အခန်း(၅၆၉) ကျောင်းသားတစ်ယောက် လက်ခံခြင်း
Vol. 41 Ch. 569
အခန်း(၅၆၉) ကျောင်းသားတစ်ယောက် လက်ခံခြင်း
ကျိုးရှောင်မိန်၏ လက်ရှိကိုယ်အလေးချိန်မှာ ၁၄၀ ကျင်း ဝန်းကျင် ဖြစ်သည်။
သူက အရပ် ၁၆ မီတာသာ ရှည်သဖြင့် ဝသည်ဟု သတ်မှတ်နိုင်၏။ သူမ အပျိုအရွယ်တုန်းက ကိုယ်အလေးချိန် ဘယ်လောက်ရှိခဲ့လို့လဲ။
သူမက အလွန်ပိန်ပါးခဲ့သည်။ ကလေး တစ်ယောက်ပြီးတစ်ယောက် မွေးပြီးခါမှ ပိုပိုပြီး ဝလာခဲ့ခြင်း ဖြစ်သည်။ စုတာ့လင်း၏ အချက်အပြုတ်ကောင်းမှုကြောင့်လည်း ပါ၏။ သူမ မွေးဖွားပြီးကာစ စားရသောက်ရ အလွန်အဆင်ပြေခဲ့ပါသည်။
အခုတော့ ကျိုးရှောင်မိန် ဝိတ်ကျချင်တောင် မကျနိုင်တော့ပါ။ လင်းချင်းဟယ်က အစားကြည့်စားဖို့ သူမကို ပြောခဲ့သည်။ သူမက မထိန်းနိုင်ဘူးဟု ပြန်ပြော၏။ အထူးသဖြင့် စုတာ့လင်းက သူမဘေးမှာ အမြဲတမ်း စားသောက်ဖို့ တိုက်တွန်းနေတတ်သောကြောင့်ဖြစ်ပါသည်။ ပိုဝလေလေ ကျန်းမာရေး ပိုကောင်းလေလေဟု ဆိုသည်။
လင်းချင်းဟယ်က ထိုအကြောင်းကြားသောအခါ ဘာမှ မပြောရဲခဲ့ပါ။ စိတ်ထဲကသာ မျက်စောင်းရွယ်လိုက်မိပါသည်။
သူမက ဝတုတ်တုတ်လူများကို ခွဲခြားဆက်ဆံတာတော့ မဟုတ်ပါ။ ဝတုတ်တုတ်လူများက သူမ ထမင်းကို လာစားနေတာလည်း မဟုတ်ပေ။ တကယ်တော့ မိန်းကလေးတစ်ယောက် ဝတာက ကောင်းပါသည်။ သို့သော်လည်း အဝလွန်တာတော့ အဆင်မပြေပါ။
အထည်ဆိုင်မှာ အကြီးဆုံးဆိုဒ်ကိုမှ မတော်တဲ့ ခံစားချက်မျိုးကို တွေးကြည့်နိုင်ရဲ့လား။
လင်းချင်းဟယ်က ကျိုးချင်းပိုင် တိုက်တွန်းတာကို နားမထောင်ခဲ့ပါ။
ထို့ကြောင့် ဒီနေ့ကစပြီး သူမ နည်းနည်းသာ စားမည်။ ကျိုးချင်းပိုင်အား ပြောင်ဖူးဝယ်ခိုင်းပြီး ပြုတ်ခိုင်းလိုက်သည်။ ဗိုက်ဆာသောအခါ သူမ ပြောင်းဖူးပြုတ်စား၏။ ထို့အပြင် သခွားသီးများ၊ ခရမ်းချဥ်သီးများနှင့် တခြား သစ်သီးဝလံများကိုသာ စားပါသည်။
အသား၊ ငါး၊ စွပ်ပြုတ်များကို စားသော်လည်း အများကြီးတော့ မစားပါ။ ကျန်းမာသော အစားအစာ စားသုံးမှုပုံစံမျိုး ဖြစ်ပါသည်။
ထိုနေ့ အဘွားကျန်းရောက်လာခဲ့ပြီး သူတို့စားသောက်နေကြတာကို မြင်သွားပါသည်။ အစားအသောက်များက အလွန်ကောင်းပါသည်။ သို့သော်လည်း လင်းချင်းဟယ် အများကြီး မစားတာကို သူမ သတိထားမိသွား၏။ ကျိုးချင်းပိုင်က သူမကို ပိုစားဖို့ တိုက်တွန်းနေသည်။
အဘွားကျန်းက ပြောလိုက်သည်။ "ကိုယ်ဝန်ဆောင်ထားရရင် များများစားတာ မကောင်းဘူးလား။ နင့်ကလေးက ဗိုက်ထဲက အာဟာရတွေကို မစုပ်ယူနိုင်ရင် နင့်ကိုယ်က အာဟာရတွေကို စုပ်ယူမသွားနိုင်ဘူးလား။ အဲ့တာဆို မိခင်ရဲ့ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ် မဟုတ်လား။"
"ဒေါ်လေး မသိပါဘူး။ ကျွန်မ အများကြီးစားပါတယ်။ ကျွန်မ ခန္ဓာကိုယ်ကို ကြည့်ပါဦး။ မဆိုးဘူး မဟုတ်လား" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
"ကျွန်ယောက္ခမလည်း အတိတ်ကအကြောင်းတွေကို စားမြုံ့ပြန်ရတာ ကြိုက်တယ်။ ဒေါ်လေးကျန်း ရှန်ဟိုင်းမြို့တော်ကတော့ ပိုကောင်းမှာပါ။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး" အဘွားကျန်းက ပြန်ပြောလိုက်ပါသည်။
အကြာကြီး စကားပြောခဲ့ကြပြီးနောက် အဘွားကျန်းက ရှက်ရွံ့စွာဖြင့် ပြောလိုက်ပါသည်။ "ချင်းဟယ် မနက်ဖြန် အားလားဟင်။"
"တူလေး လာတော့မှာလား" လင်းချင်းဟယ်က မေးလိုက်၏။
"ငါ့ချွေးမက သူ့ကို ခေါ်လာမယ်လို့ ပြောတယ်" အဘွားကျန်းက ပြုံးကာ ပြောလိုက်ပါသည်။
"ကောင်းပါပြီ။ ဒီကိုခေါ်ခဲ့လိုက်ပါ" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။
"တစ်နာရီလောက်ဆိုရပါပြီ ကိုယ့်ကိုယ်ကို အပင်ပန်းမခံပါနဲ့" အဘွားကျန်းက ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ အဘွားကျန်းကိို သူမ အားနာဖို့ မလိုအပ်ပေ။
နောက်တစ်နေ့ အဘွားကျန်း၏ ချွေးမဖြစ်သူ ရွှယ်မိန်လီက သူ့သား ကျန်းကမ်းကို ခေါ်လာခဲ့သည်။ ရွှယ်မိန်လီ၏ ယောက်ျားက ပြည်နယ်ရဲဌာနတွင် ဒုခေါင်းဆောင်ဖြစ်ပြီး အဆင့်အတန်းရှိသူဖြစ်၏။ သို့သော်လည်း သူမ လင်းချင်းဟယ်ကို အထင်မသေးရဲပါ။
သူမ၏ ယောက္ခမထံမှ ကြားထားပြီးသားဖြစ်သည်။ လင်းချင်းဟယ်က မြို့တော်မှ လာခဲ့ပြီး တက္ကသိုလ်မှာ နိုင်ငံခြားဘာသာသင် ဆရာမတစ်ယောက်လည်း ဖြစ်သည်။ အင်္ဂလိပ်စာအုပ်များကိုပင် ဖတ်တတ်၏။ သူမ၏ အသိပညာက မြင့်မားပါသည်။
လင်းချင်းဟယ်က ကျန်းကမ်း၏ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် သူမ ပွင့်ပွင့်လင်းလင်း မေးလိုက်၏။ "နင် ဒီဘာသာရပ်မှာပဲ ညံ့တာလား။ တခြား ဘာသာရပ်တွေကော အားနည်းသေးလား။"
"ဒီတစ်ဘာသာပါပဲ" ကျန်းကမ်းက ခေတ္တရပ်တန့်သွားပြီး စိတ်ညစ်စွာ ပြောလိုက်ပါသည်။
သူက အင်္ဂလိပ်စာသာ မတတ်တာဖြစ်သည်။ ကျန်တာတော့ အဆင်ပြေနေပါသည်။
"အဲ့တာဆို ကောင်းပါတယ်" လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "နင့်အခြေခံက ဆိုးရွားနေတယ်။ အရင်ဆုံး နင့်ကို အက္ခရာအသံထွက်ကနေ ပြန်သင်ရမယ်။ အချိန်ရရင် လာခဲ့။ တစ်ရက်ကို ငါ တစ်နာရီလောက်ပဲ သင်ပေးနိုင်မယ်။"
"ကျွန်တော့်ကို ဆရာမ သင်ပေးနိုင်မှာ မဟုတ်ဘူးထင်တယ်" ကျန်းကမ်းက သူမကို သံသယဖြစ်စွာဖြင့် ကြည့်လိုက်ပါသည်။
"ဟဲ့... ကောင်လေး၊ ဘာတွေပြောနေတာလဲ" ရွှယ်မိန်လီက အမြန် ဆူလိုက်ပါသည်။ ထို့နောက် လင်းချင်းဟယ်ကို သူမ တောင်းပန်လိုက်ပါသည်။ "ဆရာမလင်း ဒီလူဆိုးကောင်လေးကို စိတ်မဆိုးပါနဲ့။ သူ့ကို ကျွန်မတို့ အလိုလိုက်ထားမိတာပါ။"
လင်းချင်းဟယ်က ပြုံးလိုက်၏။ ကျန်းကမ်းကို သူမ ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ငါက နင့်ကို သင်ဖို့ အရည်အချင်းမပြည့်မှီဘူးလို့ ထင်နေတာလား။"
"ပေကျင်းတက္ကသိုလ်က နိုင်ငံခြားဘာသာစကားဌာနမှုးက မင်းကို မသင်ပေးနိုင်ဘူး ထင်လို့လား" ကျိုးချင်းပိုင်ကလည်း ကျန်းကမ်းကို ကြည့်ကာ ပြောလိုက်သည်။
ရွှယ်မိန်လီ ကြက်သေ သေသွားရ၏။ လင်းချင်းဟယ် တက္ကသိုလ်တစ်ခုမှာ နိုင်ငံခြားဘာသာ သင်သည်ဟု သူမ ယောက္ခမ ပြောခဲ့တုန်းက လင်းချင်းဟယ် တော်တာ သူမ သိလိုက်ရပါသည်။ သို့သော်လည်း ပေကျင်း တက္ကသိုလ်က နိုင်ငံခြားဘာသာစကားဌာနမှ အကြီးအကဲတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားပါ။
"အခုတော့ ယာယီ ရပ်နားထားရတာပေါ့" လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို စိုက်ကြည့်လိုက်ပါသည်။
ကျိုးချင်းပိုင်က ရွှယ်မိန်လီဘက်သို့ လှည့်လိုက်၏။ ဒီလက်ထောက်ခေါင်းဆောင်၏ မိန်းမက သူ့သားရဲ့ နောက်စေ့ကို ဖြတ်ရိုက်လိုက်ပြီး ပြောလိုက်ပါသည်။ "ဒါရိုက်တာလင်းဆီက သေချာသင်ယူ၊ ကြားလား။ သူက နင့်အဘွားမျက်နှာကြောင့် နင့်ကို တစ်နေ့ တစ်နာရီ အချိန်ပေးထားတာ။"
"ငါ့သားသုံးယောက်စလုံးက ပေကျင်းတက္ကသိုလ်ကျောင်းသားတွေချည်းပဲ။ ငါ့ရဲ့ အသင်အပြဆိုင်ရာ နည်းလမ်းတွေက ပြဿနာရှိမယ်မထင်ဘူး" လင်းချင်းဟယ်က သူမ မျက်ခုံးကို ပင့်လိုက်ပြီး ကျန်းကမ်းကို ကြည့်လိုက်ပါသည်။
ပြောစရာမလိုအောင် လူပျိုပေါက်အရွယ်ကောင်လေးတစ်ယောက်ကို သူမ စိတ်ဆိုးမှာ မဟုတ်ပေ။ သူက သခင်လေးတစ်ယောက်လိုဖြစ်ပြီး အနည်းငယ် ရိုင်းစိုင်းတာ သိသာပါသည်။ သို့သော်လည်း သူမ၏ အိမ်မှာတော့ မောက်မာသည့် ကျောင်းသား မရှိပါ။ သူတို့ ကိုယ့်ကိုယ်ကို ထိန်းရမည်။
ကျန်းကမ်းက သူမကို ဒီလောက်တော်လိမ့်မည်ဟု မထင်ထားခဲ့ပါ။ သူမက ပေကျင်းတက္ကသိုလ်၏ နိုင်ငံခြားဘာသာစကားဌာနမှုးတစ်ယောက်ဖြစ်သည်။ သူမ သားသုံးယောက်စလုံးကလည်း ပေကျင်းတက္ကသိုလ်ကျောင်းသားများ ဖြစ်ကြ၏။ တကယ် တော်ကြပါသည်။ အတုအယောင် မဟုတ်ပါ။
သူ ထိုင်လိုက်ပါတော့သည်။
လင်းချင်းဟယ်က သူ့ကို စာစသင်ကြား၏။ လင်းချင်းဟယ်၏ သင်ကြားရေးနည်းလမ်းက အလွန်အမင်း သက်ရောက်မှုရှိပါသည်။ ထို့အပြင် ကျန်းကမ်းကလည်း ထင်သလောက် မညံ့ပါ။ သူက စာသင်သည့်ပါရမီပါသည်။ ထို့ကြောင့် သူနားလည်လွယ်ပါသည်။
တစ်နာရီဆိုတာ အကြာကြီးဖြစ်သော်လည်း အချိန်က ဘာမှန်းမသိဘဲ ကုန်ဆုံးသွားလေသည်။
ကျန်းကမ်းက ထပ်သင်ချင်နေသေးသည်။ သို့သော်လည်း လင်းချင်းဟယ်က သူ့ကို ပြန်ခိုင်းလိုက်ပါသည်။ "တစ်နာရီပြည့်သွားပြီ။ နောက်နေ့မှ ပြန်လာခဲ့ပေါ့။"
"ဒီတစ်နာရီက တော်တော်မြန်တာပဲ" ရွှယ်မိန်လီက တစ်ချိန်လုံး ထိုင်နားထောင်နေခဲ့သည်။ သူမ၏ အာရုံစိုက်မှုကလည်း ဆွဲဆောင်ခံလိုက်ရ၏။ သူမ အသိစိတ်ပြန်ဝင်လာမှ ရွှင်ပျစွာ ပြောလိုက်ပါသည်။ ထို့နောက် သူမ သားကို ပြောလိုက်သည်။ "ဒါရိုက်တာလင်ကို ကျေးဇူးတင်လိုက်ဦးလေ။"
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာလင်" လင်းချင်းဟယ်၏ လေသံက အနည်းငယ် မာနကြီးသဖြင့် ကျန်းကမ်းသည် အရင်က မယုံကြည်ခဲ့ပါ။ သို့သော်လည်း ဒီတစ်နာရီပြီးနောက် သူမကို လေးစားသွားမိသည်ဆိုတာကိုတော့ ဝန်ခံရပါမည်။ သူ့ဆရာထက်ပင် သူမက အများကြီး ပိုနားလည်နေသေး၏။
"ငါ ဒီနေ့ သင်လိုက်တာတွေကို ပြန်ကျက်နော်။ မနက်ဖြန် ပြန်စစ်မယ်" လင်းချင်းဟယ်က ညွှန်ကြားလိုက်ပါသည်။
ရွှယ်မိန်လီက ပိုက်ဆံ စထုတ်လေသည်။ လင်းချင်းဟယ်က ပြောလိုက်၏။ "ကျွန်မ ဒေါ်လေးကျန်းကို ပြောထားတယ်။ ပိုက်ဆံ မလိုပါဘူး။ ဒီတိုင်း ပညာလာသင်တာပဲကို။ မစ်ရွှယ် ကျွန်မကို အားနာစရာ မလိုပါဘူး။"
"ဘယ်ဟုတ်မလဲ။ ကျူရှင်ခ မယူဘဲ ကျူရှင်သင်တာမျိုး ဘယ်မှာရှိလို့လဲ" ရွှယ်မိန်လီက အမြန်ပြောလိုက်ပါသည်။
"ဒီကိစ္စနဲ့တော့ အားနာစရာ မလိုပါဘူး" လင်းချင်းဟယ်က ပြန်ပြောလိုက်၏။ ထို့နောက် ကျန်းကမ်းကို ကြည့်ကာ ပြောလိုက်သည်။ "နင် ဘယ်အချိန်လောက် လာမှာလဲ။"
"ကျွန်တော် မနက်ဖြန်လာခဲ့ပါ့မယ်" ကျန်းကမ်းက ပြောလိုက်ပါသည်။
"ကောင်းပါပြီ" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ "မနက်ဖြန် ဒီအချိန်ပဲပေါ့။"
ကျန်းကမ်းက ခေါင်းငြိမ့်လိုက်၏။ ထို့နောက် ရှက်ရွံ့နေသည့် ရွှယ်မိန်လီနဲ့ အတူ ပြန်သွားသည်။ သူတို့ အဘွားကျန်းအိမ်သို့ ဝင်ကာ နှုတ်ဆက်ခဲ့သေးသည်။
သားအမိနှစ်ယောက် အိမ်ပြန်သွားတာနဲ့ အဘွားကျန်းက ရောက်လာပြီး ပြောလိုက်ပါသည်။ "နင် ကျူရှင်ခ မယူဘူးလို့ မိန့်လီက ပြောသွားတယ်။"
"အထက်တန်းကျောင်းက ပညာနည်းနည်းလောက်ပဲ သင်ပေးရတာပါ။ ဒေါ်လေး ကျွန်မကို အားနာဖို့ မလိုပါဘူး" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
အဘွားကျန်းက ဘာမှမပြောတော့ပါ။ သူမ ချွေးမကို ရှင်းပြထားပြီးသား ဖြစ်၏။ မနက်ဖြန်ကျရင် သူမမြေးကို သစ်သီးဝလံတချို့ယူလာခိုင်းလိုက်ပါမည်။
ထို့ကြောင့် ထိုအချိန်မှစပြီး ကျန်းကမ်း စာလာသင်သည့် နေ့တိုင်း သစ်သီးများ ယူလာတတ်သည်။ လင်းချင်းဟယ်က ဘာမှမပြောခဲ့ပါ။ သူယူလာမှတော့ စားလိုက်ပါသည်။
ထိုနေ့က လက်ထောက်ခေါင်းဆောင်ကျန်း အိမ်ပြန်လာခဲ့ပြီး သူ့သမီးကိုသာ တွေ့ကာ သူ့သားကို မတွေ့ခဲ့ပါ။ သူ အင်္ဂလိပ်စာသင်နေတာကို သူသိပါသည်။ ထို့ကြောင့် ပြောလိုက်သည်။ "အခုတလော ရှောင်ကမ်းက ဘာလို့ အင်္ဂလိပ်စာသင်ရတာကို အရမ်းစိတ်ဝင်စားနေပါလိမ့်။”