← Chapters

တာအိုဧကရာဇ်ကို သတ်ဖြတ်ခြင်း

Vol. 57 Ch. 790

တာအိုဧကရာဇ်ကို သတ်ဖြတ်ခြင်း

Vol. 57 Ch. 790

“ ဒါက စိတ်စွမ်းအင် မြှား ….” လွန်ဖာက တိုက်ပွဲများစွာ ဖြတ်ကျော်လာသော အဆင့်မြင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ရာ မိုဝူကျိ၏ စိတ်စွမ်းအင် မြှား သူ့ဆီ ရည်ရွယ်လိုက်သည်နှင့် တန်း၍ ခံစားမိလိုက်သည်။

ထိုစဉ် လွန်ဖာ စိတ်ထဲ အေးစက်လာမိသည်။ သူက မိုဝူကျိနှင့် ရင်ဆိုင်နေစဉ် မိုဝူကျိက အင်မော်တယ် ဧကရာဇ်အဆင့် မတက်လှမ်းရသေးကြောင်း ချက်ချင်း ပြောနိုင်လေသည်။ လွန်ဖာက အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူလေးက စိတ်စွမ်အးင် မြှားကို ဖွဲ့စည်းနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။

လွန်ဖာက မိုဝူကျိထက်ပင် စိတ်စွမ်းအင်မြှား၏ ကြောက်မက်ဖွယ်ကောင်းမှုကို သေချာသိထားသည်။ တစ်ချက်တည်း ပစ်ခွင်းလိုက်ရုံဖြင့် ဤမြှားမှာ အရိပ်အယောင်မပြဘဲ ထွက်ပေါ်လာမည် ဖြစ်သည်။ ထို့အပြင် စိတ်စွမ်းအင်မြှားသာ သေချာသည့် အဆင့်တစ်ခုအထိ ရောက်ရှိသွားလျှင် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ဖျက်စီးနိုင်ရုံသာမက တစ်ဖက်လူ၏ အသိစိတ်ပင်လယ်ကိုလည်း ချေမှုန်းပစ်နိုင်လိမ့်မည်။

စိတ်စွမ်းအင်မြှား အလွန်ကြောက်မက်ဖို့ ကောင်းသည့် အချက်မှာ မတားဆီးနိုင်၍ ဖြစ်သည်။ စိတ်စွမ်းအားနှင့် အသိစိတ်ပင်လယ်က အသုံးပြုသူထက် ပိုအားကောင်းနေလျှင်ပင် စိတ်စွမ်းအား ကာကွယ်ရေး ပညာရပ်ကို ပိုင်ဆိုင်ဖို့ လိုအပ်ပေသည်။ မဟုတ်လျှင် စိတ်စွမ်းအား ရတနာ  ရှိဖို့ လိုအပ်ပေသည်။

ရှန်းထျန်း သို့မဟုတ် ထိပ်တန်း အဆင့် မှော်ရတနာများကသာ စိတ်စွမ်းအား တိုက်ခိုက်မှုကို ကာဆီးပေးနိုင်လေသည်။ သို့သော် လွန်ဖာ၌ ဤသို့ ရတနာမျိုး ရှိမနေချေ။

စိတ်စွမ်းအား ပညာရပ်ကို သုံးနိုင်သော အင်မော်တယ် ကျင့်ကြံသူ အနည်းငယ်မျှ မကသော်လည်း စိတ်စွမ်းအင်မြှားကို ဖွဲ့စည်းနိုင်သော ကျင့်ကြံသူများ သို့မဟုတ် အားကောင်းသော စိတ်စွမ်းအား  လျို့ဝှက်ပညာရပ်ကို ပိုင်ဆိုင်ထားသော သူများမှာ လက်တစ်ဆုပ်စာပင် မရှိချေ။

နေရာတစ်ခုလုံး ဖိအားကြီး ကျရောက်လာသည်။ လွန်ဖာက သူ့စွမ်းအားစက်ကွင်းကို စုစည်းဖို့ အသည်းအသန် ကြိုးစားလိုက်သည်။ မိုဝူကျိက စိတ်စွမ်းအင်မြှားကို မပစ်လွှတ်ခင် လွန်ဖာက သူ့မှော်ရတနာကို မထုတ်ရဲပေ။ လွန်ဖာက စိတ်စွမ်းအင်မြှား၌ သိသိသာသာ ပြစ်ချက် ရှိနေကြောင်း သိထား၏။ စိတ်စွမ်းအင်မြှားကို ထုတ်သုံးလိုက်သည်နှင့် အသုံးပြုသူမှာ အလွန်အားနည်းသော အခြေအနေဆီ ကျရောက်သွားလိမ့်မည်။ ထိုသည်မှာ တန်ပြန်တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန် ဖြစ်၏။

လွန်ဖာက ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

မိုဝူကျိက စိတ်စွမ်းအင်မြှားကို ခဏတိုင်း စမ်းသပ်ဖူးသောကြောင့် အသုံးပြုပြီးနောက် အားနည်းချက်ကို သိပေသည်။ သို့သော်လည်း သူ့အသိစိတ်ပင်လယ်မှာ အားကောင်းလွန်းသောကြောင့် စိတ်ထဲ မထည့်ထားချေ။

သို့သော် မိုဝူကျိက စိတ်စွမ်းအင်မြှားကို ဖွဲ့စည်းလိုက်သည်နှင့် သူက မှားယွင်းနေကြောင်း သိလိုက်ရသည်။ စိတ်စွမ်းအင်မြှားက  သူ့စိတ်စွမ်းအားနှင့် အင်မော်တယ် သဘာဝစွမ်းအားများကို အရူးအမူး စုပ်ယူနေပြီး အသက်ဓာတ်ကိုပင် စုပ်ယူနေပေသည်။

ထိုစဉ် မိုဝူကျိက နားလည်သွားတော့သည်။ သူ့အနေနှင့် လွန်ဖာလိုမျိုး အဆင့်မြင့် ပညာရှင်မျိုးနှင့် မတွေ့ဖူးသည့်အတွက်  ယခင်က  စိတ်စွမ်းအင်မြှားကို အသုံးပြုပြီးနောက် ပြင်းထန်သည့် ခံစားချက်မျိုး ဖြစ်မလာဖူးပေ။ ဆိုလိုသည်မှာ သူက သတ်ဖြတ်ငွေ့အပြည့်အဝဖြင့် စိတ်စွမ်းအင်မြှားကို တစ်ခါမှ အမှန်တကယ် မထုတ်လွှင့်ဖူးပေ။

မြှား ပစ်လွှတ်လိုက်သည်နှင့် သူက အသတ်ခံရရန် စောင့်နေသော သိုးငယ်လေးကို ဖြစ်နေလိမ့်မည်။ သူက စိတ်စွမ်းအင်မြှားကို ထုတ်လွှင့်ဖူးသော်လည်း ဤမြှားမှာ သူတွင် ရှိသမျှ အရာအားလုံးကို စုပ်ယူသွားဟန် ပေါ်၏။

စိတ်စွမ်းအင်မြှားမှာ သတ်ဖြတ်ငွေ့နှင့် ဆက်လက်၍ ဖြစ်တည်လာသောကြောင့် မိုဝူကျိက မတ်မတ်ရပ်ဖို့ရာပင် ခက်ခဲလာကြောင်း ခံစားမိလာသည်။ သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့ကို အပြင်းအထန် လှည့်ပတ်လိုက်ရသည်။ သူ့အသိစိတ်ပင်လယ် ခြောက်ခမ်းလုနီးပါး ဖြစ်နေလျှင်ပင် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိသရွေ့ ထိန်းချုပ်နိုင်မည် ဖြစ်၏။

မိုဝူကျိက အသက်ပြင်းပြင်း ရှုထုတ်လိုက်သည်။ သူ့ဘေးပတ်လည်၌ ဗလာကျင်းသော ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။ သူ့စိတ်စွမ်းအင်မြှားကို ထုတ်လွှင့်လိုက်သည်နှင့် သူ့ဘေးပတ်လည်မှ အရာအားလုံး ဆွဲယူသွားသလို ခံစားလိုက်ရသည်။

“ ဝုန်း ” အာကာပြင်ထဲ၌ပင် အသံအကျယ်ကြီး ထွက်ပေါ်လာသည်။ လွန်ဖာက မိုဝူကျိသည်  စိတ်စွမ်းအင်မြှားကို ထုတ်လွှင့်လိုက်မှန်း သိလိုက်သည်။

“ ဝှစ် …” လွန်ဖာ နဖူးထက်၌ သွေးမြူတစ်ခု ဖြစ်ပေါ်လာပြီး လွန်ဖာက သူ့စိတ်နန်းတော် ကြေကွဲလာသည့်အသံကို ချက်ချင်း ကြားလိုက်ရသည်။

လွန်ဖာက  သူ့စိတ်နန်းတော် ပျက်စီးနေသည့် လက္ခဏာမှန်း သိလိုက်သော်လည်း သူက မတုန်လှုပ်မိဘဲ အတော်လေး အံ့အားသင့်သွားသည်။ အကြောင်းမှာ သူက မိုဝူကျိသည် သေလူ ဖြစ်တော့မည် ဖြစ်ကြောင်း သိနေ၍ ဖြစ်သည်။ ဤစိတ်စွမ်းအင်မြှားက သူ့ကို မသတ်နိုင်သရွေ့ မိုဝူကျိအား အပြတ်ရှင်းထုတ်နိုင်မည့် အခွင့်အရေး ရှိလာလိမ့်မည်။ သူ့စိတ်နန်းတော် ပျက်စီးသွားမှုအတွက်  နတ်ဘုရားမျိုးနွယ်စုတွင် သူ့အား ဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာစေမည့် ကောင်းကင်ရတနာများစွာ ရှိနေသည် မဟုတ်ပါလော။

လွန်ဖာက သုံးလက်မ ရှည်လျားသော သစ်သားသံချွန် တစ်ခု ထုတ်ယူလိုက်သည်။ ထို့နောက် မိုဝူကျိ နှလုံးသားဆီ ချက်ချင်း ပစ်လွှတ်လိုက်သည်။

မိုဝူကျိက လွန်ဖာ၏ သံချွန်သည် သူ့ဆီ ရောက်လာမည်မှန်း ခံစားမိသော်လည်း မတားဆီးနိုင်သလို ရှောင်ရှားဖို့ရာလည်း မကြိုးစားတော့ပေ။ သူက ထိုသို့ လုပ်နိုင်ခွင့် မရှိကြောင်း သိထားပြီးသား ဖြစ်၏။

“ ဘန်း ..” လွန်ဖာ၏ ခေါင်းဝန်းကျင်မှ အသားများမှာ ပေါက်ကွဲထွက်သွားပြီး အရိုးစုအဖြစ်သာ ကျန်ရှိနေလေ၏။ သူ့စိတ်နန်းတော်မှာလည်း အလျှင်အမြန်နှုန်းဖြင့် တစစီ ဖြစ်နေလေရာ သူပင် ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

တစ်ချိန်တည်းဆိုသလို  သံချွန်မှာ မိုဝူကျိ၏ ဘယ်ဘက်ရင်အုံဆီ စိုက်ဝင်သွားသည်။ မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာ အဆင့် ၇ လေ့ကျင့်သူ ဖြစ်သော်လည်း သံချွန်က သူ့ရင်ဘတ်ထဲ စိုက်ဝင်နိုင်ဆဲ ဖြစ်သည်။ ထိုသံချွန်က သူနှလုံးသားနှင့် တစ်စင်တီမီတာအလိုတွင် ရပ်တန့်သွားသည်။ သို့သော်လည်း သံချွန်အတွင်း ပါဝင်နေသော ပြင်းထန်သော အင်မော်တယ် သဘာဝစွမ်းအားများကြောင့် မိုဝူကျိ၏ နှလုံးသား၌ အက်ရာလေး စတင်ပေါ်လာသည်။

မိုဝူကျိ၏ တစ်ကိုယ်လုံးတွင်  သေစေလောက်သည့် မီးခိုးရောင် စွမ်းအားများ လွှမ်းမိုးသွားပြီး အသိစိတ်ပင်လယ်အတွင်းထိပင် ဆက်လက်၍ စိမ့်ဝင်လာသည်။

မိုဝူကျိက သူ့ဒဏ်ရာများကို လုံးဝ လျစ်လျူရှုထားပြီး လွန်ဖာဆီ ရှေ့တိုးလာလိုက်သည်။ သူ့လက်နှစ်ဖက်မှာ ရှုပ်ထွေးနားလည်ရခက်သော သင်္ကေတများ ပြုလုပ်နေပြီး မကြာခင် သူ့ရှေ့မှောက်၌ ယင်ယန် စက်ဝန်း ပေါ်လာသည်။

လျို့ဝှက်တိုက်ကွက် - သေခြင်းရှင်ခြင်း ကံကြမ္မာ  စက်ဝန်း ….

“ မဖြစ်နိုင်ဘူး ….” အရိုးစု လွန်ဖာက မိုဝူကျိအား တအံ့တဩ ကြည့်လိုက်သည်။ သူ့နတ်ဘုရား သံချွန်မှာ မိုဝူကျိဆီ စိုက်ဝင်သွားသော်လည်း မိုဝူကျိ၏ ခန္ဓာကိုယ်က မပေါက်ကွဲထွက်ချေ။

 မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာအဆင့်များလား …..

နတ်ဘုရား ရုပ်ခန္ဓာအဆင့်ကို ထည့်ပြောဖို့ပင် မလိုပေ။ သူ့အနေနှင့် စိတ်စွမ်းအင်မြှားကို အသုံးပြုပြီးနောက် နောက်ထပ် လျို့ဝှက်တိုက်ကွက်ကို ဆက်လက် အသုံးပြုနိုင်သူကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်၏။

စိတ်စွမ်းအင်မြှားအောက်တွင် လွန်ဖာ၏ အသိစိတ်ပင်လယ်မှာ ပြိုကွဲလာပြီး သူ့နဖူး အရှေ့ခြမ်းမှာလည်း ပေါက်ကွဲထွက်သွားသည်။ သူက ဆက်လက်၍ တိုက်ခိုက်လိုသော်လည်း သူ့ဘေးပတ်လည်တွင် အဆုံးသတ်သွားတော့မည့် ခံစားချက် ကြီးစိုးလာသည်။

ထိုစဉ် သူက သေခြင်းတရားပင်လယ်ထဲ၌ နစ်မျှောသွားသည့်အလား ခံစားလိုက်ရသည်။ သူ့အသက်ဓာတ်မှာ အလျှင်အမြန် စုပ်ယူခံနေရပြီး သူ့ဘေးပတ်လည်မှ သေခြင်းတရား စွမ်းအားများက ပို၍ အားကောင်းလာနေသည်။ သူဝိညာဉ်လမ်းကြောင်းများမှာ စတင်၍ ပေါက်ကွဲလာပြီး သူ့စိတ်နန်းတော်မှာလည်း အငွေ့ပျံလာသည်။

“ ဘယ်လို လျို့ဝှက်တိုက်ကွက်မျိုးလဲ …” လွန်ဖာက ထိုစကားများ ပြောပြီးပြီးချင်း သေခြင်းတရား စက်ဝန်း အမှတ်အသားက သူ့ဆီ ကျရောက်လာသည်။ သူ့ထဲရှိ စွမ်းအားများအားလုံးမှာ ခန္ဓာကိုယ်ထဲမှ အလျှင်အမြန် ထွက်ခွာနေကြသည်။

သူက မလိုလားမှုများနှင့်သာ ပြည့်နေသည်။ သူက ကမ္ဘာ့ ထိပ်ဆုံးတွင် ရပ်တည်နိုင်သော အဆင့်မြင့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သော်လည်း အင်မော်တယ် အုပ်စိုးသူ တစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးရတော့မည်။ ထို့အပြင် သူက တစ်ဖက်လူကို သတ်ရန် တက်တက်ကြွကြွ ကြိုးစားနေသော အခြေအနေအောက်တွင် ဖြစ်နေသေး၏။ သူက အကြောက်တရားတချို့ ခံစားမိလာသည်။ မိုဝူကျိက  အင်မော်တယ် အုပ်စိုးသူအဆင့်တစ်ယောက်အနေနှင့်ပင် ဤမျှကြောက်မက်ဖွယ် ကောင်းနေလေရာ  ပိုအားကောင်းလာသည့်အခါ မည်သို့များ ဖြစ်လာမည်နည်း။ အကယ်၍ သူသာ လှုပ်ရှားနိုင်ပါ ဝူဝမ့်တို့ဆီ သတင်းပို့ ဓားပျံ ပို့ပေးမိလိမ့်မည်။ မိုဝူကျိကို ဆက်လက်၍ မဖမ်းသင့်သလို လူသားမျိုးနွယ်ကိုလည်း သွားရန်စ၍ မဖြစ်ကြောင်း လှမ်း၍ သတိပေးမိလောက်၏။

“ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း ” မိုဝူကျိက နာမည် ထုတ်ပြောလိုက်သော်လည်း လွန်ဖာက ကြားနိုင်စွမ်း မရှိတော့ချေ။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာလည်း သေခြင်းရှင်ခြင်း ကံကကြမ္မာ စက်ဝန်း၌ ပျောက်ကွယ်သွားပြီ ဖြစ်၏။

မိုဝူကျိက လက်ဝါးဖြန့်ကာ  သိုလှောင်လက်စွပ်နှင့်အတူ အလွန်သေးငယ်သည့် တောင်ပံတစ်စုံကိုပါ သိမ်းဆည်းလိုက်သည်။ လွန်ဖာ သေဆုံးသွားပြီ ဖြစ်၍ ဧရာမ သစ်သားကွန်ယက်ကြီးလည်း တစ်မီတာအရှည်မျှသာ ရှိသည့် သစ်ပင်အဖြစ် ပြောင်းလဲသွားသည်။ မိုဝူကျိက ထိုအရာကိုလည်း သိမ်းထားလိုက်သည်။

သူ့ခန္ဓာကိုယ်၌ အားလျော့လာသည့် ခံစားချက်က ကြီးစိုးလာသည်။ မိုဝူကျိက ချက်ချင်း ထွက်မပြေးသေးဘဲ ဆေးလုံးတချို့ သောက်သုံးလိုက်ပြီး လွန်ဖာ၏ တာအိုစွမ်းအားများကို စတင်၍ စုစည်းလိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် မိုဝူကျိက အလောင်းကို ဆုပ်ကိုင်ကာ သူ့လေလွတ်မြောက်ရေး နည်းစနစ်ဖြင့် တခြားနေရာသို့ ထွက်သွားလိုက်သည်။

……………………

မိုဝူကျိ ထွက်သွားပြီးနောက် အမွေးတိုင်ဝက်စာခန့်လေးအတွင်း သင်္ဘောပျံတစ်စင်းမှာ မိုဝူကျိနှင့် လွန်ဖာတို့ တိုက်ပွဲဖြစ်ခဲ့သည့် နေရာဆီ ရောက်ရှိလာသည်။

ဝူဝမ့်က သင်္ဘောပျံမှ အရင်ဆုံး ထွက်သည့်သူ ဖြစ်၏။ သူက မလှုပ်မယှက် ရပ်နေရင်း တိုက်ပွဲနယ်မြေကို အချိန်အတော်ကြာ ကြည့်နေပြီးနောက် အေးစက်စွာ ဆိုလိုက်သည်  “ လွန်ဖာက မိုဝူကျိကို ဒီနေရာမှာ ရပ်ဖို့ ကြိုးစားခဲ့ပြီးတော့ နှစ်ယောက်သား တိုက်ပွဲ ဖြစ်ခဲ့ကြတယ်။ အဲဒီနောက်ကျ  မိုဝူကျိက ထွက်ပြေးသွားတယ်။ သူက ကြေကွဲမြို့ဟောင်းဆီ မပြေးဘဲ တခြားနေရာကို ရွေးသွားတာပဲ ”

ထို့နောက် ဝူဝမ့်က မျက်လုံးပိတ်ထားကာ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။ မကြာခင် သူက လွန်ဖာ ချန်ရစ်ခဲ့သော တာအိုစွမ်းအားများကို ခံစားမိလိုက်သည်။ သူက ချက်ချင်း ပြောလိုက်၏

“ သွားကြစို့ …. လွန်ဖာက ခြေရာလက်ရာ ချန်ပေးခဲ့တယ်။ ငါတို့တွေ သူတို့နောက် ဆက်လိုက်ကြမယ်။ လူသားမျိုးနွယ်လေးကများ ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ သခင်လေးကို သတ်ရဲတယ်လား။ တကယ်နောင်တရတာက ဘယ်လိုလဲဆိုတာ ပြပေးရသေးတာပေါ့ ”

ဝူဝမ့်က သင်္ဘောပျံ ထဲ ပြန်ဝင်လိုက်သည်။ သင်္ဘောပျံကို ဦးတည်ရာ ပြောင်းလိုက်ပြီးနောက် သိပ်မကြာခင် အစအနမရှိ ပျောက်သွားလေ၏။

နာရီများစွာ ကုန်ဆုံးသွားပြီးနောက် ဝူဝမ့်၏ မျက်နှာအမူအယာမှာလည်း ပျက်ယွင်းလာသည်။ လွန်ဖာ ချန်ထားခဲ့သော အရိပ်အယောင်များမှာ ပို၍ အားနည်းလာပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။

“ မဟာအကြီးအကဲ … လွန်ဖာရဲ့ အမြန်နှုန်းက ကျုပ်တို့ နတ်ဘုရားမျိုးနွယ်မှာ နံပါတ်တစ်လေ။ အကြီးအကဲလွန်ဖာရဲ့ အမြန်နှုန်းနဲ့ဆိုရင် လူသားမျိုးနွယ်စုနောက်ကို နာရီအတော်ကြာအောင်အထိ လိုက်ဖမ်းဖို့ လိုမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု ကျုပ်တို့တွေ တော်တော်ကြာကြာ လိုက်နေပေမဲ့ အခုထိ အရိပ်အယောင် မမြင်ရသေးဘူး …. ကျုပ် စိုးရိမ်တာက …. ” ဆံပင်တိုတိုနှင့် လူလတ်အရွယ် အမျိုးသားက ဝူဝမ့် နောက်သို့ လျှောက်လှမ်းလာကာ လေးလေးနက်နက် ပြောလိုက်သည်။

ဝူဝမ့်လည်း အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး အလေးအနက် ပြောလိုက်သည်

“ ငါတို့တွေ သူ့ထောင်ချောက်ထဲ ရောက်သွားတာပဲ … လွန်ဖာက အဲဒီလူလက်ထဲ ကျသွားပြီ။ ငါ မှားသွားတယ်။ အဲဒီလူကို အထင်သေးမိသွားတယ်။ အခုကစပြီးတော့ ငါ အဲဒီလူကို လုံးဝ လျော့မတွက်တော့ဘူး။ ပြီးတော့ ငါတို့တွေ ဆက်သွားဖို့ မလိုတော့ဘူး။ ပြန်လှည့်လိုက် … ငါတို့တွေ ကြေကွဲမြို့ဟောင်းထဲ သွားကြမယ် ”

…………..…

ထိုစဉ် မိုဝူကျိက လွန်ဖာ၏ အလောင်းအား မီးရှို့ပြီးပြီ ဖြစ်ရာ လှည့်ပတ်သွားလာပြီးနောက် ကြေကွဲမြို့ဟောင်း အပြင်ဘက်သို့ ပြန်ရောက်လာလေပြီ။

သူ့ခန္ဓာကိုယ်မှ သံချွန်အား မဖယ်ရှားရသေးသည့်အတွက် သူ့ရင်ဘတ်ပေါ်မှ ဒဏ်ရာမှာ ပို၍ သွေးများ ရွှဲလာသည်။ သူက ဆက်တိုက် ပြေးလွှားနေရလေရာ သံချွန်အတွင်းမှ သေစေလောက်သည့် စွမ်းအားကို ဖယ်ရှားနိုင်စွမ်း မရှိပေ။

သူက ထိပ်တန်းအဆင့် ဆေးလုံးများ ဆက်တိုက် သောက်သုံးနေသော်လည်း သူ့မျက်နှာမှာ အလွန်အမင်း ဖြူဖျော့လာကာ သူ့ခန္ဓာကိုယ်မှလည်း ယိုယွင်းပျက်စီးသည့် စွမ်းအားများ ထွက်ပေါ်လာသည်။ သူ့အသက်ဓာတ် လမ်းကြောင်းဖြင့်ပင် တခြားသူသာ ဖြစ်နေလျှင် သေနေလောက်လေပြီ။

ကြေကွဲမြို့ဟောင်း ….

ထိုအရာမှာ ကောင်းကင်ဘုံအလွန် စကြဝဠာ၏ တော်ဝင်နယ်မြေ သုံးခုမှ တစ်ခု အပါအဝင် ဖြစ်ပေသည်။ ဤနေရာတွင် အဆုံးမဲ့ ရတနာများနှင့် ချမ်းသာကြွယ်ဝမှုများ ပြည့်နေသည်။ တစ်ချိန်တည်းတွင် ဤနေရာမှာ အန္တရာယ်အပြည့် ဖြစ်နေပြီး ကောင်းကင်ဘုံအလွန် စကြဝဠာသို့ ရောက်လာကြသော ကျင့်ကြံသူအများစုက ကြေကွဲမြို့ဟောင်းသို့ သွားဖို့ရာ ရွေးချယ်ကြသည်။ ကြေကွဲမြို့ဟောင်းမှာ အန္တရာယ် များသော်လည်း ကောင်းကင်ဘုံနယ်နမိတ်အလွန်ထက် ပိုကောင်းသည့်အချက်မှာ ကြေကွဲမြို့ဟောင်း၌ ပျက်စီးစွမ်းအားများ ရှိမနေပေ။ ကျင့်ကြံရေး အရင်းအမြစ်များ ရရှိပြီးသည်နှင့် ထိုနေရာတွင် ကျင့်ကြံခြင်းက ပိုမိုကြီးမားသော ရလဒ်ကို ဖြစ်စေလိမ့်မည်။

ကြေကွဲမြို့ဟောင်းက ဂြိုလ်တစ်ခု မဟုတ်သလို မျှောလွှင့်နယ်မြေ တစ်ခုလည်း မဟုတ်ပေ။ ဝင်ပေါက်မှာ အာကာပြင် ကူးသန်းရေး အစီအရင်နှင့် တူညီသည့်  ဧရာမက အာကာပြင် တံခါးချပ်ကြီး ဖြစ်ပြီး ထိုအာကာပြင် ဂိတ်တံခါးကို ဝင်ဖို့ရာ အလွန်ရိုးရှင်းလှကာ လူတိုင်းလည်း လုပ်နိုင်ကြသည်။

အာကာပြင် ဂိတ်တံခါးအပြင်ဘက်၌ ယာယီသုံး နေရာလွတ်  ရှိနေသည်။

ထိုနေရာလွတ်ထဲ၌ ဆိုင်များစွာနှင့် တည်းခိုဆောင်များစွာ ရှိပြီး ကြေကွဲမြို့ဟောင်းအတွင်း ပြဿနာတွေ့ကြသော ကျင့်ကြံသူများက ဤနေရာသို့  အနားယူရန်နှင့် သူတို့ လိုအပ်သည်များ ဝယ်ယူရန် ရောက်ရှိလာကြသည်။

မိုဝူကျိ၏ လေလွတ်မြောက်ရေး နည်းစနစ်မှာ အတော်လေး မြန်ဆန်ပေ၏။ သူက နေရာလွတ်ကို ဖြတ်ကျော်ကာ ကြေကွဲမြို့ဟောင်းထဲ တန်းဝင်သွားတော့သည်။

မိုဝူကျိက သွေးသံရဲရဲ စွမ်းအားများ ထွက်ပေါ်နေသော်လည်း မည်သူကမှ ဂရုမစိုက်ကြပေ။ သူတို့က ဤသို့ဖြစ်ရပ်မျိုး မကြာခဏ မြင်တွေ့ဖူးလေရာ ကျင့်ကြံသူအများစုက သူတို့ရန်သူလက်မှ လွတ်မြောက်ရန် ကြေကွဲမြို့ဟောင်းဆီ သွားကြခြင်း ဖြစ်၏။

……...

မိုဝူကျိက ကြေကွဲမြို့ဟောင်းထဲ ဝင်လိုက်သည်နှင့် စွမ်းအားအမျိုးမျိုးကို ခံစားမိလိုက်သည်။ ဤနေရာရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားမှာ အလွန်ကြွယ်ဝသော်လည်း ကျင့်ကြံရေးအတွက် မသင့်တော်ပေ။ ကြည့်ရသည်မှာ ကြုံရာကျပန်း မသန့်စင်သည့် စွမ်းအားများ ရောနှောနေလေ၏။

မိုဝူကျိက လမ်းတွင် ရပ်တန့်လိုက်သည်။ သူ့လက်ရှိ တည်နေရာမှာ မြက်တစ်ပင်ပင် မရှိချေ။ သူက ရှေ့ကို မျှော်ကိုးကြည့်လိုက်သည့်အခါ တောင်တန်းများကို တွေ့လိုက်ရလေ၏။ သူ့ရှေ့မှာ မြင်ကွင်းမှာ အက်ရာအကြီးကြီးများနှင့် ပက်ကြောင်းရာများ အတန်းလိုက်လည်း ရှိနေသည်။

အားနည်းသည့် ခံစားချက်က တဖန် ပြန်လည် ကြီးစိုးလာပြန်သည်။ မိုဝူကျိက ယခုအချိန်မှာ ယန်ယွဲ့ရုန်ကို ရှာရမည့် အချိန်မဟုတ်သေးဘဲ ကြေကွဲမြို့ဟောင်း အနက်ပိုင်းသို့ သွားရမည် ဖြစ်ကြောင်း သိထား၏။ သူ့လက်ရှိအနေအထားဖြင့် နတ်ဘုရားမျိုးနွယ်စုမှ အဆင့်မြင့် ကျင့်ကြံသူ ရောက်ရှိလာလျှင် ရှောင်ရှားနိုင်မည် မဟုတ်ပေ။

***

All Chapters