အင်မော်တယ်လောကမှ အန္တရာယ်
Vol. 57 Ch. 792
အေးစိမ့်စိမ့် ရေများက မိုဝူကျိပေါ် ရောက်လာသည်နှင့် သူ့တစ်ကိုယ်လုံးမှာ သက်တောင့်သက်သာ ဖြစ်သွားလေ၏။ သူက နတ်ဘုရား ရုပ်ခန္ဓာ ကျင့်စဉ်ကို လှည့်ပတ်ကြည့်ဖို့ ကြိုးစားကြည့်လိုက်ပြီးနောက် ထိုအေးစက်စက် ကန်ရေက သူ့ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို စတင် ဖယ်ရှားပေးနေသည်။
မိုဝူကျိက စိတ်ထဲ ပျော်ရွှင်မှုများ ကြီးစိုးလာမိသည်။ သူက ရေကန်ကိုယ်တိုင်က ရတနာ ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။ အပေါ်ယံ၌ ရေကန်မှာ အခြားသော ရေကန်များကဲ့သို့ သာမာန်နှင့် တူပြီး သူ့စိတ်စွမ်းအား၌ပင် ခြားနားချက်ကို အာရုံမခံမိပေ။ သူ ရေကန်ထဲ ဆင်းလိုက်သည်နှင့် မိုဝူကျိက ဤရေကန်မှာ သူ့ရုပ်ခန္ဓာ လေ့ကျင့်ဖို့ရာအတွက် အကောင်းဆုံးနေရာ ဖြစ်ကြောင်း သေချာပေါက် သိလိုက်ရသည်။ ဤရေကန်မှာ သာမာန် မဟုတ်ချေ။
အကယ်၍ မိုဝူကျိက ရုပ်ခန္ဓာ လေ့ကျင့်မှုကို ပြန်မစတင်ခင် ဤရေကန်ထဲ၌ သူ့ခန္ဓာကိုယ်ကို နှစ်အနည်းငယ်လောက် သန့်စင်လိုက်ပါက အာနိသင်မှာ နောက်တဆင့် ရောက်သွားမည် ဖြစ်၏။ တူညီလှစွာ သူက ရုပ်ခန္ဓာလေ့ကျင့်ပြီး ခန္ဓာကိုယ် သန့်စင်ခြင်းမှာလည်း အကျိုးသက်ရောက်မှု ရှိလေသည်။
သူက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၇ ကျင့်ကြံသူ ဖြစ်လေရာ သူ့လိုမျိုး ရုပ်ခန္ဓာအဆင့်ကို သန့်စင်ပေးနိုင်သည့်အထိ ဤရေကန်မှာ မည်မျှ ဆန်းကြယ်နေသနည်း။
ဒီ ဖျံကြီးက ဘဝကို ဘယ်လိုနေထိုင်ရမယ်ဆိုတာ ကောင်းကောင်း သိတာပဲ ….
မိုဝူကျိက သားရဲတော်တော်များများက ဤရေကန်၏ ကောင်းကင်ဘုံ သွေဖယ်နေသည့် အချက်ကို သတိမပြုမိကြကြောင်း ခန့်မှန်းမိလိုက်သည်။ မဟုတ်လျှင် သူတို့အားလုံး ရောက်လာကာ ဤနေရာ၌ တိုက်ပွဲ ဖြစ်နေလောက်လေပြီ။
သို့သော် လူဝံကြီးတော့ သိရမည် …. မဟုတ်လျှင် ရောက်လာစရာ အကြောင်းမရှိပေ။
မိုဝူကျိက ရေကန်တစ်ခုလုံးကို ထာဝရ ကမ္ဘာထဲ ထည့်ဖို့ရာ တွေးမိသွားစဉ် အစိမ်းရောင် အပင်လေး တစ်ပင် မျက်စိရှေ့မှောက် ပေါ်လာသည်။
ရေကန်အောက်ခြေ၌ အသီးပင်လေးမှာ အလယ်တွင် ပေါက်နေပြီး သစ်ပင်ဘေးပတ်လည်တွင် ရေဖယ်ရှား အစီအရင် ရှိနေပြီး ရေနှင့် အပင်ကို ခွဲခြားထားလေ၏။
အသီးပင်လေး အပေါ်၌ အင်မော်တယ် အသီး ခုနှစ်လုံးကို မြင်လိုက်ရပြီး မိုဝူကျိက သစ်ပင်နား ရောက်သွားစဉ် သင်းပျံ့ပျံ့ ရနံ့လေးက ချက်ချင်းဆိုသလို မိုဝူကျိအား ရွှင်လန်းသွားစေသည်။
မိုဝူကျိက ရေဖယ်ရှား အစီအရင်ဆီ လျှောက်သွားလိုက်ကာ ထိုသစ်ပင်၏ အမျိုးအစားကို မှတ်မိလိုက်သည်နှင့် နှလုံးခုန်နှုန်းပင် မြန်ဆန်လာမိသည်။ သူက နောက်ဆုံးတော့ လူဝံကြီးသည် ဤနေရာကို လာချင်နေသည့် အကြောင်းအရင်းနှင့် ဖျံကြီးက လူဝံကြီးအား တားဆီးနေသည့် အကြောင်းအရင်းကို သိသွားလေပြီ။
လူဝံကြီးက ရေကန်ကို မသွားနိုင်သော်လည်း ရေကန်အောက်ခြေမှ အင်မော်တယ်အသီးကို လုဖို့ရာ ကြံရွယ်နေခြင်းသာ ဖြစ်သည်။ မိုဝူကျိက အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်သည့်အတွက် သူ့ရှေ့မှ အင်မော်တယ်အသီးကို ကောင်းကောင်း သိပေသည်။ လူအများက အဆင့်မခွဲနိုင်ကြသော အင်မော်တယ်အသီးမှာ ပြောင်းလဲရေး တာအိုအသီးသာ ဖြစ်၏။
သားရဲအတွက် ဤသည်မှာ ထိပ်တန်းအဆင့် အင်မော်တယ် အသီး ဖြစ်ပေသည်။ အကြောင်းမှာ ပြောင်းလဲရေး တာအိုအသီးက အဆင့် ၁၀ သားရဲများကို လူသားတာအို ခန္ဓာကိုယ်အသွင် ပြောင်းလဲစေနိုင်၏။
သားရဲ ပြောင်းလဲခြင်းမှာ တကယ် မခက်ခဲပေရာ သားရဲအများစုက အင်မော်တယ် သားရဲအဆင့် ရောက်ဖို့ရာ မလိုအပ်ကြဘဲ သာမာန် အဆင့် ၉ ၌ ပြောင်းလဲနိုင်ကြသည်။ သို့သော်လည်း ဤသို့ ပြောင်းလဲမှုကား သားရဲ၏ ကျင့်ကြံဆင့်ကို အထောက်အကူများစွာ မဖြစ်ပေ။
ပြောင်းလဲရေး တာအိုအသီးက ခြားနားခြင်း အကြောင်းအရင်းမှာ သားရဲတစ်ကောင်က ပြောင်းလဲရေး တာအိုအသီးကို သုံး၍ ပြောင်းလဲခဲ့လျှင် ပြောင်းလဲနိုင်ရုံသာမက မိုးမြေ မဟာတာအို၏ အသိမြင်ကိုလည်း ရရှိနိုင်သည့် သင့်တော်သော ခန္ဓာကိုယ်မျိုး ရရှိပေလိမ့်မည်။
ပြောင်းလဲရေး တာအိုအသီးကို အသုံးပြု၍ ပြောင်းလဲထားသော သားရဲများမှာ မိုးမြေ စည်းမျည်းများ ပေါင်းစပ်မှုနှင့် ဉာဏ်အလင်းပွင့်မှုအရ အားနည်းမနေပေ။ ထို့အပြင် သူတို့၏ ရုပ်ခန္ဓာမှာလည်း လူသားကျင့်ကြံသူများကိုပင် သေချာပေါက် ကျော်လွန်ပေလိမ့်မည်။
သားရဲများအတွက် ပြောင်းလဲရေး တာအိုအသီးတိုင်းက အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်နေပြီး အင်မတန်လည်း ရှားပါးလှပေသည်။
သူ့ရှေ့တွင် ရင့်မှည့်လုနီးပါး ဖြစ်နေသည့် ပြောင်းလဲရေး တာအိုအသီး ခုနှစ်လုံးပါရှိသည့် သစ်ပင် ရှိနေ၏။ သူက ခေါင်းမသုံးဘဲ တွေးကြည့်လျှင်ပင် ထိုအသီးများ ရင့်မှည့်သွားသည်နှင့် အားကောင်းသည့် သားရဲများစွာ၏ အာရုံကို ဆွဲဆောင်မည် ဖြစ်ကြောင်း သိပေသည်။ အသီးရင့်မှည့်လာသည့်အခါ ရနံ့နှင့်အတူ တာအို အငွေ့အသက်တို့က တစ်နေရာလုံးကို လွှမ်းခြုံသွားပေလိမ့်မည်။
အကယ်၍ မိုဝူကျိက ထာဝရ ကမ္ဘာသာ မပိုင်ဆိုင်ထားလျှင် ဤအသီးများကို ဖုံးကွယ်ရေး အစီအရင် အထပ်ထပ် ခင်းကျင်းကာ ဖုံးကွယ်ထားရလောက်သည်။
ယခု သူ့တွင် ထာဝရ ကမ္ဘာ ရှိသည့်အတွက် ပြောင်းလဲရေး တာအိုအသီးပင် တစ်ပင်လုံးကို တစ်ခါတည်း ပြောင်းရွေ့ထားလိုက်ဖို့ တုံ့ဆိုင်းမနေတော့ချေ။ သူက အင်မော်တယ် ဧကရာဇ်အဆင့် မတက်လှမ်းခင် မိုဝူကျိက ကိုယ့််အတွက် ပြဿနာဖြစ်လာစေမည့် ကိစ္စကို မလုပ်ချင်ပေ။
ပြောင်းလဲရေး တာအိုအသီး၏ သဘာဝ ကာကွယ်ရေး အစီအရင် အစွန်းဖျား၌ အပြာရောင် ကျောက်လမ်းလေး ရှိနေသည်။ ရေများက ထိုလမ်းတစ်ဖက်တစ်ချက်စီ၌သာ ရှိနေသောကြောင့် မိုဝူကျိက စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်သည့်အခါ ထိုလမ်းကြောင်းလေးမှာ အင်မော်တယ်ဂူ ကျဉ်းကျဉ်လေးတစ်ခုဆီ ဦးတည်နေကြောင်း ခံစားမိလိုက်၏။
အင်မော်တယ်ဂူလေးတွင် ရိုးရှင်းသော စွမ်းအင် စုစည်းရေး အစီအရင်တချို့ ရှိနေပြီး မိုဝူကျိက မြင်လိုက်တာနှင့် တန်းသိပေသည်။ ဖျံကြီးက အစီအရင်တာအို၌ မကျွမ်းကျင်ကြောင်း သိသာလှသည်။
မိုဝူကျိက အင်မော်တယ်ဂူထဲ ဝင်လိုက်သည်နှင့် ပထမဆုံး သူ လုပ်သည့်အရာမှာ အပြင်ဘက်ရှိ စွမ်းအင် စုစည်းရေး အစီအရင်ကို ပြောင်းလဲပစ်ခြင်း ဖြစ်၏။ ထို့နောက် သူက သိုလှောင်လက်စွပ် ငါးကွင်းကို မထုတ်ခင် ကာကွယ်ရေး အစီအရင်များနှင့် ထောင်ချောက် အစီအရင်များကိုလည်း ခင်းကျင်းလိုက်သည်။
သိုလှောင်လက်စွပ်တစ်ကွင်းမှာ ဖျံကြီး၏ အပိုင် ဖြစ်ပြီး ကျန်သည့် လေးကွင်းမှာ နတ်ဘုရားမျိုးနွယ်မှ လူများအပိုင် ဖြစ်သည်။
ဖျံကြီး၏ သိုလှောင်လက်စွပ်၌ ထိပ်တန်းအဆင့် သတ္တုများနှင့် အင်မော်တယ် ဆေးပင်များ ပါဝင်ကာ အစိမ်းရောင်ကျောက် များများစားစား မရှိပေ။ သို့သော်လည်း လက်စွပ်အတွင်းမှ အင်မော်တယ်ဆေးပင်များမှာ အရည်အသွေးအရရော၊ အရောင်အသွေးအရပါ မိုဝူကျိ ကောင်းကင်ဘုံအလွန်မြို့၌ ရခဲ့သည်များထက် သာပေ၏။ သူက ထိပ်တန်းအဆင့် ဧကရာဇ် တာအိုအသီးပင် တွေ့လိုက်ရသေး၏။
ပစ္စည်းများမှာ အဆင့် ၉ အင်မော်တယ် ပစ္စည်းအပုံလိုက်အပြင် မိုဝူကျိက သူပင် မမှတ်မိသော တချို့ပစ္စည်းများကိုပါ တွေ့လိုက်ရ၏။ ထိုပစ္စည်းပေါ်မှ ထွက်ပေါ်နေသော တာအိုအငွေ့အသက်အရ မိုဝူကျိက ထိုပစ္စည်းများမှာ သေချာပေါက် အားမနည်းကြောင်း ပြောနိုင်ပေသည်။
နတ်ဘုရားမျိုးနွယ် အင်မော်တယ် ဧကရာဇ် သုံးယောက် လက်စွပ်၌ မိုဝူကျိက စုစုပေါင်း အစိမ်းရောင်ကျောက် တစ်သန်းနှင့်အတူ အင်မော်တယ်ဆေးပင်များနှင့် ပစ္စည်းများကို တွေ့လိုက်ရသည်။
အံ့အားသင့်စရာအကောင်းဆုံးမှာ သူ စိတ်စွမ်းအင်မြှားဖြင့် သတ်လိုက်သော တာအိုဧကရာဇ် လက်စွပ်ထဲ၌ အစိမ်းရောင်ကျောက် စုစုပေါင်း သုံးသန်းကျော် ရှိနေပြီး အင်မော်တယ် ပစ္စည်းများနှင့် ကျင့်စဉ်များစွာလည်း ပါဝင်သေး၏။ ဤလက်စွပ်မှ သိုလှောင်ခန်းကြီးနှင့် တူပေသည်။ သို့သော်လည်း မိုဝူကျိအား စိတ်အလှုပ်ရှားစေဆုံးအရာမှာ သဘာဝဓာတ် ငါးမျိုး မြေကြီးကို တွေ့လိုက်ရ၍ ဖြစ်သည်။
သဘာဝဓာတ်ငါးမျိုး မြေကြီးမှာ အဖိုးမဖြတ်နိုင်သည့် ရတနာမျိုး ဖြစ်ကာ ထိုမြေပေါ်၌ ထိပ်တန်းအဆင့် အင်မော်တယ်ဆေးပင်များ ပေါက်ရောက်နိုင်ရုံသာမက အင်မတန်လည်း တန်ဖိုးရှိပေသည်။ ထိုမြေကြီးက အာကာပြင် ဆေးဥယျာဉ် သို့မဟုတ် ကမ္ဘာငယ်လေးကိုပင် သန့်စင်ပေးနိုင်လိမ့်မည်။
တောင်ပံတစ်စုံအပါအဝင် အခြားရတနာများမှာ မိုဝူကျိက အချိန်တစ်ခုအထိ သန့်စင်လိုသည့် ပစ္စည်းမျိုး မပါပေ။ သူ့တွင် လေလွတ်မြောက်ရေး နည်းစနစ် ရှိနေသည့်အတွက် ထိုတောင်ပံ၌ စိတ်မဝင်စားပေ။
ရတနာများစွာနှင့်အတူ အစိမ်းရောင်ကျောက်များနှင့် ကျင့်ကြံရေး အရင်းအမြစ်များဖြင့် မိုဝူကျိက ယာယီ ကျင့်ကြံရေး အရင်းအမြစ်များကို မလိုသေးကြောင်း သိလိုက်သည်။ ဤပစ္စည်းများဖြင့် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်ထိ တက်လှမ်းဖို့ရာ ဖူလုံလောက်ပေ၏။
မိုဝူကျိက အစိမ်းရောင်ကျောက်အပုံလိုက်ကို ထုတ်ကာ စွမ်းအင် စုစည်းရေး အစီအရင်ကို ခင်းကျင်းလိုက်သည်။ သူ့အင်မော်တယ် အုပ်စိုးသူ အထွတ်အထိပ်အဆင့်မှာ သူ့ကိုယ်သူ ကာကွယ်ဖို့ရာသာ လုံလောက်ပေသည်။ ယခု သူက နတ်ဘုရား မျိုးနွယ်နှင့် ဟဲရှီးအဖွဲ့အား ရန်စထားမိပြီးပြီ ဖြစ်ရာ အင်အား တိုးအောင် လုပ်ဖို့ လုပ်ပေသည်။ လက်ရှိ ကျင့်ကြံဖို့ ကိစ္စကား ဦးစားပေး ဖြစ်၏။
ယန်ယွဲ့ရုန်ကိုတော့ မိုဝူကျိက မစိုးရိမ်ပေ။ သူက ယန်ယွဲ့ရုန်အား ပေးခဲ့သော လက်စွပ်၌ အင်မော်တယ်ဘုရင်ဆေးလုံး အပါအဝင် ပစ္စည်းများစွာ ချန်ထားပေးခဲ့သည်။ ယန်ယွဲ့ရုန်အနေနှင့် ကြေကွဲမြို့ဟောင်းထဲ ရောက်လာသည့်အခါ သူမဘာသာ ပုန်းအောင်းနေရင်း ကျင့်ကြံဖို့သာ လိုအပ်ပေသည်။
……………...
စကြဝဠာအစွန်းမှာ ပိုပို၍ ဖိနှိပ်ခံလာရသလို လူသားမျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ ဖိနှိပ်ခံနေရလေ၏။
လွန်ခဲ့သည့် တစ်နှစ်ခန့်က မိုဝူကျိက ဝူလီအား တာအိုဆွေးနွေးခြင်း စင်မြင့်အထက်၌ သတ်ပစ်ခဲ့ပြီး စကြဝဠာအစွန်း၌ စင်မြင့်တစ်ခုလုံးကို ဖျက်စီးပစ်ခဲ့သည်။ မိုဝူကျိက နတ်ဘုရားမျိုးနွယ်မှ အင်မော်တယ် ဧကရာဇ် သုံးယောက်ကို သတ်ပစ်ခဲ့ပြီး မီဖေးကုန်သွယ်ရေး အဖွဲ့ဆီမှ အစိမ်းရောင်ကျောက် သုံးသန်းကျောက် လျော်ကြေးတောင်းကာ ဟဲရှီးအဖွဲ့မှ သေမင်းတမန် မိန်းကလေးလီအား ကျင့်ကြံဆင့် ဖျက်စီးပစ်ခဲ့သည့် အကြောင်းအရင်းများကြောင့်တော့ မကပေ။
ယခင် မီဖေးကုန်သွယ်ရေး အဖွဲ့၊ ဟဲရှီးအဖွဲ့နှင့် နတ်ဘုရားမျိုးနွယ်စုတို့မှ အဆင့်မြင့် ကျင့်ကြံသူအများစုကား မရှိခဲ့ကြချေ။ ထို့အပြင် စကြဝဠာအစွန်း၏ တာအိုသခင် ဖုန်းဟွမ်မှာလည်း ဝင်ပါဖို့ရာ ငြင်းဆိုပြီး မိုဝူကျိက သူလုပ်ချင်တာ လုပ်ပြီးနောက် စကြဝဠာအစွန်းမှ ထွက်သွားခဲ့သည်။
ထို့နောက် နတ်ဘုရားမျိုးနွယ်က မိုဝူကျိနောက် လိုက်ကြသော်လည်း သူတို့က သူ့အား ဖမ်းဆီးနိုင်လားကိုပင် ရေရေရာရာ ဘာမှထုတ်မပြောပေ။
လွန်ခဲ့သည့်် တစ်နှစ်ခန့်က မိုဝူကျိ တစ်ယောက် အရှုပ်တွေ ဖန်တီးပြီးနောက် စကြဝဠာအစွန်းကြီး၌ နတ်ဘုရားမျိုးနွယ်စု၏ ဦးဆောင်မှုအောက်ဖြင့် လူသားမျိုးနွယ်စုဝင် ကျင့်ကြံသူများကို သတ်ဖြတ်သည့်နေရာ ဖြစ်လာသည်။ ထို့အပြင် နတ်ဘုရားမျိုးနွယ်စုက သူတို့၏ စစ်တပ်များကို စုဆောင်းကာ လူသားမျိုးနွယ်စု၏ တစ်ခုတည်းသော စခန်းဖြစ်သည့် အထက်ဘုံ၏ စကြဝဠာမြို့တော်ကိုလည်း သိမ်းပိုက်ဖို့ လုပ်နေကြသည်။
အားလုံးက နတ်ဘုရားမျိုးနွယ်စုအနေနှင့် ဤသို့ပြင်းပြင်းထန်ထန် တုံ့ပြန်သည်မှာ သူတို့သခင်လေး ဝူလီ အသတ်ခံလိုက်ရ၍ ဖြစ်မှန်း သိကြသည်။ စကြဝဠာအစွန်းက နတ်ဘုရားမျိုးနွယ်၏ ကျူးလွန်မှုများကို ဘာမှဝင်မပြောပေ။ အကြောင်းမှာ မီဖေးကုန်သွယ်ရေး အဖွဲ့ ချင်ယီစာနှင့် ဟဲရှီးအဖွဲ့ခေါင်းဆောင် အန်းရွယ်ချန်းတို့ကလည်း နတ်ဘုရားမျိုးနွယ်၏ အပြုအမူကို အားပေးထောက်ခံကြ၍ ဖြစ်သည်။
စကြဝဠာအစွန်းရှိ လူသားကျင့်ကြံသူများမှာ စတင်၍ ထွက်ပြေးရပြီး နှေးကွေးနေသောသူများမှာ အသတ်ခံလိုက်ရသည်။
………………...
အထက်ဘုံ၏ စကြဝဠာမြို့တော်မှာ ကောင်းကင်ဘုံအလွန် စကြဝဠာတစ်ခုလုံး၌ လူသားမျိုးနွယ်၏ တစ်ခုတည်းသော စခန်း ဖြစ်ပေသည်။ လက်ရှိ မြို့၏ မြို့စားအိမ်တော်၌ အပ်ကျလုမတတ် တိတ်ဆိတ်နေသည်။
လူသားမျိုးနွယ်ရှိ အဆင့်မြင့် ကျင့်ကြံသူများစွာက မြို့စားအိမ်တော်၌ စုဝေးနေကြသေသာ်လည်း တစ်ခုတည်းသော ခြားနားချက်က ဤအစည်းအဝေးကို ကြီးမှူးသူမှာ ဖျင်လီရှန်း မဟုတ်တော့ဘဲ ဖီးနစ်မျက်ခုံးမွေးနှင့် လူငယ်လေး ဖြစ်၏။ ထိုလူငယ်လေး ဘေးပတ်လည်၌ စွမ်းအားများမှာ ဖုံးကွယ်ထားသောကြောင့် မည်သူကမှ သူ မည်မျှ အားကောင်းကြောင်း မပြောနိုင်ကြပေ။
သို့သော်လည်း ဖျင်လီရှန်းက သူ့အောက်တွင် ထိုင်နေရသောကြောင့် ထိုလူမှာ အထက်ဘုံ၏ တာအိုဧကရာဇ် ကျီချန်းလော့ ဖြစ်ကြောင်း သိနိုင်ပေ၏။
ခန်းမတစ်ခုလုံးအတွင်းရှိ လေထုမှာ အလွန်တင်းကျပ်နေပြီး အားလုံးက တိတ်တိတ်သာ စောင့်ဆိုင်းနေကြသည်။
အမွေးတိုင်တစ်ဝက်စာကြာပြီးနောက် အင်မော်တယ် အုပ်စိုးသူအဆင့် လူလတ်အရွယ် အမျိုးသားကြီးက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး ကျီချန်းလော့အား နှုတ်ဆက်ကာ
“ တာအိုဧကရာဇ်ကို တင်ပြရမယ်ဆိုရင် ကျုပ်က မိုဝူကျိရဲ့ နောက်ခံကို သေချာစစ်ဆေးပြီးသွားပါပြီ။ အဲဒီလူက ယုံရင် အင်မော်တယ်နယ်မြေက ရောက်လာပြီးတော့ ဖင်ဖန်းအင်မော်တယ်ကျောင်းတော်ကို တည်ထောင်ထားပါတယ် ….
အဲဒီ မိုဝူကျိက မဟာဓားလမ်းစဉ်ဂိုဏ်း၊ လျှပ်စီးဂိုဏ်းနဲ့ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်တို့နဲ့ ရန်ကြွေး ရှိထားပါတယ်။ ဖင်ဖန်းက မဟာဓားလမ်းစဉ်ဂိုဏ်းကို နှိမ်နှင်းထားပြီးပါပြီ။ ပြီးတော့ ဖင်းဖန်အင်မော်တယ်ကျောင်းတော်အောက်မှာ အင်မော်တယ် သွေးကြော ရှိနေလောက်တယ်။ အဲဒီနေရာမှာ အင်မော်တယ်စွမ်းအား အရမ်းသိပ်သည်းလွန်းတယ် …. ”
“ဖင်းဖန်အင်မော်တယ်ကျောင်းတော်လား ” ကျီချန်းလော့က ထိုနာမည်ကို ထပ်ရေရွတ်လိုက်သည်။ သူက ဖင်းဖန်ကို ကြားဖူးပေသည်။ သူ့အနေနှင့် ကျောင်းအုပ် မိုဝူကျိက အင်အား သိသိသာသာ တိုးလာပြီး အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်ကြောင်း ကြားထားဖူး၏။ သူက စိတ်ထဲ မထားခဲ့ပေ။ အကြောင်းမှာ အဆင့် ၈ ဆေးလုံးဧကရာဇ်မှာ သူ့အတွက် ဘာဆိုဘာမှ မဟုတ်ပေ။
ဘေးတွင် ထိုင်နေသည့် ကျင်းယူက သူ ပြောရမည့်အရာကို သိထားပြီသော်လည်း အကြောက်တရားဖြင့် တုန်ယင်နေမိသည်။ သူက မိုဝူကျိသည် ဤမျှတိုးတက်လာလိမ့်မည်ဟု မထင်ထားပေ။ အင်မော်တယ် သုံးယောက် ဝန်းပြီး သတ်တာပင် မသေဘဲ သူက ပြန်သတ်ခဲ့သေး၏။ ထို့အပြင် ကောလဟာလများအရ ဝူဝမ့် ကိုယ်တိုင် မိုဝူကျိအား လိုက်ဖမ်းခဲ့သော်လည်း မရပေ။ ကြည့်ရသည်မှာ ယခင် သူက မိုဝူကျိအား ကောင်းကင်ဘုံ နယ်နမိတ်အလွန်၌ သွားရောက် ရှာဖွေခြင်းကား အလွန်လေး အန္တရာယ်များလွန်းလှသည်။
မိုဝူကျိက ပစ္စည်းကောင်းများ ရှိမှန်း သိသာသော်လည်း နှမြောစရာကောင်းသည်က ဤကိစ္စမှာ ကြီးလာလေရာ ကျင်းမျိုးနွယ်စုအနေနှင့် မိုဝူကျိတွင် ရှိသမျှအရာအားလုံးကို အပိုင်ယူနိုင်မည် မဟုတ်တော့ပေ။
“ တာအိုဧကရာဇ်ကို လျှောက်တင်ပါတယ် …. ကျုပ်လည်း မိုဝူကျိအကြောင်း ကြားဖူးတာ ကြာပါပြီ။ ဖင်းဖန်အင်မော်တယ်ကျောင်းတော်က မဟာဧကရာဇ် တစ်ယောက်ရှိပြီးတော့ သာမာန် အင်မော်တယ် ဧကရာဇ်တချို့လည်း ရှိပါတယ်။
အင်မော်တယ်လောကမှာ ဖန်းဖန်ရဲ့ အင်အားက ထိပ်တန်းလို့ ယူဆလို့ ရပါတယ်။ ဒါပေမဲ့လည်း သူက လူသားမျိုးနွယ်ကို ပြဿနာအရှုပ်အထွေးကြား ဆွဲခေါ်လိမ့်မယ်ဆိုတာ ဘယ်သူက ထင်မှာလဲ … ကျုပ်က လူတချို့ကို ခေါ်သွားပြီးတော့ ဖင်းဖန်ကို ရှင်းထုတ်ပစ်ဖို့ လိုလားပါတယ် …. ” ကျင်းယူက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။
မိုဝူကျိတွင် ပစ္စည်းကောင်းများစွာ ရှိပြီး ကျင်းယီရန်၏ ရှေးဦးမူလမီးကျောက်ကိုပင် လုသွားလေရာ မည်သို့ပင် ဖြစ်စေ သူတို့ကျင်းမျိုးနွယ်အနေနှင့် အတိုးပါ သိမ်းရမည်။
ကျီချန်းလော့က ခေါင်းခါကာ
“ ငါတို့တွေ ဖင်းဖန်ကို သေချာပေါက် ရှင်းပစ်မှာ ဆိုပေမဲ့ ပိုပြီး အရေးကြီးတာက နတ်ဘုရားမျိုးနွယ်စုရဲ့ စစ်တပ်က ငါတို့ အထက်ဘုံရဲ့ စကြဝဠာမြို့ကို တိုက်ဖို့ ကြံစည်နေကြတယ်။ အဲကိစ္စက ထပ်အချိန်ဆွဲထားလို့ မရတော့ဘူး ”
***