အခန်း(၅၅၁) သူ သမီးလေး ရတော့မယ်
Vol. 40 Ch. 551
အခန်း(၅၅၁) သူ သမီးလေး ရတော့မယ်
သူ့သမီးလေး မကြာခင် ရလာတော့မည်ဟု ခံစားနေရသည်။ ဒီနှစ်သစ်တွင် သူ့သမီးလေး အကြောင်း နှစ်ကြိမ်တိုင်တိုင် အိပ်မက်မက်ခဲ့၏။
မဟုတ်ပါက ထိုနေ့က အဖေကျိုးနဲ့ အမေကျိုးတို့ကို ဘာကြောင့် ကြိုတင်သတိပေးခဲ့မည်နည်း။
လင်းချင်းဟယ်လည်း ဘာမှမပြောချင်တော့ပါ။
ကျိုးချင်းပိုင်က ပြောလိုက်သည်။ "ဒီလ ရာသီမလာသေးဘူးထင်တယ်နော်။"
ထိုကိစ္စကို လင်းချင်းဟယ်ထက်တောင် သူက ပိုဂရုစိုက်နေပါသည်။ လတိုင်း စောင့်ကြည့်နေခဲ့၏။ တစ်ရက်နှစ်ရက်လောက် နောက်ကျတာနဲ့ သူပြာယာခတ်နေပါပြီ။
လင်းချင်းဟယ်ကတော့ တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ "အရင်တစ်ခေါက်ကလည်း ၂ ရက် ၃ ရက်လောက် နောက်ကျတာပဲလေ။"
သူမ စားချင်စိတ်ပြင်းပြတာမျိုးလည်း မရှိသလို အိပ်လည်းမအိပ်ငိုက်ပါ။ တစ်ရက်သာ နောက်ကျနေတာဖြစ်ပြီး ဘယ်လိုလုပ် ကိုယ်ဝန်ရှိတာ ဖြစ်နိုင်မည်နည်း။
ကျိုးချင်းပိုင်ကလည်း ဘာမှမပြောခဲ့ပါ။ သူ့မိန်းမ၏ ဝမ်းဗိုက်ကိုသာ ကိုင်လိုက်သည်။ သူ့သမီးလေး စောစောရောက်လာဖို့ မျှော်လင့်နေမိ၏။
ယခု သူတို့မိသားစု၏ အခြေအနေက အလွန် ကောင်းမွန်နေပြီဖြစ်သဖြင့် သူ့သမီးလေး မွေးလာလျှင် သေချာပေါက် ဘဝကောင်းကောင်းဖြင့် နေနိုင်မည်ဖြစ်သည်။ အမှန်ပင်။ အရေးအကြီးဆုံးကတော့ သူ့မိန်းမလည်း အချိန်နဲ့အမျှ အသက်ကြီးလာမည်ဖြစ်သည်။ ဒါကို စိတ်ပူရပါမည်။
သူမက အခုဆို အသက် ၃၉ နှစ်ရှိပြီဖြစ်သဖြင့် နောက်နှစ်ဆို အသက် ၄၀ ထဲဝင်တော့မည်။
"ကိုယ်နဲ့ အတူတူ လေ့ကျင့်ခန်း လိုက်လုပ်ပါလား" ကျိုးချင်းပိုင်က စိတ်အားထက်သန်စွာ တိုက်တွန်းလိုက်ပါသည်။
"မနေ့ညက အိပ်ယာထဲက လေ့ကျင့်ခန်းက မလုံလောက်သေးဘူးလား" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ဒီရက်ပိုင်းထဲ သူ ဘာတွေဖြစ်နေသလဲ မသိပါ။ လူငယ်တစ်ယောက်လို အလွန် အားအင် တက်ကြွနေ၏။
ကျိုးချင်းပိုင်က ချောင်းခြောက်ဆိုးလိုက်ပြီး ပြောလိုက်သည်။ "လေ့ကျင့်ခန်း ပိုလုပ်တော့ ပိုကောင်းတာပေါ့။"
"ကျွန်မ မလှုပ်ချင်ဘူး" လင်းချင်းဟယ်က ပျင်းရိစွာ ရေရွတ်လိုက်ပါသည်။ ဒီလိုချမ်းအေးသည့် နေ့ရက်မျိုးတွင် သူတို့ ဘယ်နေရာမှာသွားပြီး လေ့ကျင့်ခန်းလုပ်နိုင်မည်နည်း၊။ အိမ်မှာပဲနေပြီး တီဗီကြည့်ရင်း သစ်သီးစားပါလား။ "ကျွန်မကို လိမ္မော်သီးတစ်လုံး ခွာပေးပါဦး။"
ကျိုးချင်းပိုင်က လိမ္မော်သီးတစ်လုံးခွာကာ သူမကို ကျွေးလိုက်ပါသည်။ လင်းချင်းဟယ်က စားလိုက်ရင်း အိပ်ငိုက်လာ၏။
"ဘယ်အချိန်ရှိပြီလဲဟင်" လင်းချင်းဟယ်က သန်းဝေလိုက်သည်။
"ပင်ပန်းနေပြီလား" ကျိုးချင်းပိုင်က မေးလိုက်၏။
"ကျွန်မကို ဒီည လာရှုပ်ရဲလာရှုပ်ကြည့်နော်" လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်ကာ ထလိုက်ပြီး အခန်းထဲဝင် အိပ်လိုက်သည်။
ကျိုးချင်းပိုင်လည်း လိုက်ဝင်ပြီး သူ့မိန်းမကို ဖက်အိပ်လိုက်သည်။ ဒါကိုတော့ လင်းချင်းဟယ်က သူ့ကို ခွင့်ပြုထားပေးလိုက်ပါသည်။
မျက်စိတစ်မှိတ်အချိန်အတွင်း ပထမလူနာလ၏ ၁၅ ရက်မြောက်နေ့သို့ ရောက်လာခဲ့သည်။ မီးပုံပွဲတော်တွင် တောင်ပိုင်းက မုန့်လုံးရေပေါ်စားကြပြီး မြောက်ပိုင်းက ဖက်ထုပ် စားကြ၏။
ကျိုးချင်းပိုင်က ဝိန်မိသားစု၊ အဖေကျိုးနှင့် အမေကျိုးတို့အား လက်ဆောင်တွေ အများကြီး ပေးခဲ့သည်။ ဝမ်ယွမ်နှင့် ကျိုးအာ့နီတို့လည်း အိမ်မှာလာစားကြ၏။
အမေဝိန်က ထိုနေ့မွန်းတည့်ချိန်တွင် လင်းချင်းဟယ်ကို လာတွေ့၏။
"ချင်းဟယ် စစ်နီရဲ့ တုန့်ပြန်မှုက ဘယ်လိုနေလဲ" အမေဝိန်က မေးလိုက်၏။
လင်းချင်းဟယ်က ရယ်မောလိုက်ပြီး ပြောလိုက်ပါသည်။ "သူတို့တွဲနေတာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်လေ။ အရမ်း စိတ်မပူပါနဲ့၊ တစ်ဆင့်ချင်းပဲ သွားကြတာပေါ့။"
အမေဝိန်က ပြောလိုက်သည်။ "ကော်တုန်းရဲ့ အသက်ကို ရှင်လည်း သိပါတယ်။ သူ မိန်းမတစ်ယောက် မြန်မြန်ယူပါစေလို့ ဆုတောင်းနေရတာပဲ။ ဒီနေ့ မီးပုံပွဲတော် ဖက်ထုပ်ကို စားပြီးရင် မနက်ဖြန် သူတစ်ယောက်တည်း အခြေချနေတော့မှာလေ။"
"စစ်နီကို ကျွန်မ မမေးရသေးဘူး။ ကော်တုန်းရဲ့ သဘောထားက ဘယ်လိုလဲ" လင်းချင်းဟယ်က ပြန်ပြောလိုက်၏။
"အခု သူက ဝီရိယရှိရှိနဲ့ စစ်နီကို သွားတွေ့တယ်။ ရှင့်ယောက္ခထီးနဲ့လည်း စစ်တုရင် ကစားတယ်လို့ ပြောတယ်" အမေဝိန်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်က မှတ်ထားလိုက်ပြီး ပြုံးကာ ပြောလိုက်ပါသည်။ "ကျွန်မ အဲ့ဒီကို မရောက်ဖြစ်တာ တော်တော်ကြာနေပြီ။ အဲ့တာကြောင့် ကျွန်မ အဲ့အကြောင်း မသိဘူး။ ကျွန်မသွားပြီး အဲ့ကောင်မလေးကို မေးကြည့်တဲ့အချိန်ထိ စောင့်ပါဦး။"
အမေဝိန်က ပြန်ပြောလိုက်သည်။ "ဒါဆို ရှင့်ကိုပဲ ဒုက္ခပေးရဦးမှာပေါ့ရှင်။ အဲ့ကျရင် ကျွန်မ ရှင့်ကို သေချာပေါက် စာအိတ်နီကြီးကြီး ပေးပါ့မယ်။"
"ဟုတ်ပါပြီ၊ ကျွန်မ ယူပါ့မယ်" လင်းချင်းဟယ်က ရယ်မောလိုက်ပြီး အမေဝိန်နဲ့ ဆိုင်အကြောင်း ပြောခဲ့၏။ အမေဝိန် ထိုအကြောင်း ပြောလိုက်တာနဲ့ အပြစ်တင်စကားများစွာ ထွက်လာခဲ့ပါသည်။
"ကျွန်မ စိတ်တိုလိုက်တာ။ ရှင် မသိဘူးနော်။ မနေ့က ဆိုင်ငှားဖို့ သွားကြည့်တာ ပိုင်ရှင်က ၁ ယွမ် ထပ်တိုးလိုက်တယ်လေ။ ကျွန်မတို့ အရင်ကတည်းက စျေးနှုန်းကို သဘောတူပြီးသားလေ။"
"ရောင်းအားကောင်းရင် ဒီ ၁ ယွမ်ကို ဂရုစိုက်စရာ မလိုပါဘူး။ ဒါပေမယ့် ပိုင်ရှင်ရဲ့ စရိုက်က ဆိုးပြီး ဒီလိုပဲ ဆက်တိုးနေမယ်ဆိုရင်တော့ မဖြစ်ဘူး။ ရှင့်ရဲ့ စီးပွားရေး အဆင်ပြေနေတုန်း သူပေါ်လာပြီး ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ။ အဲ့တာဆို ဘယ်လောက်တောင် ကျက်သရေ ယုတ်လိုက်မလဲ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"ကျွန်မလည်း အဲ့တာပြောတာပဲ၊ ကျွန်မ မငှားချင်တော့ဘူးရှင်။ ဒါပေမယ့် အဲ့ဒီဆိုင်က အဲ့ဒီ နယ်မြေမှာ အကောင်းဆုံး ဆိုင်တစ်ဆိုင် ဖြစ်နေတယ်။"
လောလောဆယ် ဆိုင်ကို ဖွင့်တော့မည်ဖြစ်ပြီး ဆိုင်နေရာက အတည်တကျ မဖြစ်သေးပါဘူး။
"ဆိုင်ဝယ်လိုက်ရင် ကိစ္စများများစားစား မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံရှုံးမှာမဟုတ်ဘူး။ ဝမ်ယွမ်က ကျွန်မတို့ကျောင်းက ဒီဇိုင်နာနှစ်ယောက်ကိုခေါ်ပြီး ဒီဇိုင်းဆွဲပေးဖို့ ပြင်ထားတယ်။ အထည်တွေ အကုန်လုံးကလည်း အရမ်းလှတယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
အနာဂတ်မျိုးဆက်များတွင် အိမ်ရှင်များ၏ အနိုင်ကျင့် ညစ်ပတ်မှုကို ခံရသည့် လူတွေ ဘယ်လောက်တောင် များလိုက်သလဲ။ ငှားရမ်း နေထိုင်သူ၏ စီးပွားရေးက ကောင်းမွန်တာနဲ့ သူတို့ ငှားရမ်းခကို တိုးမြှင့်ကြလိမ့်မည်။ အပြင်လူတွေကို အနိုင်ကျင့်ပြီး နည်းမျိုးစုံဖြင့် တိုးမြှင့်နေသည်။ တစ်ခါက ရေဖိုး၊ နောက်တစ်ခါက မီတာခ စသဖြင့် အများစုက ဒီလိုယုတ်မာကြသူများဖြစ်ပြီး လက်ဝါးကြီးအုပ်သူများသာဖြစ်ကြပါသည်။
ထို့ကြောင့် အစကတည်းက လင်းချင်းဟယ် ဝယ်ဖို့ အကြံပေးခဲ့ခြင်းဖြစ်၏။ သူတို့သာ အခု ကောင်းကောင်း လုပ်ကြလျှင် ဘာအရှုံးမှ ရှိမှာ မဟုတ်ပေ။
"အဲ့လိုပဲ ဖြစ်သင့်တယ်ထင်တယ်။ ဒါပေမယ့် ဝယ်မယ်ဆိုရင်တောင် အရင်ကထက် စျေးပိုကြီးမှာပဲ စိုးနေရတာ။ ဒီနှစ် စျေးတွေ အကုန်တက်နေတာလေ။" အမေဝိန်က ပြန်ပြောလိုက်၏။
ဒီနှစ်ထဲ စျေးတွေက တကယ်ပဲ အများကြီး တက်ကုန်ကြသည်။ မနှစ်က နှစ်ကုန်ပိုင်းတွ င်ဝက်သားတစ်ကျင်းကို ၁ ယွမ် ၃ - ၄ ပြားမှ ၁ ယွမ် ၇ ပြားအထိ တက်သွားခဲ့သည်။
လူအများစုလည်း အလုပ်များ စလုပ်နေကြလေပြီ။ နှစ်သစ်တွင် လစာပြန်လည်ပြုပြင်ပြီးနောက် အလုပ်သမားလခများလည်း မတူညီသော ရှုထောင့်ပေါင်းစုံမှ တိုးမြင့်ကုန်ကြပါပြီ။ သာမန်အလုပ်သမားအဆင့် အလုပ်သမားများ၏ လစာမှာ ယွမ် ၆၀ မှ ၈၀ အထိ ရှိ၏။ ထို့အထက်တွင်လည်း ရှိပါသေးသည်။ အလုပ်နေရာအပေါ် မူတည်၏။ ဝိန်ကော်တုန်း၏ လစာလိုမျိုး ဖြစ်သည်။ ဒီနှစ်ဆို သူ့လစာက ယွမ် ၁၂၀ အထိ ရောက်နေပြီဖြစ်သည်။ ထောက်ပံ့ကြေး ဘာညာနဲ့ဆို ယွမ် ၁၃၀ ကျော်ပါသည်။
လခများ မြင့်တက်သွားသော်လည်း ကုန်စျေးနှုန်းများကလည်း ထိုနည်းလည်းကောင်း မြင့်တက်လာခဲ့ပါသည်။ ဒီနှစ်၏ အိမ်စျေးများကလည်း အမှီလိုက်လာခဲ့သည်။ ထို့ကြောင့် ရှည်ရှည်ဝေးဝေးပြောဖို့ မလိုတော့ပါ။
"ရှင်ဝယ်ချင်တယ်ဆိုရင် တတ်နိုင်သမျှ မြန်မြန်သာ ဝယ်လိုက်ပါ။ မနှစ်က ဝယ်ဖို့ ကျွန်မ အကြံပေးခဲ့တယ်။ နောက်ဆို စျေးပိုတက်သွားနိုင်တယ်။ စီးပွားရေး မလုပ်ချင်ရင် ကိစ္စမရှိဘူး။ စီးပွားရေး လုပ်ချင်ရင်တော့ ဆိုင်တစ်ဆိုင် ဝယ်မှ ဖြစ်မယ်နော်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
အမေဝိန်ပြန်သွားတော့ ထိုကိစ္စကို အဖေဝိန်နဲ့ တိုင်ပင်ခဲ့ပါသည်။ အဖေဝိန်လည်း စိတ်ပျက်နေပြီ။ သို့သော်လည်း သူ့မိန်းမ၏ စိတ်ဓာတ်ခိုင်မာမှုကို မြင်ပြီး ပိုင်ရှင်ကို သွားတွေ့ရတော့သည်။
မနှစ် နှစ်ကုန်ကထက် စျေးက ယွမ် ၂၀၀ ပိုမြင့်နေခဲ့သည်။ အဖေဝိန်က အမြဲတမ်း သည်းခံစိတ် မြင့်မားသော လူတစ်ယောက် ဖြစ်သည်။ သို့သော် ဒီကိစ္စကြောင့် အကျည်းတန်သွားခဲ့၏။
ယွမ် ၂၀၀ က နည်းပါးသော ပမာဏ မဟုတ်ပါ။ သူ့လစာ တစ်လစာလောက်ရှိ၏။ အချိန်က ဘယ်လောက်မှ မကွာသေးဘဲ ဒီလောက်တောင် ဖြစ်လာပြီလား။
သို့သော်လည်း အမေဝိန်က ဒီဆိုင်ကို လိုချင်နေသည်။ အဖေဝိန်က မကြိုက်သော်လည်း နောက်ဆုံးတော့ ဝယ်ခဲ့ရပါသည်။ ထိုနေ့မှာပဲ ငွေရှင်းခဲ့၏။
လင်းချင်းဟယ်က ဒီကိစ္စတွင် ဝင်မပါခဲ့ပါ။ အမေကျိုးက ကြက်တစ်ကောင် သတ်ခဲ့သည်။ သူတို့ဘက်တွင် စွပ်ပြုတ်ထဲ ထည့်ချက်ရန် တစ်ဝက်ကို ချန်ထားပြီး ကျန်တစ်ဝက်ကို ကျိုးစစ်နီအား ပို့ခိုင်းလိုက်ပါသည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ချက်ခိုင်းလိုက်၏။ ထို့နောက် ကျိုးစစ်နီနှင့် ဝိန်ကော်တုန်းတို့အကြောင်းကို သူမ မေးမြန်းခဲ့ပါသည်။
"ဒီတိုင်း တွဲနေတာပါ" ကျိုးစစ်နီက ပြောလိုက်သည်။ ထိုသခင်လေးက သူမ မကောင်းဘူးဟု ထင်လျှင် သူပြန်လာမှာမဟုတ်ပါ။
လင်းချင်းဟယ်က သူ့တူမကို ကြည့်လိုက်သည်။ ဘာကြောင့် သူမက စိတ်ပါဝင်စားမှု မရှိဘူးဟု ထင်နေသလဲမသိပါ။ သူမ ဘာမှဆက်မပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။ သူတို့သာ ရေစက်ပါလျှင် အတူတူ နေနိုင်ပါလိမ့်မည်။ မဟုတ်ပါက အတင်းအကြပ် လုပ်ခိုင်းလည်း အဓိပ္ပာယ်ရှိမှာ မဟုတ်ပေ။
ကျိုးစစ်နီက အကြာကြီး မနေခဲ့ပါဘူး။ အမြွှာနှစ်ယောက်ကို ထိန်းကျောင်းဖို့က သူမ၏ အကူအညီကို လိုပါသေးသည်။ မတ်လနွေဦးရာသီရောက်သည့်အထိ ထိန်းကျောင်းပေးဖို့ စီစဥ်ထားပါသည်။ ထိုအချိန်ရောက်ရင်တော့ သူမ အလုပ်လာရမည်။ ကလေးများကို သူမ အစ်မကိုပဲ ပြန်အပ်ရပါလိမ့်မည်။
ကျိုးချင်းပိုင်က ကြက်စွပ်ပြုတ် ပြုတ်လိုက်ပြီး သူ့မိန်းမကို ကြက်စွပ်ပြုတ်နဲ့အတူ ဖက်ထုပ် တစ်ပန်းကန် ပေးလိုက်ပါသည်။
ဖက်ထုပ်များကို စားပြီးနောက် လင်းချင်းဟယ်က တစ်ခုခု မူမမှန်သလို ခံစားရပါသည်။ အလွန် ဆီများနေသလို ခံစားရ၏။ "ကြက်စွပ်ပြုတ်နဲ့ သိုးသားဖက်ထုပ်တွေ ကျွန်မ မစားနိုင်ဘူး။"
"ကိုယ် ဆီတွေစစ်ပေးမယ်လေ" ကျိုးချင်းပိုင်ကပြောလိုက်သည်။
လင်းချင်းဟယ်က တစ်ပန်းကန်စားပြီးနောက် ရပ်လိုက်ပါသည်။ သူမ ခံတွင်းရှင်းဖို့အတွက် လိမ္မော်သီးတစ်လုံးကို အမြန်ယူလိုက်၏။ ဒီအဖြစ်အပျက်ကို သူမ ထွေထွေထူးထူး မစဥ်းစားခဲ့ပါဘူး။
သို့သော် ညဘက် အိပ်ယာဝင်တော့ ပြန်တွေးကြည့်ရင်း သူမ မှတ်မိသွားခဲ့သည်။ သူမ ဒီလ ဘာလို့ ရာသီမလာသေးတာလဲ။