာပေါ်ရှိ မွန်ဂိုလီးယားနိုင်ငံ၌
စိုင်ရယ်မှာ ကောင်းကင်ဘုံ ဂိတ်တံခါးအား ဖွင့်လိုက်သောကြောင့် ပတ်ဝန်းကျင် တခွင်လုံး တောက်ပသွားရသည်။
လူများမှာ အိမ်ထဲမှထွက်ကာ အလင်းလာရာ အရပ်အား ငေးကြည့်လာကြသည်။
စိုင်ရယ်မှာ ကောင်းကင်ဘုံ ဂိတ်တံခါးထဲ ဝင်တော့မည်ပင်။
ထိုအချိန်တွင် လေဟာနယ် ဝဲဂယက်တစ်ခု ထွက်ပေါ်လာသည်။
ခန္ဓာကိုယ် အောက်ပိုင်းမှာ မြွေသဏ္ဍာန် ဖြစ်နေသော အမျိုးသမီးတစ်ဦး ထွက်လာလေသည်။
"စိုင်ရယ်....."
သူမ မယုံကြည်နိုင် ဖြစ်သွားသည်။
"အော်.... မင်းက နွီဝါးအစေခံမလား။"
စိုင်ရယ် နှုတ်ဆက်လိုက်သည်။
အစေခံတဲ့လား......
သူမ နဖူးကြောများပင် ထောင်ထသွားရသည်။
ထို့နောက် အကောင်းအတိုင်း ရှိနေသော မြွေဖြူဝိဥာဥ်အားကြည့်ကာ စိတ်သက်သာရာ ရသွားလေသည်။
မြွေနက်ဝိဥာဥ်မှာ စိုင်ရယ်အား ကြည့်ရှုလိုက်သည်။
"နင်ထွက်လာတာလား။"
"လုပ်စရာရှိတာ လုပ်ပြီးသွားပြီလေ။"
စိုင်ရယ် ပြုံးကာပြောလာသည်။
"နင်ကြည့်ရတာ တက်ကြွနေပါလား။"
မြွေနက်ဝိဥာဥ် မေးမြန်းလာသည်။
"ငါ့ဆီကနေ သတင်းနှိုက်မလို့လား။ အကုန် အဆင်ပြေခဲ့တယ်။"
စိုင်ရယ်မှာ အချိန်မဖြုန်းလိုသဖြင့် မြွေနက်ဝိဥာဥ်အား တာ့တာပြလိုက်သည်။
"တံခါးပိတ်သွားတော့မယ်.... တာ့တာ။"
သူ၏ခန္ဓာကိုယ်မှာ ဂိတ်တံခါးထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ဝုန်း......
တံခါးပိတ်သွားပြီးနောက် ကောင်းကင်နှင့်မြေပြင်မှာ ပြန်လည်မည်းမှောင်သွားရသည်။
အန်လင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
သွားချင်ရာသွား..... လာချင်ရာလာ.... ဘယ်သူကမှ မတားနိုင်ဘူးပဲ.... တကယ့်ကို ဆရာ့ဆရာကြီးပါလား.....