အခန်း(၅၇၈) ပျော်တတ်ပြီး ပွင့်လင်းသူ
Vol. 42 Ch. 578
အခန်း(၅၇၈) ပျော်တတ်ပြီး ပွင့်လင်းသူ
အဘိုးကျန်းနဲ့ အဘွားကျန်းတို့ ကျန်းကမ်းကို ခေါ်လာပြီး ကျိုးကွေ့လိုင်နဲ့အတူ မြို့တော်သို့ လာရောက်ခဲ့ပါသည်။
ကျိုးကွေ့လိုင်က သူတို့ကို အဖေကျိုးနဲ့ အမေကျိုးတို့ အိမ်သို့ ခေါ်သွားပြီး မိတ်ဆက်ပေးလိုက်ပါသည်။
အမေကျိုးက အတော်လေး ပျော်ရွှင်နေပြီး ပြောလိုက်၏။ "စတုတ္ထချွေးမ အဲ့ကိုရောက်ကတည်းက ကူညီပြီး ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။"
"ကိစ္စမရှိပါဘူး။ ကျွန်မတို့ အများကြီးလည်း အကူအညီ မပေးရပါဘူး" အဘွားကျန်းက ပြုံးလိုက်ပါသည်။
"သူတို့ အဲ့ဒီမှာ နေသားကျပါ့မလားမသိဘူး" အမေကျိုးက မေးလိုက်သည်။
"သူတို့ နေသားကျလာပါပြီ။ စိတ်မပူပါနဲ့" အဘွားကျန်းက စိတ်အနှောင့်အယှက်မဖြစ်ဘဲ ခေါင်းငြိမ့်လိုက်ပါသည်။
ကျိုးကွေ့လိုင်က သူပြန်ယူလာသော ဓာတ်ပုံများကို အမေကျိုးအား ပြလိုက်သည်။
"ကြည့်ပါဦး အဘွား။ ကျွန်တော့်မိဘတွေနဲ့ တခြားသူတွေလေ။ သူတို့ အဲ့ဒီမှာ တော်တော် ဝလာကြတယ်။"
အမေကျိုးက ဓာတ်ပုံများကို ယူလိုက်ပြီး ကြည့်လိုက်ပါသည်။ ဓာတ်ပုံများကို မြင်သောအခါ အပျော်လွန်သွားပါသည်။ သူမ ပြုံးလိုက်၏။ "သူတို့နှစ်ယောက်က အဝေးကြီးမှာ သွားနေပြီး မိတ်ဆွေလည်းမရှိတော့ ငါစိတ်ပူနေတာ။"
ကျိုးကွေ့လိုင်က ဘာမှမပြောပါ။ ဘာမှ စိတ်ပူဖို့ မလိုအပ်ပေ။
သူ့အဖေက ၃ ရက် ၅ ရက်တိုင်း ပင်လယ်စာစျေးသို့ ကားမောင်းသွားပြီး ပင်လယ်စာများ သွားဝယ်နိုင်သည်။ ထို ပုစွန်ထုပ်ကြီးများနဲ့ ငါးလတ်လတ်ဆတ်ဆတ်များအား စွပ်ပြုတ်ချက်သောက်သည့်အခါ အတော်လေး ကောင်းပါသည်။ သူ့အမေအား သ့်အဖေက ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ထားပါသည်။
အဖေကျိုးက အဘိုးကျန်းနဲ့ စစ်တုရင်ကစားနေပြီး စကားပြောနေသည်။ ညစာစားချိန်ရောက်ပြီဖြစ်သဖြင့် ထင်ထားသည့်အတိုင်း ကျိုးရွှမ်နဲ့ စစ်နီတို့ သိပ်မကြာခင် ရောက်လာကြပါသည်။
ကန်းကျစ်နဲ့ ဟူကျစ်တို့က စျေးအတူတူ ရောင်းနေသဖြင့် နောက်မှ ပြန်လာကြမည်ဖြစ်သည်။ သူတို့ စောစောပြန်လာမှာ မဟုတ်သဖြင့် စားစရာရှိတာစားကြပါသည်။
ကျိုးကွေ့လိုင်က အဘိုးကျန်းတို့လင်မယားနှစ်ယောက်နဲ့ ကျန်းကမ်းတို့အား မိတ်ဆက်ပေးလိုက်သည်။ ကျိုးရွှမ်က နှုတ်ဆက်လိုက်ပါသည်။ ထို့နောက် သူပြောလိုက်၏။ "မနက်ဖြန်ကျရင် မင်းဆိုင်စောင့်လိုက် ညီငယ်။ ငါ အဘိုးကျန်းနဲ့ တခြားသူတွေကို လိုက်ပြလိုက်မယ်။"
"အင်း" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။
သားလတ်က ခရီးသွားလမ်းညွှန်ဖြစ်လာခဲ့သည်။ အဘိုးကျန်း၊ အဘွားကျန်းနဲ့ ကျန်းကမ်းတို့ မြို့တော်တစ်ပတ် ပတ်ခဲ့ကြပါသည်။
နေထိုင်တာကတော့ တိုက်ခန်းမှာသာ နေထိုင်ကြသည်။ ဧည့်ရိပ်သာ သွားဖို့ မလိုအပ်ပါ။
၃ ရက်ကြာသောအခါ ကျိုးရွှမ်က အဘိုးကျန်း၊ အဘွားကျန်းနဲ့ ကျန်းကမ်းတို့ကို ရှန်ဟိုင်းမြို့တော် အပြန်လမ်းသို့ ပြန်ခေါ်လာခဲ့ပါသည်။
အနည်းငယ် ပင်ပန်းသော်လည်း အဘိုးကျန်းနဲ့ အဘွားကျန်းတို့က ကျေနပ်ကြပါသည်။ ကျန်းကမ်းဆို ပိုဆိုးသည်။
ရှန်ဟိုင်းမြို့တော်က မြို့ကြီးပြကြိးဖြစ်သည်။ သို့သော်လည်း သူတို့မြို့တော်ကို ရောက်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။
သူတို့ စာအုပ်ပေါ်မှာသာ မြင်ဖူးသည့် ကောင်းကင်ဘုံဂိတ်ကြီးကို မြင်ခဲ့ရပါသည်။ မိုင်ထောင်ချီ ကျယ်ဝန်းသည့် မြို့တော်ကြီးပင်။
အစ်ကိုလတ်က လူတွေကို ဓာတ်ပုံအများကြီး ရိုက်ခိုင်းခဲ့ပါသည်။ အမှတ်တရ သိမ်းထားဖို့အတွက်သာဖြစ်သည်။
ဒီကိုရောက်လာတော့ အဘိုးကျန်းနဲ့ တခြားသူများက ပြန်လမ်းပြသည်။ သူက နောက်ကသာ လိုက်ခဲ့သည်။ အိမ်ကိုရောက်တာနဲ့ သူ့မိဘများ၏ ဘဝက ထင်သလောက် မဆိုးမှန်း မြင်လိုက်ရပါသည်။
"အဖေနဲ့ အမေ" ဝင်လာပြီးနောက် ကျိုးရွှမ်က ရွှင်ပျစွာ နှုတ်ဆက်လိုက်ပါသည်။
လင်းချင်းဟယ်က အံ့သြသွားသည်။ "အစောကြီး ရောက်လာပါလား။ နင့်အဘိုးကျန်းနဲ့ တခြားသူတွေ ရက်နည်းနည်းလောက် ထပ်ပြီး လျှောက်မလည်ကြဘူးလား။"
ကျန်းကမ်းလည်း သူနဲ့အတူ ဝင်လာပါသည်။ သူ့အဘိုးအဘွားများကတော့ ပြန်နှင့်ကြသည်။ ထိုသို့ ကြားပြီးသောအခါ သူပြောလိုက်ပါသည်။ "ခေါင်းကိုင်အမေ ကျွန်တော်တို့ ၃ ရက်တောင် လျှောက်လည်ခဲ့တာပါ။ ရှုခင်းတွေ အများကြီး မြင်ခဲ့ရပြီး ဓာတ်ပုံတွေလည်း အများကြီး ရိုက်ခဲ့တယ်။"
"ဒါဆိုလည်း ဟုတ်ပါပြီ" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။
"မင်းအဘိုးအဘွားတွေကို လာစားခိုင်းလိုက်ဦးလေ" ကျိုးချင်းပိုင်က ပြောလိုက်သည်။
"ကျွန်တော် သွားခေါ်လိုက်မယ်" ကျန်းကမ်းက ခေါင်းငြိမ့်၏။ သူထွက်သွားသောအခါ ကျိုးချင်းပိုင်လည်း မီးဖိုချောင်ထဲ ဝင်သွားပါသည်။ ကျိုးရွှမ်က သူ့အမေဘေးမှာထိုင်ပြီး သူ့အမေဗိုက်ကို စိုက်ကြည့်လိုက်ပါသည်။
သူတို့ညီအစ်ကိုများကတောင် ဒီအသက်အရွယ် ရောက်နေကြပြီ။ သူတို့ငယ်စဥ်တုန်းက သူတို့မွေးချိန်က အတော်လေး နီးကပ်ကြသဖြင့် သူတို့အမေ ဗိုက်ကြီးစဥ်တုန်းက မြင်ကွင်းကို မမြင်ဖူးခဲ့ကြပါ။ ဒီတစ်ခေါက်တော့ သူမြင်လိုက်ရပါပြီ။
"နင့်အမေ အခု ဝပြီး ရုပ်ဆိုးနေပြီလား" လင်းချင်းဟယ်က သူ့သားလတ်ကို ပုစွန်ဖက်ထုပ် တစ်ထုတ်ကျွေးကာ သက်ပြင်းချလိုက်ပါသည်။
"ညီငယ် ပြန်လာတုန်းက အမေ့ဗိုက်က အများကြီး ပိုကြီးလာပြီး တော်တော်လှတယ်လို့ ပြောတယ်။ အစကတော့ ကျွန်တော်လည်း မယုံဘူး။ အခုတော့ မြင်သွားတော့ ယုံလိုက်ပါပြီ။ ကိုယ်ဝန်ရှိနေတုန်း လှတဲ့သူတွေ တကယ်ရှိတာကိုး" ကျိုးရွှမ်က ပုစွန်ဖက်ထုပ် စားနေရင်း သိတတ်စွာ ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ရွှင်ပျစွာ ငေါက်လိုက်ပါသည်။ "နင်တို့ညီအစ်ကိုနှစ်ယောက်စလုံး အကျင့် အတူတူတွေပဲ။ အမှန်တရား တစ်ခွန်းမှကို မပြောကြဘူး။”
သားငယ်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ သူက မကြာခဏ အပြင်ထွက်တတ်သော်လည်း အားတာနဲ့ သူမကို မြှောက်ပြောတတ်သည်။ သူမက လှပပြီး ကျက်သရေရှိသည်ဟု ဆိုသည်။ သူမ ကိုယ်ဝန်ရှိနေတာတောင် ကြည့်ကောင်းဆဲဟု ဆိုပါသည်။
ဖားယားပြောဆိုသည့်ပုံပေါက်သော်လည်း ကြားလို့တော့ ကောင်းတယ်မဟုတ်လား။
"အမှန်တိုင်းပဲ ပြောတာပါဗျာ" ကျိုးရွှမ်က ပြုံးကာ ပြောလိုက်ပါသည်။
လင်းချင်းဟယ်က တိုက်တွန်းလိုက်၏။ "ရေအရင်သွားချိုးလိုက်ဦး။ ခဏနေရင် ညစာ စားကြတော့မယ်။"
ကျိုးရွှမ်က သူ့အိတ်နဲ့ အထဲဝင်သွားသည်။ သူအဝတ်အစားလဲလိုက်ပြီး ရေခပ်ကာ ရေချိုးလိုက်ပါသည်။ လင်းချင်းဟယ်က စားကောင်းကောင်းနဲ့ ပုစွန်ဖက်ထုပ်များ ဆက်စားနေ၏။
ဒီရက်ပိုင်းထဲ သူမ မစားရင် အိပ်နေတတ်သည်။ သူမ တော်တော်လေး အကျင့်ပျက်နေပါသည်။
သို့သော်လည်း ရာသီဥတုက အိုက်စပ်စပ်ဖြစ်သည်။ သူမ နေ့တိုင်း ညနေခင်းနဲ့ မနက်ခင်းသာ အပြင်ထွက်ချင်ပါသည်။ မဟုတ်ပါက သူမ အပြင်မထွက်ချင်ပါ။
အဘိုးကျန်း၊ အဘွားကျန်း၊ ကျန်းကမ်းတို့အားလုံး ရေချိုးပြီးမှ လာခဲ့ကြသည်။
ကျိုးချင်းပိုင်က ခေါက်ဆွဲများ ပြုတ်နေ၏။ တစ်ယောက်စီကို ပန်းကန်လုံး အကြီးကြီး တစ်လုံးစာ ဝေစုရသည်။ ခေါက်ဆွဲပြုတ်ထဲတွင် ခရမ်းချဥ်သီး၊ ကြက်ဥ၊ ပုစွန်၊ ဝက်သားတို့ပါ ပါဝင်သည်။
"ဦးလေးတို့ကို ရက်နည်းနည်းလောက် နေဦးမယ်ထင်နေတာ။ အစောကြီးပြန်လာမယ်လို့ မထင်ထားဘူး" လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က စားပြီးကြပြီဖြစ်သဖြင့် သူတို့စားတာကို ထိုင်ကြည့်နေရင်း စကားပြောနေပါသည်။
"သားလတ်က ငါတို့ကို တခြားနေရာတွေ ခေါ်သွားချင်ပါသေးတယ်။ ဒါပေမယ့် ရာသီဥတုက အရမ်းပူလွန်းတော့ ငါတို့ စိတ်ဝင်စားဖို့ အကောင်းဆုံးနေရာတွေပဲ ရွေးသွားခဲ့တယ်။ နောက်ပိုင်း အချိန်ရမှ ထပ်သွားပါဦးမယ်" အဘိုးကျန်းက ပြန်ပြောလိုက်ပါသည်။
"အစ်မကြီးက တော်တော်ခင်တတ်တာပဲ။ ငါတို့ ရောက်သွားတော့ ငါတို့စားဖို့ ကြက်တစ်ကောင် ချက်ပေးတယ်" အဘွားကျန်းက ရွှင်ပျစွာ ပြောလိုက်ပါသည်။။
သူမက အမေကျိုးထက် ပိုငယ်သည်။ ထို့ကြောင့် အမေကျိုးကို အစ်မကြီးဟု ခေါ်လိုက်ခြင်း ဖြစ်ပါသည်။
လင်းချင်းဟယ်က ဘယ်သူ့ကို ပြောနေမှန်း သိသဖြင့် ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ဒေါ်လေးတို့ကို ဧည့်ခံဖို့ ကြက်သားချက်ကျွေးရမှာပေါ့။"
ထို့နောက် ကျန်းကမ်းကို သူမ မေးလိုက်သည်။ "နင့်အစ်ကိုလတ်ကို ပေကျင်းတက္ကသိုလ်နဲ့ ချင်းတက္ကသိုလ်တို့ဆီ လိုက်ပို့ခိုင်းသေးလား။"
"အင်း ကျွန်တော်တို့ ကျောင်းဂိတ်ပေါက်နားမှာ ဓာတ်ပုံတောင် ရိုက်ခဲ့ကြသေးတယ်" ကျန်းကမ်းက ခေါက်ဆွဲကို စုပ်စားလိုက်ရင်း ပြုံးရယ်ကာ ပြောလိုက်ပါသည်။
စားသောက်ပြီးနောက် ကျန်းကမ်းက ပြန်လို့ရပါသည်။ သို့သော်လည်း မနက်ဖြန်လည်း မနက်စာ လာစားပြီး သူ့ကို အပြင်လိုက်ပို့မည်ဟု ကျိုးရွှမ်ကို ပြောသွားခဲ့ပါသည်။
လက်ထောက်ခေါင်းဆောင်ကျန်း၊ ရွှယ်မိန်လီနှင့် အငယ်ဆုံး သမီးလေးတို့အားလုံးက အိမ်မှာ ရှိနေကြပါသည်။ သူ ဒီလောက် စောစောပြန်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပါ။
သူတို့တံခါးဖွင့်လိုက်ပြီး သားဖြစ်သူကို မြင်လိုက်ရသောအခါ အံ့သြသွားကြပါသည်။
"ဘာလို့ အစောကြီး ပြန်လာတာလဲ။ နင့်အဘိုးအဘွားတွေကော ပါရဲ့လား" ရွှယ်မိန်လီက မေးလိုက်သည်။
"အကုန်ပြန်လာတာပါ။ အဘိုးနဲ့ အဘွားတို့က ပင်ပန်းနေလို့ အခုတော့ လာမှာ မဟုတ်ဘူး” ကျန်းကမ်းက လွယ်အိတ်ကို ချွတ်လိုက်ရင်း ပြောလိုက်ပါသည်။ သူ့လက်ထဲမှာ မြို့တော်မှ ပစ္စည်းအိတ်မျိုးစုံကို သယ်ထားပါသည်။ သူ့ဒုတိယအစ်ကိုက ဝယ်ပေးကာ ယူသွားခိုင်းခြင်း ဖြစ်သည်။
"သူစားဖို့ တစ်ခုခု သွားလုပ်ပေးလိုက်ဦးလေ" လက်ထောက်ခေါင်းဆောင်ကျန်းက ပြောလိုက်သည်။
"ကျွန်တော် စားပြီးပြီ။ ခေါင်းကိုင်အဖေက ခေါက်ဆွဲလုပ်ကျွေးတယ်။ ပုစွန်တွေ၊ အသားတွေ၊ ကြက်ဥတွေနဲ့ တစ်ပန်းကန်အပြည့်ပဲ။ ကျွန်တော် ဗိုက်တင်းနေပြီ" ကျန်းကမ်းက ပြောလိုက်သည်။ ထို့နောက် သူ့ကျောပိုးအိတ်ထဲက ပိုက်ဆံကို ထုတ်လိုက်သည်။ "အဲ့ဒီမှာ အစ်ကိုလတ်နဲ့ အစ်ကိုငယ်တို့ကပဲ ပိုက်ဆံရှင်းပေးတာ။ ကျွန်တော် တစ်ပြားမှ မသုံးခဲ့ရဘူး အမေ။ ပြန်ပေးမယ်နော်"
"ဒီလိုလျှောက်လည်၊ စားသောက်ပြီး လက်ဆောင်တွေတောင် ဝယ်ပေးလိုက်သေးတယ်။ ဘယ်ဖြစ်မလဲ။" ရွှယ်မိန်လီက တကယ် ရှက်ရွံ့နေပြီး ပြောလိုက်ပါသည်။
"ကျွန်တော်လည်း အဲ့လိုပဲ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်မြို့တော်ရောက်ရင် ပိုက်ဆံထုတ်စရာ မလိုဘူးလို့ အစ်ကိုလတ်နဲ့ အစ်ကိုငယ်က ပြောတယ်" ကျန်းကမ်းက ခေါင်းကုတ်ရင်း ပြောလိုက်ပါသည်။
သူ့ခေါင်းကိုင်မိဘများ၏ မိသားစုကို တကယ်သဘောကျပါသည်။ ခေါင်းကိုင် ညီအစ်ကိုများကလည်း အလွန်ပျော်တတ်ပြီး ပွင့်လင်းကြသည်။