အခန်း(၅၆၃) ရှန်ဟိုင်းမြို့တော်က အိမ်အသစ်
Vol. 41 Ch. 563
အခန်း(၅၆၃) ရှန်ဟိုင်းမြို့တော်က အိမ်အသစ်
အချိန်အများကြီး သိပ်မဆွဲတော့ဘဲ လင်းချင်းဟယ်က ကျိုးချင်းပိုင်ပြန်လာပြီး ဒုတိယနေ့တွင် ရှန်ဟိုင်းမြို့တော်သို့ သွားခဲ့ပါသည်။
လင်မယားနှစ်ယောက်သား ရှန်ဟိုင်းမြို့တော်သို့ ချောမွေ့စွာ ရောက်သွားခဲ့ကြသည်။ ထိုအခါမှ လင်းချင်းဟယ်က သူမ၏ ကလေးကို ပြုစုပြီး သူမ၏ သမီးလေး၏ မွေးဖွားခြင်းကို ကြိုဆိုရမည့် အိမ်လေးကို မြင်လိုက်ရပါသည်။
ထို့ကြောင့်လည်း ကျိုးချင်းပိုင်က အလွန်ပျော်ရွှင်နေတာဖြစ်လောက်သည်။ ဒီအိမ်လေးက တကယ်ပဲ အလွန်ကောင်းမွန်လွန်းပါသည်။ အရင်ပိုင်ရှင်က သန့်ရှင်းသပ်ရပ်မှုကို သဘောကျကြောင်း မြင်နိုင်၏။ မဟုတ်ပါက ကျိုးချင်းပိုင် အတွင်းပိုင်းကို လုံးဝ ပြောင်းလဲနိုင်မှာ မဟုတ်ပေ။
ကျိုးချင်းပိုင်က ပရိဘောဂအသစ်များကို ဝယ်ယူပြီး ပြောင်းလဲသင့်သည့် အရာများ အားလုံးကို ပြောင်းလဲခဲ့ပါသည်။ သို့သော်လည်း အများစုကတော့ အရင်အတိုင်းဖြစ်၏။ ဘာပဲဖြစ်ဖြစ် အဆိုးကြီး မဟုတ်ကြသောကြောင့်ဖြစ်ပါသည်။
ခြံနောက်ဖေးတွင် ဟင်းသီးဟင်းရွက်ဥယျာဥ်တစ်ခုရှိပါသည်။
"ကြက်လေးတွေဝယ်ပြီး မွေးကြမလား" လင်းချင်းဟယ်က ဘေးပတ်လည်ကိုကြည့်လိုက်ပြီး ကျိုးချင်းပိုင်ကို ပြုံးပြလိုက်ပါသည်။
"မဝယ်ပါဘူး။ ကိုယ်တို့ ကြက်သားစားချင်ရင် သွားဝယ်လို့ရတာပဲ" ကျိုးချင်းပိုင်က ခေါင်းခါလိုက်ပါသည်။
သူ့မိန်းမ အသန့်ကြိုက်တာကို သိသည်။ ကြက်မွေးခြင်းက အနံ့အသက် မကောင်းပါ။ ထို့ကြောင့် သူတို့ မမွေးတော့ပေ။ သူတို့ စားချင်ပါက စျေးသွားပြီး ဝယ်ချက်ရင်လည်း ရပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။
"အရင်နားလိုက်ပါဦး။ ကိုယ် မနက်ဖြန်ကျမှ အပြင်ခေါ်သွားမယ်" ကျိုးချင်းပိုင်က ပြောလိုက်သည်။
သူ ဒီဘက်ကို တစ်ရက်သာ လာခဲ့သော်လည်း ပတ်ဝန်းကျင်ကို လျှောက်ကြည့်ပြီးပြီဖြစ်သည်။ ရှန်ဟိုင်းမြို့မှာ နေထိုင်ဖို့အတွက် လိုအပ်သည့် အခြေအနေအားလုံး ဒီနေရာပတ်လည်တွင် ရှိနေပါသည်။ မဟုတ်ပါက ဘာကြောင့် ဒီနေရာမှာ ချက်ချင်း အခြေချမည်နည်း။
လင်းချင်းဟယ်က တကယ်ပဲ အနည်းငယ် ပင်ပန်းနေပါသည်။ သူမ အခန်းထဲဝင်ပြီး နားနေလိုက်သည်။ ပန်ကာတစ်လုံးကို ထုတ်လိုက်သည်။ ပန်ကာလည်သောအခါ သူမ ကုတင်ပေါ်တက်ပြီး အိပ်စက်အနားယူလိုက်သည်။ သိပ်မကြာခင် အိပ်ပျော်သွားခဲ့ပါသည်။
ကိုယ်ဝန်လွယ်ထားရသည့် လူများက ပင်ပန်းလွယ်ကြသည်။ အနည်းဆုံးတော့ အချိန်အကြာကြီး ရထားစီးလာရပြီးနောက် ပင်ပန်းတတ်ကြပါသည်။ ခရီးစဥ်တစ်လျှောက် အိပ်လာရင်တောင် သူမ အားကုန်နေဆဲဖြစ်သည်။
ကျိုးချင်းပိုင်က အိမ်ကို စတင်သန့်ရှင်းရေး ပြုလုပ်ခဲ့ပါသည်။
အရင်တစ်ခေါက်က အဓိက အိပ်ခန်းကို သန့်ရှင်းရေးလုပ်ပြီး ပရိဘောဂများကိုသာ ပြန်လဲခဲ့ခြင်း ဖြစ်သည်။ တခြားနေရာများကို သန့်ရှင်းရေးလုပ်ဖို့တော့ အချိန်မရှိခဲ့ပါ။ အရင်ပိုင်ရှင်က တကယ် အသန့်ကြိုက်သဖြင့် အရမ်းကြီး ညစ်ပတ်မနေပါ။
ခဏလောက်ကြာသောအခါ တစ်စုံတစ်ယောက်က တံခါးလာခေါက်လေသည်။
ကျိုးချင်းပိုင်က တံခါးသွားဖွင့်ကြည့်လိုက်သောအခါ အဘွားအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက လက်ထဲတွင် ဂေါ်ဖီထုပ်များ ကိုင်ထားပြီး အပြုံးဖြင့် နှုတ်ဆက်လာသည်။ "နင်တို့က အဘိုးကုရဲ့အိမ်ကို ဝယ်သွားတဲ့ အိမ်နီးချင်းအသစ်တွေလား။ အဘွားက ဘယ်ဘက်အိမ်မှာ နေတာလေ။ အားလုံးကတော့ အဘွားကို အဘွားကျန်းလို့ခေါ်ကြတယ်။ ဒီဂေါ်ဖီထုပ်က အဘွားကိုယ်တိုင် ခြံထဲမှာ စိုက်ထားတာပါ။ မင်းတို့ စိတ်ချလက်ချ စားလို့ရပါတယ်။"
ကျိုးချင်းပိုင်က လက်ခံလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ဒေါ်လေးကျန့် ကျွန်တော့် မျိုးရိုးနာမည်က ကျိုးပါ။ ကျွန်တော့မိန်းမက အခု အိပ်ပျော်နေတယ်။ တစ်နေကုန် ခရီးပန်းလာလို့လေ။"
"ပြဿနာမရှိပါဘူး။ နင်လည်း သွားနားတော့လေ" အဘွားကျန်းက ရွှင်ပျစွာ ပြန်ပြောလိုက်သည်။
သူမလည်း အိမ်ထဲမဝင်တော့ပါ။ ပြန်လှည့်သွားပြီး သူမ အိမ်ထဲပြန်ဝင်သွားပါသည်။
အဘွားကျန်း အိမ်ပြန်ရောက်တာနဲ့ ပြောလိုက်ပါသည်။ "တကယ့်ကို တနယ်သားပဲ။ ကျွန်မတို့ မြို့က မဟုတ်ဘူး။"
သူမ ယောက်ျား အဘိုးကျန်းက ပြန်ပြောလိုက်သည်။ "မဟုတ်ပါဘူးလို့ ငါပြောတာကို မင်းမှမယုံတာ။ သူ့လေသံကိုကြည့်ရသလောက်တော့ မြို့တော်ကထင်တယ်နော်။"
"မြို့တော်က လူတွေက ဒီမှာ အိမ်လာဝယ်ပါ့မလား" အဘွားကျန်းက ပြောလိုက်ပါသည်။
"ဘာဖြစ်လို့တုန်း။ ငါတို့မြို့က အဲ့လောက် ဆိုးနေလို့လား။ ဒီနေရာကို သဘောကျတဲ့လူတွေက မျက်လုံးကောင်းလို့ပဲ" အဘိုးကျန်းက ပြောလိုက်သည်။ "အဘိုးကော်တို့ဘက်က သိပ်ပြီး မပျော်ကြတာပဲရှိတယ်”
"သူတို့က မပျော်ကြဘူးဟုတ်လား။ ဘာတွေ စိတ်ညစ်စရာရှိလို့လဲ" အဘွားကျန်းက မေးလိုက်သည်။
"သူတို့ ဒီအိမ်ကို မျက်စိကျနေတာ ကြာပြီ။ ပျန့်တို့ မိသားစုက သူတို့သားနောက်ကို လိုက်မယ်ဆိုတာသိနေတော့ သူတို့ ဝယ်ချင်နေကြတာလေ" အဘိုးကျန်းက ရှင်းပြလိုက်သည်။
အဘွားကျန်းက ပြောလိုက်သည်။ "ပျန့်တို့ မိသားစုက ရောင်းဖို့ ကြေညာထားတာ ရက်တော်တော်ကြာနေပြီလေ။ လူလေးကျိုးနဲ့ တွေ့မှ ရောင်းလိုက်တာ။ ကော်မိသားစုက ဘာအထွန့်တက်စရာရှိလို့လဲ။"
"မင်းမသိပါဘူး။ ကော်မိသားစုက စျေးနှိမ်ပြီး ဝယ်ဖို့ စဥ်းစားနေကြတာ။ အဲ့တာမှ ပျန့်တို့ မိသားစုက စျေးနည်းနည်းနဲ့ ရောင်းနိုင်မှာလေ။ ဘယ်သူမှ မဝယ်ဘူးဆိုတော့ သူတို့ စျေးလျှော့ပြီး ရောင်းလိုက်တော့မလို့ပဲ။ အခု ကျိုးဆိုတဲ့ ကောင်လေးက ဝယ်လိုက်တော့ သူတို့ စိတ်ကျေနပ်ပါ့မလား" အဘိုးကျန်းက ရှင်းပြလိုက်သည််။
"တကယ် ရယ်ဖို့ကောင်းတာပဲ။ ဒီလောက်ကြီးတဲ့အိမ်ကို ဒီစျေးက စျေးမကြီးပါဘူး။ စျေးပေါတယ်လို့တောင် ပြောလို့ရတယ်။ ပျန့်တို့ မိသားစုသာ အလောတကြီး ပြောင်းရွှေ့ဖို့ မလိုအပ်ရင် ယွမ် ၁၀,၀၀၀ အထက် အနည်းဆုံး ပေးရမှာလေ။ ဒီလို အကျိုးခံစားခွင့်ကိုတောင် မကျေနပ်ကြသေးဘူးပဲ။ အဲ့တာကြောင့် သူများ လက်ထဲရောက်သွားတာပေါ့။ ဒါတောင် အပြစ်ရှာချင်ကြသေးတယ်လား။ လူလေးကျိုးရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို ကြည့်ရသလောက်တော့ အနိုင်ကျင့်လို့ရမယ့်လူမျိုး မဟုတ်ဘူး" အဘွားကျန်းက ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်ကတော့ တခြားသူများ၏ အကြံအစည်ကို သူဝင်ရှုပ်လိုက်မိမှန်း မသိခဲ့ပါ။ ထိုအချိန် သူ ဒီအိမ်ဝယ်ခဲ့စဥ်က အိမ်နဲ့ စျေးတန်သည်ဟု ခံစားမိသဖြင့် တွန့်ဆုတ်မနေဘဲ တစ်ခါတည်း ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘာမှပြောဖို့မလိုပါ။
သူက အိမ်ကို အတွင်းအပြင် သန့်ရှင်းရေးလုပ်လိုက်ပြီး ရေနွေးသွားကျိုလိုက်သည်။ သူ့မိန်းမက အသန့်ကြိုက်သဖြင့် နိုးလာလျှင် ရေချိုးမှဖြစ်ပါမည်။
ဒီဘက်က ကျောက်မီးသွေးများကို အသုံးပြုကြသည်။ မီးသွေးများကို အရင်ပိုင်ရှင်က ချန်ထားခဲ့၏။ အများကြီး မဟုတ်သောကြောင့် မနက်ဖြန် သွားဝယ်ရပါဦးမည်။
ရေအဆင်သင့်ဖြစ်သောအခါ သူ့မိန်းကို မနှိုးခင် သူ အရင် သန့်စင်လိုက်ပါသည်။
လင်းချင်းဟယ်က တစ်နာရီကျော် အိပ်ခဲ့သည်။ သူမ လုံးဝ လန်းဆန်းသွားသလို ခံစားလိုက်ရပြီး ပြောလိုက်ပါသည်။ "ကျွန်မကို ခေါက်ဆွဲတစ်ပန်းကန်လောက် လုပ်ပေးပါဦး။"
"အင်း" ကျိုးချင်းပိုင်က ခေါင်းငြိမ့်ကာ ဂေါ်ဖီထုပ်နှင့် ကြက်ဥခေါက်ဆွဲ တစ်ပန်းကန် ပြုတ်လိုက်ပါသည်။
လင်းချင်းဟယ်က ရေချိုးပြီး သက်တောင့်သက်သာရှိစွာဖြင့် ပြန်ထွက်လာခဲ့သည်။ ထို့နောက် စားသောက်ခဲ့ပါသည်။ ပန်းကန်လုံးကြီးထဲတွင် အများကြီးရှိနေသော်လည်း သူမ အကုန်ပြောင်စင်အောင် စားသောက်နိုင်ခဲ့ပါသည်။
"ကျွန်မ ခေါင်း နည်းနည်း ယားနေသလိုပဲ" လင်းချင်းဟယ်က စားသောက်ပြီးနောက် စိတ်ကျေနပ်နေသော မျက်နှာဖြင့် ပြောလိုက်ပါသည်။
"နောက်ကျနေပြီ ခေါင်းလျှော်ရင် ခြောက်မှာ မဟုတ်ဘူး။ မနက်ဖြန် နေ့လည်ကျမှ ကိုယ် လျှော်ပေးမယ်" ကျိုးချင်းပိုင်က ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ဘာမှ မပြောတော့ပါ။ သူမ စားသောက်ပြီးနောက် စာဖတ်နေလိုက်ပါသည်။ ကျိုးချင်းပိုင်က အဝတ်သွားလျှော်၏။ မနက်ဖြန် အိမ်ထောင် ပရိဘောဂများ ဝယ်ယူရမည်။ အဝတ်လျှော်စက်၊ တီဗီနှင့် တခြားအရာများကို ချန်မထားသင့်ပါ။ သူတို့ ဒီနေရာမှာ နှစ်ဝက်လောက် နေထိုင်ကြရမည်ဖြစ်သည်။
လင်းချင်းဟယ် စာဖတ်နေစဥ် ကျိုးချင်းပိုင်က အလုပ်လုပ်နေ၏။ သူ အလုပ်များ ပြီးသွားသောအခါတွင်လည်း အားလပ်မနေပါ။ မီးဖိုချောင်သို့ သွားပြန်၏။
"ရှင် ဘာလုပ်မလို့လဲ" လင်းချင်းဟယ်က မေးလိုက်သည်။
"မင်းကို အဆာပြေစားရအောင် လုပ်ပေးမလို့" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်သည်။ သူ့တူမ ကျိုးအာ့နီ ကိုယ်ဝန်ရှိတုန်းက အလွန်စားနိုင်မှန်း သူ မှတ်မိပါသည်။
လင်းချင်းဟယ်က ပြောလိုက်သည်။ "မလုပ်ပါနဲ့။ ကျွန်မ ညစာ အဝစားထားရင် ဗိုက်မဆာဘူး။"
သို့သော်လည်း ကျိုးချင်းပိုင်ကတော့ သွားလုပ်နေဆဲဖြစ်သည်။ သူက ဝက်နံရိုးနှင့် ကြာစေ့ဆန်ပြုတ် တစ်ပန်းကန် လုပ်ကာ ဖယ်ထားလိုက်သည်။ ဟင်းသီးဟင်းရွက်ဘာညာ ထွက်ဝယ်ဖို့ အချိန်မရှိတော့ပါ။ ဒါတွေအားလုံးက လင်းချင်းဟယ်၏ နေရာလွတ်မှ ထုတ်ယူထားသော ပစ္စည်းများဖြစ်ပါသည်။
လင်းချင်းဟယ်သည် ကျိုးချင်းပိုင်က မလိုအပ်တာတွေကို လုပ်နေသည်ဟု ခံစားမိသည်။ သိ့သော်လည်း ၉ နာရီကျော် သူမ အိပ်ယာဝင်ဖို့ ပြင်လိုက်စဥ် အနည်းငယ် ဗိုက်ဆာလာပြီး အနည်းငယ် စားချင်သောက်ချင်လာသည်။ နောက်ဆုံးမှာတော့ သူမ ဆန်ပြုတ်တစ်ပန်းကန်ကြီး သောက်လိုက်ပါသည်။
သူတို့ ညစာစားခဲ့တာ စောနေသောကြောင့်ဖြစ်သည်။ ညစာကို ၆ နာရီတုန်းက စားခဲ့ခြင်းဖြစ်၏။
သူမကိုယ်သူမ ဆင်ခြေပေးပြီး လင်းချင်းဟယ် ဘာဝန်မှ မရှိဘဲ အိပ်ခဲ့ပါသည်။ ကျိုးချင်းပိုင်က စိတ်ကောင်းဝင်နေပြီး သူ့မိန်းမကို ပွေ့ဖက်ကာ အိပ်ခဲ့ပါသည်။
နောက်တစ်နေ့မနက် လင်းချင်းဟယ် နောက်ကျအောင် အိပ်ခဲ့ပြန်ပါသည်။ သူမ နိုးလာတော့ ကျိုးချင်းပိုင်က မနက်စျေးသွားပြီးပြီဖြစ်ပြီး ယခုအခါ မီးဖိုချောင်ထဲမှာ အလုပ်များနေပါပြီ။
မီးဖိုချောင်ထဲက အသားခုတ်ထစ်သံများကို ကြားသောအခါ အခက်အခဲများစွာဖြင့် ဒီကလေးကို ကိုယ်ဝန်ဆောင်ထားရခြင်းက သိပ်ပြီး မဆိုးလှပါဘူးဟု ခံစားလိုက်ရပါသည်။
ဒါက သူမယောက်ျား၏ အခြားတစ်ဖက်ကို မြင်ရစေသည်။
သူမ ဘာမှ ဝင်ပါဖို့ မလိုပါ။ အားလုံးကို သူတစ်ယောက်တည်း ကိုင်တွယ်သွား၏၊။
သူမ အိပ်ယာထပြီး လန်းဆန်းသွားသောအခါ ကျိုးချင်းပိုင်က ပြောလိုက်သည်။ "ဘာလို့ ဆက်မအိပ်တာလဲ။"
"မအိပ်တော့ပါဘူး။ ဒီနေ့အတွက် လမ်းလျှောက်ရဦးမယ်” လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။ သူမ အိပ်တာ များသွားပါပြီ။ သူမ၏ အားအင်များ ပြန်လည် ပြည့်ဝသွားပြီဖြစ်သည်။ အိမ်နီးချင်းများထံသို့ အလည်သွားသင့်ပါသည်။
သို့သော်လည်း မိသားစုတွင် ပစ္စည်းများ လိုအပ်ချက် ရှိနေသေးသဖြင့် ရှော့ပင်းမောလ်တွင် သွားဝယ်ရဦးမည်။ ထို့ကြောင့် မနက်စာ စားပြီးနောက် လင်မယားနှစ်ယောက် ရှော့ပင်းမောလ်သို့ အတူတူ သွားခဲ့ကြပါသည်။
ကျိုးချင်းပိုင်ကို အိမ်ရောင်းခဲ့သည့်လူက သူ့ကို နေရာမျိုးစုံသို့ ခေါ်သွားပေးခဲ့သည်။ တစ်ခုက စျေးကို ဖြစ်သည်။ နောက်တစ်ခုက ရှော့ပင်းမောလ်ကြီးကို ဖြစ်သည်။ ကျောင်းနဲ့ ဆေးရုံတို့ကိုလည်း လိုက်ပြပေးခဲ့ပါသည်။
အားလုံးက ဒီနယ်မြေထဲမှာပဲရှိနေသည်။
မဟုတ်ပါက ဒီခြံဝန်းမှာ တိုက်ဆိုင်သည်ဟု ဘယ်လို ပြောနိုင်မည်နည်း။ ပတ်ဝန်းကျင် အခြေအနေများက ကျိုးချင်းပိုင်၏ လိုအပ်ချက်နှင့် ကိုက်ညီမှု ရှိနေခဲ့ပါသည်။