အခန်း(၅၅၀) ဘာမှလုပ်စရာမရှိဘူးလား
Vol. 40 Ch. 550
အခန်း(၅၅၀) ဘာမှလုပ်စရာမရှိဘူးလား
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ စားသောက်ပြီးကြသောအခါ စကားခဏထိုင်ပြောခဲ့သည်။ ထို့နောက် အိမ်ပြန်လာခဲ့ကြ၏။
အမေဝိန်၏ ချစ်မြတ်နိုးသော မျက်လုံးများ အောက်တွင် ကျိုးခိုင်က ဝိန်မေ့ကျားကို ချိန်းတွေ့ဖို့ ခေါ်သွားပါသည်။
ထို့နောက် ခေါင်းလှည့်လိုက်ပြီး ကျိုးမိသားစုက ခွင့်ပြုသည့်အကြောင်း သူမ၏ သားကြီးကို ပြောလိုက်ပါသည်။
"မနက်ဖြန်ကျရင် ကျိုးစစ်နီကိုခေါ်ပြီး လျှောက်လည်ကြ။ သူ့ဒုတိယအစ်မရဲ့ ကလေးတွေ ပြန်ရောက်လာရင် သူတို့ကို ဂရုစိုက်ရမှာမို့ အဲ့ကျရင် သူအချိန်မရှိတော့ဘူးလို့ နင့်ဒေါ်လေးလင်းက ပြောသွားတယ်။ အဲ့တာကြောင့် နင့်အချိန်ကို ကောင်းကောင်း အသုံးချ နားလည်လား။" အမေဝိန်က ညွှန်ကြားလိုက်ပါသည်။
ဝိန်ကော်တုန်း၏ အပြုအမူက ပြောင်းလဲမှု မရှိပါ။ "ဒါဆို မနက်ဖြန် ကျွန်တော်သွားလည်ရင် ဘာယူသွားရမလဲ။"
"ပန်းသီးတစ်အိတ် ယူသွား။ နှစ်သစ်ကူးမှာ ပန်းသီးစားတာက ဘေးကင်းဖို့နဲ့ ငြိမ်းချမ်းဖို့ ဆုတောင်းပေးတာပဲ။" အမေဝိန်က ပြန်ပြောလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် အခုမှ အစသာ ရှိသေးသဖြင့် စျေးကြီးကြီး လက်ဆောင်များ ပေးဖို့ မလိုသေးပါ။ သူတို့ နောက်ပိုင်း တရားဝင် လည်ပတ်နိုင်မှ လိုအပ်သည့် လက်ဆောင်တိုင်းကို ယူလာပေးနိုင်ပါသည်။
ဝိန်ကော်တုန်းက မှတ်ထားလိုက်၏။
"နင်တွဲတဲ့အခါကျရင် လေးလေးနက်နက် လုပ်နော်။ မဟုတ်တာ ဘာမှ မပြောနဲ့ ကြားလား။ စစ်နီက ဘယ်လိုပုံစံလဲဆိုတာ နင်လည်း သိပါတယ်။ သူ့ကို လက်ထပ်နိုင်ရင် နောက်ပိုင်း တစ်ရက်ကို သုံးနပ် စားရလိမ့်မယ်။ မဟုတ်ရင်တော့ တစ်သက်လုံး စားသောက်ဆိုင်မှာ စားဖို့ပဲ ပြင်ထားပေတော့။” အမေဝိန်က သူ့ပေါ့ပျက်ပျက် ပုံစံကိုမြင်သောအခါ သတိပေးလိုက်ပါသည်။
ဝိန်ကော်တုန်း စိတ်ပျက်သွားပါသည်။ သူနားလည်ပါပြီလို့ မပြောခဲ့ဘူးလား။
ထို့ကြောင့် အားလုံး၏ သဘောတူညီမှုအောက်တွင် ဝိန်ကော်တုန်းနှင့် ကျိုးစစ်နီတို့ တွဲခဲ့ကြပါသည်။
ကျိုးစစ််နီက အလွန်အမင်း တည်ငြိမ်နေပါသည်။ ထို့ကြောင့် ဝိန်ကော်တုန်း၏ အသိအမှတ်ပြုမှုကို ရလိုက်၏။ နေ့တိုင်း သူဝီရိယရှိရှိသွားတာကို အမေဝိန်က မြင်ပြီး အပြုံးများဖြင့် ပြည့်နှက်နေခဲ့ပါသည်။
မျက်စိတစ်မှိတ်အချိန်အတွင်း ၇ ရက်နေ့သို့ ရောက်လာခဲ့သည်။
ဒီနေ့ ကျိုးခိုင်နဲ့ ဝိန်မေ့ကျားတို့ ရထားစီးပြီး ပြန်ကြရတော့မည်။ ပုံမှန်ဆို နောက်ကျမှထတတ်သည့် လင်းချင်းဟယ်က စောစောထပြီး ကျိုးချင်းပိုင်၊ သူမသားများနဲ့အတူ သူတို့ကို ရထားဘူတာသို့ လိုက်ပို့လိုက်၏။
"နင်အားရင် ပြန်လာနော်။ အပြင်မှာ ရှိနေရင် ဘေးကင်းဖို့ ဂရုစိုက်။ ပြီးတော့လည်း မေ့ကျားကို ငါ့အတွက် ဂရုစိုက်ပေးရမယ် ကြားလား။" လင်းချင်းဟယ်က သတိပေးလိုက်ပါသည်။
"ကျွန်တော် သိပါတယ်။ အကုန်လုံး မှတ်မိတယ်။ ဘာမှစိတ်မပူနဲ့။" ကျိုးခိုင်က ပြန်ပြောလိုက်၏။
ပြန်ဖို့အချိန်ကျတဲ့အထိ ပွစိပွစိလုပ်ခြင်းက မရပ်တန့်ခဲ့ပါ။ ထိုအခါမှ သူနဲ့ ဝိန်မေ့ကျားတို့ အဝတ်အစားထုပ်များဖြင့် ရထားတွဲပေါ်သို့ တက်သွားကြတော့သည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ သားလတ်၊ သားငယ်တို့နဲ့အတူ အိမ်ကို ပြန်မောင်းလာခဲ့ကြသည်။
"အခု အစ်မမေ့ကျားက အစ်ကိုကြီးကို ဂရုစိုက်နေပြီဆိုတော့ စိတ်ချလို့ရနေပါပြီ အမေရယ်။" ကျိုးရွှမ်က ပြောလိုက်သည်။
"ဟုတ်တယ်" ကျိုးကွေ့လိုင်ကလည်း ခေါင်းငြိမ့်၏။ ညီအစ်ကိုနှစ်ယောက်လုံး ဝိန်မေ့ကျားကို သူတို့ မရီးလောင်းအဖြစ် လက်ခံဖို့ ကျေပန်ကြပါသည်။ သူမက လှပ၊ သိမ်မွေ့ပြီး မိန်းမပီသသည်။ သူနာပြုတစ်ယောက်လည်း ဖြစ်သဖြင့် တခြားသူတွေကို သေချာပေါက် စောင့်ရှောက်နိုင်ပါသည်။
"အမေ အခုအရေးအကြီးဆုံးက အမေနဲ့ အဖေ အမြန်ကြိုးစားကြဖို့ပဲ။ ကျွန်တော်တို့ ဘာမှ မပြောပါဘူး။ ဒါမှ အစ်ကိုကြီးပြန်လာရင် သူ့ကိုအမေ့ဗိုက်ကြီးနဲ့ ခြောက်လို့ရမှာလေ။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။
"တော်စမ်း ကောင်စုတ်လေး" လင်းချင်းဟယ်က သွေးအေးစွာ ငေါက်လိုက်ပါသည်။
ကျိုးအာ့နီကလည်း အမေဝမ်နှင့် တခြားသူများနဲ့ အဆင်မပြေသဖြင့် အစက ၅ ရက်နေ့ပြန်လာဖို့ စီစဥ်ခဲ့သည်။
သို့သော်လည်း အဖေဝမ်နှင့် အမေဝမ်တို့ နှစ်ယောက်စလုံးက အမြွှာနှစ်ယောက်ကို ချစ်သဖြင့် သတ်မှတ်ထားသည့်ရက်ထက် ၁၀ ရက်အထိ နေခဲ့ကြပါသည်။
သူမ ပြန်လာခါမှ သူမ၏ ညီမ ရည်းစားရနေမှန်း သိလိုက်ရပါသည်။
သူမကိုယ်တိုင် ဝိန်ကော်တုန်းကို တွေ့လိုက်ရသောအခါ ဘာမှ အပြစ်ဆိုစရာ မရှိခဲ့ပါဘူး။ ဝမ်ယွမ်လည်း ဝိန်ကော်တုန်းနဲ့ စကားပြောကြည့်ပြီး လူတော်တစ်ယောက်ဟု ထင်မိပါသည်။
ဝမ်ယွမ်က ကျိုးအာ့နီနှင့် အမြွှာလေးနှစ်ယောက်ကို လင်းချင်းဟယ်တို့ဆီသို့ ကားဖြင့် လိုက်ပို့သည်။
"ဒီလောက် အေးတာကို ဒီအထိ လာစရာ မလိုပါဘူး။" လင်းချင်းဟယ်က သူတို့ကို အထဲခေါ်လိုက်ပြီး ပြောလိုက်ပါသည်။
"လာရမှာပေါ့ဗျာ။ စတုတ္ထဒေါ်လေးနဲ့ ဦးလေးတို့ အပြင်က ဝယ်လာတဲ့ လက်ဖက်ရည် ကောင်းကောင်းလေးကို မျက်စိကျနေတာဗျ။" ဝမ်ယွမ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်က အမြွှာနှစ်ယောက်ထဲက သမီးလေးကို ချီလိုက်၏။ အခု နိုးနေသဖြင့် မျက်လုံးဖွင့်ပြီး ကစားနေသည်။ သူမက အလွန် ချစ်ဖို့ကောင်းပါသည်။
လင်းချင်းဟယ်က ပြုံးကာ ပြန်ပြောလိုက်၏။ "ပြဿနာမရှိပါဘူး။ လက်ဖက်ရည် ဘီစကွတ်တွေ စားချင်ရင် ပြန်ရင်ယူသွား။ လက်ဖက်ခြောက်တွေလည်း ရှိသေးတယ် ငါပေးမယ်။”
"အဲ့လောက်တောင် ဝယ်ထားတာလား။" ဝမ်ယွမ်က ပြောလိုက်၏။
"ဒီနှစ်လက်ဖက်ရည်ဆိုင် ဖွင့်မလားလို့တောင် စဥ်းစားနေတာလေ။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ဒါနောက်တာမဟုတ်ပါ။ သူမ ဒီကိစ္စနဲ့ပတ်သက်ပြီး တကယ်အစီအစဥ်ရှိခဲ့သည်။ ဝိုင်ဆိုင်ဖွင့်မလား မဖွင့်ဘူးလားဆိုတာကိုတော့ နောက်မှ ဆွေးနွေးလို့ရသည်။ သူတို့ စီးကရက်ဆိုင်တစ်ဆိုင်လည်း ဖွင့်ထားပြီးပြီ ဖြစ်သဖြင့် လက်ဖက်ရည်ဆိုင်ဖွင့်တာက ဘာမှ သိပ်အပန်းမကြီးလောက်ဘူး မဟုတ်လား။
ဆေးလိပ်၊ အရက်နှင့် လက်ဖက်ရည်တို့၏ အမြတ်အစွန်းမှာ အလွန်မြင့်မားသည်။
"စတုတ္ထဒေါ်လေးက စီးပွားရေး အမြင်ရှိတာပဲ။" ဝမ်ယွမ်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ပြုံးလိုက်၏။ "အဲ့တာကို စီးပွားရေးအမြင်လို့ မခေါ်ဘူး။ ဒီအချိန်မှာ လုပ်ထားတာ ပိုကောင်းတယ်။ ငါတို့သောက်ဖို့ ဝယ်လည်း ဝယ်ရတာပဲ။ ဝယ်ပြီး ဆိုင်ဖွင့်လိုက်လည်း သိပ်ပြီး အပန်းမကြီးပါဘူး။"
သူတို့လည်း သောက်သုံးနိုင်ပြီး စီးပွားရေးလည်း လုပ်နိုင်သည်။ အဆင်ပြေပါသည်။
"အဲ့အချိန်ကျရင် ကျွန်တော်တို့က လက်ဖက်ရည်ဆိုင်ရဲ့ ဖောက်သည်တွေ ဖြစ်တော့မှာပဲ။ ကျွန်တော်တို့ မိသားစုက လက်ဖက်ရည် ကြိုက်တယ်။ အဲ့ကျရင် ကျွန်တော့်ကို စျေးလျှော့ပေးနော်။" ဝမ်ယွမ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
"ဟုတ်ပါပြီ ဘော့စ်ဝမ်ကို ၉၉ ရာခိုင်နှုန်း လျှော့စျေးပေးပါ့မယ်။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်၏။
အမြွှာကောင်လေးကို ချီထားသည့် ကျိုးကွေ့လိုင်ကလည်း ပွဲကျနေပါသည်။ လင်းချင်းဟယ်က သူ့ကို ဆုံးမလိုက်၏။ "တိုးတိုးသာသာ ရယ်စမ်းပါဟယ်။ ကလေးလန့်သွားဦးမယ်။"
"သူက ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ ကြောက်မှာလဲဗျ။ သူ့အသက်ငယ်တာကို မကြည့်နဲ့ သူကြီးလာရင် ကြံ့ကြံ့ခိုင်ခိုင်ကြီး ဖြစ်လာလိမ့်မယ်။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
ကျိုးအာ့နီက သူမ၏ ညီမအကြောင်း မေးမြန်းလိုက်ပါသည်။
"ဒီကိစ္စကို အရင်ပြောတာ နင့်ဒေါ်လေးဝိန်လေ။ သူပြောနေတာ ကြာပြီ။ ငါက သဘောမတူခဲ့တာ။ ဒါပေမယ့် ခဏခဏ ထပ်ပြောတော့ ငါလည်း ခွင့်ပြုလိုက်ပြီး စစ်နီကို ကြိုးစားကြည့်ခိုင်းလိုက်တာ။ သူ့ကို တွေ့ကြည့်ပြီးပြီလား။" လင်းချင်းဟယ်က မေးလိုက်ပါသည်။
"တွေ့ပြီးပါပြီ။” ကျိုးအာ့နီက ခေါင်းငြိမ့်လိုက်သည်။
"အသက်နည်းနည်းကြီးတာ တစ်ခုပဲ" ဝမ်ယွမ်က ဝင်ပြောသည်။ ကျန်တာတွေကတော့ ဘာပြဿနာမှမရှိဟု ဝမ်ယွမ်ထင်မိပါသည်။ သူ့စကားပြောပုံက ထူးခြားသည်။ ထို့အပြင် စစ်တပ်မှ အနားယူထားသူဖြစ်သည်။ စိတ်ဓာတ်ညံ့ဖျင်းသော လူမျိုး မဟုတ်ပါ။ သူ့ပုံစံက ဖြောင့်မတ်ပါသည်။
"အသက်က ကြီးတော့ကြီးတယ်။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ သူတို့နှစ်ယောက်အပေါ်မှာပဲ အဓိက မူတည်တယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။
ထိုအကြောင်းအရာကို ဆက်မပြောကြတော့ပါ။ ဝမ်ယွမ်နှင့် ကျိုးအာ့နီတို့ ညနေခင်း ညစာစားပြီးမှ ပြန်သွားကြသည်။
လင်းချင်းဟယ် အားလပ်သွား၏။ စာသင်နှစ် ပြန်စဖို့က ဒီနှစ်တွင် အနည်းငယ် နောက်ကျနေသည်။ ၁၀ ရက်လောက်လိုသေးပြီး ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖြစ်ပါသည်။
လင်းချင်းဟယ် တွက်ချက်ကြည့်လိုက်၏။ သူတို့ ခရီးထွက်ပြီး တောင်ပိုင်းက လက်ဖက်ရည်ကို စမ်းကြည့်ရမလား။ ၁၀ ရက်လောက်ဆို လုံလောက်ပါသည်။
"နွေရာသီအားလပ်ရက်အတွက် ဘာအစီအစဥ်မှ မရှိဘူးလား။" ကျိုးချင်းပိုင်က မေးလိုက်သည်။
"ဒါဆို ရှင်က ဒီဆယ်ရက်ကို ဘာလုပ်ချင်လို့။လဲ” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ သူမ အလုပ်အားနေလျှင် မနေတတ်သည့် လူတစ်ယောက် ဘယ်တုန်းကဖြစ်လာသလဲ လင်းချင်းဟယ် မသိတော့ပါ။
"ရေပူစမ်းသွားစိမ်ပြီး ဘုရားကျောင်းမှာ အမွှေးတိုင် ပူဇော်ကြတာပေါ့။ ဒီနှစ်ထဲ ဆင်ခြေဖုံးမှာ ရေခဲစကိတ်ကွင်းတစ်ခု ဆောက်ထားတယ်လို့ ကြားတယ်။" ကျိုးချင်းပိုင်က အကြံပေးလိုက်၏။
"စကိတ်ကွင်း ရှိတယ်ဟုတ်လား။ ဘယ်သူ ပြောတာလဲ။" လင်းချင်းဟယ်က မေးခွန်းထုတ်လိုက်ပါသည်။
"ဖက်ထုတ်လာစားတဲ့ လူတစ်ယောက် ပြောတာပါ။" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်၏။ "ဒါပေမယ့် ဒီနှစ်တော့ သွားလို့မရဘူး။ အစောဆုံး နှစ်ကုန်လောက်မှ သွားလို့ရမယ်။"
ခုခေတ်တွင် ဖျော်ဖြေရေး ပရောဂျက်များ ပိုပိုများလာပြီဟု လင်းချင်းဟယ် ခံစားမိပါသည်။ ရေကူးကန်များ၊ ရေပူစမ်းများနှင့် ရေခဲစကိတ်ကွင်းများတောင် တစ်ခုပြီးတစ်ခု ပေါ်လာကြပါပြီ။
အမှန်ပင်။ ကလပ်နှင့် ကပွဲခန်းများလည်း အများကြီး ရှိပါသည်။ လင်းချင်းဟယ်က သွားဖို့ စိတ်ကူးမရှိပါ။ ကလေးတွေကိုလည်း သွားခွင့်မပြုပါ။ ထိုနေရာမျးက ရှုပ်ထွေးလွန်းပါသည်။
လက်ဖက်ရည်ဆိုင်ကို သွားဖို့ အချိန်ကောင်း မဟုတ်တာ လင်းချင်းဟယ် သိလိုက်ပါသည်။ နွေရာသီ အားလပ်ရက်အထိ စောင့်လိုက်မည်။ ထိုအခါမှ အချိန်ကောင်း ဖြစ်နိုင်ပါသည်။
ထို့ကြောင့် သူမ အိမ်မှာပဲနေခဲ့၏။ နေ့တိုင်း သူတို့ ရေပူစမ်းသွားစိမ်ကြသည်။ ပင်စင်ယူသည့် နေ့ရက်များကို စောစောစီးစီး ခံစားနေကြပါသည်။
ကျိုးချင်းပိုင်က ဖက်ထုပ်ဆိုင်ကို သားလတ်၏ လက်ထဲ အပ်ခဲ့၏။ သားငယ်ကတော့ သူ့ကင်မရာကိုယူပြီး သူ့အတန်းဖော် နှစ်ယောက်နဲ့ တစ်နေရာရာကို သွားခဲ့ပါသည်။
"ကျွန်မတို့နှစ်ယောက် နောက်ပိုင်း အနားယူသွားတဲ့ အခါကျရင် ဒီလိုပဲ ဖြစ်မှာလား။” လင်းချင်းဟယ်က ပြောလိုက်သည်။ ဘာမှ လုပ်စရာကို မရှိနိုင်ဘူးလား။
"ကိုတို့ သမီးလေးမွေးလာရင်တော့ ဒီလို ဖြစ်မှာ မဟုတ်ဘူးပေါ့။" ကျိုးချင်းပိုင်က လင်းချင်းဟယ်ကို ဖက်လိုက်ပြီး သူမ ဗိုက်ပေါ် လက်တင်ထားခဲ့ပါသည်။