အခန်း(၅၆၀) ရှန်ဟိုင်းမြို့တော်သို့ ကြိုသွားခြင်း
Vol. 40 Ch. 560
အခန်း(၅၆၀) ရှန်ဟိုင်းမြို့တော်သို့ ကြိုသွားခြင်း
အမျိုးသမီးကျန်းက လစဥ်ကျန်းမေ့လျန် ပိုက်ဆံဘယ်လောက်ရသလဲ မသိပါ။ သူမ မေးကြည့်သည်။ သို့သော် ကျန်းမေ့လျန်က မပြောပေ။
အရင်တုန်းက အမြဲတမ်း ကပ်စေးနှဲသူဖြစ်ပြီး အခုတော့ အလွန်ရက်ရောနေသဖြင့် သေချာပေါက် အမြတ်များနိုင်ပါသည်။
ပစ္စည်းထောက်ပံ့မှုသာ ရပ်တန့်သွားပါက သူမ သေချာပေါက် အိမ်ပြန်လာပြီး ရန်လာတွေ့ပါလိမ့်မည်။ ထိုအခါ သူမတို့မိသားစုကို ယွမ် ၂၀ ပေးဖို့ ထပ်ပြီး မမျှော်လင့်ပါနဲ့တော့။
လင်းချင်းဟယ်ကို ကလေး အလွန်အကျူး မွေးခြင်းအတွက် တိုင်ကြားဖို့ကတော့ အကြံကောင်း မဟုတ်တော့ပါ၊။
ကိစ္စရပ်များကို လက်တွေ့ကျစွာ အမြဲတမ်း စဥ်းစားသည့် အမျိုးသမီးကျန်းက အဘွားကျန်းကို ဖျောင်းဖျလိုက်ပါသည်။ အဘွာားကျန်းက အလွန်ဒေါသထွက်နေပါသည်။ သို့သော်လည်း သူမ သမီး၏ အထည်ဆိုင်ကြောင့် သူမ မရှုပ်ရဲပါ။
မနှစ်က နှစ်သစ်ကူးတွင် ရှုရှန့်ချမ်းက သူမကို ယွမ် ၅၀ ပါသည့် စာအိတ်နီ ပေးခဲ့ပါသည်။
ကျန်းမိသားစုကို လင်းချင်းဟယ် ခြိမ်းခြောက်ခဲ့သော်လည်း လင်းချင်းဟယ် စိတ်မအေးနိုင်သေးပါ။ သူမ ကျန်းမိသားစု၏ စရိုက်ကို မယုံကြည်နိုင်ပေ။ အမှန်ပင်။ သူမ၏ ဗိုက်ကြောင့်လည်း ပါပါသည်။ လောလောဆယ် သူမ၏ ဗိုက်က အရမ်းမသိသာသေးသော်လည်း မကြာခင် ပေါ်လာပါလိမ့်မည်။
ထိုအချိန်ကျရင်တော့ ဖုံးကွယ်ထားလို့ ရမှာမဟုတ်ပေ။ ထို့ကြောင့် ကျိုးချင်းပိုင်ပြန်လာသောအခါ လင်းချင်းဟယ်က ထိုအကြောင်း ပြောပြခဲ့ပါသည်။
ကျိုးချင်းပိုင်၏ မျက်နှာပျက်သွားပါသည်။
"ကျွန်မကိုကြောက်သွားပြီး လောလောဆယ်တော့ ပြဿနာရှာမှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း ရှင် ရှန်ဟိုင်းမြို့ကို သွားမယ့်ခရီးကို အမြန် ရွှေ့ရမယ်ထင်တယ်" လင်းချင်းဟယ်က ပြောလိုက်သည်။
"ကိုယ် မနက်ဖြန် စီစဥ်ပြီး သဘက်ခါ သွားလိုက်မယ်" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပါသည်။
သူတို့ ရှန်ဟိုင်းမြို့တော်သို့ သွားတော့မည်။ ညီအစ်ကိုနှစ်ယောက်ကလည်း အတန်းတက်ရပြီး မအားသောကြောင့် ဖက်ထုပ်ဆိုင်ကို မဖွင့်တော့ပါ။
သူ့ကိုယ်စား ဖက်ထုပ်ဆိုင်ကို စီမံပေးရမလားဟု ဒေါ်လေးမာက မဝံ့မရဲ မေးလိုက်ပါသည်။
"ဒေါ်လေး ဒီဖက်ထုပ်ဆိုင်က ကျိုးချင်းပိုင် အချိန်ဖြုန်းဖို့သက်သက်ဆိုတာ ဒေါ်လေးသိပါတယ်" လင်းချင်းဟယ်က ပြောလိုက်သည်။
"ငါသိပါတယ်။ နင်တို့မရှိတဲ့အချိန်ပဲလေ။ နင်တို့ပြန်လာတဲ့အခါကျရင် နင်တို့ဆိုင်ကို နင်တို့စီမံဖို့ ပြန်အပ်ပြီး ငါ့အလုပ်ငါလုပ်ပါ့မယ်။ မဟုတ်ရင် ဒီအချိန်က အရမ်းနှမြောဖို့ကောင်းလို့" ဒေါ်လေးမာက ပြောလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် ဖက်ထုပ်ဆိုင်၏ စီးပွားရေးကို သူမသိသည်။ အလွန်ကောင်းမွန်သဖြင့် ဆိုင်မဖွင့်ရင် နှမြောဖို့ ကောင်းလွန်းပါသည်။
"ကျွန်တော်လုပ်တဲ့ ဖက်ထုပ်က ဒေါ်လေး လုပ်ထဲဖက်ထုပ်ပဲနော်" ကျိုးချင်းပိုင်က ပြောလိုက်သည်။
"စိတ်ချပါ ဒီတံဆိပ်ကို နာမည်မပျက်စေရပါဘူး" ဒေါ်လေးမာက ခေါင်းငြိမ့်လိုက်ပါသည်။
"တခြားတစ်ယောက်သာဆိုရင် ကျွန်မ ပေးမှာမဟုတ်ဘူး။ ဒေါ်လေးမို့လို့ပေါ့။ ကျွန်မတို့ မရှိတုန်း ဖက်ထုပ်ဆိုင်ကို ဒေါ်လေးဖွင့်ရမယ်။ ဒီက ပစ္စည်းတွေအကုန်လုံး သုံးလို့ရတယ်။ ဆိုင်ငှားခကိုတော့ တစ်လ ၅ ယွမ် ယူမယ်။ သားလတ်ကို ပေးထားလို့ရတယ်" လင်းချင်းဟယ်က ပြောလိုက်သည်။
"တစ်လကို ၇ ယွမ်တော့ ယူပါ" ဒေါ်လေးမာက အမြန်ပြန်ပြောလိုက်သည်။ ၅ ယွမ်က နည်းလွန်းပါသည်။
"၅ ယွမ်ပဲ" လင်းချင်းဟယ်က ပြောလိုက်သည်။ " ဒေါ်လေးမာ ဒါနဲ့ပတ်သက်ပြီး ကျွန်မကို မငြင်းပါနဲ့။"
ဒေါ်လေးမာက ရှက်ရွံ့စွာပြောလိုက်ပါသည်။ "ဟုတ်ပါပြီ ဒါဆိုလည်း ရှန်ဟိုင်းမြို့တော်မှာ ကလေးကို ပြုစုဖို့ စိတ်ချလက်ချသာသွား။ ဒီကို စိတ်မပူနဲ့။"
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။
ဒီမှာ ဆိုင်တွေအများကြီးကျန်ခဲ့သော်လည်း လင်းချင်းဟယ်က စိတ်မပူပါ။ သူ့သားငယ်နဲ့ သားလတ်တို့ ထိန်းနိုင်ပါသည်။ ထို့အပြင် မာချန်းမင်၏ စီမံမှုကိုလည်း သူမကိုယ်တိုင် သင်ကြားပေးထားခြင်းဖြစ်သည်။ သူမလက်အောက်က အလုပ်သမားများက ပုံမှန်အတိုင်း ဆက်သွားနိုင်သည်။
ကျိုးရွှမ်၊ ကျိုးကွေ့လိုင်နဲ့ ကန်းကျစ်တို့ အတူတူ ပြန်လာသောအခါမှ ထိုအကြောင်းကို ကြားလိုက်ရခြင်းဖြစ်သည်။
"အစောကြီး သွားကြတော့မလို့လား" ကျိုးကွေ့လိုင်က မျက်မှောင်ကြုတ်လိုက်ပါသည်။
"မတတ်နိုင်ဘူးလေ။ ဟိုဘက်အိမ်က ကျန်းမိသားစု သိသွားပြီ။ အဲ့ဒီအုပ်စုက စိတ်မချရတဲ့ ပါးစပ်တွေနဲ့။ အဲ့တာကြောင့် ငါတို့ကြိုသွားရတာပေါ့" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
အဘွားကျန်း သူမ ကိုယ်ဝန်ရှိနေတာကို သံသယဖြစ်သွားတာ အံ့သြစရာတော့ မရှိပေ။ ဘာပဲဖြစ်ဖြစ် သူမတို့က အိမ်နီးချင်းတွေ မဟုတ်လား။
ကျောင်းက သူမအပေါ် သဘောကောင်းခဲ့ပါသည်။ သူမ ကိုယ်ဝန်ရှိနေတာကို မသိကြသေးသော်လည်း အလုပ်ထွက်ပြီးတာတောင် သူမကို နေခွင့်ပေးဆဲဖြစ်ပါသည်။ ကျောင်းအုပ်ကြီးက သူမကို ကိုယ်တိုင် တွေ့ဆုံခဲ့ပြီး တစ်နှစ်လောက် နားပြီးမှ ပြန်လာဖို့ ပြောခဲ့ပါသည်။
သူ ဒီကိစ္စကို သိနေသလား လင်းချင်းဟယ် မပြောတတ်ပါ။ သူ မသိသလိုသာ နေခဲ့ပါသည်။
တကယ်တော့ ကျောင်းအုပ်ကြီးက သိနေပါသည်။ အဘိုးဝမ်က သွားပြီး ပြောပြခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့ဒီမှာ ဆက်နေနိုင်ကြခြင်း ဖြစ်သည်။ လင်းချင်းဟယ်က အလုပ်ထွက်သည်ဟု ဆိုသော်လည်း ယာယီ အနားယူခြင်းသာ ဖြစ်သည်။
အရွယ်လွန်မွေးဖွားသည့် ကိစ္စနဲ့ပတ်သက်ပြီး သူ့ကို အတင်းအကြပ် မမေးလျှင် မသိသလို ဟန််ဆောင်နေမည်ဖြစ်သည်။ ဘယ်သူက ဘာပြောနိုင်မည်နည်း။
အဘွားကျန်းက ပြဿနာရှာနေသည်ဟု ကျိုးရွှမ် ကျိုးကွေ့လိုင်နဲ့ ကန်းကျစ်တို့ကြားလိုက်ရသောအခါ ဒေါသထွက်သွားကြပါသည်။
"ဘာဒေါသထွက်စရာလိုလို့လဲ။ ငါတို့တွေက သွားရမှာက သွားရမှာပဲ။ နည်းနည်းပဲ ပိုစောသွားတာပါဟယ်" လင်းချင်းဟယ်က စိတ်ထဲသိပ်မထားဘဲ ပြောလိုက်ပါသည်။
" နင်တို့တွေ စားဖို့သောက်ဖို့ကို ကိုယ့်ဖာသာကိုယ်ပဲ စီမံကြတော့။ ဖက်ထုပ်ဆိုင်ကို ဒေါ်လေးမာက ယာယီ စီမံထားလိမ့်မယ်။ နင်တို့တွေ အဘိုးအဘွားတွေအိမ်မှာ သွားစားလို့လည်း ရတာပဲ။"
ဖက်ထုပ်ဆိုင်တွင် နေထိုင်နေသည့် စစ်နီက ပြောင်းရွှေ့ဖို့ မလိုပါ။ သူမ ဆက်နေလို့ရပါသည်။ ဒေါ်လေးမာက ဒုတိယထပ်ကို တက်မှာ မဟုတ်ပေ။
"အမေ အဲ့တာတွေ ပြောဖို့ မလိုပါဘူး။ ဒါပေမယ့် အဖေနဲ့အမေတို့က ဘယ်သွားကြမှာလဲ။ ကျွန်တော်တို့ စိတ်မအေးဘူး" ကျိုးကွေ့လိုင်က မေးလိုက်ပါသည်။
"နင်တို့ စိတ်ပူစရာ မလိုပါဘူး" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
အိမ်က ကလေးတွေကို အသိပေးပြီးသွားသောအခါ ကျိုးချင်ပိုင်က အဖေကျိုး၊ အမေကျိုး၊ ကျိုးရှောင်မိန်နဲ့ စုတာ့လင်းတို့ကို နောက်တစ်နေ့ သွားပြောခဲ့ပါသည်။
လင်းချင်းဟယ်က အမေဝိန်တို့ဆီကိုလည်း သွားခဲ့သည်။
"ဘယ်လို ရှန်ဟိုင်းမြို့ကို အစောကြီး သွားကြတော့မှာလား" အမေဝိန်က အံ့သြသွား၏။
လင်းချင်းဟယ်က ရှန်ဟိုင်းမြို့တော်သို့ သွားမည့် အစီအစဥ်ကို သူမကို ပြောပြထားပါသည်။ သို့သော်လည်း အခုမှ ဘယ်နှလရှိသေးလို့လဲ။
"မတတ်နိုင်ဘူးလေ အဲ့ဒီမကောင်းတဲ့ အိမ်နီးချင်းတွေက မျက်လုံးကောင်းပြီး သတိထားမိသွားကြတယ်လေ။ အဲ့တာကြောင့် စောစောသွားရုံပဲ ရှိတော့တာပေါ့" လင်းချင်းဟယ်က ရှင်းပြလိုက်သည်။
"အဲ့ဒီ အပျက်မမိသားစုကတော့ သူတို့ ပြောရဲပြောကြည့်။ သူတို့ သမီးရဲ့ ပစ္စည်းအထောက်အပံ့ကို ဖြတ်တောက်ပစ်လိုက်" အမေဝိန်က ပြောလိုက်ပါသည်။
သူမက လင်းချင်းဟယ်နှင့် အလွန်ရင်းနှီးသဖြင့် လင်းချင်းဟယ်က သူမကို ကြိုပြောပြထားခြင်း ဖြစ်သည်။ ထို့ကြောင့် အမေဝိန်က ကျန်းမိသားစု၏ အကျင့်သိက္ခာနဲ့ ရှုရှန့်ချမ်းက သူတို့သမီးနဲ့ လက်ထပ်ထားကြောင်းကိုပါ သိခဲ့ပါသည်။
"သူတို့ကို မနေ့ကတော့ အဲ့လိုခြိမ်းခြောက်ခဲ့တာပဲ။ ဒါပေမယ့် တစ်လအတွင်း ကိုယ်ဝန်ကာလက နည်းမှာ မဟုတ်တော့ဘူး။စောစော သွားတာ ပိုကောင်းပါတယ်" လင်းချင်းဟယ်က ပြောလိုက်သည်။
"အဲ့ကိုရောက်ရင် မရင်းနှီးတဲ့ နေရာကြီး ဖြစ်နေတော့မှာပဲ" အမေဝိန်က မျက်မှောင်ကြုတ်လိုက်ပါသည်။
"ရပါတယ် ချင်းပိုင် ကျွန်မနဲ့ပါတယ်။ သူက အကုန်လုံးကို ဂရုစိုက်တာမို့လို့ ကျွန်မ ဘာမှ စိတ်ပူစရာ မလိုပါဘူး" လင်းချင်းဟယ်က တည်ငြိမ်စွာပြောလိုက်ပါသည်။
"ဘယ်တော့ ထွက်ကြမှာလဲ" အမေဝိန်က မေးလိုက်သည်။
"ချင်းပိုင်က မနက်ဖြန် အရင်သွားကြည့်မှာ။ သူအဲ့မှာ စီစဥ်ပြီးတာနဲ့ ကျွန်မကို လာခေါ်လိမ့်မယ်" လင်းချင်းဟယ်က ပြန်ဖြေလိုက်ပါသည်။
အမေဝိန်က ပြောလိုက်၏။ "ကောင်းတာပေါ့။ ရှင် လမ်းတွေ အများကြီး လျှောက်စရာ မလိုတော့ဘူး။ ဒါပေမယ့် နေရာကောင်းကောင်း ရွေးဖို့တော့ လိုတယ်။ ဆေးရုံနဲ့ နီးရင် အကောင်းဆုံးပဲ။"
"ချင်းပိုင်လည်း အဲ့လိုပြောတာပဲ" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပြီး အမေဝိန်နဲ့ စကားခေတ္တပြောကာ အိမ်ပြန်လာခဲ့ပါသည်။
အိမ်တွင် ကျိုးရှောင်မိန်က စောင့်နေဆဲဖြစ်သည်။ သူမ စတုတ္ထအစ်ကို၏ စကားကို ကြားသောအခါ အမြန်ရောက်လာခြင်းဖြစ်သည်။
"နင် ဘာလို့ ဒီကို ရောက်လာတာလဲ" လင်ချင််းဟယ်က ပြောလိုက်သည်။
"ဒေါသထွက်လိုက်တာ။ ဟိုဘက်အိမ်က အပုပ်အသိုးတွေကတော့" ကျိုးရှောင်မိန်က ရေရွတ်လိုက်ပါသည်။
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
"သူတို့ ဘာမှမပြောပါဘူး။"
"အမေသိသွားတုန်းက အရမ်းဒေါသထွက်သွားပြီး ရှန့်ချမ်းအကြောင်း တော်တော်လေး ငေါက်ခဲ့သေးတယ်" ကျိုးရှောင်မိန်က ပြောပြလိုက်ပါသည်။
အမေကျိုးက ဒီတစ်ခါတော့ တော်တော် ဒေါသထွက်သွားပါသည်။ သူမ ကျန်းမိသားစုကို အကျင့်သီလ မကောင်းသဖြင့် ဆူငေါက်ခဲ့သည်။ ပန်းသီးပုပ်တွေဟု ပြော၏။ အဝေးက ဆွေမျိုးများက အိမ်နီးချင်းများနဲ့ ယှဥ်လို့မရဘူးဟုပြောသည်။ ဒီလို အိမ်နီးချင်းမျိုးရထားတာ ကံဆိုးသည်ဟု ဆို၏။
၎င်းတို့ထဲတွင် ရှုရှန့်ချမ်းလည်း အမေကျိုး ဆဲဆိုတာကို ခံခဲ့ရပါသည်။
"သားလတ်နဲ့ သားငယ်တို့က နောက်ကို နင်တို့ဆီမှာပဲ လာစားရတော့မယ်။ သူတို့ကို စရိတ် ပုံမှန်အတိုင်းပဲ တောင်းလိုက်ချေ" လင်းချင်းဟယ်က ပြောလိုက်သည်။
"အဲ့တာတွေ ပြောစရာ လိုသေးလို့လား။"
ကျိုးရှောင်မိန်က ပြန်ပြောလိုက်ပါသည်။
"နင်ရှန်ဟိုင်းမြို့တော်ကိုသွားရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော် စတုတ္ထယောက်မ။ ဒါက ငါ့စတုတ္ထအစ်ကို မျှော်လင့်ထားတဲ့ သမီးလေးလည်း ဟုတ်တယ်။ နင် တစ်ခုခု လုပ်စရာရှိရင် သူ့ကိုသာ ခိုင်းလိုက်။ ကိုယ့်ကိုယ်ကို အပင်ပန်းမခံနဲ့။"