အခန်း(၅၅၂) အရင်ဘဝမျိုး ပြန်လိုချင်သည်
Vol. 40 Ch. 552
အခန်း(၅၅၂) အရင်ဘဝမျိုး ပြန်လိုချင်သည်
သူမ ကိုယ်ဝန်ရနိုင်လိမ့်မည်ဟု လင်းချင်းဟယ် တစ်ခါမှ မထင်ထားခဲ့ပါ။
မနှစ်က ဗေဒင်ဟောသည့် အဘိုးကြီးမှာ အစွမ်းထက်သည့်ပုံပေါ်သော်လည်း လင်းချင်းဟယ် စိတ်ထဲ သိပ်မထားခဲ့ပါ။
ဘာပဲဖြစ်ဖြစ် သားကြောဖြတ်ပြီးသားဖြစ်သဖြင့် ကိုယ်ဝန်ထပ်ရနိုင်ခြေက အလွန်နည်းပါးသည်။ လျစ်လျူရှုလို့ပင် ရနိုင်ပါသည်။
သို့သော်လည်း သူမ ကိုယ်ဝန်ရလာခဲ့သည်။
နောက်တစ်နေ့မနက်တွင် ကျိုးချင်းပိုင်ကိုခေါ်ပြီး ဆေးသွားစစ်ခဲ့၏။ လက နည်းပါသေးသည်။ နှစ်သစ်ကူး ၂ ရက် ၃ ရက်လောက်ကမှ ကိုယ်ဝန်ရခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း သူမ ကိုယ်ဝန်ရနေသည် ဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။
လင်းချင်းဟယ် ဆေးစစ်ချက်အဖြေကို မြင်တော့ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသော်လည်း ကြက်သေ သေသွားခဲ့ပါသည်။
သူမဘေးတွင် ရှိနေသည့် ကျိုးချင်းပိုင်ကတော့ ဒီမနက် သွားတိုက်နေတုန်း သူမ ဆေးသွားစစ်မည်ဟု ပြောကတည်းက အပြုံးမသေတော့ပါ။
အခုဆို ပိုတောင်ဆိုးနေပါပြီ။ ထောင့်တစ်နေရာသို့ သွားကာ တစ်ယောက်တည်း ရယ်မောနေ၏။
လင်းချင်းဟယ်က ဘာခံစားချက်မှ မရှိသော မျက်နှာမျိုးနှင့် သူ ရယ်နေတာကို ကြည့်နေသည်။ ကျိုးချင်းပိုင်သည် ရယ်မောပြီးနောက် သူမကို လာတွဲခဲ့ပါသည်။
လင်းချင်းဟယ်က ရှောင်းပိုင်ကျစ် တွဲခေါ်ပေးသော ဧကရီမယ်တော်ကြီးလို ဖြစ်နေပါသည်။ သူတို့ကားထဲဝင်ကာ အိမ်ပြန်ခဲ့ကြသည်။
လင်းချင်းဟယ်ကို ကျိုးချင်းပိုင်တစ်ယောက် အိမ်ထဲ လိုက်ပို့ပြီးခါမှ လင်းချင်းဟယ် အသိပြန်ဝင်လာသည်။ သူမ ကျိုးချင်းပိုင်ကို စိုက်ကြည့်လိုက်၏။ "အခု ဘာလုပ်ကြမလဲ"
"မွေးပေါ့" ကျိုးချင်းပိုင်ထံတွင် အဖြေတစ်ခုသာ ရှိသည်။
သူ အိပ်မက် မက်ခဲ့တာ တကယ်ဖြစ်လာပါပြီ။ နှစ်သစ် ၁ ရက်နေ့မှ ၃ ရက်နေ့အတွင်း သမီးလေးတစ်ယောက် ရလာသည်ဟု အိပ်မက် ဆက်တိုက်မက်နေခဲ့သည်။ သမီးလေးက ဖြူဖြူလုံးလုံးလေး ဖြစ်၏။ လူသားကမ္ဘာထဲက နတ်သမီးလေး တစ်ပါးလို ဖြစ်ပါသည်။
ထိုအချိန်တုန်းက သူစိတ်ထင်နေခဲ့ပြီး ရလာတော့မည်ဟု ခံစားခဲ့ရသည်။ တကယ်ပဲ ရလာခဲ့ပါပြီ။
"မွေးမယ်ဆိုရင် ကျွန်မအလုပ်ကို ဘယ်လိုလုပ်ရမလဲ" လင်းချင်းဟယ်ကပြောလိုက်ပါသည်။
သူမ သေချာပေါက် အလုပ်လုပ်လို့ရမှာ မဟုတ်တော့ပေ။ အမှန်ပင် ပထမ နှစ်ဝက်တော့ အဆင်ပြေနိုင်သည်။ သို့သော် ဒုတိယ နှစ်ဝက်မှာတော့ သူမ ဗိုက်က သိသာလာပါလိမ့်မည်။
အရွယ်လွန်ကိုယ်ဝန်ဆောင်မှုကြောင့် အလုပ်ကို ဆက်လုပ်လို့မဖြစ်ပါ။ ကျောင်းက သေချာပေါက် သူမကို သတ်မှတ်စည်းမျဥ်းများအရ ဆက်မခေါ်ထားနိုင်လောက်ဘူး။
နောက်ပိုင်း အလုပ်ပြန်ရနိုင်သော်လည်း အခုလောလောဆယ်တော့ လူမြင်ကွင်းမှ ပုန်းနေရပါဦးမည်။ ဒီတစ်ခေါက် မိသားစုဦးရေ ကန့်သတ်ခြင်းက အလွန်အမင်း တင်းကြပ်နေ၏။
"မလောပါနဲ့။ ရာသီဥတု ပူနွေးလာတာနဲ့ ရှန်ဟိုင်းမြို့တော်မှာ သွားနေကြရအောင်" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
"ရှန်ဟိုင်းမြို့မှာ ကလေးသွားမွေးရမှာလား" လင်းချင်းဟယ်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။
"မရဘူးလား ကိုတို့ မြို့တော်မှာ အိမ်တွေ ဝယ်ထားတယ်လေ။ ဒါပေမယ့် ရှန်ဟိုင်းမြို့တော်မှာတော့ မဝယ်ရသေးဘူး။ အဲ့ကိုသွားတာ မကောင်းဘူးလားလို့" ကျိုးချင်းပိုင်က ပြန်ပြောလိုက်ပါသည်။
ဒီနေရာတွင် ဘာမှစိတ်ပူဖို့ မလိုပါ။ သူတို့သား နှစ်ယောက် ရှိနေ၏။ အများဆုံး ဖက်ထုပ်ဆိုင်ကိုလည်း ပိတ်လို့ရသည်။ သူ ဆယ်စုနှစ်များစွာ မျှော်လင့်ခဲ့ရသည့် သမီးလေးလောက် ဘယ်အရာကမှ အရေးမကြီးပါ။
"ကျွန်မတို့ ဘယ်သူနဲ့မှ မသိတဲ့ မရင်းနီးတဲ့ နေရာကြီးကို သွားရမှာပေါ့" လင်းချင်းဟယ်က မျက်စောင်းရွယ်လိုက်ပါသည်။ ကလေးမွေးဖို့ ရှန်ဟိုင်းမြို့တော်ကိုတောင် သွားမယ်တဲ့လား။ ချဲ့ကားလွန်းရာကျနေပါသည်။
"မကြောက်ပါနဲ့။ ကိုရှိပါတယ်။" ကျိုးချင်းပိုင်က အာမခံလိုက်ါပသည်။
လင်းချင်းဟယ်က သူ့ကိုကြည့်လိုက်သည်။ သူ ပြောင်းလဲသွားသည်ဟု ခံစားမိ၏။ ယခင်တုန်းက အေးအေးဆေဆေး စရိုက်မျိုးနဲ့ လုံးဝ ခြားနားနေပါသည်။
"ပုံမှန်အတိုင်းပဲ နေစမ်းပါ။ ဒီမှာ ကလေးမွေးလို့ရတယ်။ ကျွန်မတို့ မိသားစု ဒဏ်ကြေးလည်း ပေးနိုင်တယ်လေ။ သူ့ကို အိမ်ထောင်စုစာရင်း မသွင်းနိုင်မှာ စိတ်ပူဖို့မလိုဘူး။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"မဖြစ်ဘူး၊ ကိုတို့ အဖမ်းခံရလိမ့်မယ်။" ကျိုးချင်းပိုင်က ခေါင်းခါလိုက်ပါသည်။
လင်းချင်းဟယ် သက်ပြင်းချလိုက်၏။ "ကြည့်ပါဦး။ ရှင်က ကောင်းမွန်မွန်မနေချင်ဘဲ လျှောက်ရှုပ်ချင်နေတာပဲ။"
တကယ်တော့ အခြေအနေတွေသာ သင့်တော်လျှင် ကလေးများများ ယူထားတာ ပိုကောင်းပါသည်။ ကောင်းကောင်းမွန်မွန် ပညာသင်ပေးထားလျှင် ၁၀ နှစ်ကျော်ကျော်လောက်ဆို အရပ်ရှည်ရှည် ကောင်လေး သို့မဟုတ် ပိန်ပိန်သွယ်သွယ် ကောင်မလေးများ ဖြစ်လာကြလိမ့်မည်။ နှစ်သစ်ကူးနေ့တွင် မိသားစုတစ်စုလည်း အတူတူ စုစည်းနိုင်ကြ၏။ ဘယ်လောက်တောင် ကောင်းလိုက်မည်နည်း။
လင်းချင်းဟယ်က ဒီသဘောတရားကို နားလည်သည်။ သူမဗိုက်ကို သူမ ထိကြည့်လိုက်သည်။ လောလောဆယ်တော့ ဘာမှမခံစားရသေးပေ။ သူမသာ တကယ် နှလုံးသားမဲ့ပါက မယူလည်း ဖြစ်ပါသည်။
သိပ်မကြာခင် သူမ အဘွားတစ်ယောက်ပင် ဖြစ်တော့မည်ဖြစ်သည်။ သို့သော် ထင်မထားစွာဖြင့် သူမတို့၏ အငယ်ဆုံးသမီးလေးကို မွေးပေးနိုင်ပါဦးမည်။
"မင်းအတွက် ခက်ခဲမှာပဲ မိန်းမ။ ဒီတစ်ယောက်ပါပဲ။ ဒါလေးက ကိုယ်တို့ရဲ့ ကံကြမ္မာပဲလေး။ သမီးလေးကို မင်းခေါ်လာတာ။ မင်းတားချင်ရင်တောင် တားလို့မရဘူး" ကျိုးချင်းပိုင်က ချော့ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ဗေဒင်ဆရာအဘိုးကြီး၏ စကားများကို မယုံကြည်ခဲ့သော်လည်း ကျိုးချင်းပိုင်ကတော့ ယုံကြည်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့မိန်းမလို နောက်ပိုင်းမျိုးဆက်များမှ လှပကျော့ရှင်းသည့် အမျိုးသမီးတစ်ယောက်က ဒီကိုရောက်လာပြီး သူ့မိန်းမ ဖြစ်လာခဲ့သည်။ ဒီလို ဆန်းကြယ်သည့် ကိစ္စမျိုးပင် ဖြစ်နိုင်သဖြင့် ဘာကြောင့် ဒါကကော မဖြစ်နိုင်ဘဲနေမည်နည်း။
လင်းချင်းဟယ်က သူ့ကို မျက်စောင်းရွယ်လိုက်ပါသည်။ ကျိုးချင်းပိုင်က ပြုံးကာ လိမ္မော်သီး အခွံခွာပေးလိုက်၏။ လင်းချင်းဟယ်က လိမ္မော်သီးစားရင်း ပြောလိုက်ပါသည်။ "ကျွန်မ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးဘူး။"
သူမ ကိုယ်ဝန်မရနိုင်ဘူးဟု အမြဲတမ်းထင်ခဲ့သော်လည်း ရုတ်တရက်ကြီး ရသွားသဖြင့် သူမလန့်သွားခဲ့ပါသည်။
"ဘာမှ ပြင်ဆင်စရာမလိုဘူး။ ကိုတို့မိသားစုရဲ့ လက်ရှိအခြေအနေနဲ့ဆို မင်းက မွေးပေးဖို့ပဲလိုတယ်။ ကျန်တာကို ကို့တာဝန်သာ ထားလိုက်ပါ" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
အချိန်ပြည့်အဖေတစ်ယောက်ဖြစ်လာဖို့ သူ နှစ်တွေ ဘယ်လောက်တောင် ပြင်ဆင်ခဲ့ရသသလဲ မမှတ်မိတော့ပါ။ သူ့မိန်းမက စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးလည်း အရေးမကြီးပါ။ သူပြင်ဆင်ထားလျှင် လုံလောက်ပါပြီ။
လင်းချင်းဟယ်က လိမ္မော်သီးတစ်လုံး၊ ပန်းသီးတစ်လုံးစားပြီး အိပ်ယာဝင်ဖို့ ပြင်လိုက်ပါသည်။
"မိန်းမ ဒီနှစ် အလုပ်ထွက်ချင်လား" ကျိုးချင်းပိုင်က တီးတိုးပြောလိုက်ပါသည်။
"ရှင် ဘယ်လိုဖြစ်နေတာလဲ" လင်းချင်းဟယ်က မကျေနပ်စွာ ပြန်ပြောလိုက်ပါသည်။
အလုပ်ထွက်ရမယ်တဲ့လား။ မဖြစ်နိုင်ပါ။ သူမ အလုပ် လုပ်ချင်ပါသေးသည်။
လင်းချင်းဟယ် စတင်အိပ်စက်လိုက်သည်။ သူမ၏ ကိုယ်ဝန်ကြောင့်လားမသိ၊ သူမ မကြာမီ အိပ်ပျော်သွားခဲ့တော့သည်။
ကျိုးချင်းပိုင်က ခေတ္တစောင့်ကြည့်နေသေး၏။ ထို့နောက် သူ့မိဘများကို သတင်းကောင်း သွားပြောလေသည်။
အဖေကျိုး၊ အမေကျိုးနဲ့ ကျိုးရှောင်မိန်တို့ ရှိနေကြသည်။ စုတာ့လင်းက ဘန်းမုန့်ဆိုင်တွင်ရှိနေသဖြင့် အိမ်မှာမရှိပါ။ ထို့ကြောင့် ဒီလို ထိတ်လန့်စရာ သတင်းမျိုးကို အရင်ဆုံး မကြားခဲ့ရပေ။
"တကယ် ကိုယ်ဝန်ရှိနေတာလား စတုတ္ထအစ်ကို နောက်နေတယ်ထင်နေတာလေ။" ကျိုးရှောင်မိန်က အံ့အားသင့်သွားပါသည်။
"သမီးလေးသာဆို နင်တို့တော့ ပြည့်စုံသွားပြီပဲ။" အမေကျိုးလည်း အပျော်လွန်ကာ ပြောလိုက်ပါသည်။
အဖေကျိုးက မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ "လောင်တနဲ့ ကောင်လေးတွေတောင် ဒီအသက်အရွယ် ရောက်နေပြီ။ စတုတ္ထချွေးမမှာလည်း အလုပ်နဲ့အကိုင်နဲ့..."
အဖေကျိုးနဲ့ လင်းချင်းဟယ်တို့ အမြင်ချင်းတူနေတာ ရှားပါးပါသည်။ သူလည်းဒီတစ်ယောက်ကို မွေးဖို့မလိုဘူးဟု ခံစားနေရ၏။
"ရှင် ဘာတွေပြောနေတာလဲ" အမေကျိုးက ပြောလိုက်ပါသည်။ "ဒီလောက် အများကြီး ရထားတာကို မကြိုက်ဘူးလား။ သူတို့ မမွေးနိုင်တာလည်း မဟုတ်ဘဲနဲ့။ စတုတ္ထမိသားစု အခြေအနေတွေက အရမ်းကောင်းပါတယ်။ နောက်ပိုင်း နောက်ထပ် ကောလိပ်ကျောင်းသူလေးတစ်ယောက် ပျိုးထောင်နိုင်တာပေါ့။ ဒီလောက် ကောလိပ်ကျောင်းသားတွေ အများကြီး ရှိတာကို ရှင်က သဘောမကျဘူးလား။"
"လောင်တနဲ့ ကောင်လေးတွေ ကြီးနေပြီ မဟုတ်ဘူးလား" အဖေကျိုးက ပြောလိုက်၏။
"သူတို့ကြီးတော့ ပိုလွယ်တာပေါ့။ ဒီတစ်ယောက်ကို ဂရုစိုက်ရင်ရပြီ။ အစ်ကိုကြီးတွေက ဂရုစိုက်ပေးလို့ရတယ်" အမေကျိုးက ပြန်ချေပလိုက်ပါသည်။
"အခု သူရလာပြီဆိုတော့ သေချာပေါက် မွေးရမှာပေါ့။ စတုတ္ထယောက်မရဲ့ အလုပ်ကော ဘယ်လိုလုပ်ကြမလဲ" ကျိုးရှောင်မိန်က သူမ၏ စတုတ္ထအစ်ကိုကို ကြည့်လိုက်ပါသည်။
"ပထမ နှစ်ဝက်လောက်တော့ ဆက်သင်ပြီး ဒုတိယနှစ်ဝက်လောက်ကျရင် နားလိုက်တော့မယ်" ကျိုးချင်းပိုင်က ဖြေလိုက်၏။
"အဲ့တာ မပင်ပန်းဘူးလား" ကျိုးရှောင်မိန်က ပြောလိုက်သည်။
"နင့်စတုတ္ထယောက်မကို နင့်ဖာသာနင်သာ ပြောလိုက်တော့" ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။ တကယ်တော့ သူ့ရည်ရွယ်ချက်အရဆို ကလေးကို သူမ အိမ်မှာနေကာ ပျိုးထောင်တာက ပိုကောင်းပါလိမ့်မည်။ သို့သော်လည်း သူ မပြောရဲပါဘူး။ သူ့မိန်းမ သူ့ကို စိတ်ဆိုးလိမ့်မည်။
လင်းချင်းဟယ်က တကယ်ပဲ အလုပ်ဆက်လုပ်ဖို့ စီစဥ်ခဲ့သည်။ သို့သော်လည်း အခြေအနေများက ခွင့်မပြုတော့ပါ။
မနေ့က ကြက်စွပ်ပြုတ်နှင့် သိုးသားဖက်ထုပ်တို့က အနည်းငယ် ဆီများခဲ့သောကြောင့်လားမသိ။ သူမ၏ ခံတွင်းက စတင်ပြီးဆိုးရွားလာခဲ့ပါသည်။ သူမ မကြာခဏ ပျို့အန်လာ၏။
စာသင်နှစ် မစခင်တွင် လင်းချင်းဟယ်၏ အခြေအနေက အဆိုးရွားဆုံးဖြစ်လာခဲ့၏။ မနက်နိုးလာတာနဲ့ မရပ်မနား အန်ပါတော့သည်။ ကျိုးချင်းပိုင်က သူမ၏ ကျောကိုပွတ်ပေးရင်း နှစ်သိမ့်ရသည်။
ကျိုးရွှမ်၊ ကျိုးကွေ့လိုင်နှင့် ကန်းကျစ်တို့လည်း နိုးလာကြ၏။
"အမေ သက်သာလား" ကျိုးကွေ့လိုင်က ပြောလိုက်သည်။ သူမအတွက် ရေနွေးတစ်ခွက် ထည့်ပေးလိုက်ပါသည်။
"ငါ့အရင်ဘဝကိုပဲ ပြန်လိုချင်တယ်" လင်းချင်းဟယ်က ရေနွေးကိုယူလိုက်ပြီး အနည်းငယ် ပလုတ်ကျင်းလိုက်သည်။ ထို့နောက်မှ ကျန်တာကို အကုန်သောက်လိုက်ပြီး အများကြီးပိုနေလို့ကောင်းသွားခဲ့ပါသည်။