အခန်း(၅၆၈) လှည့်စားခြင်း
Vol. 41 Ch. 568
အခန်း(၅၆၈) လှည့်စားခြင်း
အဘိုးကျန်းနဲ့ အဘွားကျန်းတို့ ၈ နာရီထိုးမှ ပြန်သွားကြသည်။
ကျိုးချင်းပိုင်က သူတို့ကို လိုက်ပို့ပြီးနောက် အိမ်ထဲ ပြန်ဝင်လာကာ ပြောလိုက်ပါသည်။
"ကျောင်းသားတစ်ယောက်ကိုပါ စာသင်ဦးမှာလား။ မပင်ပန်းဘူးလား။"
"ကျွန်မကို ကြွေထည်များ မှတ်နေလား" လင်းချင်းဟယ်က သူ့ကို ရွှင်ပျစွာ မျက်စောင်းရွယ်လိုက်ပါသည်။ အထက်တန်းကျောင်းသားတစ်ယောက်သာဖြစ်သည်။ ပညာများက အခြေခံလောက်သာရှိပြီး မခက်ခဲပါ။ ဒီတိုင်း လမ်းညွှန်ပေးဖို့သာလိုပြီး အများကြီး သင်ကြားပေးဖို့ မလိုအပ်ပေ။
ထို့အပြင် သူမ၏ သင်ကြားရေးနည်းလမ်းက နောက်ပိုင်းမျိုးဆက်များနဲ့ အတူတူပဲဖြစ်ကာ အလွန် သက်ရောက်မှုရှိပါသည်။
ကျိုးချင်းပိုင်က ထိုစကားကိုကြားသောအခါ ဘာမှထပ်မပြောတော့ပါ။
နောက်တစ်နေ့မနက်စောစော ရာသီဥတုက မသာယာပါ။ ကောင်းကင်က မီးခိုးရောင် သမ်းနေခဲ့၏။ မိုးရွာတော့မှာ သိသာပါသည်။
အဘွားကျန်းက ပြောလိုက်သည်။ "ဒီနေ့ ငါ့မြေးလေးကို သွားပြောချင်တာ။ မိုးရွာလိမ့်မယ်လို့ မထင်ထားဘူး။"
"မလောပါနဲ့။ ဒီနှစ် နွေရာသီအားလပ်ရက်လည်း ရှိသေးတာပဲ" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
ပူပြင်းသည့် နွေရာသီအားလပ်ရက်တွင် သူမ လျှောက်မသွားချင်ပါ။ အိမ်မှာပဲ နေမည်ဖြစ်သည်။
အဘွားကျန်းက ပြုံးလိုက်ပါသည်။ "လူလေးကျိုးကော ဘယ်သွားလဲ။"
"ချက်ပြုတ်ဖို့ စျေးသွားတယ်" လင်းချင်းဟယ်က ပြောလိုက်သည်။
ထိုအချိန်တွင် ကော်မိသားစု အိမ်ထဲမှ အဘွားအိုတစ်ယောက်ထွက်လာသည်။ ထိုအဘွားအိုက လင်းချင်းဟယ်နဲ့ အဘွားကျန်းတို့စကားပြောနေတာကို မြင်သွားသောအခါ မျက်စောင်းရွယ်ပြီး လှည့်ထွက်သွားပါသည်။
တကယ်တော့ ဒီအဘွားအို သူမကို မျက်စောင်းရွယ်နေတာကို မြင်ဖူးတာ လင်းချင်းဟယ်အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါ။
သူမနဲ့ ကျိုးချင်းပိုင်တို့ အပြင်ထွက်ရင်း သူတို့ရှေ့က ဖြတ်သွားသောအခါတွင်လည်း ဒီလိုမျိုးပဲ ပြုမူကြသည်။ ဒီအိမ်နီးချင်းကို သူမတို့ လျစ်လျူရှုထားပါသည်။
ထိုအချိန်တွင် လင်းချင်းဟယ်က အဘွားကျန်းကို အိမ်ထဲခေါ်လာပြီး မေးလိုက်သည်။ "ဒေါ်လေး ဟိုဘက်အိမ်က မိသားစုရဲ့ မျိုးရိုးနာမည်က ဘာလဲ။"
"မျိုးရိုးနာမည်က ကော်လေ" အဘွားကျန်းက ပြန်ပြောလိုက်ပါသည်။
"ချင်းပိုင်နဲ့ ကျွန်မတို့ သူတို့ကို ထိခိုက်အောင် မလုပ်ဖူးပါဘူး။ ကျွန်မတို့ သူတို့ရှေ့က ဖြတ်သွားတိုင်း သူတို့ဆီက ပိုက်ဆံချေးထားတဲ့ မျက်နှာမျိုးတွေဖြစ်နတယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ဒေါ်လေးကျန်းက မကျေနပ်စွာဖြင့် ပြောလိုက်ပါသည်။ "နင်တို့ကတော့ သူတို့ဆီက ပိုက်ဆံ မချေးထားပါဘူး။ ဒါပေမယ့် သူတို့ မိသားစုက ဒီအိမ်ကို သဘောကျနေကြတာလေ။"
လင်းချင်းဟယ်က အံ့သြသွား၏။ "ကော်မိသားစုက အရင်သဘောကျတာဆိုရင် ကျွန်မယောက်ျား ချင်းပိုင်က အရင်ဝယ်သွားတာလဲ။ သူတို့တွေက ဒီမှာ နေကြတာပဲလေ။"
"အဲ့ဒိကော်မိသားစုက အကျင့်မကောင်းလို့ပေါ့" အဘွားကျန်းက ရှင်းပြလိုက်ပါသည်။ "ပျန့်မိသားစုက ကောင်လေးက သူ့အဖေ၊ သူ့အမေနဲ့ ညီမတို့ကိုခေါ်ပြီး စစ်ထဲသွားရတော့မှာ။ သူတို့ ဒီမှာလည်း မနေသလို ပြန်လည်းလာဖြစ်မှာ မဟုတ်ဘူး။ အဲ့တာကြောင့် ဒီအိမ်ကို ရောင်းချင်နေတာ။ လက်ရှိအိမ်စျေးနဲ့ဆိုရင် ယွမ် ၁၀,၀၀၀ လောက်မှ လက်ထဲမရှိရင် သူတို့အိမ်မျိုးကို ဝယ်နိုင်ဖို့ စိတ်မကူးနဲ့။ ဒီလိုအိမ်ကောင်းမျိုးက သေချာပေါက် ယွမ် ၁၀,၀၀၀ နဲ့အထက် တန်ကြေးရှိတယ်။ ဒါပေမယ့် သူက အလျင်လိုနေတော့ ယွမ် ၉,၀၀၀ နဲ့ ရောင်းတာ။ အဲ့တာ ဘာဖြစ်တယ်ထင်လဲ။"
"ဘာဖြစ်လို့လဲ" လင်းချင်းဟယ်က နောက်ကလိုက်ကာ မေးလိုက်ပါသည်။
"ကော်မိသားစုက သူတို့အလျင်လိုတာကို အခွင့်ကောင်းယူချင်ကြတာလေ။ ပျန့်မိသားစုက အရမ်းရောင်းချင်နေပေမယ့် ဝယ်သူမရှိတာကိုမြင်တော့ သူတို့က ယွမ် ၈,၀၀၀ ပေးပြီး ဝယ်ချင်တာ။ ယွမ် ၈,၀၀၀ ဆိုတာ အရမ်းစျေးနည်းလွန်းပါတယ်အေ။ ပျန့်မိသားစုက ကောင်လေးက ဘယ်ရောင်းချင်မလဲ" အဘွားကျန်းက ပြောလိုက်ပါသည်။
လင်းချင်းဟယ် နားလည်သွားပါသည်။ ဒါဆို သူမယောက်ျား ချင်းပိုင်က ယွမ် ၉,၀၀၀ ဝန်းကျင်ဖြင့် ဝယ်ခဲ့သည်။ ထို့ကြောင့် ကော်မိသားစု၏ အစီအစဥ် ပျက်စီးသွားရ၏။ ထို့ကြောင့် သူတို့ကို အငြှိုးထားတာ မဟုတ်ပါလား။
"သူတို့က နှစ်တွေ အများကြီး အိမ်နီးချင်း ဖြစ်ခဲ့ကြတာတောင် အိမ်နီးချင်းက အိမ်ရောင်းဖို့ အလျင်လိုတာကို အခွင့်ကောင်း ယူချင်ကြတယ်။ ဒီလို အိမ်ကောင်းမျိုးကို ယွမ် ၈,၀၀၀ နဲ့ ဝယ်တယ်ဆိုတော့ သူတို့မိသားစုရဲ့ အကြံအစည်က ရှင်းရှင်းလင်းလင်းပဲလေ" လင်းချင်းဟယ်ကလည်း သူမ၏ မကျေနပ်ချက်ကို ပြောပြလိုက်ပါသည်။
"မြို့တော်မှာ အိမ်စျေးတွေ ဘယ်လောက်ရှိလဲ" အဘွားကျန်းက ပြောလိုက်ပါသည်။
"တည်နေရာအပေါ် မူတည်တာပေါ့။ ဒီလို အိမ်မျိုးသာဆို ယွမ် ၁၀,၀၀၀ အောက် နိမ့်မှာ မဟုတ်ဘူး။ အိမ်ကောင်းကောင်း တစ်လုံးဆို ယွမ် ၁၂,၀၀၀ ကစတယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ်က စုတာ့လင်းနဲ့ ကျိုးရှောင်မိန်တို့ ဝယ်ထားသော အိမ်ကို မြင်ဖူးပါသည်။ ဒီအိမ်ထက် ပိုသေးသည်။ ထို့အပြင် အလွန်ဟောင်းနွမ်းနေသော အိမ်လည်း ဖြစ်သည်။ ဒါတောင် ဘယ်လောက်ကုန်ကျလိုက်သလဲ။
"ဒီကနေရာက ကောင်းပါတယ်။ ယွမ် ၉,၀၀၀ ဝန်းကျင်လောက်ဆိုတာ စျေးမကြီးဘူး" အဘွားကျန်းက ခေါင်းငြိမ့်လိုက်သည်။ "ငါတောင် ငါ့မြေးအတွက်ဝယ်ပြီး သူအိမ်ထောင်ပြုတဲ့အချိန်အတွက် သိမ်းထားပေးဖို့တောင် စဥ်းစားမိတယ်။"
သူမ ဆုံးဖြတ်ချက် မချရသေးခင်မှာပင် ကျိုးချင်းပိုင် ဝယ်ယူသွားခြင်းဖြစ်သည်။ အဘွားကျန်းက ဘာမှ ကန့်ကွက်မှုမရှိပါ။
"ကျွန်မတို့ ဟိုဘက်က ရပ်ကွက်တွေမှာ စီးပွားဖြစ် အိမ်ရာတွေ စဆောက်နေပြီ။ ဒီမှာတော့ နောက်ပိုင်းမှ ဆောက်မယ်။ စီးပွားဖြစ် အိမ်ရာတွေက ပိုပြီး အဆင်ပြေမှာ။ ဒေါ်လေးတို့ ဝယ်ချင်ရင် စီးပွားဖြစ် အိမ်ရာတွေကိုပဲ ဝယ်ပါ။” လင်းချင်းဟယ်က အကြံပေးလိုက်ပါသည်။
"စီးပွားဖြစ် အိမ်ရာတွေက ခြံနဲ့ဝန်းနဲ့အိမ်တွေလောက် မကောင်းဘူးလေ။ ဒီမှာက လေကောင်းလေသန့်လည်း ရတယ်။ လူတွေနေတဲ့နေရာက လေလတ်ဆတ်ရမှာပေါ့" အဘွားကျန်းက ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ရယ်မောလိုက်၏။ "ကျွန်မ ယောက္ခထီးလည်း ဒါလိုပဲပြောတာပဲ။ ဒေါ်လေးတို့ဘက်မှာကော ဒီလိုပဲလား။"
"လူကြီးသူမတွေကတော့ ဒီလိုပဲ တွေးကြတာပဲ" အဘွားကျန်းက ရွှင်ပျစွာ ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ဘာမှမပြောတော့ပါ။ စကားအများကြီး ပြောပြီးနောက် ကော်မိသားစု ဘာကြောင့် သူမတို့ကို သဘောမကျတာလဲ နားလည်သွားခဲ့ပါသည်၊။
ကျိုးချင်းပိုင် ပြန်လာတော့ သူမ ပြန်ပြောပြလိုက်ပသည်။
"ကော်မိသားစုကို ခေါင်းထဲ ထည့်နေစရာ မလိုဘူး" ကျိုးချင်းပိုင်က စိတ်ထဲပင် မထားပါ။ သူတို့ တစ်လလောက် နေခဲ့သည့် ယွမ် ၉,၀၀၀ တန်အိမ်ကို တန်ဖိုးထားသည်။ ကော်မိသားစုကတော့ ယွမ် ၈,၀၀၀ လောက်အထိ စျေးနှိမ်ချင်ခဲ့၏။ သူတို့ အိပ်မက်မက်နေကြတာလား။ ရောင်းတဲ့သူကတောင် သူတို့ကို မရောင်းဘဲ ဆက်ပြီး သိမ်းထားနိုင်သည်။
လင်းချင်းဟယ်က မိုးရွာနေသဖြင့် ဂရုမစိုက်ပါ။
ရှန်ဟိုင်းမြို့တော်က တောင်ပိုင်းတွင်ရှိသည်ဟု သတ်မှတ်လို့ရသည်။ ထို့ကြောင့် မိုးက အနည်းငယ် များ၏။ တစ်ခါတည်းနဲ့ ၂ ရက်ဆက်တိုက် ရွာခဲ့သည်။ အခုအချိန်က ဘယ်အချိန် ရှိသေးလို့လဲ။ နွေရာသီရောက်လျှင် မိုးတွေပိုရွာလာနိုင်ပါသည်။
သို့သော်လည်း သူတို့ ဂရုမစိုက်ပါ။ အိမ်မှာ လိုအပ်သည့် အစားအသောက် မှန်သမျှ ရှိနေပါသည်။
လင်းချင်းဟယ်က မိုးရွာသောနေ့များတွင် အိပ်ငိုက်လွယ်သည်။ စာအုပ်လေး နည်းနည်းလောက်ကို ဖတ်ပြီးတာနဲ့ ပင်ပန်းလာသည်။ ထိုအခါ အိပ်ခန်းထဲဝင်ပြီး အိပ်ပျော်သွားတတ်ပါသည်။
ကျိုးချင်းပိုင်က သူမနဲ့အတူတူ ခေတ္တ ဝင်နားသည်။ ထို့နောက် ဝက်ခြေထောက်စွပ်ပြုတ် ထွက်ချက်လေသည်။
သူ ချက်ပြုတ်ပြီးသွားသောအခါ လင်းချင်းဟယ်လည်း အနားယူပြီးသွားပြီဖြစ်သည်။ ကျိုးချင်းပိုင်က အထဲပြန်မဝင်ခင် ခေါ်လိုက်ပါသည်။
"ကျွန်မတို့ကလေးတွေနဲ့ အတူတူ ကြီးပြင်းလာပြီး ကိုယ်ပိုင်မိသားစု ရှိလာသလို ခံစားရတယ်။ ကျန်တာကတော့ ကျွန်မတို့နှစ်ယောက်ရဲ့ ဘဝပဲ" လင်းချင်းဟယ်က သူမယောက်ျား ကျိုးချင်းပိုင်ကို ကြည့်ကာ ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်က ပြုံးကာပြောလိုက်ကသည်။ "ကိုယ်တို့မှာ သမီးလေးရှိတာပဲ။ အထီးကျန်မှာ စိတ်မပူပါနဲ့။"
"ရှင် ပြုစုပျိုးထောင်မယ့်ပုံစံကို ကြည့်ပါဦး။ သူ့ကို ကောင်းကောင်း မသင်ကြားဘဲ အရွယ်ရောက်လာရင် ဘယ်လောက်တောင် စိုးရိမ်ရမလဲသိလား" လင်းချင်းဟယ်က ပြောလိုက်သည်။
သမီးတစ်ယောက်ကို ပျိုးထောင်ရခြင်းက သားတစ်ယောက်ကို ပျိုးထောင်ရခြင်းထက် အများကြီး ပိုခက်ခဲပါသည်။ သားယောက်ျားလေးကို ကြမ်းကြမ်းတမ်းတမ်း ပျိုးထောင်ပေးလို့ရသည်။ ဒါမှ ကမ္ဘာကြီးထဲ အခြေချသည့်အခါ အမှီအခိုကင်းကင်း နေနိုင်မည်ဖြစ်သည်။ သို့သော်လည်း သမီးမိန်းကလေးကိုတော့ အရမ်းကြီး ကြမ်းကြမ်းတမ်းတမ်း ပြုစုပျိုးထောင်လို့ မဖြစ်ပါ။ အရမ်းလည်း အလိုလိုက်လို့မဖြစ်ပါ။ အာရုံစိုက်စရာတွေ အများကြီးရှိပါသည်။
"စိတ်ပူပါဘူး" ကျိုးချင်းပိုင်က ဂရုမစိုက်ပါဓ။
ကျိုးချင်းပိုင်က သမီးတစ်ယောက်ရသရွေ့ ကျန်တာ ဘာမှဂရုမစိုက်သည့်ပုံစံကိုမြင်သောအခါ လင်းချင်းဟယ် သူ့ကို မပြောချင်တော့ပါ။ သူက အရာအားလုံးတွင် ဉာဏ်ထက်မြက်သော်လည်း ဒီကိစ္စနဲ့ပတ်သတ်လာရင်တော့ သူ့အိုင်ကျူက သုညသာဖြစ်သည်။
"စွပ်ပြုတ် ထသောက်တော့လေ" ကျိုးချင်းပိုင်က ပြောလိုက်၏။
သူအပြင်ထွက်သွားပြီး ဝက်ခြေထောက်နဲ့ မြေပဲစွပ်ပြုတ် တစ်ပန်းကန် ခူးခပ်ပေးလိုက်ပါသည်။ အတော်လေး အရသာရှိသည်။ လင်းချင်းဟယ်က ဒီလိုအစားအသောက်မျိုးနဲ့ အသားကျလာပြီး တကယ်အရသာရှိသည်ဟု ခံစားမိပါသည်။
ထို့အပြင် သူမ ညစာတွေ အများကြီး စားခဲ့၏။ ကျိုးချင်းပိုင်က ထမင်းစားခဲ့သည်။ ကြက်ဥပြုတ်၊ ဟင်းသီးဟင်းရွက်တချို့၊ ပဲစေ့ပန်းကန်တစ်ဝက်နဲ့ ထမင်းနှစ်ပန်းကန်တောင် စားခဲ့သည်။ ကျိုးချင်းပိုင်၏ တိုက်တွန်းမှုကြောင့် လင်းချင်းဟယ် ဝက်ခြေထောက် ကိုက်ခဲ့ရပါသေးသည်။
ဒီလောက်အများကြီး စားသောက်ပြီးသွားသောအခါ လင်းချင်းဟယ် အနည်းငယ် ပြည့်အင့်သွားပါသည်။ အခုမှ ကိုယ်ဝန် ၅ လသာ ရှိသေး၏။
"ကျွန်မကို အများကြီး ထပ်မစားခိုင်းနဲ့တော့။ ကျွန်မအသက်အရွယ်နဲ့ အများကြီးစားရင် ပိုဝလာလိမ့်မယ်။ ဝိတ်ပြန်ချဖို့က ခက်တယ်" လင်းချင်းဟယ်က ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ကိုယ်ဆေးရုံမှာ သွားစုံစမ်းပြီးပါပြီ ကလေးကို ပျိုးထောင်ပြီးရင် အာဟာရတွေကို ကလေးက စုပ်ယူသွားတာတဲ့။ မင်း သေချာပေါက် ဝိတ်ပြန်ကျမှာပါ" ကျိုးချင်းပိုင်က အာမခံလိုက်ပါသည်။
လင်းချင်းဟယ်က မယုံပါ။ "ရှောင်းမိန်ကျတော့ ဘာလို့ ဝိတ်မကျတာလဲ။"
"သူက တာ့လင်းနဲ့ ဆက်ဆံရေးကောင်းတယ်လေ မဟုတ်ဘူးလား" ကျိုးချင်းပိုင်က ပြောလိုက်သည်။
"ကျွန်မကို လာမလိမ်နဲ့။ ကျွန်မ မဝချင်ဘူး။ ရှောင်းမိန်က ကျွန်မကို အဝတ်အစား ဝယ်ရတဲ့ အခက်အခဲကို အမြဲ ညည်းတွားနေကျပါနော်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။