အခန်း(၅၆၄) အိမ်စီးကား
Vol. 41 Ch. 564
အခန်း(၅၆၄) အိမ်စီးကား
ဝယ်စရာလိုတာတွေက တီဗီအစုံလိုက်၊ အဝတ်လျှော်စက်နှင့် ရေခဲသေတ္တာတို့ဖြစ်သည်။
ထိုအရာတွေက အိမ်မှာ မရှိမဖြစ် လိုအပ်ပါသည်။
တခြား ကြီးကြီးမားမား ပစ္စည်းတွေတော့ ဘာမှမရှိပါ။ လင်းချင်းဟယ်တွင် ကိုယ်ပိုင် ပန်ကာတစ်လုံး ရှိ၏။ အသုံးပြုဖို့ ထုတ်ထားပြီးဖြစ်သည်။ ကျန်တာတွေကတော့ ဘာမှ မရှိပါ။
သူတို့ဝယ်ပြီးသောအခါ ရှော့ပင်းမောလ်ကို အိမ်သို့ ပို့ပေးဖို့ ပြောခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးသား စျေးပတ်ဝယ်ခဲ့သည်။
လင်းချင်းဟယ်က ရှော့ပင်ထွက်ပြီးနောက် အတော်လေး ကျေနပ်သွားခဲ့၏။ သူမ ဖုန်းတစ်လုံး ရှာပြီး ကျိုးရှောင်မိန်ကို ဖုန်းဆက်လိုက်ပါသည်။ ကုန်စုံဆိုင်ငယ်လေးက ကျိုးရှောင်မိန်ကို ဖုန်းကိုင်ဖို့ သွားခေါ်သည်။ သူမ ဒီနေ့ ဖုန်းဆက်မှာကို သိနေသဖြင့် အမေကျိုးက စုထျန်းလေးကို ခေါ်လာပြီး စောင့်နေ၏။
အမေကျိုးက ကျိုးရှောင်မိန်ကို အလုပ်သာ ဆက်လုပ်ခိုင်းလိုက်ပြီး သူမက ဖုန်းအခေါ်ကို လာစောင့်နေခြင်း ဖြစ်သည်။ အချိန်ကို ခန့်မှန်းပြီးသောအခါ လင်းချင်းဟယ် ဖုန်းဆက်လိုက်ပါသည်။
သူမ၏ ယောက္ခမအသံကို ကြားလိုက်ရသောအခါ လင်းချင်းဟယ် ပြုံးကာ ပြောလိုက်ပါသည်။ "အမေ စိတ်မပူပါနဲ့။ အခု သမီးတို့ ဒီရောက်နေပြီဆိုတော့ အားလုံး အဆင်ပြေနေပါပြီ။ လယ်သမားစျေးနဲ့ ဆေးရုံတို့ကလည်း အနီးအနားမှာ ရှိတယ်။ အိမ်ကလည်း တော်တော်လေး ကျယ်ပါတယ်။"
အမေကျိုးက နားထောင်ကာ ပြောလိုက်ပါသည်။ "ကောင်းတာပေါ့ ကောင်းတာပေါ့။ နင်တို့က မရင်းနှီးတဲ့ နေရာတစ်ခုကို သွားတာဆိုတော့ နှိမ့်နှိမ့်ချချနေပြီး တခြားသူတွေနဲ့ ပြဿနာမဖြစ်တာ အကောင်းဆုံးပဲနော်။ အဲ့ဒီမှာ အေးအေးချမ်းချမ်း နှစ်ဝက်လောက်နေပြီး ပြန်လာခဲ့ချေ။”
သူမ၏ သားနဲ့ ချွေးမတို့က ထိုနေရာသို့ ကလေးကို ပျိုးထောင်ရင်း အခြေချဖို့ စီစဥ်နေတာ သူမ မသိခဲ့ပါ။
အမေကျိုးက အချိန်အကြာကြီး စကားပြောပြီးမှ ဖုန်းချခဲ့ပါသည်။ သူမ၏ မျက်နှာတွင် စိတ်သက်သာမှုများ ပေါ်လာခဲ့ပါသည်။
သူမ၏ ပုံစံကို မြင်သောအခါ ကျိုးရှောင်မိန်က မေးလိုက်သည်။ “စတုတ္ထအစ်ကိုနဲ့ စတုတ္ထယောက်မတို့ အခြေချပြီးကြပြီမဟုတ်လား။"
"အားလုံး အခြေချပြီးသွားပါပြီ" အမေကျိုးက ပြန်ပြောလိုက်ပါသည်။ "ဒီကိုယ်ဝန်က မလွယ်ဘူး။ မွေးဖို့ဖွားဖို့ ရှန်ဟိုင်းမြို့တော်ကိုတောင် ပြေးရတယ်။"
"သူတို့ အဲ့ဒီမှာ သွားမွေးမှဖြစ်မှာပေါ့။ မဟုတ်ရင် ဟိုဘက်အိမ်က အဘွားကျန်းက တစ်နေ့နေ့ မကောင်းကြံလိုက်ရင် သမီးတို့ ဘယ်လိုလုပ်ကြမလဲ" ကျိုးရှောင်မိန်က ပြောလိုက်သည်။
ကျိုးရှောင်မိန် ပြောနေတာက အဘွားကျန်းမှာ ပြဿနာရှာတတ်သူဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
သူမ၏ စတုတ္ထယောက်မက ကလေးမွေးဖို့ ထိုနေရာသို့ သွားရမှာက သွားရမှာပဲဖြစ်သည်။ အဘွားကျန်းသာ မတွေ့ပါက နောက်ထပ် ၂ လလောက်ကြာမှ သွားဖြစ်လောက်သည်။ အရင်တုန်းကတော့ နွေရာသီအားလပ်ရက်မှ သွားကြဖို့ စီစဥ်ထားခဲ့ကြ၏။
အမေကျိုးက ပြောလိုက်သည်။ "အခု သူတို့ ပြောင်းသွားကြပြီဆိုတော့ အဲ့ဒီ မသာမကြီးကို စိတ်ထဲထားမနေနဲ့တော့။ ဒါနဲ့ နောက်တစ်ခေါက် နင့်အကြီးဆုံးအစ်မ ဖုန်းဆက်ရင် ငါ့ကို ဖုန်းပြောဖို့ လာမခေါ်နဲ့။ ငါ သူ့ကို စိတ်ကုန်သွားပြီ။ သားနဲ့ သမီးကို ကောင်းကောင်း သင်ကြားမပေးနိုင်ဘူး။"
အမေကျိုးလည်း အတိုင်ခံရမှာ ကြောက်ပါသည်။ ဘာပဲဖြစ်ဖြစ် အဘွားကျန်းက အကျင့်စရိုက်ကောင်းသော အဘွားကြီး မဟုတ်ပါ။ ပန်းခြံက အဘွားအိုများထံမှ သူမ ကြားခဲ့ပြီးပြီ ဖြစ်သည်။ ဒီကိစ္စက အလွန်တင်းကြပ်၏။ ကိုယ်ဝန် ၇ လရှိနေတာတောင် ဖျက်ချရသည့် လူများ ရှိနေပါသည်။
ကျိုးရှောင်မိန်က ပြောလိုက်၏။ "အကြီးဆုံးအစ်မအကြောင်း မပြောကြရအောင်။ ထျန်းထျန်းက နောက်နှစ်ဆို ကျောင်းတက်ရတော့မှာနော်။ ပညာသင်တာ ကောင်းတယ်။ လူတွေကို အသိဥာဏ် ပိုကောင်းစေတယ်။"
"ဟုတ်တယ်။ ပညာကို ပိုသင်။ ငါတို့ ကျိုးမိသားစုက စာကြိုးစားရမယ်" အမေကျိုးက ခေါင်းငြိမ့်လိုက်ပါသည်။
"အမေကလည်း သမီးတို့ ကျိုးမိသားစု စာကြိုးစားအောင် စတုတ္ထယောက်မက လုပ်ပေးခဲ့တာပါ။ နောက်ပိုင်း မျိုးဆက်တွေက အကုန်လုံး ငပျင်းတွေချည်းပဲ။ အဲ့တာက စာကြိုးစားတာလား" ကျိုးးရှောင်မိန်က မျက်စောင်းရွယ်လိုက်ပါသည်။
အမေကျိုး သက်ပြင်းချလိုက်၏။
သူပြောတာမှန်ပါသည်။ ပထမ မိသားစုက ယန်ယန်ဖြစ်ဖြစ်၊ တတိယ မိသားစုက ဝူနီပဲဖြစ်ဖြစ် စတုတ္ထချွေးမက ပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။
သူမက အကုန်လုံးကို စတင်ပေးခဲ့ခြင်းဖြစ်၏။ မဟုတ်ပါက မိသားစုထဲက ဘယ်သူကမှ ပညာသင်တာကို တန်ဖိုးထားကြမည် မဟုတ်ပေ။ အမေကျိုးကိုယ်တိုင်က ပညာသင်လျှင် အသုံးမဝင်ဘူးဟု တွေးခဲ့ဖူးပါသည်။
အကြီးဆုံးမရီးက သူမ၏ သမီးများကို ပညာသင်ဖို့ ပို့ပေးလိုက်တုန်းက အိမ်ထောင်စု ခွဲပြီးပြီဖြစ်သည်။ မဟုတ်ပါက အမေကျိုး ခွင့်ပြုပေးလိမ့်မည် မဟုတ်ပါ။ အိမ်ထောင်စု ခွဲပြီးပြီဖြစ်သဖြင့် မိသားစုနှစ်စုဖြစ်သွားပါပြီ။ သူမ ဝင်ပါလို့ မဖြစ်ပါ။
အခုတော့ ကြည့်ပါဦး။ အားလုံး ပညာတတ်တွေ ဖြစ်ကုန်ကြပါပြီ။
"သူတို့ကို ကောင်းကောင်းပျိုးထောင်နော်။ သူတို့ကို ပျိုးထောင်နည်းမှန်ရင် အနာဂတ်မှာ နင့်သားသမီးလေးယောက်လည်း ကောလိပ်ကျောင်းသားတွေ ဖြစ်လာလိမ့်မယ်။ အဲ့ဒါမှ ကိုယ့်ဘိုးဘေးတွေကို ဂုဏ်တက်စေလိမ့်မယ်" အမေကျိုးက ပြောလိုက်သည်။
ကျိုးရှောင်မိန်က ထိုစကားများကို သဘောကျကာ ပြုံးလိုက်ပါသည်။ "သူတို့ကို လောင်တနဲ့ သူ့ညီတွေလောက် တော်ဖို့ကိုတော့ မမျှော်လင့်ထားပါဘူး။ သူတို့ သာမန် တက္ကသိုလ်တစ်ခုခုကို ဝင်ခွင့်ရရင်တောင် သမီးနဲ့ တာ့လင်းတို့ ကျေနပ်ပါပြီ။"
သူမ ယောက်ျား တာ့လင်းနှင့် သူမ ဆွေးနွေးပြီးသားဖြစ်သည်။ ယခု သူတို့ဆိုင်တစ်ဆိုင်နှင့် အိမ်တစ်လုံးကို ပိုင်ဆိုင်ထားပြီဖြစ်သောကြောင့် သူမ၏ စတုတ္ထအစ်ကိုနှင့် စတုတ္ထယောက်မတို့၏ အကြွေးအား ဆပ်ပြီးသွားသောအခါ ပိုက်ဆံ စုကြပါသည်။
ဘာကြောင့်စုရသလဲဆိုတာတော့ သူမတို့၏ ကလေး ၄ ယောက်ကို တက္ကသိုလ်ပို့ဖို့ဖြစ်သည်။ သူတို့ ဝင်ခွင့်စာမေးပွဲကို အောင်နိုင်ပါက လင်မယားနှစ်ယောက်စလုံး သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် မည်သူ့ကိုမဆို ထောက်ပံ့ပေးမည်ဖြစ်သည်။
ကောလိပ်ကျောင်းသား ၄ ယောက်ကို ထောက်ပံ့ပေးဖို့က မလွယ်ကူပါ။ ထို့ကြောင့် သူမတို့နှစ်ယောက် ကြိုးစားရပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ လောလောဆယ် ဟိုဘက်အိမ်က ကျန်းမိသားစုအိမ်တွင် စကားပြောနေကြပါသည်။
ဂေါ်ဖီထုပ်များ လက်ဆောင်ပေးသဖြင့် သူတို့လည်း ကျေးဇူးတင်စကား သွားပြောကြရပါသည်။
လူမှုဆက်ဆံရေးက ဒီလိုပဲဖြစ်သည်။ ကျေးဇူးတင်စကားပြောပြီး သူတို့ ဘယ်လိုလူတွေလဲဆိုတာကို အကဲခတ်ကြည့်ရမည်။ သူတို့ အဆင်ပြေနိုင်ပါက ဆက်လက် ဆက်ဆံနိုင်သည်။ အဆင်မပြေပါက မိတ်ဆွေ ဖြစ်ရုံသက်သက်သာ ရှိမည်။
လင်းချင်းဟယ်သည် ကျန်းမိသားစုက လင်မယားနှစ်ယောက်ကို သဘောကျပါသည်။ အိမ်ပြန်ရောက်သောအခါ သူမ ကျိုးချင်းပိုင်ကို ပြောလိုက်သည်။ "နောက်ဆို ပျင်းရင် အဲ့ဒီကိုသွားပြီး လူကြီးတွေရဲ့ အတွေ့အကြုံကို နားထောင်ရမယ်။"
"အင်းပါ" ကျိုးချင်းပိုင်က သူမ၏ သဘောထားကို နားလည်သဖြင့် ခေါင်းငြိမ့်လိုက်သည်။ အချိန်မနည်းတော့မည်ကို မြင်သောကြောင့် မီးဖိုချောင်ထဲဝင်ကာ ချက်ပြုတ်ခဲ့ပါသည်။
အဘွားကျန်းနှင့် အဘိုးကျန်းတို့လည်း ဘေးအိမ်တွင် စကားပြောနေကြသည်
"ဒီလင်မယားနှစ်ယောက်က တော်တော်လေး ထက်မြက်ကြမယ့်ပုံပဲ" အဘွားကျန်းက ပြောလိုက်သည်။
"ထက်မြက်ကြပါတယ်" အဘိုးကျန်းက ခေါင်းငြိမ့်လိုက်ပါသည်။
ဒီမှာ သူတို့နှစ်ယောက်တည်းပဲလား။ ဒီအသက်အရွယ်ရောက်တာတောင် သားသမီး မရှိဘူးလား။ သို့သော်လည်း ယခုလောလောဆယ် သူမတို့၏ ခင်မင်မှုက အနည်းငယ် တိမ်မြုပ်နေဆဲဖြစ်၏။ သူတို့ နက်နက်ရှိုင်းရှိုင်း ခင်မင်ခြင်း မရှိသေးပါ။ သို့သော်လည်း အိမ်နီးချင်းအသစ်များအပေါ် သူတို့၏ သဘောထားက တော်တော်လေး ကောင်းမွန်ပါသည်။ သူတို့ ထပ်ပြီး ပြောဆိုဆက်ဆံနိုင်ပါသည်။
ကော်မိသားစု ပျော်ပျော် မပျော်ပျော် ကျန်းမိသားစုကတော့ ဂရုမစိုက်ပါဘူး။
ကျိုးချင်းပိုင်က နေ့လည်ခင်းတွင် ထမင်း၊ ဝက်ဗိုက်သား၊ တရုတ်ဂေါ်ဖီနှင့်သပွတ်သီးစွပ်ပြုတ်တို့ကို ချက်ပြုတ်ခဲ့သည်။ အတော်လေး စားကောင်းပါသည်။
သူတို့နှစ်ယောက်တည်းသာ ရှိသဖြင့် ဟင်းလျာ များများစားစား မလိုအပ်ပါ။
စားသောက်ပြီးနောက် လင်းချင်းဟယ်က စာဆက်ဖတ်နေသည်။ လင်းချင်းဟယ်သည် သူမ၏ စာအုပ်များစွာကို ယူလာခဲ့ပါသည်။ တချို့က သူမ၏ ကိုယ်ပိုင်စာဖတ်ခြင်းဖြစ်ပြီး တချို့ကတော့ အစောပိုင်း ကလေးသူငယ် ဗဟုသုတစာပေများဖြစ်သည်။
ကိုယ်ဝန်ရှိနေစဥ် စာအုပ်များများ ဖတ်ခြင်းက ကလေးအတွက် ကောင်းမွန်ပါသည်။
ကျိုးချင်းပိုင် အိမ်မှုကိစ္စများ လုပ်ပြီးသွားသောအခါ သူပြောလိုက်သည်။ "မိန်းမ အိမ်စီးကား တစ်စီးလောက် သွားဝယ်ရအောင်လား။"
စာအုပ်ထဲတွင် ဈာန်ဝင်နေသည့် လင်းချင်းဟယ်က သူ့ကို နားမလည်စွာ ကြည့်လိုက်သည်။ "ဘာလို့ ရုတ်တရက်ကြီး ကားဝယ်ချင်သွားတာလဲ။"
"ကိုယ်တို့အိမ်က ဆေးရုံနဲ့ နီးတယ်ဆိုပေမယ့် အဲ့ဒီကို ရောက်ဖို့ ၁၀ မိနစ်ကျော်ကျော်လောက် ကြာလိမ့်မယ်။ မွေးခါနီးကျရင် အဲ့ဒီကိုသွားဖို့ ကားရှိတာပေါ့" ကျိုးချင်းပိုင်က ရှင်းပြလိုက်ပါသည်။
"၁၀ မိနစ်တည်းကို ကျွန်မ လမ်းလျှောက်သွားမှာပေါ့" လင်းချင်းဟယ်က သူ့ကို မျက်စောင်းရွယ်လိုက်ပါသည်။
ကိစ္စကြီးကြီးမားမားဟု သူမ ထင်ထားသော်လည်း ကလေးမွေးခြင်းက ဗိုက်နာနာချင်း မွေးလာခြင်းမဟုတ်ပါ။ နာကျင်မှုများ အရင်ရောက်လာလိမ့်မည်။ နာကျင်မှုဖြင့် အဆုံးသတ်သောအခါ အချိန်လုံလုံလောက်လောက်ရှိပါသည်။ စိတ်ပူဖို့ မလိုပါ။
"ကားရှိထားရင် ပိုအဆင်ပြေတယ်လို့ ကိုယ်ထင်လို့ပါ။ ဒီနားမှာလည်း နေရာတွေ အများကြီး ရှိတယ်။ ကိုယ်တို့ ရှော့ပင်းထွက်လို့ရတယ်။ နေရာကောင်းကောင်းတစ်ခုရှိရင် ကိုယ်တို့ ဝယ်လို့ရတယ်။ ကားက စျေးကြီးတယ်ဆိုပေမယ့် အချိန်အကြာကြီး သုံးလို့ရတဲ့ အရာလေ။ ကိုယ်တို့ နောက်လည်း ဝယ်ရမှာပဲ။ စောစောဝယ်တော့ စောစော သုံးရတာပေါ့" ကျိုးချင်းပိုင်က ဖျောင်းဖျလိုက်ပါသည်။
အကြောင်းပြချက်က ယုတ္တိရှိသည့်ပုံပေါက်သော်လည်း အကြီးမားဆုံး အကြောင်းပြချက်ကတော့ သူ့သမီးမွေးဖွားဖို့ ၁၀ မိနစ် နှောင့်နှေးသွားမည်ကို စိုးရိမ်နေခြင်းဆိုတာ လင်းချင်းဟယ် သိပါသည်။
"ပြီးရော" လင်းချင်းဟယ်က ခေတ္တ စဥ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။ ကိုယ်ပိုင်ကား ဝယ်ထားတာ မဆိုးလှပါ။ အိမ်များကို လိုက်ဝယ်ဖို့ ပိုလွယ်ကူပါသည်။
ထို့အပြင် အိမ်က လက်ရှိအခြေအနေများနဲ့ဆို တတ်နိုင်ပါသည်။ နောက်ပိုင်း ဘယ်လို ပြန်ယူလာရမလဲဆိုတာကတော့ လွယ်ပါသည်။ ကျိုးရွှမ်နှင့် ဟူကျစ်တို့ကိုခေါ်ပြီး ပြန်မောင်းလာခိုင်းလို့ရသည်။
လမ်းခရီးက မနီးသော်လည်း မောင်းလာလို့ရပါသည်။