← Chapters

နတ်ဘုရားမျိုးနွယ်စုမှ အဆင့်မြင့် ပညာရှင်များ ပြန်ရောက်လာခြင်း

Vol. 57 Ch. 788

နတ်ဘုရားမျိုးနွယ်စုမှ အဆင့်မြင့် ပညာရှင်များ ပြန်ရောက်လာခြင်း

Vol. 57 Ch. 788

“ မဟာဧကရာဇ်အဆင့်ပြီးရင် ဘယ်အဆင့်လဲဆိုတာ အင်မော်တယ်ရောင်းရင်းမို  သိလား ”ဖုန်းဟွမ်က မိုဝူကျိ၏ မေးခွန်းကို တိုက်ရိုက် မဖြေကြားဘဲ အဆက်စပ်မရှိသည့် မေးခွန်းဖြင့် ပြန်မေးလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ပြကာ

“ ကျုပ်ကြားဖူးပါတယ်။ တာအိုဧကရာဇ်အဆင့်မလား …. သူတို့ပြောကြတာတော့ အထက်ဘုံရဲ့ ကျီချန်းလော့က တာအိုဧကရာဇ်အဆင့် ရောက်နေပြီတဲ့ … အဲဆိုတော့ အင်မော်တယ် ဧကရာဇ်အဆင့်ထက် မြင့်တဲ့ပုံပဲ ”

ဖုန်းဟွမ်က မကျေမနပ် ပြောလိုက်သည်

“ ကျီချန်းလောက သူ့ဘာသာ အထက်ဘုံလို့ နာမည်ပေးထားတဲ့ နယ်မြေလေးမှာပဲ မောက်မာရဲတာပါ။ ဒီ စကြဝဠာအစွန်းကို လာရဲမှာလား …. အင်မော်တယ်ရောင်းရင်းမို အခု တာအိုဆွေးနွေးခြင်း စင်မြင့် ဖျက်စီးလိုက်ပြီးတော့ မီဖေးကုန်သွယ်ရေး အဖွဲ့နဲ့ ဟဲရှီးအဖွဲ့ကို ရန်ရှာခဲ့တာကိုပဲ မကြည့်နဲ့ဦး။ တကယ်တော့ ဒီမှာ ခင်ဗျားနဲ့ ရင်ဆိုင်နိုင်မဲ့သူက လက်တစ်ဆုပ်ထက်တော့ ပိုများတယ် ”

မိုဝူကျိက ထိုအကြောင်းကို မယုံသော်လည်း ဖုန်းဟွမ်သည် လျှောက်ပြောနေခြင်း မဟုတ်ကြောင်း သိနေသည်။ စကြဝဠာအစွန်း၌ သူ့ထက် အားကောင်းသော ကျင့်ကြံသူများ သေချာပေါက် ရှိပေလိမ့်မည်။ ထိုအချက်မှာ အမှန် ဖြစ်၏။ သို့သော်လည်း သူတို့သည် သူနှင့် အလွယ်လေး ရင်ဆိုင်နိုင်လိမ့်မည်ဟု ပြောခြင်းမှာ သူ့အား အမှန်တကယ် အထင်သေးနေခြင်းသာ ဖြစ်၏။

“ တာအိုသခင်ဖုန်းက အလင်းပြပါဦး …. ” မိုဝူကျိက သဘောမတူသော်လည်း သူ့လေသံမှာ နှိမ့်ချမှုလည်း မရှိသလို ထောင်လွှားမှုလည်း မရှိချေ။

ဖုန်းဟွမ်က ခေါင်းညိတ်လိုက်သည်။ သူက တမင်သပ်သပ် စကားလမ်းကြောင်း လွဲပြောလိုက်ခြင်း ဖြစ်သည်။ သူက မိုဝူကျိသည် ကြီးထွားဖို့ နေရာရှိနေသေးလားဟု သိချင်မိ၍ စမ်းသပ်ကြည့်ခြင်းသာ ဖြစ်၏။ အကယ်၍ မိုဝူကျိက စကြဝဠာအစွန်း၌ အာဏာရှင်အဖြစ် ‌ သူ့ကိုယ်သူ ယုံကြည်နေသည့် အခြေအနေအထိ မောက်မာနေလျှင် မိုဝူကျိနှင့် မိတ်ဆွေဖွဲ့ရန် အကြောင်းအရင်း မရှိချေ။ အကြောင်းအရင်းမှာ ထိုသို့လူစားမျိုးက ဆက်လက်၍ မကြီးထွားနိုင်ကြပေ။

“ အင်မော်တယ်ရောင်းရင်းမိုကို  စကြဝဠာအစွန်းမှာ ရှိနေတုန်း ဘယ်သူမှ ရင်မဆိုင်တဲ့ အကြောင်းအရင်းတစ်ခုက အဆင့်မြင့် ကျင့်ကြံသူတွေ တော်တော်များများ မရှိကြဘူး။ ဒုတိယအချက်က ဒီနေရာမှာ အင်အားစု အများကြီးရှိတာဆိုတော့  သူတို့ကိစ္စကိုပဲ ဂရုစိုက်ကြတယ်။ ပြောရရင် မီဖေးကုန်သွယ်ရေး အဖွဲ့နဲ့ ဟဲရှီးအဖွဲ့ဆီ သွားရန်ရှာတဲ့ ကိစ္စကို  တချိုလူတွေက ပျော်ရင်ပျော်နေကြဦးမှာ  …. သူတို့ ပြိုင်ဖက်က အားနည်းလာလေလေ သူတို့က အားကြီးလာလေလေပဲလေ။ အဲဒါကြောင့် ဘယ်သူကမှ ဝင်မပါကြတာ ”

မိုဝူကျိက ဖုန်းဟွမ် စကားများကို သဘောတူလေ၏။ သူက မီဖေးကုန်သွယ်ရေး အဖွဲ့နှင့် ရင်ဆိုင်လိုက်သည့်အချိန် သူက စကြဝဠာအစွန်းမှာ ထူးခြားကြောင်း သိပြီးသား ဖြစ်၏။

ဖုန်းဟွမ်က ဆက်လက်၍ ပြောလိုက်သည်

“ အခုလေးတင် မဟာဧကရာဇ်အဆင့် နောက်က အဆင့်ကို မေးခဲ့တယ်မလား။ တကယ်တော့ ကျုပ်ကိုယ်တိုင်လည်း အဲဒီအဆင့်ကို မသိဘူး။ ဒါပေမဲ့ တာအိုဧကရာဇ် မဟုတ်တာတော့ သေချာတယ်။ တာအိုဧကရာဇ်ဆိုတာ အဆင့်လိုမျိုး ထင်ရပေမဲ့ တကယ်တမ်းကျ တာအိုဧကရာဇ်နဲ့ အင်မော်တယ် ဧကရာဇ်ကြားမှာ သိသိသာသာ ကွာခြားချက် မရှိဘူး။

ပြောရမယ်ဆိုရင်တော့ အင်မော်တယ် ဧကရာဇ်အဆင့်ရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားပြီဆိုရင် နတ်ဘုရား နေရာရဖို့ ရှေ့တစ်လှမ်းပဲ လိုတော့တယ်။ အင်မော်တယ်ရောင်းရင်းမို အရင်တုန်းက နတ်ဘုရား လက်နက်တွေအကြောင်း ကြားဖူးတယ်မလား ”

မိုဝူကျိက တာအိုဧကရာဇ်အဆင့်မှာ အင်မော်တယ်ဧကရာဇ်၏ နောက်အဆင့် မဟုတ်မှန်း ခန့်မှန်းမိသော်လည်း ဖုန်းဟွမ် ထုတ်ပြောလိုက်သည့်အခါ သူ့အတွေးမှာ ပို၍ သေချာသွားလေသည်။ သူက မြန်မြန် ပြောလိုက်သည်

“ နတ်ဘုရားအဆင့် ပစ္စည်းတွေကိုတော့ ကြားဖူးပါတယ်။ ကောင်းကင်ဘုံ နယ်နမိတ်အလွန်မှာ ရှိတဲ့ စကြဝဠာနံရံကနေ မကြာခဏ နတ်ဘုရားအဆင့် ပစ္စည်းတွေ ပေါ်လာတတ်တယ်လို့ ကြားထားတယ် ”

ဖုန်းဟွမ်က ခပ်ယဲ့ယဲ့ ပြုံးကာ

“ စကြဝဠာနံရံက ရလာတဲ့ အဲဒီ နတ်ဘုရားအဆင့် ပစ္စည်းတွေက အမှိုက်သာသာပဲ။ သူတို့က အင်မော်တယ်ပစ္စည်းတွေနဲ့တောင် ယှဉ်လို့ မရဘူး။ ဒါပေမဲ့ ငါတို့တွေ နတ်ဘုရားအဆင့် ပစ္စည်းအကြောင်းနဲ့ နတ်ဘုရားအဆင့် နေရာကို သိတာက တစ်ယောက်ယောက်က နတ်ဘုရားအဆင့်ရှိတဲ့ ကမ္ဘာဆီ ရောက်သွားလို့ မဟုတ်ဘူး။ စကြဝဠာနံရံကနေ ကျလာတဲ့ ပစ္စည်းတွေထဲမှာ သူတို့အကြောင်း တစွန်းတစ ပါနေလို့ပဲ …..

အခု စကြဝဠာအစွန်းရဲ့ အဆင့်မြင့် ကျင့်ကြံသူတွေ မရှိတဲ့ အကြောင်းအရင်းက တစ်ယောက်က အာကာပြင်ထဲမှာ  နတ်ဘုရားအဆင့် နေရာကို တွေ့တယ်ဆိုပြီး ပြောလို့ … အဲဒီမှာ အားကောင်းတဲ့ ကျင့်စဉ်တွေ ရှိနေရုံတင် မကဘူး နတ်ဘုရားအဆင့်နဲ့ ထိပ်တန်း နတ်ဘုရား ပစ္စည်းတွေကို ဘယ်လိုရယူရမလဲဆိုတာပါ ဖော်ပြထားတဲ့ နည်းလမ်းတွေလည်း ပါတယ်တဲ့။ အဲဒီ ကျီချန်းလော့လည်း အဲကို သွားလောက်တယ်

အဲလိုသာ မဟုတ်ဘူးဆိုရင် မီဖေးကုန်သွယ်ရေး အဖွဲ့ခေါင်းဆောင် ချင်ယီစာတို့၊ ဟဲရှီးအဖွဲ့ခေါင်းဆောင် အန်းရွယ်ချန်းတို့ မင်း စိတ်ကြိုက်လုပ်လို့ ရအောင် ခွင့်ပြုထားမှာ မဟုတ်ဘူး။ ဒါနဲ့   အဲဒီ ချင်ယီစာက မင်း ပြောပြောနေတဲ့ တာအိုဧကရာဇ်ပဲ … တာအိုဧကရာဇ်က အဆင့်အသစ် မဟုတ်ပေမဲ့  ငါတောင် သူ့ပြိုင်ဖက် မဖြစ်နိုင်ဘူး ဆိုတာတော့ သိတယ်  ”

မိုဝူကျိ စိတ်ထဲ တင်းကျပ်မိသွားသည်။ သူက ချင်ယီစာကို အနိုင်မယူနိုင်မည်ကို ကြောက်၍ မဟုတ်ဘဲ တာအိုဧကရာဇ် ချင်ယီစာက စကြဝဠာအစွန်း၏ သတ်ဖြတ်ရေး အစီအရင်ကို အသက်သွင်းနိုင်ခွင့် ရှိနေမည့်သူ ဖြစ်မည်ကို စိုးထိတ်မိ၏။ အကယ်၍ သူသာ စကြဝဠာအစွန်း၏ အစီအရင်၌ ပိတ်မိသွားလျှင် သူ့အနေနှင့် လွတ်မြောက်ဖို့ရာ ခက်ခဲပေလိမ့်မည်။

အမြင်နှင့်တင် သူက တတ်နိုင်သမျှ မြန်မြန် အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းရန် လိုအပ်နေပေ၏။ မဟုတ်လျှင် သူကား သူများ အသုံးချခံ နယ်ရုပ် တစ်ရုပ်မျှသာ ဖြစ်နေလိမ့်မည်။

ဖုန်းဟွမ်က ရယ်မောရင်း

“ ပြီးတော့ တာအိုဆွေးနွေးခြင်း စင်မြင့်ပေါ်မှာ သတ်လိုက်တဲ့ ဝူလီကလည်း နတ်ဘုရားမျိုးနွယ်စုရဲ့ သခင်လေးလေ။ သူက ဝိညာဉ်ကြောတွေကို ဝါးမျိုပြီးတော့ သူ့ဝိညာဉ်ကြောတွေရဲ့ အရည်အသွေးကို မြင့်တက်လာအောင် လုပ်နိုင်တဲ့ ထိပ်တန်း ပါရမီရှင် တစ်ယောက်ပဲ။ သူက အရွယ်မရောက်လာခင် မင်းလက်ချက်နဲ့ သေသွားတာဆိုတော့  ကျုပ် စိုးရိမ်မိတာက …. ”

ဖုန်းဟွမ် စကားမဆုံးခင် သတင်းပို့ ဓားပျံ တစ်ချောင်း ရောက်ရှိလာသည်။

မိုဝူကျိက ကြယ်တာရာပင်လယ် ကျင့်စဉ်ကို လေ့ကျင့်ထားသောကြောင့် ဤသို့ သတင်းပို့ဓားပျံပေါ်မှ အတားအဆီးကို အလွယ်လေး ဖျက်စီး၍ ရပေသည်။ သို့သော် သူက မလုပ်လိုက်ပေ။

ဖုန်းဟွမ်၏ စိတ်စွမ်းအားက သတင်းပို့ ဓားပျံဆီ ထိုးဖောက်ဝင်ရောက်လိုက်သောအခါ သူ့မျက်နှာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး တိတ်ဆိတ်သွားလေ၏။

မိုဝူကျိက ထပ်၍ တုံ့ဆိုင်းမနေတော့ပေ။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်သည်။ ဓားပျံပေါ်ရှိ အတားအဆီးမှာ သူ့စိတ်စွမ်းအားရှေ့မှောက်၌ အဟန့်အတား မဖြစ်နိုင်တော့ပေ။

မိုဝူကျိက ဓားပျံမှ အကြောင်းအရာကို မြင်လိုက်ရပြီး အထဲ၌  ရှင်းရှင်းလင်းလင်း စာကြောင်း တစ်ကြောင်းသာ ပါဝင်ပေသည်။

“ တာအိုသခင်ဖုန်းက မိုဝူကျိကို နေ့ဝက်ခန့်လောက် အချိန်ဆွဲထားပေးဖို့ တောင်းဆိုပါတယ်။ ကျုပ်တို့ နတ်ဘုရားမျိုးနွယ်ရဲ့ တာအိုဧကရာဇ် လေးယောက်က စကြဝဠာအစွန်းဆီ နေ့ဝက်အတွင်း ရောက်လာပါလိမ့်မယ် ”

မိုဝူကျိ စိတ်ထဲ လေးလံသွားတော့သည်။ တာအိုဧကရာဇ် တစ်ယောက်မှာ သူ မော်ကြည့်ရသည့် တည်ရှိမှုမျိုး ဖြစ်ပေရာ တာအိုဧကရာဇ် လေးယောက်ဆိုလျှင် ကိုယ့်သေတွင်းကို တူးသလိုသာ ဖြစ်လိမ့်မည်။

မိုဝူကျိက သိလိုက်သော်လည်း စကားတစ်ခွန်းမှ မပြောပေ။ သူက ဖုန်းဟွမ် မည်သို့ လုပ်မည်ကို သိချင်မိသေး၏။

“ အစ်ကိုဖုန်း ဘာကိစ္စများလဲ ” ဘေးမှ ကူကျီက နားမလည်စွာ မေးလိုက်သည်။

ဖုန်းဟွမ်က သက်ပြင်းချကာ  “ အသေးအဖွဲ့ ကိစ္စလေးပါ။ ဒါနဲ့ အင်မော်တယ်ရောင်းရင်းမို တကယ်လို့ စိတ်ဝင်စားရင် ကျုပ်ရဲ့ တာအိုသခင်အိမ်တော်ဆီ လိုက်ကြည့်ပါဦးလား ”

မိုဝူကျိက စိတ်ထဲမှသာ သက်ပြင်းချလိုက်သည်။ သူက ဖုန်းဟွမ်၏ ရွေးချယ်မှုမှာ သာမာန် ဖြစ်သော်လည်း အနည်းငယ်တော့ စိတ်ပျက်မိသွားသည်။ မူလက သူသည် ဖုန်းဟွမ်အား မိတ်ဆွေအဖြစ် သတ်မှတ်ချင်မိသည်။ သူ့တာအိုကို အသိအမှတ်ပြုကာ အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းပြီးနောက် ဖုန်းဟွမ်နှင့် ပူးပေါင်း၍  စကြဝဠာအစွန်း၌ ခြေကုပ်နေရာတစ်ခု ရအောင် တည်ထောင်ချင်မိသည်။ သူနှင့် မိတ်ဆွေဖွဲ့လိုက်ခြင်းမှာ ရင်းနှီးမြှပ်နှံ့မှု တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ဖုန်းဟွမ်က စွန့်စားရန် မလိုလားပေ။

မိုဝူကျိက မတ်တတ်ရပ်ကာ လက်နှစ်ဖက် ယှက်လိုက်ပြီး  “ တာအိုသခင်ဖုန်းနဲ့ အင်မော်တယ်ရောင်းရင်းကျီတို့ဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်။ ကျုပ် တာအိုသခင်ဖုန်းကို ထပ်မနှောင့်ယှက်တော့ဘူး …. နောင်အခါမှ ပြန်တွေ့ကြတာပေါ့ ”

ထိုသို့ပြောပြီးနောက် မိုဝူကျိက လှည့်ထွက်သွားလိုက်သည်။ သူက နှေးကွေးခြင်း မရှိပေ။

“ ခဏလေး နေပါဦး …. အင်မော်တယ်ရောင်းရင်းမို ကျုပ်ဆီမှာ စကြဝဠာနံရံဆီက နတ်ဘုရားအဆင့် လက်နက်တချို့ ရထားတယ်။ သူတို့က ဘာမှတော့ မဟုတ်ပေမဲ့ အင်မော်တယ် ဧကရာဇ်အဆင့်နောက်က အဆင့်ကို ရိပ်ခနဲတော့ သိနိုင်တယ် ” ဖုန်းဟွမ်က မြန်မြန် ပြောလိုက်သည်။

မိုဝူကျိက လှည့်လာပြီး လေးလေးနက်နက် ပြောလိုက်သည်  “ တာအိုသခင်ဖုန်းရဲ့ ကြင်နာမှုကို နားလည်ပါတယ်။ ဒါပေမဲ့ အခု ကျုပ် လူတစ်ယောက် ရှာစရာ လိုသေးလို့ပါ ”

“ အင်မော်တယ်ရောင်းရင်းမိုက ဘယ်များသွားမှာလဲ  ” သူက မိုဝူကျိအား နေခိုင်းရန် မဖြစ်နိုင်တော့မှန်း သိလိုက်သည့်အတွက် ဖုန်းဟွမ်က မေးလိုက်သည်။

“ ကျုပ် ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်ဦးမယ် ” မိုဝူကျိ စကားအဆုံးတွင် ယန်ယွဲ့ရုန်အား ခေါ်ဆောင်၍ တည်းခိုဆောင်မှ ထွက်သွားလိုက်တော့သည်။

“ ဘာဖြစ်လို့လဲ ” ဖုန်းဟွမ်နှင့် ပတ်သတ်ပြီး တစ်ခုခု လွဲမှားနေကြောင်း ခံစားမိကာ ကူကျီက ထပ်မေးလိုက်သည်။

ဖုန်းဟွမ်က မျက်မှောင်ကျုတ်ကာ

“ နတ်ဘုရားမျိုးနွယ်က မိုဝူကျိကို အချိန်ဆွဲခိုင်းထားတာ … သူတို့တွေ နေ့ဝက်အတွင်း ပြန်ရောက်လာကြလိမ့်မယ်။ ကြည့်ရတာ ကျုပ်တော့ နတ်ဘုရားမျိုးနွယ်က ဝူလီအပေါ် ထားထားတဲ့ အရေးပါမှုကို လျော့တွက်မိသွားတာပဲ။ အစတုန်းက မိုဝူကျိ စကြဝဠာအစွန်းကနေ ထွက်မသွားခင် သူနဲ့ မိတ်ဆွေဖွဲ့ဖို့ ကြံစည်နေတာ …. သူသာ နတ်ဘုရားမျိုးနွယ်က လူတွေ ရောက်မလာခင် ထွက်သွားနိုင်တာနဲ့ ကျန်တာက ကျုပ် ကိစ္စ မဟုတ်တော့ဘူးလေ။

ဒါပေမဲ့ နတ်ဘုရားမျိုးနွယ်က မိုဝူကျိ ထွက်မသွားခင် သတင်းစကား ပို့လာလိမ့်မယ်လို့ မထင်မိဘူး။ သူတို့က ကျုပ်ကို အကျပ်ကိုင်နေတာပဲ … ”

ဖုန်းဟွမ်က ရင်းနှီးမြှပ်နှံ့မှု တစ်ခု လုပ်ချင်သော်လည်း သူ့မြှပ်နှံ့မှု မပြီးစီးခင် ဤသို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ နတ်ဘုရားမျိုးနွယ်က သူ့သဘောထားကို ကောင်းကောင်း သိသည်မှာ သိသာလှသည်။ သူတို့က ဝူလီအပေါ်တွင် အတော်လေး အရေးထားမှန်းလည်း သိသာလှသည်။

ကျီကူက နားမလည်စွာ ပြောလိုက်သည်  “ အခုလေးတင် မိုဝူကျိက ကတိုက်ကရိုက် ထွက်သွားတာဆိုတော့ သူက ဓားပျံက အကြောင်းအရာကိုများ မြင်သွားတာလား”

ဖုန်းဟွမ်က ခေါင်းခါလိုက်သည်

“ အဲလိုတော့ မဖြစ်နိုင်ဘူး။ အခုလေးတင် စိတ်စွမ်းအား အသုံးပြုတာရဲ့ အာကာပြင် လှိုင်းတွန့်လေးတွေ မရှိနေဘူး။ တကယ်လို့ ရှိရင်တောင် သတင်းပို့ ဓားပျံပေါ်မှာ အတားအဆီးတွေလည်း ရှိနေသေးတယ်။ သူတို့ကို လွယ်လွယ် ချိုးဖောက်လို့ မရဘူး။ မိုဝူကျိက အဆင့် ၇ အစီအရင်ဆရာ တစ်ယောက်ဆိုပေမဲ့  လုပ်နိုင်မှာ မဟုတ်ဘူး ”

ဖုန်းဟွမ်က ဤသို့ပြောရဲခြင်းမှာ သူက မိုဝူကျိသည် ကျူချွမ်း၏ သိုလှောင်လက်စွပ်ကို ချိုးဖောက်စဉ်က စိတ်စွမ်းအား ထုတ်သုံးသည်ကို ခံစားလိုက်မိ၍ ဖြစ်သည်။ သို့သော်လည်း ယခုတွင် သူက ဘာစိတ်စွမ်းအားကိုမှ မခံစားမိလိုက်ပေ။

“ နတ်ဘုရားမျိုးနွယ်အကြောင်း ဂရုစိုက်ဖို့ မလိုပါဘူး။ အစ်ကိုဖုန်းက မိုဝူကျိကို နေဖို့ ကြိုးစားပေမဲ့ မရတာလေ။ ဒီလိုဆိုမှတော့ မိုဝူကျိကို ဆက်နေခိုင်းဖို့ဆိုရင် သူနဲ့ တိုက်ခိုက်နေရလိမ့်မယ် ” ကူကျီက ဖြောင့်ဖြပေးလိုက်သည်။

ဖုန်းဟွမ်က ခေါင်းညိတ်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောပေ။ သူက စောစောလေးက အဖြစ်အပျက်ကို မှတ်တမ်းတင်ထားလေ၏။ နတ်ဘုရားမျိုးနွယ်က သတင်းလှမ်းပို့သည့်အခါ သူက  တတ်စွမ်းသလောက် ကူညီပေးခဲ့သည်။ သို့သော်လည်း သူက နတ်ဘုရားမျိုးနွယ်စုမှ သတင်းပို့ ဓားပျံတစ်ချောင်းကြောင့် အသက်ကို ရင်း၍  မိုဝူကျိနှင့် ရင်ဆိုင်မည်တော့  မဟုတ်ပေ။

……..…

တစ်ချိန်တည်းဆိုသလို စကြဝဠာအစွန်းဆီ သင်္ဘောပျံတစ်စင်းက အရှိန်နှင့် ချည်းကပ်လာနေသည်။

သင်္ဘောပျံပေါ်တွင် လူလေးယောက် ပါရှိပြီး ရှေ့ဆုံးမှ အမျိုးသားတွင် မျက်နှာပေါ်၌ အဖြူနှင့်အနက် ရောစပ်နေသည့် သင်္ကေတများ ရှိပေသည်။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ငွေ့များ ထုတ်လွှင့်နေပြီး အရှိန်အဝါမှာလည်း သူ့ဘေးပတ်လည်မှ တည်နေရာကိုပင် ဆွဲဖြဲနိုင်လောက်သည့်အထိ အားကောင်းလှ၏။

ဤအမျိုးသားက နတ်ဘုရားမျိုးနွယ်စု၏ တာအိုဧကရာဇ် ဝူဝမ့် ဖြစ်ပေသည်။ သူက ဝူလီ၏ ဘိုးဘေး ဖြစ်ရုံသာမက ဝူလီ၏ ဆရာလည်း ဖြစ်နေပြန်သည်။

“ ဖုန်းဟွမ်ဆီကို လှမ်းအကြောင်းကြားထားပြီးပြီ။ ဖုန်းဟွမ်က မိုဝူကျိကို ကျုပ်တို့အကြောင်း ပြောပြီး ကူညီပေးမှာတော့ မဟုတ်ဘူးမလား ” ပြောလိုက်သူမှာ ဝူဝမ့်ဘေးတွင် ထိုင်နေသည့် လူအိုကြီး တစ်ယောက် ဖြစ်ပေသည်။ သူ့အသားရည်မှာ သစ်ခေါက်လို ဖြစ်နေပြီး လေသံမှာလည်း ညှောင်နာနာ ဖြစ်နေလေ၏။ သူ့အရှိန်အဝါမှာ အရမ်းအားကောင်းပြီး ပြင်းထန်လှပေရာ  သူ့ကျင့်ကြံဆင့်မှာလည်း ဝူဝမ့်ထက် မနိမ့်ကျပေ။

ဝူဝမ့်က အေးစက်စွာ ပြောလိုက်သည်

“ ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ သခင်လေးကို သတ်ရဲတဲ့သူက စကြဝဠာအစွန်းကနေ ထွက်သွားဖို့ အလျှင်လိုနေမှာပဲ။ ဖုန်းဟွမ်ရဲ့ အကျင့်ကို ကောင်းကောင်း သိတယ်။ သူက အခွင့်အရေးကို ဖန်တီးရတာကို နှစ်သက်တယ်။ တကယ်လို့ ငါက သူ့ကို သတင်းပို့ ဓားပျံ မပို့ရင် သူက အဲဒီလူနဲ့ ရင်းနှီးဖို့  ကြိုးစားနေလောက်တယ်။ ပြီးရင် အဲဒီလူကို ထွက်ပြေးဖို့ ကူညီပေးလောက်တယ်

ဒါပေမဲ့ သူ့ဆီ သတင်းလှမ်းပို့ပေးပြီးပြီဆိုတော့ သူက ထုတ်ပြောရဲမှာ မဟုတ်ပါဘူး။ ငါတို့တွေ နေ့တစ်ဝက်နဲ့ ရောက်လာမယ်ဆိုတာကို သိထားမှတော့ မိုဝူကျိကို အနည်းဆုံး တစ်နာရီ၊ နှစ်နာရီတော့ အချိန်ဆွဲထားပေးလိမ့်မယ်။ အဲလောက်ဆိုရင် လုံလောက်ပြီ။ အဲဒီလူက ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ သခင်လေးနဲ့ အင်မော်တယ် ဧကရာဇ် သုံးယောက်ကိုတောင် သတ်ပစ်ခဲ့တာ။ အဲဒီလူရဲ့ အရိုးတွေကို ခြေမွပြီးတော့ ဝိညာဉ်ကို   လောင်ကျွမ်းမပစ်ရရင် ကျုပ် ဝူဝမ့်က ကျင့်ကြံခဲ့တဲ့ နှစ်တွေ ဖြုန်းတီးသလို ဖြစ်နေလိမ့်မယ် ”

…

“ အစ်ကိုကြီးတာ့ဟွမ် နတ်ဘုရားမျိုးနွယ်က လူတွေ ရောက်လာတာလား ” မိုဝူကျိက သူမကို စိုးရိမ်တကြီး ခေါ်ဆောင်၍ စကြဝဠာအစွန်းမှ ထွက်လာသည်ကို မြင်ပြီး ယန်ယွဲ့ရုန်က တစ်ခုခု လွဲမှားနေကြောင်း သိလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ကာ

“ ဟုတ်တယ် …. သတင်းပို့ ဓားပျံက နတ်ဘုရားမျိုးနွယ်က ဖုန်းဟွမ်ဆီ ငါ့ကို နေ့ဝက်လောက် အချိန်ဆွဲခိုင်းထားတဲ့စာပဲ။ နတ်ဘုရားမျိုးနွယ်ရဲ့ တာအိုဧကရာဇ် လေးယောက် ရောက်လာလိမ့်မယ် ”

ယန်ယွဲ့ရုန်က သက်ပြင်းချလိုက်သည်  “ နေ့တစ်ဝက်ဆိုရင် ညီမတို့ ထွက်ပြေးဖို့ လုံလောက်ပါတယ် ”

မိုဝူကျိက မချိတင်ကဲ ရယ်မောကာ

“ နေ့တစ်ဝက်လား … ငါတို့ တစ်နာရီလောက် အချိန်ရရင်ကို အတော်လေး အံ့ဩဖို့ ကောင်းနေပြီ။ နတ်ဘုရားမျိုးနွယ်စုက ဖုန်းဟွမ်ရဲ့ စရိုက်ကို အသုံးချလိုက်တာပဲ …. တကယ်လို့ ဖုန်းဟွမ်က နေ့တစ်ဝက်လောက်လို့ မြင်ရင် သူက အချိန်ပြည့်တော့ အချိန်ဆွဲထားနိုင်မှာ မဟုတ်ဘူး။ အနည်းဆုံး တစ်နာရီလောက်ပဲ ရမယ်။  အဲလိုဆိုရင် နတ်ဘုရားမျိုးနွယ်ကို ကူညီသလို ဖြစ်နေပြီ။ တစ်နာရီအတွင်းမှာ အဲဒီလူတွေ စကြဝဠာအစွန်းကို ရောက်လာလိမ့်မယ် ”

“ အာ …”ယန်ယွဲ့ရုန်က အတွေ့အကြုံနည်းကြောင်း သတိပြုမိလိုက်သည်။ သူမက မြန်မြန် ပြောလိုက်သည်  “ အဲဆို ညီမတို့ ဘယ်ကို သွားကြမလဲ ”

“ ကြေကွဲမြို့ဟောင်းဆီကို …. ငါ့ဆီမှာ ကြေကွဲမြို့ဟောင်းရဲ့ ကျောက်စိမ်းမြေပုံ ရှိတယ်။ တကယ်လို့ ငါသာ ကြေကွဲမြို့ဟောင်းအတွင်းမှာ အင်မော်တယ် ဧကရာဇ်အဖြစ် တက်လှမ်းနိုင်ခဲ့ရင်  အဲဒီ တာအိုဧကရာဇ်တွေနဲ့ တာအို ဆွေးနွေးနိုင်လိမ့်မယ် …” မိုဝူကျိက လေ သင်္ဘောပျံကို ထုတ်ကာ ပြောလိုက်သည်။ သူက ယန်ယွဲ့ရုန်ကို ဝင်စေပြီးနောက် အာကာပြင်ထဲ တရှိန်ထိုး ထွက်လိုက်တော့သည်။ လေသင်္ဘောမှာ အချိန်ခဏလေးအတွင်း အစအနမကျန် ပျောက်ကွယ်သွားလေ၏။

***

All Chapters