အခန်း(၅၅၆) စီးပွားရေးသဘောထား
Vol. 40 Ch. 556
အခန်း(၅၅၆) စီးပွားရေးသဘောထား
လင်းချင်းဟယ် ကိုယ်ဝန်ရှိနေသည်ဟု ပထမဆုံးအကြိမ် သိလိုက်ရတုန်းက အမေဝိန် ဘယ်လောက်တောင် အံ့သြသွားသလဲ စကားဖြင့် ဖော်ပြလို့မရနိုင်ပါ။
ဘာပဲဖြစ်ဖြစ် အကြီးဆုံးသား ခိုင်လေးတောင် ဒီအရွယ်ရောက်နေပြီ။ သူမက ကိုယ်ဝန်ထပ်ရှိလာတယ်တဲ့လား။ သို့သော်လည်း ထိုသို့အံ့အားသင့်ပြီးနောက် ဘာမှမခံစားရတော့ပါ။ သူတို့ ကလေးလိုချင်လည်း မွေးပါစေ။ သူတို့မှာ မွေးဖွားနိုင်သည့် အခြေအနေ ရှိသည်။ ဘာပဲဖြစ်ဖြစ် သူတို့က ကြွယ်ဝကြသည်မဟုတ်ပါလား။
အငယ်ဆုံးသား သို့မဟုတ် အငယ်ဆုံးသမီးလေး ရလာလျှင်လည်း မဆိုးလှပါ။
သို့သော် လင်းချင်းဟယ်၏ ကိုယ်ဝန်က သေချာပေါက် မချောမွေ့ပါ။ အမေဝိန်က ကံကောင်းသည်။ သူမ သွားလည်သည့် နှစ်ခေါက်စလုံးတွင် သူမကိုတွေ့သောအခါ လေအန်နေခဲ့သည်။
ဒီလောက်ကြီး ကြီးမားသည့် တုန့်ပြန်မှုကြောင့် အမေဝိန် ဆက်မကြည့်ရဲလောက်ပါ။
လင်းချင်းဟယ်က ပြုံးရယ်လိုက်ပါသည်။ "အခုတော့ သက်သာသွားပါပြီ။ ကျွန်မ ဆီများတာတွေကို မစားရင် ပြဿနာ မရှိပါဘူး။"
"အဲ့လောက် မလွယ်ဘူးလေ" အမေဝိန်က ပြောလိုက်ပါသည်။
သူတို့အားလုံးက အမျိုးသမီးများဖြစ်ကြသည်။ ကိုယ်ဝန်ရပြီး ကလေးမွေးရခြင်းက အသေးအဖွဲကိစ္စများ မဟုတ်ပါ။
ပထမတော့ လင်းချင်းဟယ် ဘဝဆုံးတော့မည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ပြန်စဥ်းစားကြည့်မှ သူမ ကံကောင်းသည်ဟု ထင်ပါသည်။
ဘယ်လိုပြောရမည်နည်း။
ဗေဒင်ဆရာအဘိုးကြီး၏ စကားလုံးများကို သူမ အနည်းငယ် ယုံကြည်လာခဲ့သည်။ သူမ သားကြောဖြတ်ပြီးတာတောင် ကလေးရနိုင်သေးသည်။ ဒါမထူးဆန်းဘူးလား။ ထို့အပြင် အဘိုးကြီးက သူမကံကြမ္မာကို ပြောင်းလဲလိုက်တာကြောင့် ဖြစ်လာခဲ့သည်ဟုလည်း ပြောခဲ့ပါသေးသည်။
ဘာကံကြမ္မာကို ပြောင်းလဲတာလဲ။ ဒါမျိုးက တကယ်မရှိပါ။ မူလပိုင်ရှင်မှာ သမီးမိန်းကလေးရဖို့ ကံပါမလာဘူးဟုဆိုလိုခြင်းသာဖြစ်သည်။ ဒီသမီးလေးက သူမ၏ ကိုယ်ပိုင်ကံကြမ္မာကြောင့် ရလာခြင်း ဖြစ်၏။
ကံပါလာသဖြင့် သူမ ထွက်ပြေးနိုင်ပါဦးမလား။ အရွယ်စောစောမွေးမွေး အရွယ်လွန်မွေးမွေး မွေးလို့ရပါသေးသည်။ လင်းချင်းဟယ်က အသက် ၄၀ မရောက်သေးပါ။ အရွယ်လွန် ကိုယ်ဝန်ဆောင်ခြင်း ဖြစ်သော်လည်း လင်းချင်းဟယ်က သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်သည်ဟု ခံစားမိပါသည်။
နောက်ထပ် နှစ်အနည်းငယ်လောက်ကြာပြီးမှ ရလာခဲ့လျှင် အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါသည်။ ထို့ကြောင့် အခုက အတော်လေး အဆင်ပြေပါသည်။
အမေဝိန်နဲ့ တစ်နာရီကျော်လောက် ထိုင်စကားပြောပြီးသွားသောအခါ လင်းချင်းဟယ်ပြန်လာခဲ့ပါသည်။ သူမ ဖက်ထုပ်ဆိုင်သို့ ပြန်မသွားခဲ့ပါ။ ထို့အစား တခြားဆိုင်များသို့သာ လမ်းပတ်လျှောက်နေလိုက်ပါသည်။
စန်းနီတို့ဆီကိုလည်း သွားခဲ့သည်။
စန်းနီ၏ သားလေးကို ပန်ပန်ဟုခေါ်သည်။ သူက ချစ်ဖို့ကောင်းပြီး လုံးဝိုင်းနေ၏။ သူ့ကို ကောင်းကောင်းမွန်မွန် ပြုစုထားကြတာ သိသာပါသည်။ သူလေးက ပါးလည်း ပါးနပ်သည့်ပုံပင်။
"စတုတ္ထဒေါ်လေး သက်သာသွားပြီလား" ကျိုးစန်းနီက ရေခွက်တစ်ခွက်ကို ဆေးလိုက်ပြီး သူမအတွက် ရေခပ်လာပေးပါသည်။
လင်းချင်းဟယ်ကလည်း ရေဆာနေသဖြင့် ရေတစ်ခွက်လုံးကို သောက်လိုက်ပါသည်။ "အများကြီး ပိုသက်သာသွားပါပြီ။ အရင်တုန်းကလို နေရထိုင်ရမခက်တော့ဘူး။"
ယခင်တုန်းက ကျိုးစန်းနီက သိတတ်ခဲ့သည်။ မုန်လာဥချဥ်များ ပြုလုပ်ပြီး နှစ်ပုလင်းလောက် ပို့ပေး၏။ လင်းချင်းဟယ်ကလည်း မကြာခဏ စားတတ်ပါသည်။ အာနိသင်က အကောင်းကြီး မဟုတ်သော်လည်း သိတတ်ရုံနဲ့ လုံလောက်ပါပြီ။
"နင့်ရဲ့ဆိုင်ကို ငှားထားတယ်လို့ နင့်စတုတ္ထဦးလေးပြောတာ ကြားတယ်နော်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"အင်း လောလောဆယ်တော့ ကျွန်တော်တို့ စီးပွားရေး မလုပ်သေးဘူး။ အဲ့တာကြောင့် ငှားထားလိုက်တာပါ" လီအိုက်ကော်က ပြုံးကာ ပြောလိုက်သည်။
"မဆိုးပါဘူး အရန်ဝင်ငွေလေးလည်း ရတာပေါ့" လင်းချင်းဟယ်က ခေါင်းငြိမ့်ပြလိုက်ပါသည်။
ဒီနှစ်ထဲ စျေးနှုန်းများက နောက်ထပ် အဆင့်တစ်ခုလောက်အထိ တက်လာခဲ့သည်။ အရင်ပိုက်ဆံမျိုးနဲ့ ဝယ်နိုင်သည့်အရာများ ပိုနည်းသွားသည်။ လီအိုက်ကော်နှင့် ကျိုးစန်းနီတို့၏ လစာကို သူမ တိုးပေးခဲ့ပါသည်။ အရင်တုန်းက လင်မယားနှစ်ယောက်ပေါင်း ယွမ် ၈၀ ဖြစ်သည်။ ဒီနှစ် ယွမ် ၁၄၀ အထိ တိုးပေးခဲ့ပါသည်။
ယွမ် ၃၀ - ၄၀ လောက်ဆို လင်မယားနှစ်ယောက်၏ နေထိုင်စရိတ်အတွက် လုံလောက်ပါပြီ။ ပန်ပန်အတွက်လည်း ကုန်ကျစရိတ်က သိပ်ပြီးမများပါ။ တစ်လကို ယွမ် ၁၀၀ လောက် စုထားဖို့က မခက်ခဲနိုင်ပါ။
သို့သော်လည်း တစ်နှစ်ကို ယွမ် ၁,၂၀၀ လောက်သာ စုနိုင်လိမ့်မည်။ အတော်လေး များသော်လည်း လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ကို ဆိုင်ဝယ်တုန်းက အကြွေးများ သူတို့တင်နေဆဲဖြစ်သည်။
လီအိုက်ကော်၏ ရည်ရွယ်ချက်က ဆိုင်ကို ၃ နှစ်လောက် ကြည့်ရှုပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဖြစ်ပါသည်။ သို့သော်လည်း ကျိုးစန််းနီက ဒါကို ပြတ်ပြတ်သားသား သဘောမတူခဲ့ပါဘူး။
ပထမဆုံး သူမ၏ စတုတ္ထဦးလေးနှင့် ဒေါ်လေးတို့အပေါ် တင်နေသော ပိုက်ဆံအကြွေးကို ၃ နှစ်လောက်နဲ့ ပြန်မဆပ်နိုင်လောက်သေးပေ။ ယခု သူတို့က ဒီကိစ္စများနဲ့ ရင်းနှီးကျွမ်းဝင်နေပါပြီ။ သို့သော်လည်း စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့က သူမတို့ကို သင်ပြပေးချင်တယ်ဆိုရင်တောင် ပစ္စည်းများကို ဝယ်ယူဖို့က ဘယ်လောက်တောင် ကုန်ကျလိုက်မလဲ။ ထိုကုန်ကျစရိတ်က များပြားလွန်းပါသည်။
ဒီလောက်ပိုက်ဆံအများကြီး သူတို့ ဘယ်ကရနိုင်မည်နည်း။ သူမ၏ စတုတ္ထဦးလေးနှင့် ဒေါ်လေးတို့ကို တစ်ခါမဟုတ် နှစ်ခါ အားကိုးရဦးမည်။ အချိန်တိုင်း သူတို့ကိုပဲအားကိုးနေပြီး အခွင့်ကောင်းယူလို့ မဖြစ်ဘူး မဟုတ်လား။
သူတို့ကို မြို့တော်သို့ခေါ်လာပေးပြီး အလုပ်လည်း စီစဥ်ပေးခဲ့သည်။ ထို့အပြင် ဆိုင်တစ်ဆိုင်ဝယ်ဖို့အတွက် ဒီလောက် များပြားသည့် ငွေပမာဏကို ချေးငှားပေးခဲ့သည်။ ဒီလောက်ဆို လုံလောက်ပြီဟု ကျိုးစန်းနီ ခံစားမိပါသည်။
ထို့ကြောင့် သူမ ဒီဆိုင်ကို ဆက်စောင့်ပေးဖို့ စီစဥ်ထားသည်။ သူမ၏ စတုတ္ထဦးလေးနှင့် ဒေါ်လေးတို့၏ ပြန်ဆပ်ပြီးသွားသည့်အခါ၊ စီးပွားရေးလုပ်ဖို့ အရင်းအနှီးစုပြီးသွားသည့်အခါ သူမတို့ ကိုယ်ပိုင်စီးပွားရေး လုပ်ပါမည်။ လောလောဆယ် ဆိုင်ကိုလည်း ငှားရမ်းထားသဖြင့် ငှားရမ်းခကြောင့် သူတို့ အရှုံးမရှိပါ။
ကျိုးစန်းနီက ဒီ့အတွက် အလွန်ဆုံးဖြတ်ချက် ပြတ်သားသဖြင့် လီအိုက်ကော်လည်း သူ့မိန်းမစကားကိုသာ နာခံနိုင်ရုံရှိပါသည်။
သူ့မိန်းမ တစ်ခုခုကို ဒီလောက်ထိ ဆုံးဖြတ်ချက်ပြတ်သားတာကို မြင်ရဖို့က ရှား၏။
အမှန်ပင်။ ဒီကိစ္စများကို လင်းချင်းဟယ်နှင် ကျိုးချင်းပိုင်တို့အား ပြောမပြခဲ့ပေ။
လင်းချင်းဟယ်က ထိုနေရာတွင် ခဏလောက် ထိုင်စကားပြောခဲ့ပါသည်။ အိမ်မှာ စားစရာရှိဦးမည်ဟု တွေးကာ သူမ ဘာမှ ယူမလာခဲ့ပေ။
သူမပြန်ရောက်သောအခါ ညစာစားချိန်ပင်ရောက်နေပါပြီ။
ဟူကျစ်ကလည်း စောစောပြန်ရောက်လာခဲ့သည်။ မီးပုံးပွဲပြီးနောက် ချန်းရှန်ရှန်ကို သူပြန်ခေါ်သွားခဲ့သည်။ ထိုအချိန်တွင် လင်းချင်းဟယ်က ကိုယ်ဝန်ရှိလာခဲ့ခြင်းဖြစ်၏။ သူမ၏ ဘဝက အတော်လေးမှောင်မိုက်နေသော ကာလဖြစ်သဖြင့် ပြောပြဖို့ စိတ်မပါခဲ့ပေ။
ဒီနှစ်ထဲ ဟူကျစ်က ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ခဲ့ပြီဖြစ်သည်။ အပြင်ဘက်တွင် နေရာတစ်ခုကို ငှားရမ်းပြီး လမ်းဘေးဆိုင်အရောင်းသမားတစ်ယောက်အဖြစ် လုပ်ငန်းစတင်ခဲ့သည်။ သူရလာသည့်ပိုက်ဆံများကိုတော့ သူ့ဒေါ်လေး လင်းချင်းဟယ်ကို လာအပ်ဆဲဖြစ်သည်။
ဟူကျစ်လည်း မြို့တော်အိမ်ထောင်စုစာရင်း ရသွားခဲ့ပါပြီ။
သူက ဝိန်ကော်တုန်းထက် အရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ခဲ့သည်။ အိမ်ထောင်စုစာရင်းတစ်ခုနဲ့ မှတ်ပုံတင်တစ်ခုဖြစ်သည်။ အခုတော့ သူက မြို့သားစစ်စစ်တစ်ယောက်ဖြစ်သွားပြီး ဘယ်ကိုသွားဖို့မှ မကြောက်ရွံ့တော့ပါ။
လင်းချင်းဟယ်က သူ့တူကို အလွန်အားရပါသည်။ သူက အားထုတ်ပြီး အလုပ်ကြိုးစား၏။ ထို့အပြင် သူပထမဆုံးရောက်လာတုန်းကထက် ၂ နှစ်လောက်စာသင်ပြီးသွားသောအခါ အများကြီး ပိုထက်မြက်လာခဲ့ပါသည်။ သူခါးသမီးမှုကို ခံနိုင်ရည်ရှိသည်။
မိုးမရွာပါက သူ့ခြေလှမ်းများကို ဘယ်အရာကမှ မတားဆီးနိုင်ပါ။
"ဒီနေ့ဘာလို့ အစောကြီးပြန်လာတာလဲ" လင်းချင်းဟယ်က ပြုံးကာ မေးလိုက်သည်။
"ဒေါ်လေး" ဟူကျစ်က သူ့ဦးလေးနဲ့ စကားပြောနေသည်။ အသံတစ်ခုကိုကြားလိုက်သောအခါ ဘေးဘက်ကို လှည့်ကြည့်လိုက်ပြီး ပြုံးကာ နှုတ်ဆက်လိုက်၏။ ထို့နောက် ပြန်ပြောလိုက်သည်။ "ဒီနေ့ ကျွန်တော် ကံကောင်းတယ်။ အထည်တွေအကုန်လုံး စောစောရောင်းထွက်သွားတယ်။ မနက်ဖြန် နောက်တစ်သုတ် ဝယ်ရဦးမယ်။"
"ရှန်ရှန်နဲ့ မကြာမကြာ ရုပ်ရှင်သွားကြည့်ပါဦး။ နင့်ကိုကြည့်ပါဦး။ နေ့တိုင်း အလုပ်ပဲလုပ်နေပြီး သူ့ကို အချိန်မပေးနိုင်တော့ဘူး" လင်းချင်းဟယ်က ပြောလိုက်သည်။
"ပေးပါတယ်ဗျာ" ဟူကျစ်က ရွှင်ပျစွာ ပြန်ဖြေလိုက်ပါသည်။
ချန်းရှန်ရှန်နဲ့ သူက ယခုအခါ ခင်ပွန်းလောင်းနှင့် ဇနီးလောင်းများဖြစ်နေကြပါပြီ။ သူ့အိမ်ထောင်စုစာရင်းကိုလည်း ရွှေ့ပြောင်းပြီးပြီဖြစ်ပြီး လက်ထပ်နိုင်သည့် အရွယ်လည်း ရောက်နေပါပြီ။ သို့သော် ဒီနှစ်တော့ လက်ထပ်ဖို့ စိတ်ကူးမရှိသေးပါ။
ပိုက်ဆံပိုရှာပြီး ဆိုင်တစ်ဆိုင် အရင်ဝယ်ချင်၏။ သူ့ဦးလေးနဲ့ ဒေါ်လေးတို့က သူ့မှာပိုက်ဆံရှိလျှင် ဆိုင်တစ်ဆိုင်ဝယ်ဖို့ ပြောထားသည်။ ဒီတိုင်း လမ်းဘေးဆိုင်ဖွင့်နေလို့ မဖြစ်ပါ။
သူတို့စကားကိုနားထောင်ပြီး ပိုက်ဆံပိုရှာချင်မိသည်။ ဘာပဲဖြစ်ဖြစ် ဒီနှစ် သူ့အိမ်ထောင်စုစာရင်းကို ပြောင်းလဲဖို့ အတော်လေးကုန်ကျခဲ့ရသည်။
"နင့်ဦးလေးနဲ့ ဘာတွေပြောနေကြတာလဲ။ ငါဝင်လာမှ ရပ်လိုက်ကြသလိုပဲ" လင်းချင်းဟယ်က မေးလိုက်ပါသည်။
"ဘာမှမဟုတ်ပါဘူး။ ကျွန်တော် ရောင်းနေတုန်း ရှန့်ချမ်းနဲ့ တွေ့ခဲ့တယ်" ဟူကျစ်က ခေါင်းခါပြီး ပြောလိုက်ပါသည်။
ဒီကိစ္စကို ဘာမှပြောစရာမရှိပါ။ သူ ရှုရှန့်ချမ်းနဲ့ဆုံခဲ့ပြီး ရှုရှန့်ချမ်းက သူ့ကိုမြင်ခဲ့သည်။ အစကတော့ နှုတ်ဆက်ချင်သော်လည်း ရှုရှန့်ချမ်းက သူ့ကိုကြည့်ကာ မျက်နှာလွှဲသွားသည်။ ထို့ကြောင့်သူလည်း ဘာမှ ယဥ်ကျေးပြမနေတော့ပါ။
သူတို့နှစ်ယောက်က စကားမပြောကြသော်လည်း နှစ်ယောက်စလုံး အချင်းချင်း မသိကြဘူးဆိုတာ လက်ခံလိုက်ကြပြီးသားဖြစ်ပါသည်။
နောက်ဆုံးမှာတော့ ရှုရှန့်ချမ်းကို ဘယ်သူမှ သင်ကြားမပေးခဲ့ပါ။ ရှုရှန့်ချမ်း၏ စီးပွားရေးလုပ်ကိုင်ပုံကို သူ သည်းမခံနိုင်ပေ။ သူ့သဘောထားက အလွန်ဆိုးရွားလွန်း၏။
အထည်များကိုကြည့်ပြီးသောအခါ ကတ်စတမ်မာက စျေးဆစ်၏။ သူကတော့ ဝယ်ချင်ဝယ် မဝယ်ချင်သွားတော့ဟု ပြောခဲ့သည်။
စီးပွားရေးဆိုတာ ဒီလိုလုပ်လို့ဖြစ်ပါ့မလား။
သူ့နေရာက ကောင်းမွန်လွန်းသဖြင့် အထည်အားလုံးကို ရောင်းထွက်ခဲ့သည်။ ရှုရှန့်ချမ်းကတော့ နှစ်ထည်သာ ရောင်းနိုင်ခဲ့ပါသည်။
ဒီလို စရိုက်မျိုးကြောင့် သူကိုယ်တိုင် လူတွေကိုမောင်းထုတ်နေသလို ဖြစ်နေပါသည်။