ဖင်းဖန်အား ဝိုင်းထားခြင်း
Vol. 57 Ch. 793
“ တာအိုဧကရာဇ် …. ကျုပ်တို့တွေ မိုဝူကျိရဲ့ ဖင်းဖန်အင်မော်တယ်ကျောင်းတော်ထဲမှာ ရှိတဲ့သူတိုင်းကို ဖမ်းဆီးပြီးတော့ နတ်ဘုရားမျိုးနွယ်စုရဲ့ ဒေါသကို ဖြေဖျောက်ဖို့ ပို့ပေးသင့်တယ်လို့ ထင်တယ် ” ကျင်းယူက မြန်မြန် ထပ်ဝင်ပြောလိုက်သည်။ သူက ဖင်းဖန်ကို အမှန်တကယ် တိုက်ပစ်ချင်နေသည်။ သူက ဖင်းဖန်မှ လူများမှာ မိုဝူကျိ၏ တည်နေရာအကြောင်း သိနေကြလိမ့်မည်ဟု ယုံကြည်မိနေပြီး သူက ဖင်းဖန်မှ ပစ္စည်းကောင်းများ ရနိုင်ရုံသာမက မိုဝူကျိ ပုန်းနေသည့်နေရာကိုလည်း အကြောင်းကြားနိုင်လိမ့်မည်။
“အရူး ” အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်
“ ငါတို့ အထက်ဘုံက တခြားမျိုးနွယ်စုတွေရဲ့ မျက်စိဒေါက်ထောက်ကြည့်တာကို အမြဲတမ်း ခံနေရတာပဲ …. နတ်ဘုရားမျိုးနွယ်စုက ငါတို့ကို ရင်ဆိုင်ဖို့ အကြောင်းပြချက် သပ်သပ်ရှာရုံပဲ။ နတ်ဘုရားမျိုးနွယ်က အကြောင်းပြချက် ရှာမတွေ့ရင်တောင် တခြားမျိုးနွယ်တွေက ငါတို့ လူသားမျိုးနွယ်ကို ဖယ်ရှားဖို့ အကြောင်းပြချက် ရှာကြဦးမှာပဲ ”
ဝင်ပြောလိုက်သူမှာ မျက်ခုံးချွန်ချွန်နှင့် လူလတ်အရွယ် အမျိုးသားကြီး ဖြစ်ကာ သူ့ပုံစံက အနည်းငယ် ပိန်နေသည်။
ခန်းမအတွင်းရှိ အားလုံးက ထိုလူအား မှတ်မိလိုက်ကြသည်။ ထိုလူမှာ အထက်ဘုံ၏ မဟာဧကရာဇ် ကျုံးမင်ရှန်း ဖြစ်ပြီး အထက်ဘုံ ကာကွယ်သူများထဲမှ တစ်ယောက် ဖြစ်ပေသည်။ ကျုံးမင်ရှန်းသည် အားကောင်းလွန်းသော်လည်း ရှေးကျသည့် ပုံစံမျိုး ဖြစ်ကာ ဒေါသကြီးပေသည်။ သူ့အနေနှင့် အထက်ဘုံ၌ မိတ်ဆွေများများစားစား မရှိခြင်း အကြောင်းအရင်းလည်း ဖြစ်ပေ၏။
ကျင်းယူက ကျုံးမင်ရှန်းအား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး “ ကာကွယ်သူ စကားအရဆိုရင် မိုဝူကျိရဲ့ ပါရမီရှင် သခင်လေး ဝူလီကို သတ်ပစ်လိုက်တဲ့ အပြုအမူက ကျုပ်တို့ လူသားမျိုးနွယ်စုအတွက် ဘာပြဿနာမှ မဖြစ်စေဘူးပေါ့ ”
ကျုံးမင်ရှန်းက အားရပါးရ ရယ်မောလိုက်ကာ သူ့အမူအယာမှာလည်း ပို၍ ပေါ်လွင်လာသည်။ သူက လက်ကို မြှောက်ကာ ကျင်းယူအား လက်ညိုးထိုးလိုက်ရင်း အော်ပြောလိုက်သည်
“ မင်းတို့လို သူရဲဘောကြောင်နေတဲ့ လူတွေကြောင့် ငါတို့လူသားမျိုးနွယ်က ဖိနှိပ်ခံနေရတာပဲ …. ပြီးတော့ အင်မော်တယ်မြို့အသေးလေးအဖြစ်တောင် ဖြည်းဖြည်းချင်း ကျုံ့လာပြီ။ ငါတို့က တစ်မြို့တည်း ရှိတယ်ဆိုပေမဲ့ မင်းတို့လို ငကြောက်တွေက မကြာခင် ဖျက်စီးပစ်ဦးမှာပဲ ”
ကျီချန်းလော့၏ အမူအယာမှာ ပျက်ယွင်းသွားကာ သူ့မျက်ဝန်း၌ အေးစက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ လူသားမျိုးနွယ် ဖိနှိပ်ခံရပြီး မြို့အသေးလေးအဖြစ် ကျန်ရှိနေတော့သည့် အဓိကအကြောင်းအရင်းမှာ သူ ကျီချန်းလော့ကြောင့်သာ ဖြစ်၏။
မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးနောက် သူက အင်မော်တယ်လောက၏ စည်းမျည်းများကို ကျော်လွန်နေပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ကောင်းကင်ဘုံအလွန် စကြဝဠာအကြောင်း သိရှိပြီးနောက် အင်မော်တယ်လောက၌ လူသားမျိုးနွယ်စု ထိန်းချုပ်ထားသော ပိုင်နက်မှာ ကြီးမားသော်လည်း သူ့အနေနှင့် ရည်မှန်းချက်ကြီးကာ ကောင်းကင်ဘုံအလွန် စကြဝဠာတစ်ခုလုံးကို ကြီးစိုးချင်မိသည်။
တချို့မျိုးနွယ်စုလေးများက နတ်ဘုရားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်ကဲ့သို့သော မျိုးနွယ်စုကြီးများထံ ကောင်းကင်ဘုံအလွန် စကြဝဠာ ပေါ်ပေါက်လာမှုအကြောင်း သွားရောက်၍ ပြောပြကြလေသည်။ ထိုမျိုးနွယ်စုများ၏ ကျူးကျော်မှုက လူသားမျိုးနွယ်စု၏ ပိုက်နက်များပင် ပါကုန်လေသည်။ အဆုံးသတ်၌ သူတို့က အထက်ဘုံ စကြဝဠာမြို့လေးသာ ကျန်ရှိပေတော့၏။
အထက်ဘုံ၏ စကြဝဠာမြို့ ဆက်လက် တည်ရှိနေသည့်အကြောင်းအရင်းမှာ ထိပ်တန်းအဆင့် ကာကွယ်ရေး အစီအရင် ရှိနေ၍ ဖြစ်သည်။ ဤကာကွယ်ရေး အစီအရင်က စကြဝဠာအစွန်းရှိ ကာကွယ်ရေး အစီအရင်ထက်ပင် ပိုအားကောင်းပေသည်။ ထို့အပြင် တခြားသော မျိုးနွယ်စုများက ကျင့်ကြံရေး အရင်းအမြစ်များ တတ်နိုင်သမျှ ရရှိဖို့ရာ ကြိုးစားနေကြလေရာ လူသားမျိုးနွယ်စုနှင့် ရင်ဆိုင်ဖို့ ဘာကြောင့်များ အသက်ရင်းကြမည်နည်း။ လူသားမျိုးနွယ်မှာ ကောင်းကင်ဘုံအလွန် စကြဝဠာ၌ အင်မော်တယ်မြို့လေးတစ်ခုသာ ကျန်ရှိတော့သောကြောင့် ဤမြို့လေးအား လုယူဖို့ မည်သည့်ကြိုးစားမှုမဆို လူသားမျိုးနွယ်၏ လက်တုံ့ပြန်ခြင်းကို ခံရနိုင်ပေသည်။
ကျီချန်းလော့က လူသားမျိုးနွယ်အနေနှင့် မြို့တစ်မြို့တည်းသာ ကျန်ရှိစေတော့သည့် အကြောင်းအရင်း ဖြစ်ပေရာ ကျုံးမင်ရှန်းက ထိုကိစ္စကို ထုတ်ပြောလိုက်သည့်အခါ သူ့အမူအယာ ပျက်ယွင်းသွားသည်မှာ ပုံမှန်သာ ဖြစ်၏။
ကျင်းယူက ကျီချန်းလော့ထံ လက်နှစ်ဖက် ယှက်ပြီးနောက် ကျုံးမင်ချန်းကို အေးစက်စက် ပြန်ဖြေလိုက်သည်
“ ခင်ဗျား သဘောတရားအရဆိုရင် မိုဝူကျိက လူသားမျိုးနွယ်စုအတွက် ဝူလီကို သတ်ပြီးတော့ မီဖေးကုန်သွယ်ရေး အဖွဲ့နဲ့ ဟဲရှီးအဖွဲ့ကို ရန်စသင့်တယ်လို့ ပြောချင်တာလား။ ကျုပ်တို့ လူသားမျိုးနွယ်က သူ့မကျေနပ်ချက်အတွက် အသက်တွေကို စတေးပေးရမှာလား ”
ကျုံးမင်ချန်းက မကျေမနပ် ဖြေလိုက်သည်
“ဝူလီက လူသားမျိုးနွယ်စုထဲက ပါရမီရှင်ဘယ်လောက်ကို တာအိုဆွေးနွေးခြင်း စင်မြင့်နာမည်ကို သုံးပြီး သတ်ထားတာလဲ …. ဝူလီလက်ချက်နဲ့ ပါရမီရှင် ဆယ်ယောက်ကျော် အသတ်ခံရပြီးပြီ။ တကယ်လို့ မင်းက ဖင်းဖန်ကို ချေမှုန်းပစ်ပြီးတော့ သူတို့အဖွဲ့သားတွေအားလုံးကို နတ်ဘုရားမျိုးနွယ်ဆီ ပေးပြီးတော့ သူတို့က ငါတို့ကို လာမတိုက်ဖို့ တောင်းဆိုချင်နေတာလား။ အကြောင်းပြချက်က မိုဝူကျိက ဝူလီကို သတ်ခဲ့လို့တဲ့လေ။
ကျင်းယူ … မင်းတို့ ကျင်းမျိုးနွယ်က မီဖေးကုန်သွယ်ရေး အဖွဲ့မှာ ဝေစုရှိတာကို မသိဘူး ထင်မနေနဲ့။ မင်းက လူသားမျိုးနွယ်စုရဲ့ ကျင့်ကြံသူဖြစ်ဖို့ မထိုက်တန်ဘူး ”
“ တော်လောက်ပြီ … ကျုံးမင်ရှန်း ပြန်ထိုင်တော့ ” ကျီချန်းလော့၏ အေးစက်စက် လေသံ ထွက်ပေါ်လာသည်။
ကျုံးမင်ရှန်းက ကျင်းယူနှင့် ကျင်းမျိုးနွယ်စုအကြောင်း ပြောနေသော်လည်း သူက ဤနေရာ၌ မျက်နှာပြောင်ပြောင် ပြောကာ ကျီချန်းလော့အား မလေးမစား လုပ်နေခြင်းသာ ဖြစ်ပေသည်။
“ ဝုန်း ” ပြင်းထန်သည့် တုန်ခါမှုကြီးကို ခံစားမိလိုက်ပြီး ခန်းမတစ်ခုလုံးမှာ လှုပ်ခါသွားလေ၏။
ကျီချန်းလော့က စိုးရိမ်တကြီး ထရပ်လိုက်သည်။ နတ်ဘုရားမျိုးနွယ်စု အဆင့်မြင့် ကျင့်ကြံသူများက သူတို့ စစ်တပ် ရောက်မလာခင် မြို့၏ ကာကွယ်ရေး အစီအရင်ကို လာရောက်တိုက်ခိုက်နေလေပြီ။ ထိုသည်မှာ လူသားမျိုးနွယ်အား အနည်းငယ်မျှ လေးစားမှုပင် မရှိတော့ပေ။
…………
မိုဝူကျိက ကျင့်ကြံခြင်းကို ရပ်လိုက်ပြီး မျက်နှာ၌ မကြည်မလင် ဖြစ်နေသည်။ အကြောင်းမှာ သူက ဆက်လက် မကျင့်ကြံချင်၍ မဟုတ်ဘဲ တံခါးပိတ် ကျင့်ကြံနေသည်မှာ တစ်နှစ်ကျော်သွားပြီ ဖြစ်ကာ အစိမ်းရောင်ကျောက် တစ်သန်းမှ နှစ်သန်းလောက်ကို သုံးမိလိုက်သော်လည်း အင်မော်တယ် ဧကရာဇ်အဆင့်ကို မရောက်နိုင်သလို၊ ခံစား၍လည်း မရသေးပေ။ အင်မော်တယ် ဧကရာဇ်အဆင့်မျှသာ မဟုတ်ဘဲ ဧကရာဇ် တပိုင်းအဆင့်ပင် သူ့အတွက် အလှမ်းကွာနေသေး၏။
သူက သူ့မှန်းဆချက်များမှာ လက်တွေ့ ဖြစ်လာကြောင်း သိလိုက်သည်။ သူ သုံးခဲ့သည့် အချိန်ပမာဏမှာ အလွန်နည်းပါးနေပြီး အင်မော်တယ် မော်တယ်ကျင့်စဉ်ဖြင့် ကျင့်ကြံရေး အရင်းအမြစ်များစွာနှင့်အတူ ကျင့်ကြံခဲ့သော်လည်း အချိန်တိုလေးအတွင်း အင်မော်တယ် ဧကရာဇ်အဆင့် မတက်လှမ်းနိုင်သေးပေ။
ယမန်နှစ် တံခါးပိတ် လေ့ကျင့်စဉ်အတွင်း သူ့အင်မော်တယ် စွမ်းအားများမှာ သိသိသာသာ တိုးတက်လာပြီး အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွားသည်က ကံကောင်းလှပေသည်။ သူ့အင်အားမှာ နောက်တဆင့် ရောက်ရှိသွားလေပြီ။
ရွိုက်ကောက မိုဝူကျိ၏ ထာဝရ ကမ္ဘာလေးအတွင်း နက်နက်ရှိင်းရှိုင်း အိပ်မောကျနေဆဲ ဖြစ်ကာ ရင့်မှည့်လာပြီ ဖြစ်သော ပြောင်းလဲရေး တာအိုအသီးများကိုလည်း ကျောက်စိမ်းပုလင်း တစ်ခုစီ၌ သိမ်းဆည်းပြီးသွားပြီ ဖြစ်၏။
သူက ဆက်လက်၍ တိုးတက်မလာတော့သောကြောင့် မိုဝူကျိက ကျင့်ကြံခြင်းကို ရပ်တန့်ကာ ထွက်မသွားသေးဘဲ ပစ္စည်းသန့်စင်ရန် ဆုံးဖြတ်လိုက်သည်။
လက်ရှိ သူ့တွင် သန့်စင်ဖို့ လိုအပ်နေသည့် သတ္တုနှင့် ပစ္စည်းများတောင်ပုံရာပုံ ရှိလေရာ သန့်စင်ခြင်းသာမက သတ္တုများကို ထုလုပ်ခြင်းမှာလည်း သူ့ပန်းပဲအဆင့်အတန်းကို တိုးတက်လာစေရန် အထောက်အကူ ပြုလိမ့်မည်။ ထို့အပြင် သူ့တာအို၌ အသိမြင်များကို တည်ငြိမ်စေပေလိမ့်မည်။
သူ့တာအို သဘောတရားအရ သတ္တုများကို ထုလုပ်ခြင်းမှာ တိုးတက်လာဖို့ နည်းလမ်းတစ်ခုဖြစ်ပြီး မိုဝူကျိက ဤသို့ အချိန်မျိုး၌ အလျှင်မလိုသင့်ကြောင်း ကောင်းကောင်း သိပေသည်။ သူ အလျှင်လိုလေလေ သူ့မဟာတာအိုက ပို၍ နှေးကွေးလာပေလိမ့်မည်။
အချိန်ကုန်ဆုံးလာသည်နှင့် မိုဝူကျိဘေးရှိ အင်မော်တယ် ပစ္စည်း နှင့် သတ္တုအစအန တောင်ပုံရာပုံမှာ လျော့နည်းလာပြီး ဘေးတစ်ဖက်၌ အင်မော်တယ် ပစ္စည်း အရေအတွက်မှာ တဖြည်းဖြည်း တိုးပွားလာလေ၏။ အဆင့် ၅ မှ အဆင့် ၆ အပြင် အဆင့် ၇ အင်မော်တယ် ပစ္စည်းများလည်း ရှိနေပေသည်။
နောက်ထပ် နှစ်နှစ်တာ ကုန်ဆုံးသွားကာ မိုဝူကျိက အဆင့် ၉ အင်မော်တယ်ပစ္စည်းကို ဖန်တီးပြုလုပ်နိုင်လုနီးပါးအဆင့်သို့ ရောက်ရှိလာသည်။ သူ့တွင် ထိပ်တန်းအဆင့် ပစ္စည်း ဆယ်မျိုးသာ ကျန်ရှိတော့ကြောင်း သတိပြုမိလိုက်သည်။ သူက ကျန်သည့်ပစ္စည်းများကို သုံးပြီးလေပြီ။
ဤနှစ်များတစ်လျှောက်လုံး ပစ္စည်းများစွာ ပြုလုပ်လာပြီးနောက် မိုဝူကျိက သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်မှာ မည်မျှ ထူးခြားကြောင်း အမှန်တကယ် ခံစားမိလာသည်။ စုတ်တီးစုတ်ပြတ်အရာတစ်ခုမှ မှော်ဆန်ဆန်အရာအဖြစ်သို့ ပြောင်းလဲနိုင်ပေသည်။ အကယ်၍ တခြားသူဖြစ်နေပြီး ရှုစုရန်၏ လမ်းညွှန်ချက် ပါရှိလျှင်ပင် သူတို့က အဆင့် ၆ ပန်းပဲဆရာအဖြစ်မှ အဆင့် ၉ ပန်းပဲဆရာအဖြစ်သို့ သေချာပေါက် တက်လှမ်းနိုင်မည် မဟုတ်ပေ။
မိုဝူကျိတွင် နောင်တ တစ်ခု ရှိနေသည်က အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်တွင်သာ ရှိနေသေး၍ ဖြစ်သည်။ ထိုအရာမှလွဲ၍ သူ့စွမ်းအားများမှာ ယခင် သုံးနှစ်မတိုင်ခင်ကနှင့် ယှဉ်ကြည့်လျှင် ပို၍ သိပ်သည်းလာ၏။ မိုဝူကျိက သူ့စိတ်ထဲ၌ ဧကရာဇ်တပိုင်းအဆင့် မဝင်သေးကြောင်း သေချာသိထားသည်။
သူ့နှင့် ရေကန် ရှိနေသည်က ကံကောင်းလှပေသည်။ သူက သူကိုယ်သူ နောက်ထပ် သုံးနှစ် သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူက ထိုသုံးနှစ်အတွင်း အင်မော်တယ် ဧကရာဇ်အဆင့်ကို မခံစားမိသေးလျှင် စွန့်စားကာ ဤနေရာမှ ထွက်သွားမည် ဖြစ်၏။
ရေကန်မှာ အနည်းငယ် အေးစိမ့်စိမ့် ဖြစ်နေသော်လည်း ရေခဲရေတမျှ အေးစက်မနေပေ။ မိုဝူကျိက ကန်အောက်ခြေ၌ ထိုင်လိုက်ပြီး သူ့ရုပ်ခန္ဓာ ကျင့်စဉ်အား လှည့်ပတ်လိုက်သည်။ ရေကန်အတွင်းမှ ရေမှာ မိုဝူကျိအား ရုပ်ခန္ဓာအား မလေ့ကျင့်ပေးနိုင်တော့ပေမဲ့ သူက ရုပ်ခန္ဓာ ကျင့်စဉ်ကို လေ့ကျင့်လိုက်ပြီး ခန္ဓာကိုယ်မှ အညစ်အကြေးများကို ဖယ်ရှားလိုက်သည်။
ခန္ဓာကိုယ်တွင် အညစ်အကြေးများ လျော့နည်းသွားသည်နှင့် ကိုယ်ပိုင် တာအိုအသိမြင်များကို ပို၍ နားလည်လာနိုင်ပေလိမ့်မည် ဖြစ်ကာ သူတို့ကျင့်ကြံနှုန်းလည်း နှစ်ဆမြန်လာကာ သူတို့၏ ရုပ်ခန္ဓာမှာလည်း နောက်တဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
မိုဝူကျိက ရေကန်ထဲ ဝင်ပြီး သူ့ကိုယ်သူ သန့်စင်နေစဉ် ဖင်းဖန်၏ ကာကွယ်ရေး အစီအရင်မှာ အဆင့်မြင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်၏ ဝန်းရံထားခြင်းကို ခံထားရသည်။
အကယ်၍ မိုဝူကျိသာ ရှိနေလျှင် ထိုအဖွဲ့ကြား၌ ကျင်းယူနှင့် ကျင်းယီရန်တို့ကို သေချာပေါက် မှတ်မိပေလိမ့်မည်။
ဖင်းဖန်၏ မနီးမဝေးနေရာတွင် ကြော့ရှင်းသပ်ရပ်သော မိန်းမလှလေး တစ်ဦးက လေထဲ ရပ်နေသည်။ သူမက သူမ၏ ကြယ်တာရာ ဆွဲသီးလေးနောက် လိုက်လာရင်း ဖင်းဖန်ဆီ ရောက်ရှိလာခြင်း ဖြစ်၏။ သူမက မိုဝူကျိအား ဆွဲသီးလေး ပေးလိုက်သော်ငြား ဘာလို့ တခြားအမျိုးသမီး လည်ပင်း၌ ရှိနေရသနည်း။
“ ဝုန်း ” ကျင်းယူတို့က ထောင်ချောက်အစီအရင်များ ခင်းကျင်းကာ ဖင်းဖန်အား တိုက်ခိုက်ဖို့ ကြိုးစားနေကြသည်။
“ ရပ်စမ်း …. ဘာလို့ ခင်ဗျားတို့ အထက်ဘုံက ကျုပ်တို့ ဖင်းဖန်ကို လာတိုက်ခိုက်ရတာလဲ ” စုကျီအန်းက ဒေါသတကြီး အော်ဟစ်လိုက်ရင်း ကာကွယ်ရေး အစီအရင်အစွန်းနားသို့ ရပ်လိုက်သည်။
ဝေကျီတောက်၊ ကျန့်မင်ချန်းနှင့် နျဲ့ချုံးအန်းတို့လည်း အကြီးအကဲစုဘေးနား ရပ်နေကြသည်။ စုကျီအန်းမှာ အင်မော်တယ် ဧကရာဇ် ဖြစ်လာရန် ခြေတစ်လှမ်းမျှ လိုအပ်နေသေးသော်လည်း သူက အချိန်တစ်ခုအထိ ဂိုဏ်းချုပ်အဖြစ် သတ်မှတ်ခံထားရသည်။ မိုဝူကျိ မရှိစဉ် စုကျီအန်းက ဂိုဏ်းချုပ် တာဝန်ယူထားရသည်။
“ ဖင်းဖန်လား ” ကျင်းယီရန်က အားရပါးရ ရယ်မောလိုက်သည်
“ မိုဝူကျိက ကောင်းကင်ဘုံအလွန် စကြဝဠာမှာ အပြစ်တွေ ကျူးလွန်ခဲ့ပြီးပြီ …. ဘာလို့များ ဖင်းဖန်က ဆက်ပြီးတည်ရှိနေရမှာလဲ။ မင်းတို့ကို ပြောလိုက်ဦးမယ် … မင်းတို့ဖင်းဖန်ထဲက ခွေးကိုတောင် ဝိညာဉ် နှုတ်ပစ်မယ် …. ”
“ ဝုန်း ” ကျင်းယီရန် စကားအဆုံးတွင် ကျင်းယူက အော်ဟစ်လိုက်ကာ အင်မော်တယ် ဧကရာဇ် ဆယ်ယောက်ကျော်က ကိုယ်စီ လက်နက်များ ဆွဲကိုင်လိုက်ကြသည်။
“ ရပ်စမ်း ” နောက်ထပ် အသံတစ်သံ ပျံ့လွှင့်လာပြီး ပြောလိုက်သူမှာ ဖင်းဖန်မှ မဟုတ်ဘဲ မိန်းမလှလေး တစ်ဦး ဖြစ်နေသည်။ သူမက ဖင်းဖန်ကို ဝိုင်းထားကြသော အင်မော်တယ် ဧကရာဇ် ဆယ်ဦးရှေ့မှောက် ရပ်လိုက်သော်လည်း မည်သူကမှ သူမ ဘယ်အချိန်က ရောက်လာမှန်း မသိလိုက်ကြပေ။
“ ဖင်းဖန်ကို ရှင်းထုတ်ပစ်ဖို့က တာအိုဧကရာဇ်ရဲ့ အမိန့်ပဲ …. လာတားဆီးရအောင် မင်းကိုယ်မင်း ဘယ်သူထင်နေလဲ ” မုတ်ဆိတ်ဝါ မဟာဧကရာဇ် အမျိုးသားကြီးက ရှေ့ထွက်ကာ အော်ပြောလိုက်သည်။
“ မင်းတို့တွေက ဖင်းဖန်ကို ရှင်းပစ်ချင်တာပေါ့ …. အဲဒါက မိုဝူကျိနဲ့ ဘာဆိုင်လို့လဲ ” မိန်းမလှလေး အသံမှာ တည်ငြိမ်လှပေသည်။
ထိုအမျိုးသမီး ရုတ်တရက် ရောက်လာသောကြောင့် မဟာဧကရာဇ်များပင် သတိမထားမိလိုက်ပေ။ ယခု သူမ မေးလိုက်သောကြောင့် တစ်ယောက်က ပြန်ဖြေလိုက်လေ၏
“ မိုဝူကျိက ဖင်းဖန်ရဲ့ ဂိုဏ်းချုပ်လေ။ သူက ကောင်းကင်ဘုံအလွန် စကြဝဠာမှာ အပြစ်တွေ အများကြီး ကျူးလွန်ခဲ့ပြီးတော့ လူသားမျိုးနွယ်ကိုလည်း ပါဝင်ပတ်သတ်စေခဲ့တယ်။ အဲဒါကြောင့် တာအိုဧကရာဇ်က ဖင်းဖန်ကို ရှင်းပစ်ဖို့ အမိန့်ချထားတာ ”
မိန်းမလှလေးက ထိုစကားများကို ကြားသောအခါ လက်ခါလိုက်ပြီး “ ဒီလိုဆိုမှတော့ ရှင်တို့အားလုံး ထွက်သွားလိုက်ပါ။ မိုဝူကျိက ငါ့ရဲ့ ဂျုနီယာမောင်လေးပဲ …. အဲဒါကြောင့် ဖင်းဖန်ကို ဖျက်စီးခွင့် မပြုနိုင်ဘူး ”
ကျင်းယူက နောက်တစ်ဖန် အော်လိုက်ပြန်သည် “ အားလုံး အတူတူ တိုက်ကြ ”
အင်မော်တယ် ဧကရာဇ် ဆယ်ယောက်ကျော်က မှော်ရတနာ ကိုယ်စီ ဆွဲကိုင်ကာ ထိုအမျိုးသမီးဆီ ချီတက်သွားကြသည်။ ကောင်းကင်တခွင် စွမ်းအားများ လွှမ်းခြုံသွားကာ အစီအရင်အတွင်း ရှိနေသော စုကျီအန်းတို့ပင် တည်နေရာဖိအားကြီးကို ခံစားမိလိုက်ကြသည်။
မိန်းမလှလေးက လက်တစ်ချက် ဝှေ့လိုက်ရုံဖြင့် ထိုထိပ်တန်းအဆင့် မှော်လက်နက် ဆယ်ခုကျော်မှာ အစအနမရှိ ပျောက်ကွယ်သွားရသည်။ ကောင်းကင်ထဲရှိ ဖိနှိပ်အားနှင့် စွမ်းအားများမှာလည်း ပျောက်ကွယ်သွားရသည်။
ထိုစဉ် ထိုအမျိုးသမီးက အသာပြောလိုက်သည် “ အခု ထွက်သွား … မဟုတ်ရင် ငါ့ကို လာပြီး အပြစ်မတင်နဲ့ ”
ထိုသို့ပြောပြီးနောက် အမျိုးသမီး၏ ခမ်းနားကြီးကျယ်လှသည့် စွမ်းအားစက်ကွင်း ထွက်ပေါ်လာသောအခါ ထိုအင်မော်တယ် ဧကရာဇ်များက ရင်ဘတ်ကို တူနှင့် ထုခံလိုက်ရသည့်အလား သွေးအန်ကာ လွှင့်ထွက်သွားတော့သည်။
ထိုအမျိုးသမီးက ထပ်ပြောဖို့ရာ မလိုတော့ဘဲ ထိုအင်မော်တယ် ဧကရာဇ်များက အလျှင်အမြန် ထွက်သွားကြတော့သည်။ သူတို့က သူတို့မှော်ရတနာများကို ပြန်ယူရဲသည့် သတ္တိပင် မရှိကြချေ။ သူတို့က တာအိုဧကရာဇ် ကျီချန်းလော့ပင် ထိုအမျိုးသမီး၏ ပြိုင်ဖက် မဖြစ်နိုင်ကြောင်း သေချာသိလိုက်ကြ၏။
“ စီနီယာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဖင်းဖန်ရဲ့ ယာယီဂိုဏ်းချုပ် စုကျီအန်းက စီနီယာကို ဂါရဝပြုပါတယ် ” စုကျီအန်းက ကာကွယ်ရေး အစီအရင်ကို ဖွင့်၍ စီနီယာအား မြန်မြန် နှုတ်ဆက်လိုက်သည်။
မိန်းမလှလေးက ခေါင်းညိတ်ပြကာ “ ကျမနာမည်က ကျီလီပါ။ ကျမက ဒီနေရာက ထွက်သွားတော့မှာဆိုတော့ ဂျုနီယာမောင်လေးမိုဝူကျိဆီ လာတွေ့တာပါ ”
ကျီလီက နွေးထွေးကာ ကြင်နာတတ်သော နှလုံးသားပိုင်ရှင် ဖြစ်ကာ သတ်ဖြတ်ခြင်းကို မုန်းတီးပေသည်။ ထို့ကြောင့် သူမက ဖင်းဖန်အား ဖျက်စီးရန် ကြိုးစားကြသော ထိုလူများကို မသတ်လိုက်ခြင်း ဖြစ်၏။
***