ဒေါသထွက်နေသော မြွေနက်ဝိဥာဥ်
Vol. 69 Ch. 969
မြွေနက်ဝိဥာဥ်သည် သတ်ဖြတ်လိုသော စိတ်ဆန္ဒ မရှိပါသော်လည်း အန်လင်းမှာ လူသားသဲအိတ် အဖြစ်မခံနိုင်ပေ။ သူမအား တစ်စုံတစ်ခု ပြန်လုပ်ရမည် ဖြစ်သည်။
အန်လင်း မြွေနက်ဝိဥာဥ်အား စူးစိုက်ကြည့်ရှုလိုက်သည်။
ထို့နောက် မျက်ရည်သွန်းဖြိုးစေ မန္တာန်နှင့် အီးဗုံးကြဲစေ မန္တာန်အား တပြိုင်တည်း အသက်သွင်းလိုက်သည်။
မြွေနက်ဝိဥာဥ်မှာ အမူအရာ ပြောင်းလဲသွားပြီးနောက် ဗိုက်အားကိုင်ကာ ငိုကြွေးတော့သည်။
"အန်လင်း..... နင်ငါ့ကို ဘာလုပ်လိုက်တာလဲ။"
မြွေနက်ဝိဥာဥ် ခက်ခက်ခဲခဲ မေးမြန်းလာသည်။
အန်လင်း အံ့အားသင့်သွားသည်။ ထင်မှတ်ထားသည့်အတိုင်း တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေသောကြောင့် အီးထွက်မကျရန် သူမကိုယ်သူမ တားထားနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်သည် ပြန်လည်တိုက်ခိုက်ရန် အချိန်ကောင်းတစ်ခုပင်။
ဝုန်း.....
အန်လင်းမှာ မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား အသက်သွင်းလိုက်သည်။
သူ၏ အရှိန်အဝါမှာ ဟင်းလင်းပြင်သို့အပြန် အဆင့်မျှ ရောက်ရှိသွားလေသည်။
သူသည် အထွဋ်အထိပ် မြေကြာပန်းအတတ်နှင့်အတူ တောင်ခွင်းလက်သီးအား အသုံးပြုလိုက်သည်။
ရွှေရောင်ဟာလာပြင်လျှပ်စီးများအပြင် အန်လင်းမှာ လျှပ်စီးချဲ့ထွင်နည်းစနစ်ကိုပါ သုံးလိုက်သောကြောင့် လျှပ်စီးများ ပိုမိုအားကောင်းလာသည်။
ထိုသည်သာ မကသေးပဲ အံ့ဖွယ်မီးတောက် ခြောက်ခုနှင့် မြင့်မြတ်မီးတောက်တို့ကိုပါ ထည့်သွင်းလိုက်လေသည်။
ထိုသည်မှာ ယန်နတ်ဘုရားကျင့်စဥ်မှ မီးတောက်ပေါင်းစည်းခြင်းပင်။
လက်သီး၏ ကြောက်မက်ဖွယ် ဖိအားကြောင့် လေထုသည်ပင် အက်ကွဲလာရသည်။
မြွေနက်ဝိဥာဥ်မှာ ခေါင်းမော့ကြည့်လိုက်သောအခါ လက်သီးတစ်လုံးအား မြင်လိုက်ရသည်။
"ငါ့ရဲ့ မူလအထူးမန္တာန်၊ လျှပ်စီးချဲ့ထွင်၊ မီးတောက်တောင်ခွင်းလျှပ်စီးလက်သီးကို မြည်းကြည့်လိုက်....."
ရွှေရောင်လက်သီးကြီး ကျဆင်းလာသည်။
ထိုသည်မှာ နေမင်းတစ်စင်းအလား တောက်ပနေလေသည်။
ပတ်ဝန်းကျင်ရှိ သိုးနှင့်နွားများပင် ဆောက်တည်ရာမရ ထွက်ပြေးကုန်သည်။
လူများမှာလည်း တောက်ပလွန်းသော အလင်းရောင်အားကြည့်ကာ ထိတ်လန့်ကုန်ကြရသည်။
အချို့သည် အသက်မသေရန် ဆုတောင်းနေသလို၊ အချို့မှာမူ ကြောက်ရွံ့ကာ စောင်ထဲဝင်ပုန်းကြသည်။
ကမ္ဘာမြေ၏ စွမ်းအင်သည် အကန့်အသတ် မဲ့သလို၊ ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ အရာအားလုံးကို တိုက်စားပစ်နိုင်သည်။ အမှောင်ထု၏ အစစ်အမှန် စိတ်ဆန္ဒသည် ဝါးမြိုနိုင်စွမ်း ရှိသကဲ့သို့ အံ့ဖွယ်မီးတောက်နှင့် မြင့်မြတ်မီးတောက်မှာ ရှိရှိသမျှ လောင်ကျွမ်းသွားစေနိုင်သည်။ ထိုစွမ်းအင်များ၏ ပေါင်းစည်းမှုအား မှန်းဆကြည့်၍ပင် မရပေ။
မြွေနက်ဝိဥာဥ်သာ ပြင်ပကမ္ဘာနှင့် စည်းမခြားထားပါက မွန်ဂိုလီးယားနိုင်ငံသည်ပင် ကမ္ဘာ့မြေပုံထဲ ရှိနေတော့မည် မဟုတ်ပေ။
"အစ်မကြီး အနက်ရောင်....."
မြွေဖြူဝိဥာဥ် စိုးရိမ်သွားရသည်။
သူမ၏ အသိစိတ်အရ အန်လင်း၏ လက်သီးသည် နယ်နယ်ရရ မဟုတ်ကြောင်း သိရှိနေမိသည်။
ရွှမ်းယွမ်ချန်မှာ ထိုမြင်ကွင်းအားကြည့်ကာ စိတ်လှုပ်ရှားနေသည်။
ကမ္ဘာမြေသည် ပြင်းထန်စွာ တုန်ခါနေပြီး မြွေနက်ဝိဥာဥ်၏ အကာအရံတွင်လည်း အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ၏ အကာအရံသည်ပင် ခံနိုင်ရည် ကုန်ခမ်းလာလေပြီ။
အန်လင်း၏ တိုက်ခိုက်မှုမှာ ထိုမျှအထိ ကြောက်မက်ဖွယ်ကောင်းသည်။
"အန်လင်းက သခင်မကို သတ်တော့မလို့လား။"
တိုက်ပွဲနတ်ဘုရား ဇီယန် ကြောက်ရွံ့နေမိသည်။
"ဒါက....."
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်လည်း မယုံကြည်နိုင် ဖြစ်နေရသည်။
မြွေနက်ဝိဥာဥ်သည် အန်လင်းအား အနိုင်ကျင့်ရုံသာ ကျင့်နေခဲ့ခြင်း ဖြစ်သည်။
အခုက ဘာတွေဖြစ်နေတာလဲ......
လက်ရည်စမ်းနေကြတာ မဟုတ်ဘူးလား.....
"အစ်ကိုကြီးအန်ကို အနိုင်ကျင့်ဖို့ လွယ်မှာတဲ့လား..... ဝုတ်....."
တပိုင်မှာ ထိုသည်ကိုကြည့်ကာ စိတ်ကျေနပ်နေသည်။
အနိုင်ကျင့်ချင်ရင် တန်ရာတန်ကြေးတော့ ပေးရမှာပဲ.....
စွမ်းအင်လှိုင်းဂယက်များ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
အန်လင်းသည် စွမ်းအင်အများအပြား သုံးလိုက်ရသောကြောင့် အတော်မောပန်းနေသည်။
စစ်နတ်ဘုရား ခန္ဓာ ရှိနေသောကြောင့် စွမ်းအင်လှိုင်းဂယက်များ၏ ဒဏ်ကိုမခံခဲ့ရပေ။ ယခင်က နျူကလီးယား တောင်ခွင်းလက်သီးအား အသုံးပြုလျှင် လဝက်ခန့် သတိလစ်ရသည်အထိ ဖြစ်ခဲ့ပါသော်လည်း ယခုတွင်မူ ထိုသို့မဖြစ်တော့ပေ။
အန်လင်း၏ ပေါက်ကွဲမှု အလယ်မှ အမျိုးသမီးအား လှမ်းကြည့်လိုက်သည်။
မြွေနက်ဝိဥာဥ်သည် မျက်နှာတစ်ခုလုံး မည်းတူးကာ အဝတ်အစားများ ဆုတ်ပြဲနေလေပြီ။
အန်လင်း ဝမ်းသာသွားရသည်။
ဒင်းက ဒါနဲ့ပဲတန်တာ......
ထို့နောက် ကျောရိုးများပင် အေးစိမ့်လာသည်။
မြွေနက်ဝိဥာဥ်သည် မည်သည့်စကားမှ မဆိုပဲ အန်လင်းအား စူးစူးဝါးဝါး ကြည့်ရှုနေသည်။
ထိုသည်မှာ အဆိုးရွားဆုံး အခြေအနေပင်။
မြွေနက်ဝိဥာဥ်မှာ ဒေါသထွက်နေပြီပင်။
သွားပြီ......
လေထုမှာ တဖြည်းဖြည်း တင်းမာလာသည်။
မြွေနက်ဝိဥာဥ်၏ အရှိန်အဝါမှာလည်း နတ်ဘုရားမ တစ်ပါးသဖွယ် ပေါက်ကွဲထွက်လာ၏။
ထိုသည်မှာ မြွေနက်ဝိဥာဥ်၏ စွမ်းအင်အစစ်အမှန် ဖြစ်သည်။
အန်လင်း မြွေဖြူဝိဥာဥ်အား လှမ်းကြည့်လိုက်သည်။
မြွေဖြူဝိဥာဥ်မှာလည်း အစ်မဖြစ်သူအား စိတ်လျှော့ရန် အဆုတ်ကွာမတတ် အော်ဟစ်နေလေသည်။
အန်လင်းမှာ လှုပ်ပင်မလှုပ်ရဲတော့ပေ။
သူ၏ဘဝမှာ မြွေနက်ဝိဥာဥ် လက်ထဲသို့ ရောက်နေပြီပင်။
၎င်းတို့နှစ်ဦးမှာ မျက်နှာချင်းဆိုင် အနေအထားဖြင့် ရှိနေကြသည်။
ရုတ်ချည်းဆိုသလို အသံတစ်ခု ထွက်ပေါ်လာသည်။
မြွေနက်ဝိဥာဥ်၏ လက်ထဲသို့ ကြေးမုံတစ်ချပ် ရောက်ရှိလာသည်။
ထို့နောက် နူးညံ့သော စကားသံအား ကြားလိုက်ရလေသည်။
"ရှောင်ဟေး(အနက်လေး)...... ကမ္ဘာပေါ်က ကိစ္စတွေပြီးပြီဆိုတော့ လိလိမ္မာမ္မာ ပြန်လာနော်။"
မြွေနက်ဝိဥာဥ်မှာ ကြေးမုံအားကြည့်ကာ မျက်ရည်ကျမတက် ဖြစ်သွားသည်။
သူမသည် ခံစားချက်များ ထိန်းချုပ်ကာ အန်လင်းအား စကားဆိုလာသည်။
"အန်လင်း..... အခုကိစ္စကို ငါမမေ့ဘူး။"
မြွေနက်ဝိဥာဥ်မှာ လေဟာနယ် ဝဲဂယက်တစ်ခုထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
အန်လင်း : "....."
အန်လင်းမှာ နှလုံးသားများ အေးစိမ့်သွားရသည်။
၎င်းတို့သာ ထပ်မံတွေ့ဆုံပါက မြွေနက်ဝိဥာဥ်မှာ ဗုံးဖြင့်ပေါက်သတ်လောက်ပေသည်။
မဖြစ်သေးဘူး..... ဟင်းလင်းပြင်သို့အပြန်အဆင့် အမြန်ဆုံးရောက်မှ ဖြစ်မယ်.....
အဲ့ဒါမှ နောက်တစ်ခါတွေ့ရင် ငါမသေမှာ....
အန်လင်းမှာ ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ တက်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာတော့သည်။