အခန်း(၅၆၇) သားကို ဘက်လိုက်တယ်ဆိုတဲ့ အတွေးဝင်သွားစေလို့မဖြစ်ပါ
Vol. 41 Ch. 567
အခန်း(၅၆၇) သားကို ဘက်လိုက်တယ်ဆိုတဲ့ အတွေးဝင်သွားစေလို့မဖြစ်ပါ
ကျိုးရှားနဲ့ ကျိုးရွှမ်တို့က တစ်နှစ်တည်းမှာ မွေးဖွားခဲ့ကြခြင်းဖြစ်သည်။ သူတို့နှစ်ယောက်က ရွယ်တူဖြစ်ကြပါသည်။
ဒီနှစ်ထဲ နှစ်ယောက်စလုံး အသက် ၁၉ နှစ်ရှိပြီဖြစ်ပြီး ကျိုးရှားက မိန်းမတောင် ယူတော့မည်။
လင်းချင်းဟယ်က အကြီးဆုံးမရီးကို ဖုန်းဆက်ကာမှ ထိုအကြောင်းကို သိလိုက်ရပါသည်။
"အဲ့တာကြောင့် ဒုတိယမရီးက ပီတိတွေဖြာနေတာလေ။ နှစ်တွေအများကြီး ဒီလောက်ထိ ဂုဏ်ယူနေတာမျိုး မမြင်ဖူးဘူး။ သူ့ချွေးမက ဆက်ဆံဖို့ မလွယ်တာလေးတစ်ခုပဲ ပြောစရာရှိတယ်" အကြီးဆုံးမရီးက ပြောလိုက်ပါသည်။
အကြီးဆုံးမရီးက သည်းခံစိတ်မြင့်မားသူဖြစ်သည်။ သူမက ချွေးမကို ခက်ခဲအောင် လုပ်မည့်လူမျိုး မဟုတ်ပါ။ သူမ ထိုသို့မလုပ်သော်လည်း သူမ၏ချွေးမကိုတော့ ဒူးထောက်အညံ့ခံမည့်လူမျိုးမဟုတ်ပေ။
ကျိုးရှား၏ ကောင်မလေးနာမည်က မာမြောင်မြောင်ဟုခေါ်သည်။ သူတို့ဆီသို့ အကြီးဆုံးမရီး ရောက်ဖူးပါသည်။ သူတို့၏ ဆက်ဆံရေး ပျက်စီးသွားလိမ့်မည်ဟု သူမ ထင်ခဲ့ဖူး၏။ ဘာပဲဖြစ်ဖြစ် မာမြောင်မြောင်၏ အပြုအမူက ဆိုးရွားလွန်းပါသည်။
မထင်ထားစွာဖြင့် သူတို့ ဆက်တွဲနေခဲ့ကြသည်။ ဒီနှစ်ထဲ တင်တောင်းပြီးသွားပြီဖြစ်ပြီး သူမ မိသားစုထဲဝင်လာတော့မည်ဖြစ်သည်။
အကြီးဆုံးမရီးက ဒုတိယမရီး၏ အပြုအမူကို ပြန်စဥ်းစားကြည့်ပါသည်။ သူမ တကယ် သည်းမခံနိုင်ပါ။ "သူ့ကို အထက်လူကြီးလို ဆက်ဆံနေတာပဲ။"
"သူကျေနပ်ရင်ပြီးတာပါပဲ" လင်းချင်းဟယ်က ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။
"သူ ဘာတွေ ချိန်ရွယ်နေတာလဲမသိဘူး။ မြို့တော်က ချွေးမတစ်ယောက်ရဖို့ စိတ်ကူးနေတာလား။ နောက်ပိုင်း သူ့ကို အားကိုးလို့တောင် ရပါ့မလား" အကြီးဆုံးမရီးက တကယ့်အဖြစ်အပျက်အပေါ် သူမ၏ စိုးရိမ်ပူပန်မှုကို ပြောပြလိုက်ပါသည်။
သူမက ကျေးရွာဘက်မှာပဲ မွေးဖွားပြီးကြီးပြင်းလာသည့် ကျေးရွာသူတစ်ယောက်ဖြစ်သည်။ အသက်ကြီးလျှင် အမှီအခိုရဖို့ သားကိုပြုစုပျိုးထောင်ခြင်းဟူသော သဘောတရားကို လိုက်နာသည်။
သူ့သားသာ ဒီလို ချွေးမမျိုးကို လက်ထပ်လိုက်ပါက သူတို့ ငယ်တုန်းရွယ်တုန်း ကိစ္စမရှိသော်လည်း အသက်ကြီးလာလျှင် ဘယ်လိုလုပ်မည်နည်း။ သူတို့ကို အားကိုးလို့ရပါဦးမလား။
"အိမ်မှာ တစ်ယောက်ရှိသေးတယ်လေ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"သူ့ကို အားကိုးလို့မရဘူး။ သူ့အစ်ကိုနဲ့ ယှဥ်လို့ကိုမရဘူး။ သူ့အမေလိုပဲ" အကြီးဆုံးမရီးက ပြောလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်ပါသည်။ "ဒီအကြောင်း မပြောကြရအောင်။ နင်နဲ့ စတုတ္ထမောင်တို့ အခြေအနေ ဘယ်လိုရှိလဲ။"
"ကျွန်မတို့ အသက်အရွယ်ဘယ်လောက်ရှိနေပြီလဲ။ ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ နေလို့ရမလား။ ရှားရှားက လက်ထပ်တော့မှာဆိုတော့ အကြီးဆုံးမရီးက သူ့ကို ကျွန်မကိုယ်စား စာအိတ်နီ ယွမ်နှစ်ဆယ် ပေးပေးပါ" လင်းချင်းဟယ်က ပြောလိုက်သည်။
"ကောင်းပါပြီ" အကြီးဆုံးမရီးက ခေါင်းငြိမ့်လိုက်ပါသည်။
ဒီလိုလုပ်သင့်ပါသည်။ ပေးရမည့် ပိုက်ဆံပမာဏက ဘယ်လောက်ဖြစ်ဖြစ် ရသော်လည်း သူမက ယွမ်နှစ်ဆယ် ပေးဖို့ စီစဥ်ထား၏။
ကျိုးရှား၏ မိန်းမ ကောင်းကြောင်းမကောင်းကြောင်းကိုတော့ သူမတို့ တိုးတိုးတိတ်တိတ်သာ ပြောမည်ဖြစ်ပြီး ဝင်ပါမည်မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် သူမတို့နှင့် အတူတူနေရမှာ မဟုတ်သဖြင့် ဝင်ပါဖို့ မဖြစ်နိုင်ပါ။
လင်းချင်းဟယ်က ဖုန်းချလိုက်ပြီး ကျိုးချင်းပိုင်ကို ထိုအကြောင်း လာပြောလိုက်ပါသည်။
ကျိုးချင်းပိုင်က ပြောလိုက်၏။ "သူ့အသက် ၁၉ နှစ်ရှိပြီ။ မိန်းမယူလို့ရနေပါပြီ။"
ကျေးရွာဒေသများတွင် အများစုက အသက် ၁၈ နှစ်ဆို အိမ်ထောင်ပြုကြပါပြီ။ အသက် ၁၇ နှစ်နဲ့ အိမ်ထောင်ပြုသူများပင် ရှိသေးသည်
လင်းချင်းဟယ်က သူ့ကို မျက်စောင်းရွယ်လိုက်သည်။ သူမ ကံကောင်းသလို ခံစားမိပါသည်။ "ကံကောင်းလို့ ကျွန်မတို့မိသားစုမှာတော့ အဲ့လောက်မြန်မြန် မလုပ်ကြဘူး" မဟုတ်ပါက အနည်းငယ် ရှက်ဖို့ ကောင်းနိုင်ပါသည်။
ယောက္ခမနဲ့ ချွေးမတို့ ကိုယ်ဝန်အပြိုင်ဆောင်နေကြပုံကို စိတ်ကူးကြည့်လို့ပင်မရပါ။
ကျိုးချင်းပိုင်က ကြက်တစ်ကောင်ကို သတ်နေရင်းတန်းလန်းဖြစ်သည်။ သူ့မိန်းမ၏ ဆိုလိုရင်းကို နားလည်ကာ ရွှင်ပြစွာဖြင့် ပြောလိုက်၏။ "ဒီနေ့ည ကြက်ကြော်စားကြမလား။ ပြီးရင် ကြက်စွပ်ပြုတ် သောက်မလား။"
"အင်း" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။
ကျိုးချင်းပိုင်က ကြက်သားကြော်လိုက်သည်။ ထို့နောက် နောက်ဖေးက ငရုတ်ပွစိမ်းများကို ယူလိုက်ပြီး ကြော်လိုက်၏။ ထို့နောက် ကြက်စွပ်ပြုတ် ချက်ပြုတ်လိုက်ပါသည်။ ဒါဆို ပြီးသွားပါပြီ။
စားသောက်ပြီးနောက် လင်းချင်းဟယ်က တီဗိကို ဖွင့်ပြီး ကြည့်နေခဲ့ပါသည်။ အဘွားကျန်းက အိမ်လာလည်၏။ နောက်တစ်ခေါက် ကျိုးချင်းပိုင် အိုးခွက်ပန်းကန်များ ကိုင်တွယ်နေသည်ကို မြင်လိုက်ရပြန်ပါသည်။ သူမက လင်းချင်းဟယ်ကို ပြောလိုက်၏။ "လူလေးကျိုးလို လူမျိုးကို ငါ့တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ မြင်ဖူးသေးတယ်။ နင်တကယ် ကံကောင်းတာပဲ။"
လင်းချင်းဟယ်က ပြောလိုက်သည်။ "ဒီတိုင်း အိမ်မှု ကိစ္စလေးပဲကို ဒေါ်လေးက ရေးကြီးခွင်ကျယ် လုပ်ပြောနေတာပဲ။"
"ငါ့ယောက်ျားကတော့ အချဥ်ရည် ဖိတ်ကျတာတောင် ကူညီရကောင်းမှန်းမသိတဲ့လူမျိုးလေ။ သူ့ကို အိမ်မှုကိစ္စလုပ်ခိုင်းဖို့တော့ စိတ်ကူးထဲ မထည့်နဲ့တော့" အဘွားကျန်းက ပြောလိုက်ပါသည်။
လင်းချင်းဟယ်က သူမအတွက် ရေငှဲ့ပေးလိုက်ရင်း ပြောလိုက်သည်။ "ကျွန်မ ဘဝတစ်ဝက်လောက်ကို အလုပ်လုပ်ခဲ့ရတာဆိုတော့ သူကျွန်မကို အနားပေးဦးမှပေါ့။"
အဘွားကျန်းက ရယ်မောလိုက်ပါသည်။ ခဏလောက်ကြာသောအခါ အဘိုးကျန်းလည်း ရောက်လာ၏။ သူတို့နှစ်ယောက်မှာ တီဗီမရှိကြပါ။ လင်းချင်းဟယ်က ရောင်စုံတီဗီတစ်လုံး ဝယ်ထားသဖြင့် သူတို့ လာကြည့်ကြခြင်းဖြစ်သည်။
ထို့အပြင် သူတို့ ကျိုးချင်းပိုင်နဲ့လည်း စကားပြောလို့ရသည်။ လင်းချင်းဟယ်က စာအုပ်တစ်အုပ်ကို ယူကာ ဖတ်နေပါသည်။
အဘွားကျန်းက ကျိုးချင်းပိုင်နှင့် ရွှင်ပျစွာ စကားပြောနေပါသည်။ အဘိုးကျန်းက မကြာခဏ ကြည့်နေပြီး လင်းချင်းဟယ် ဖတ်နေသည့် စာအုပ်က အင်္ဂလိပ်စာအုပ်ဖြစ်နေမှန်း မြင်လိုက်ရသည်။ သူ အံ့သြသွားရ၏၊။ "လူလေးကျိုးရဲ့မိန်းမ အဲ့တာ အင်္ဂလိပ်စာအုပ်လား။"
"ဟုတ်ကဲ့" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။
"အင်္ဂလိပ်စာအုပ်ဟုတ်လား။ နင်နားလည်လို့လား” အဘွားကျန်းလည်း အံ့သြသွားခဲ့ပါသည်။
"ကျွန်မက အင်္ဂလိပ်စာ သင်တာပါ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ဒီတစ်ခေါက်တော့ အဘွားကျန်းကော အဘိုးကျန်းကော လန့်သွားကြပါသည်။ "နင်က ဆရာမလား။"
လင်းချင်းဟယ်က ပြုံးကာ ပြန်ပြောလိုက်သည်။ "ကျွန်မ ဒီကို ကလေးပျိုးထောင်ဖို့ လာခဲ့တာပါရှင်။"
အဘိုးကျန်းနဲ့ အဘွားကျန်းတို့ နောက်တစ်ခေါက် ကြက်သေသေသွားရပြန်သည်။ ထို့နောက် သူတို့ အကြည့်က သူမ၏ ဗိုက်ဆီသို့ ရောက်သွားကြသည်။ သိပ်မသိသာသေးသော်လည်း လင်းချင်းဟယ်၏ အသားအရည်က အလွန်ကောင်းမွန်နေသည်ကို မြင်နိင်ပါသည်။
လင်းချင်းဟယ်က ဒီလိုပြောလို့ ဘာမှမဖြစ်နိုင်ဘူးဟု ထင်မိပါသည်။ ဘာပဲဖြစ်ဖြစ် သိပ်မကြာခင်လည်း သူတို့ သိကြရတော့မှာဖြစ်သည်။ သူမ အခု ကိုယ်ဝန်ရှိသည့်ပုံ မပေါ်သော်လည်း သူမ ရေချိုးနေစဥ် ကြည့်လိုက်သောအခါ သူမဗိုက်က စတင်ပြီးထွက်လာပါပြီ။
"ကိုယ်ဝန်ရှိနေရင် ဘာလို့ ဒီကိုလာခဲ့ရတာလဲ" အဘိုးကျန်းက နားမလည်နိုင်စွာ မေးလိုက်ပါသည်။
"အဲ့တာ မေးဖို့လိုသေးလို့လား" အဘွားကျန်းက သူ့ကို မျက်စောင်းရွယ်လိုက်ပါသည်။
"ကလေးအမွေးလွန်တာလား" အဘိုးကျန်းက တွန့်ဆုတ်သွားပါသည်။ ထို့နောက် သူက ကန့်ကွက်လိုက်ပါသည်။ "သားတစ်ယောက် လိုချင်တာလား။ ဒီကောင်လေးကို ဘက်လိုက်တဲ့အတွေးမျိုး တွေးအောင် လုပ်လို့မဖြစ်ဘူး။"
လင်းချင်းဟယ်က ရယ်မောလိုက်ပါသည်။ "ဦးလေးက ပြောင်းပြန်တွေ ပြောနေတာပဲ။ တခြားသူတွေက သားယောက်ျားလေး လိုချင်ကြတယ်။ ကျွန်မတို့ မိသားစုကတော့ သမီးမိန်းကလေးကိုပဲ ပိုလိုချင်ကြတယ်။"
ဒီနေရာတွင် နေထိုင်တာကြာနေပြီဖြစ်သဖြင့် ကျန်းမိသားစု လင်မယားနှစ်ယောက်က ဘယ်လိုလူမျိုးတွေလဲ သူတို့သိပြီးသားဖြစ်ပါသည်။ ထို့ကြောင့် ဒီအကြောင်းပြောဖို့ မတွန့်ဆုတ်ခဲ့ပါ။
သူတို့နောက်ပိုင်း မြို့တော်ကို ပြန်သွားရင်တောင် အဆက်အသွယ် ဆက်လုပ်နိုင်ပါသေးသည်၊။
"မြို့တော်မှာ ကျွန်မ သားသုံးယောက် ရှိတယ်လေ။ သားကြီးက တက္ကသိုလ်က ဘွဲ့ရတာ နှစ်နည်းနည်းကြာပြီ" လင်းချင်းဟယ်က ပြောပြလိုက်၏။
"သုံးယောက်စလုံးက သားတွေလား" အဘိုးကျန်းက အံ့သြသွားပါသည်။
"ဟုတ်တယ် သူက သမီးလေးလိုချင်နေတာလေ။ အဲ့တာကြောင့် အားထုတ်ဖို့ပဲရှိတယ်။ မဟုတ်ရင် ကျွန်မရဲ့ ငယ်ကျွန်ကြီးလို လုပ်နေပါ့မလား။ ကျွန်မအတွက်လည်း ခက်ခဲနေလို့ပါ။ ကျွန်မက သူ့သမီးအတွက် အလုပ်ထွက်လိုက်ရတယ်လေ" လင်းချင်းဟယ် ပြောပြလိုက်ပါသည်။
အဘိုးကျန်း အခုတော့ နားလည်သွားပါပြီ။
ဒေါ်လေးကျန်းက ပြုံးကာ ပြောလိုက်ပါသည်။ "အဲ့တာ ကောင်းတာပေါ့။ ဒီအသက်အရွယ်တောင် ရောက်နေပြီကို ရလာတယ်ဆိုတော့ ကံပါလို့ပေါ့။ ကံကို ငြင်းပယ်တာ ယုတ္တိမရှိဘူးလေ။"
သူမ မပြောခဲ့တာက သူမ၏ ချွေးမလည်း သမီးတစ်ယောက်ဖြင့် ကလေးမွေးလွန်ခဲ့သည်ဆိုတာကိုပင်။ အရှေ့မှာ မြေးတစ်ယောက်ရှိ၏။ ထိုသမီးက နောက်မှ ရောက်လာခြင်းဖြစ်သည်။ ထိုဥပဒေ စကျင့်သုံးစဥ်က မွေးခဲ့ခြင်း ဖြစ်သော်လည်း အမွေးလွန်သည်ဟု သတ်မှတ်ခံရပါသည်။ သူတို့က အိမ်ထောင်စုစာရင်းကို ပြောင်းလဲဖို့ အဆက်အသွယ်ရှိခဲ့သဖြင့် ထိခိုက်မှုတော့ မရှိခဲ့ပါ။
"ဟုတ်တာပေါ့" ကျိုးချင်းပိုင်ကက အဘွားကျန်း၏ စကားများကို ထောက်ခံပါသည်။
အဘွားကျန်းက ပြုံးကာ ပြောလိုက်ပါသည်။ "ချင်းဟယ်က အလယ်တန်းသင်တာလား။ အထက်တန်း သင်တာလား။"
"ဒေါ်လေးရဲ့ မြေးတွေကို အင်္ဂလိပ်စာ သင်ပေးဖို့ လိုလို့လား" လင်းချင်းဟယ်က ထိုစကားကို ကြားသောအခါ မေးလိုက်ပါသည်။
"ငါ့မြေးလေးက ဒီနှစ် အထက်တန်းကျောင်း ပထမနှစ်လေ။ တခြား ဘာသာရပ်တွေက ကိစ္စမရှိပေမယ့် သူ့အင်္ဂလိပ်စာက တော်တော်ကို ဆိုးရွားတယ်။ ငါလည်း ပိုကောင်းတဲ့ နိုင်ငံခြားဘာသာသင် ဆရာမကို မရှာနိုင်ဘူး" အဘွားကျန်းက ရှက်ရွံ့စွာ ထပ်ပြောလိုက်ပါသည်။ "ဒါပေမယ့် ချင်းဟယ် နင်က အခု ကိုယ်ဝန်နဲ့ဆိုတော့ ဖြစ်ပါ့မလား။"
"ကိစ္စမရှိပါဘူး။ အားရင် သူ့ကိုခေါ်လာလိုက်။ ကျွန်မ သူ့ကို အခမဲ့ တစ်နာရီ သင်ကြားပေးပါ့မယ်" လင်းချင်းဟယ်က ကမ်းလှမ်းလိုက်ပါသည်။
"နင်သူ့ကို သင်မယ်ဆိုရင် သေချာပေါက် အခမဲ့ ဘယ်ဖြစ်ပါ့မလဲ။ ပိုက်ဆံယူရမှာပေါ့" အဘွားကျန်းက အမြန်ပြန်ပြောလိုက်ပါသည်။
"ဒေါ်လေး ကျွန်မကို ခရမ်းချဥ်သီးတွေ လက်ဆောင်ပိုပေးပေါ့။ ကျွန်မ ဒီမှာ ခရမ်းချဥ်သီး မစိုက်ဘူးလေ။ အဲ့တာကြောင့် ပိုက်ဆံကိစ္စကို အသာထားလိုက်ပါ။ အထက်တန်း ပထမနှစ်ကျောင်းသားတစ်ယောက်ကို စာသင်ပေးရတာ ကျွန်မအတွက် သိပ်ပြီး မခက်ခဲပါဘူ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"ဒါဆို နင်က ဘယ်မှာ သင်တာလဲ" အဘွားကျန်းက သူမကို စိတ်ဝင်စားစွာ ကြည့်လိုက်ပါသည်။
"တက္ကသိုလ်မှာပါ" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
အဘိုးကျန်းနှင့် အဘွားကျန်းတို့နှစ်ယောက်စလုံး ထိတ်လန့်သွားကြ၏။ သူတို့ လင်းချင်းဟယ်ကို ကောလိပ်ကျောင်းသားများအား သင်ကြားပေးနေသည့် နိုင်ငံခြား ဘာသာသင် ဆရာမဖြစ်မှန်း မထင်ခဲ့ကြပါ။
ထို့နောက် သူမလက်ထဲက စာအုပ်ကို သူတို့ကြည့်လိုက်သည်။ လုံးဝကို အင်္ဂလိပ်လိုချည်းသာဖြစ်သည်။ ထို့ကြောင့်လည်း သူမ နားလည်နိုင်တာပေါ့။