← Chapters

ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်

Vol. 57 Ch. 794

ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်

Vol. 57 Ch. 794

“ ဝုန်း ” ကာကွယ်ရေး အစီအရင်၏ အပြင်ဘက်မှ တုန်ခါမှုကြောင့် ခန္ဓာကိုယ် လေ့ကျင့်နေသော မိုဝူကျိက အံ့အားသင့်မိသွားသည်။ သူက အဝတ်အစားတချို့ မြန်မြန်ဝတ်ကာ ရေကန်မှ ထွက်ပြီး ကာကွယ်ရေး အစီအရင်အပြင်ဘက်ဆီ ထွက်လိုက်ရသည်။

ကာကွယ်ရေး အစီအရင်အပြင်ဘက်တွင် ရပ်နေသူများမှာ လူသုံးယောက် ဖြစ်ပြီး တစ်ယောက်မှာ မျက်နှာလေးထောင့်နှင့် အသားမည်းမည်း၊ ထောင်ထောင်မောင်းမောင်း အမျိုးသား ဖြစ်သည်။ ကျန်နှစ်ယောက်မှာ ဆံပင်ဝါလေးနှင့် ပုသေးသေး မိန်းကလေး တစ်ဦးနှင့်အတူ ထိုမျက်နှာမည်း အမျိုးသားကြီးအရပ် တစ်ဝက်လောက်သာ ရှိသော လူငယ်လေးတစ်ဦးတို့ ဖြစ်သည်။ မိုဝူကျိက ထိုသူမှာ အများဆုံး တစ်မီတာခွဲမျှသာ  ရှိနိုင်ကြောင်း ခန့်မှန်းမိလိုက်၏။

မိုဝူကျိက မျက်နှာမည်း အမျိုးသားမှာ ယခင်က လူဝံကြီး ဖြစ်ကြောင်း တန်းမှတ်မိလိုက်သည်။ ထိုလူက ပြောင်းလဲရေး တာအိုအသီးကို မရသေးသော်ငြား ပုံစံပြောင်းပြီးလေပြီ။

“ ခင်ဗျားလား ” မျက်နှာမည်း အမျိုးသားက မိုဝူကျိကို မြင်လိုက်သည်နှင့် ဖျံကြီးချုးနှင့် ရင်ဆိုင်နေစဉ်က  သူ့စိတ်စွမ်းအားကား မိုဝူကျိအပေါ် ရောက်ရှိသွားခဲ့သောကြောင့် တန်းသိလိုက်သည်။

သူ့အတွက် ဖျံကြီးချူးက မည်မျှ ဒဏ်ရာရနေစေကာမူ မိုဝူကျိအား ဖယ်ရှားဖို့ရာ ပါးမွှားလေးမျှသာ ဖြစ်မည်ဟု ထင်ခဲ့မိသည်။ သူ မထင်ထားမိသည်က ဖျံကြီးချူးက မရှိတော့ဘဲ မိုဝူကျိက ဤနေရာကို အပိုင်သိမ်းထားလေ၏။ အမှန်တရားမှာ မျက်စိရှေ့မှောက် ရောက်နေပြီဖြစ်၍ မိုဝူကျိက ဖျံကြီးချူးကို ရှင်းပစ်လိုက်သည်မှာ သိသာလှသည်။

“ ဟုတ်တယ် … ကျုပ်ပဲ။ ခင်ဗျားတို့တွေ အကြောင်းအရင်းမရှိဘဲနဲ့ ကျုပ် အင်မော်တယ်ဂူရဲ့ ကာကွယ်ရေး အစီအရင်ကို လာတိုက်တာ ဘာသဘောလဲ ” မိုဝူကျိက စွမ်းအားများကို ထုတ်လွှင့်ရင်း မကြည်မလင် မေးလိုက်သည်။ မိုဝူကျိ၏ ဖိအားအောက်၌ သူတို့ကြားမှာ တည်နေရာမှာ အနည်းငယ် တုန်ခါလာသည်။

မိုဝူကျိက ထိုသုံးယောက်မှာ လူသားနှင့် တူနေသော်လည်း သုံးယောက်လုံးမှာ ဤနေရာတွင် နေထိုင်ကြသော ထိပ်တန်းအဆင့် သားရဲများဖြစ်ကြောင်း ကောင်းကောင်း သိပေသည်။ မည်သူပင် ဖြစ်စေ သူတို့က ဖျံကြီးထက် အားနည်းနေမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင်ပင် မိုဝူကျိက သူတို့ကို မကြောက်ပေ။ အကြောင်းမှာ တံခါးပိတ် ကျင့်ကြံပြီးနောက် အင်မော်တယ် ဧကရာဇ်အဆင့် မရောက်သေးသော်လည်း  သူ့အင်အားမှာ ယခင်ကထက် များစွာ အားကောင်းလာပေ၏။ ထို့အပြင် ဤသည်မှာ သူ့ပိုင်နက် ဖြစ်သောကြောင့် ဤနေရာတွင် ခင်းကျင်းထားသော ထောင်ချောက်အစီအရင်များစွာနှင့် သတ်ဖြတ်ရေး အစီအရင်များလည်း ရှိပေသည်။

မိုဝူကျိ၏ အရှိန်အဝါမှာ အင်မော်တယ် ဧကရာဇ်ထက် အားမနည်းကြောင်း ခံစားမိပြီး ထိုသုံးယောက်လုံးက မသိမသာ နောက်ဆုတ်မိသွားကြသည်။ ထို့နောက် သူတို့က စိတ်ထဲ၌ အံ့အားသင့်မိနေကြ၏။  မိုဝူကျိသည် သူတို့သုံးယောက်ထဲ အားနည်းမနေပေ။

မိန်းမလှလေးက ရယ်ရယ်မောမောဖြင့် လက်နှစ်ဖက် ယှက်ကာ  “ ဒီအစ်ကိုကြီးက ဒီမှာ နေနေတာဆိုတော့ ဟိုငတုံး လီချူးတော့ ကျရှုံးသွားပြီ ထင်ပါတယ် …. ”

မိုဝူကျိက အံ့ဩသလို ဟန်ဆောင်လိုက်ရင်း  “ ကျုပ်လည်း သေချာမသိဘူးလေ။ ကျုပ်က ဒီနေရာကို ရောက်ကတည်းက ဘယ်သူမှလည်း မတွေ့တာနဲ့ ကျုပ်နယ်မြေအဖြစ် သတ်မှတ်ထားလိုက်တာ ”

သူ့အနေနှင့် ဖျံကြီးကို သတ်လိုက်ကြောင်း ဝန်ခံဖို့ရာ မဖြစ်နိုင်ပေ။ အကြောင်းမှာ တစ်ဖက်လူက သူ့ကို ရင်ဆိုင်စေနိုင်မည့် သတင်းအချက်အလက် ပေးသည်ထက် တိုက်သာ တိုက်ခိုက်ပစ်လိုက်မည်။

မိန်းမလှလေးက နောက်တစ်ဖန် ပြုံးလိုက်ကာ

“ ငတုံး ဖျံကြီး မရှိတော့ရင် အဆင်ပြေပါပြီ။ ရှင့်ကို ကျမတို့နဲ့ မိတ်ဆက်ပေးပါရစေ …. ကျမနာမည်က ဟူချွန်းချွန်း (မြေခွေး)ပါ။ ကျမက လျို့ဝှက်ချောက်နက်က …. ဒီအစ်ကိုကြီးနှစ်ယောက်က ကြေကွဲတောင်တန်းက ယွမ်မို (လူဝံကြီး)နဲ့ ဖီးနစ်သိုက်နယ်မြေက ကျင်းထျဲဟယ် (ရွှေကြိုးကြာ) တို့ပါ ”

မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ပြန်လည် နှုတ်ဆက်လိုက်လေ၏

“ နောက်ဆုံးတော့ ခင်ဗျားတို့ကို တွေ့ခွင့်ရတာ ဝမ်းသာပါတယ်။ ခင်ဗျားတို့တွေက ဒီနေရာရဲ့ အဆင့်မြင့် ပညာရှင်တွေမှန်း သိသာပါတယ်။ ကျုပ်လည်း ဘာမှမလုပ်ဘဲနဲ့ ကျုပ်နေရာကို ဘာလို့ လာတိုက်ခိုက်ရတာပါလဲ ”

မိုဝူကျိ ယခင်က တွေ့ဖူးသော အနက်ရောင် လူဝံကြီးမှလွဲ၍ မိုဝူကျိက ဟူချွန်းချွန်းနှင့် ကျင်းထျဲဟယ်တို့မှာ ဘယ်နေရာက ရောက်လာမှန်း မသိပေ။ သို့သော်လည်း မိုဝူကျိက ဤသို့နေရာမျိုး၌ အသက်ရှင်နေထိုင်သူများမှာ သေချာပေါက် အားမနည်းကြောင်း သိနေသည်။ ယနေ့ သူက ဤအားကောင်းလှသော သားရဲများ လာရောက်တိုက်ခိုက်ခြင်းကို မေ့ပစ်နိင်သော်လည်း နောင်အနာဂတ်၌ ဤနေရာတွင် ဆက်နေဖို့ရာ ခက်ခဲပေလိမ့်မည်။

“ ဒီက တာအိုရောင်းရင်းရဲ့ နာမည်ကိုလည်း သိပါရစေဦး ” ဟူချွန်းချွန်း၏ လေသံမှာ ညင်သာပြီး ပြေပြစ်လှသည်။

“ ကျုပ်နာမည်က မိုဝူကျိပါ ” မိုဝူကျိက ပြန်ဖြေလိုက်ရင်း သူ့သတ်ဖြတ်ငွေ့များက မြင့်တက်လာလေ၏။ အကယ်၍ ဤအမျိုးသမီးက သူ့မေးခွန်းကို ဆက်တိုက် လျစ်လျူရှုနေလျှင် သူ့အနေနှင့် ချက်ချင်း တိုက်ခိုက်မိပေလိမ့်မည်။

“ အစ်ကိုကြီးမို စိတ်မဆိုးပါနဲ့ရှင် … ကျမတို့တွေ ရောက်လာတဲ့အကြောင်းကို ရှင်းပြပါ့မယ်။ အစပိုင်းတုန်းက ကျမတို့တွေ သမိုင်းအမွေအနှစ်ကောင်း‌လေး တွေ့ထားကြတာ ဒါပေမဲ့ ကျမတို့တွေ ဖွင့်ဖို့ရာ  လူတစ်ယောက် လိုနေလို့။ အဲဒီကြောင့် လီချူးကို လာရှာတာပါ။ ဒါပေမဲ့ သူက မရှိတော့ဘူးဆိုတော့ အစ်ကိုကြီးမိုများ ကျမတို့နဲ့ အတူတူ လိုက်ချင်လား။ အစ်ကိုကြီးမို  လိုလားမှပါ … ” ဟူးချွန်းချွန်းက မြန်မြန်ဆန်ဆန် ပြောလိုက်သည်။

သူ  သတ်လိုက်မိ‌သော ဖျံကြီးမှာ လီချူး ဖြစ်ရမည်။ မိုဝူကျိက အေးအေးဆေးဆေး ပြန်ဖြေပေးလိုက်သည်

“ ကျုပ်က ဒီရောက်တာ နှစ်နည်းနည်းပဲ ရှိသေးတာဆိုပေမဲ့ ကိုယ့်စွမ်းရည်ကို ယုံကြည်ချက် ရှိတယ်။ ဒါပေမဲ့လည်း အမှောင်ထုထဲမှာ လုပ်ကြံခံရမှာကို စိုးရိမ်မိတယ်။ ဒီနေရာမှာ ထိပ်တန်းအဆင့် ပညာရှင်တွေအများကြီး ရှိနေတာလေ။  ခင်ဗျားတို့က ကျုပ်လိုမျိုး ဖြတ်သွားဖြတ်လာတစ်ယောက်ကို ပူးပေါင်းစေချင်ရင်တော့ အခြေအနေကို  ရှင်းရှင်းလင်းလင်း မပြောပြမချင်း ကျုပ်မလိုက်ရဲဘူး ”

ကျင်းထျဲဟယ်က ဝင်ပြောလိုက်သည်

“ အစ်ကိုကြီးမို …. ခင်ဗျားက လီချူးကို ဖယ်ရှားနိုင်တယ်ဆိုတဲ့ အချက်နဲ့တင် ခင်ဗျားက ကျုပ်တို့ထက် အားမနည်းတာ သိသာနေပြီလေ။ ကျုပ်တို့က တခြားလူကို မရှာချင်လို့ မဟုတ်ပါဘူး။ တောက်ဟန်နဲ့ ပေါင်ပုတို့က တစ်ကိုယ်ကောင်းဆန်ကြတဲ့သူတွေဆိုတော့ ကျုပ်တို့နဲ့ အဆင်မပြေဘူး။ အဲဒါကြောင့် ကျုပ်တို့က အစ်ကိုကြီးမိုကို ပါဝင်ဖို့ ခေါ်နေတာပါ။ တကယ်လို့ အစ်ကိုကြီးမို မလုပ်ချင်ရင်လည်း အတင်းဖိအားမပေးပါဘူး  ”

မိုဝူကျိက ကျင်းထျဲဟယ်အနေနှင့် လိမ်ညာပြောဆိုနေခြင်း မဟုတ်ကြောင်း ခံစားမိပေသည်။ ဤလူများသည် လီချူးကို ရှာရန် ရောက်လာခြင်းသာ ဖြစ်၏။

မိုဝူကျိက ထိုအတွေးဖြင့် မေးလိုက်သည်  “ အဲဒီ အမွေအနှစ်က ဘာနဲ့ ပတ်သတ်နေတာလဲဆိုတာ ပြောပြလို့ ရမလား ”

ကျင်းထျဲဟယ်နှင့် အခြားနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြရင်း ဟူချွန်းချွန်းက ပြန်ဖြေပေးလိုက်သည်  “ အစ်ကိုကြီးမို … ရှင် ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ် အကြောင်း ကြားဖူးတယ်မလား ”

မိုဝူကျိက အနည်းငယ် နေရခက်သွားပေသည်။ သူက ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ် အကြောင်း မကြားဖူးပေ။ ဟူချွန်းချွန်း၏ လေသံမှ ထိုလူမှာ အတော်လေး ကျော်ကြားကြောင်း သိသာလှသည်။

“ သမိုင်းအမွေအနှစ် နေရာက အဲဒီ ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်ရဲ့ သေဆုံးခဲ့တဲ့နေရာဆိုပြီး သတင်းထွက်နေတယ် ” ဟူချွန်းချွန်းက ဆက်ပြောလိုက်သည်။

“ ဂျုနီယာညီမလေးဟူ … ကျုပ်က ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ် အကြောင်း အကုန်မသိသေးဘူး။ ညီမကပဲ ရှင်းပြပေးပါဦး ” မိုဝူကျိက မြန်မြန် မေးလိုက်၏။

ဟူချွန်းချွန်းတို့က မိုဝူကျိအား ကြောင်အမ်းစွာ ကြည့်လိုက်ကြသည်။ မည်သည့်မျိုးနွယ်စုမှ ဖြစ်နေစေကာမူ ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်အကြောင်း မသိခြင်းမှာ မဖြစ်နိုင်ပေ။

မိုဝူကျိ၏ အင်အားအရ နှစ်တစ်ရာကျော်လောက် ကျင့်ကြံပြီးလောက်ပြီ မလား ….

ဒီလိုလူမျိုးက ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်အကြောင်း ဘယ်လိုလုပ် မသိဘဲ ဖြစ်နိုင်မှာလဲ …..

ဟူချွန်းချွန်းက အသိပြန်ဝင်လာကာ  မိုဝူကျိအနေနှင့် ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်အကြောင်း သိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေ အားလုံးကို ရှင်းပြပေးလိုက်သည်

“ အရင်တုန်းက မိစ္ဆာမျိုးနွယ်မှာ အရမ်းထူးချွန်တဲ့ ကျင့်ကြံသူ တစ်ယောက်ရှိတယ်။ သူ့နာမည်ကိုတော့ ဒီနေ့အထိ မသိရသေးပေမဲ့  သူ ချန်ထားခဲ့တဲ့ နာမည်က ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ် ပဲ ….. သူ့ဆီမှာ ရှိနေတဲ့ ရတနာသုံးသွယ်ကြောင့် စကြဝဠာတစ်ခုလုံးမှာ နာမည်ကြီးတယ်။ သူက မိစ္ဆာမျိုးနွယ်ကဆိုပေမဲ့ ဗုဒ္ဓတာအိုကို ကျင့်ကြံတယ်။ ပြီးတော့ ဗုဒ္ဓတာအိုကို အသိအမြင် နက်နက်ရှိုင်းရှိုင်း တွေးခေါ်နိုင်တဲ့ ဆရာတော် တစ်ပါးပဲ။ အချိန်တိုလေးအတွင်းမှာ သူက ဗုဒ္ဓတာအို နယ်မြေရဲ့ ထိပ်ဆုံးအထိ တက်လှမ်းနိင်ခဲ့တယ်

အဲဒီအချိန်တုန်းက သူက မိစ္ဆာမျိုးနွယ်ကနေ ထွက်ပြီး  ထိပ်တန်းမျိုးနွယ်တွေဆီ‌ ပြောင်းရွေ့သွားတော့ သူ့ကိုယ်ပိုင် ဗုဒ္ဓတာအို အမွေအနှစ်ကို ဆက်တိုက် လက်ဆင့်ကမ်းရင်း ဗုဒ္ဓတာအိုကို ပြန့်ပွားအောင် လုပ်ပေးခဲ့တယ်။ အမွေအနှစ်တွေ ဘယ်လောက်များမှန်းတော့ မသိပေမဲ့   ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်က အာကာပြင်ထဲ ဖြည်းဖြည်းချင်း ပျောက်ဆုံးသွားခဲ့တယ်။ ကျမတို့တွေ တွေ့ထားတဲ့ အမွေအနှစ်နေရာက သူ ကျင့်ကြံခဲ့တဲ့နေရာပဲ …. ပြီးတော့ ကျမတို့တွေက သူ သေဆုံးခဲ့တဲ့နေရာလည်း ဖြစ်လိမ့်မယ်ဆိုပြီး ခန့်မှန်းထားကြတယ်  ”

မိုဝူကျိက နားမလည်စွာ မေးလိုက်သည်  “ အဲဒီ ကျော်ကြားလှတဲ့ ရတနာသုံးသွယ်က ဘာတွေများလဲ ”

“ ဗုဒ္ဓကြာကလပ်၊ ဗုဒ္ဓ ပဋိကကျမ်းနဲ့ မဟာခွန်ဗုဒ္ဓ မီးအိမ်တို့ပဲ … ”

မိုဝူကျိက ထိုနာမည်သုံးမျိုးလုံးကို ကြားဖူးသည့်အတွက် အံ့အားသင့်သွားမိသည်။

စုရှီဆီမှာ ရှိနေတာက မဟာခွန်ဗုဒ္ဓ မီးအိမ် မဟုတ်ဘူးလား …..

ထိုရတနာများမှာ အင်မော်တယ်လောက၏ ဗုဒ္ဓဂိုဏ်း ရတနာများ ဖြစ်လေရာ ဘယ်အချိန်ကများ ရတနာသုံးသွယ် ဗုဒ္ဓ ဧကရာဇ် အပိုင် ဖြစ်သွားတာလဲ ….

ဗုဒ္ဓ ပဋိကကျမ်းမှာ ပုံတူပွား ကျောက်စိမ်းပေလွှာ တစ်ခု ဖြစ်ပြီး ဘုန်းကြီးတာ့နဉ်က သူ့နှင့် အလဲအလှယ် လုပ်ခဲသေး၏။ သူ့ကျင့်ကြံဆင့်မှာ မြန်ဆန်ပြီး သူ့ဘာသာ လျို့ဝှက်တိုက်ကွက်များစွာ ရှိနေလေရာ ထိုကျမ်းအား မကြည့်မိသေးပေ။ သူ့အနေနှင့်  တစ်ယောက်ယောက်က ပဋိကကျမ်း ပိုင်ရှင်၏ အင်မော်တယ်ဂူဆီ သွားဖို့ရာ လာခေါ်လိမ့်မည်ဟု မထင်ထားပေ။

မိုဝူကျိက တိတ်ဆိတ်နေသည်ကို မြင်ပြီး ဟူချွန်းချွန်းက ဆက်ပြောလိုက်သည်

“ ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်က အဆုံးအစွန်အထိ ကျင့်ကြံခဲ့တာဆိုတော့  မဟာဧကရာဇ်အဆင့်နောက်ပိုင်းက အဆင့်ကို ရှာတွေ့ခဲ့တယ်ဆိုပြီး ကောလဟာလ ထွက်ခဲ့ဖူးတယ်။ အခု ကျမတို့က အဆင့်ထပ်မတက်နိုင်တော့ဘဲ ဒီအဆင့်မှာပဲ တန့်နေကြတာဆိုတော့  အဲဒီ နယ်မြေကို ရှာတွေ့ရင် ကျမတို့ နှစ်တစ်ရာလောက် တံခါးပိတ် ကျင့်ကြံနေတာထက်တောင် အကျိုးရှိဦးမှာ ”

“ အင်မော်တယ် ဧကရာဇ်အဆင့်နောက်က တာအိုဧကရာဇ်အဆင့် မဟုတ်ဘူးလား ” မိုဝူကျိက သိသိရက်ဖြင့် တမင် မေးလိုက်သည်။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ယွမ်မိုက အေးစက်စွာ ရယ်မောလိုက်ရင်း

“ အဲဒါက သူတို့ဘာသာ လုပ်ထားတဲ့ စိတ်ကူးယဉ်တွေလေ။ မဟာဧကရာဇ်အဆင့်က  ကျုပ်တို့ သားရဲတွေအဆင့် ၉ နဲ့ ညီတယ်။ သူတို့သဘောတရားအရဆိုရင် ကျုပ်တို့ အဆင့် ၁၀ က သူတို့ တာအိုဧကရာဇ်နဲ့ ညီတာပေါ့။ ဒါပေမဲ့ အမှန်တရားတော့ အဆင့် ၉ ကနေ အဆင့် ၁၀ ရောက်သွားရင် အရေအတွက်ပဲ ပြောင်းသွားတာ အရည်အသွေး မပါဘူး။ တာအိုဧကရာဇ်အကြောင်း အလိမ်အညာက ပြက်လုံးတစ်ခုပဲ …. ”

မိုဝူကျိက ယွမ်မိုကို အထင်ကြီးမိသွားသည်။ ယွမ်မိုက ဤသို့ အချက်ကျကျ ပြောနိုင်လိမ့်မည်ဟု မထင်ထားပေ။ မည်သို့ပင် ဆိုစေကာမူ သူက ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်၏ သမိုင်းအမွေအနှစ်နယ်မြေဆီ သွားဖို့ရာ စိတ်ဝင်စားမိသည်။ သူကိုယ်တိုင်လည်း အင်မော်တယ် အုပ်စိုးသူအဆင့်၌ တန့်နေသည် မဟုတ်ပါလော။ ထိုရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်က မဟာဧကရာဇ်အဆင့်ကို ကျော်လွန်၍ မည်မျှ တိုးတက်ခဲ့ကြောင်း အမှန်တကယ် သိချင်မိသည်။

“ ကောင်းပြီလေ … ကျုပ် ခင်ဗျားတို့နဲ့အတူတူ လိုက်ပါ့မယ် ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ထိုသားရဲသုံးကောင်၏ ဖိတ်ကြားချက်ကို သဘောတူလိုက်သည်။

ထိုလူများနှင့် ရင်းရင်းနှီးနှီး နေလိုက်ခြင်းက သူ့အနေနှင့် ထွက်သွားသည့်အချိန်၌ အနည်းဆုံး ရင်းနှီးသော မိတ်ဆွေတချို့ ရှိခဲ့ပေလိမ့်မည်။

“ အစ်ကိုကြီးမိုက တကယ်ကို ရိုးဖြောင့်တဲ့သူပဲ ” ကျင်းထျဲဟယ်က စိတ်လှုပ်ရှားစွာ မြှောက်ပြောလိုက်သည်။

“ အင်မော်တယ်ရောင်းရင်းမို … ခင်ဗျား လီချူးဆီက ရထားတဲ့ အသီး တစ်လုံးကို  အလဲအလှယ် လုပ်ပေးလို့ ရမလား” မိုဝူကျိက သူတို့နှင့်အတူတူ သမိုင်းအမွေအနှစ်နေရာ လိုက်လာမည် ဖြစ်ကြောင်း ကြားပြီးနောက် ယွမ်မိုက မိုဝူကျိထံ စိတ်ဖြင့် ဆက်သွယ်၍ ပြောလိုက်သည်။

ပြောင်းလဲရေး တာအိုအသီးလိုမျိုး အရာမှာ မိုဝူကျိအတွက် အဖိုးမတန်သော်လည်း ယွမ်မိုအတွက် မည်မျှ တန်ဖိုးရှိကြောင်း ကောင်းကောင်း သိပေသည်။ သူက တွန့်ဆုတ်မနေဘဲ  “ရတာပေါ့ …. ကျုပ်တို့တွေ သွားရှာပြီး ပြန်ရောက်လာနဲ့ ခင်ဗျားကို  အသီးနဲ့ အလဲအလှယ် လုပ်ပေးမယ်လေ”

“ ဟုတ်ပြီ အရမ်းကောင်းတယ် …. ကျေးဇူးပါ ညီလေးမို …. ကျေးဇူးပါ ” ယွမ်မိုက အတော်လေး စိတ်လှုပ်ရှားနေမိသည်။ မိုဝူကျိက တည့်တိုးဆန်ကာ အလွယ်တကူ ချည်းကပ်ရမည်သူဟု မထင်ထားခဲ့ပေ။ အကယ်၍ မိုဝူကျိသာ ဤမျှချည်းကပ်ရလွယ်ကူမှန်း သိခဲ့လျှင် စောစောစီးစီး မိုဝူကျိဆီ လာရောက်၍ လဲလှယ်ပေလိမ့်မည်။

ယခင် သူက ဖျံကြီး လီချူးနှင့် အလဲအလှယ်လုပ်ရန် ပစ္စည်းတချို့ ထုတ်ပေးခဲ့သော်လည်း လီချူးက အလဲအလှယ်လုပ်ဖို့ရာ မတန်တဆ တောင်းဆိုကာ နောက်ဆုံး၌ နှစ်ဖက်လုံး၌ ဆုံးရှုံးခဲ့ရသည်။

“ တာအိုရောင်းရင်းဟူ …. ဘယ်လမ်းက သွားကြမှာလဲ။ ကျုပ်တို့တွေ အနီးဆုံးကနေ သွားကြမယ်လေ ” မိုဝူကျိက ရယ်မောရင်း ပြောလိုက်သည်။ သူက ဤနေရာမှ ထွက်သွားဖို့ လမ်းကြောင်းအား မေးမြန်းလိုခြင်း ဖြစ်၏။

ဟူချွန်းချွန်းက မြန်မြန် ပြောလိုက်သည်

“ မဖြစ်ဘူး … ဟိုနှစ်ယောက် တောက်ဟန်နဲ့ ပေါင်ပုတို့က ထွက်လမ်းနေရာ အနားက နယ်မြေကို ကို ကြီးစိုးထားကြတာ။ တကယ်လို့ ကျမတို့တွေ သူတို့နှစ်ယောက်နဲ့ တွေ့ရင် အေးအေးချမ်းချမ်း သွားလို့ရမှာ မဟုတ်တော့ဘူး။ အဲဒါကြောင့် အစ်ကိုကြီးယွမ်မိုနဲ့ အစ်ကိုကြီး ကျင်းရဲ့ ပိုင်နက်ကနေ ဖြတ်သွားကြမယ်။ လမ်းကြောင်းက ရှည်သွားပေမဲ့ အရေးကြီးတာ ဘာကိုမှ မနှောင့်နှေးစေပါဘူး ”

မိုဝူကျိက အံ့အားသင့်သွားမိပြီး ဤနေရာမှ မြန်မြန်ဆန်ဆန် ထွက်မသွားမိသည့်အတွက် ဝမ်းသာမိသွားသည်။ ဟူချွန်းချွန်းနှင့် ကျင်းထျဲဟယ်တို့၏ စကားအရ တောက်ဟန်နှင့် ပေါင်ပုတို့  နှစ်ယောက်၏ တားဆီးခြင်း ခံရလျှင် ဘာမှ ကောင်းမည် မဟုတ်ကြောင်း သိလိုက်ရသည်။

***

All Chapters