သွေစောင်း အာကာပြင် ပင်လယ်ကျွန်
Vol. 57 Ch. 795
ဟူချွန်းချွန်းက ဦးဆောင်ကာ ကျင်းထျဲဟယ်နှင့် မိုဝူကျိတို့က နောက်မှ လိုက်ပါသွားကြပြီး ယွမ်မိုက နောက်ဆုံးမှ ဖြစ်သည်။ လေးယောက်သား ပျံသန်းရေး ရတနာများကို မထုတ်ဘဲ မြေပေါ်၌ သွားလာနေခြင်းသာ ဖြစ်၏။
ဟူချွန်းချွန်းပင် ဖြစ်စေ၊ ကျင်းထျဲဟယ်ပင် ဖြစ်စေ သူတို့၏ အမြန်နှုန်းမှာ အတော်လေး အံ့ဩဖို့ ကောင်းပြီး လျှပ်စီးအလား မြန်ဆန်ကြပေသည်။
ဟူချွန်းချွန်းက အရမ်းမြန်မြန် သွားနေသည့် အကြောင်းအရင်းမှာ မိုဝူကျိ၏ အမြန်နှုန်းမှာ အင်အားနှင့် အငွေ့အသက်များကဲ့သို့ အံ့ဩဖို့ ကောင်းလားဟု သိချင်၍ ဖြစ်သည်။ အမွေးတိုင်တစ်ဝက်စာလောက် သွားလာပြီးနောက် ဟူချွန်းချွန်း၊ ကျင်းထျဲဟယ်နှင့် ယွမ်မိုတို့ပင် အံ့အားသင့်ကုန်ကြသည်။ သူတို့က အရှိန်နှေးသည် ဖြစ်စေ၊ မြန်လိုက်သည် ဖြစ်စေ၊ ကုန်းမြင့်ကို ဖြတ်ဖြတ်၊ ရေကို ဖြတ်ဖြတ် မိုဝူကျိက ဘာမှအားစိုက်မထုတ်ရဘဲ လိုက်ပါလာနိုင်ဟန် ပေါက်နေသည်။
သူတို့အမြန်နှုန်းမှာ ပျံသန်းရေး ရတနာကို ထုတ်မသုံးသရွေ့ မိုဝူကျိနှင့် လက်ရည်တူ ဖြစ်မည် မဟုတ်ပေ။ ထိုစဉ် ဟူချွန်းချွန်းက မိုဝူကျိသည် လူသားမျိုးနွယ် မဟုတ်ဘဲ မိစ္ဆာမျိုးနွယ်များလားဟု သံသယဝင်လာမိသည်။ မိစ္ဆာမျိုးနွယ်များမှာ အမြန်နှုန်း၌ အတော်လေး အာရုံခံနိုင်စွမ်း ရှိကြသူများ ဖြစ်ပေသည်။
“ တာအိုရောင်းရင်းယွမ် … ကျုပ် အရင်တစ်ခါ တိုက်ပွဲဖြစ်တုန်းက ကြေကွဲမြို့ဟောင်းမြေပုံ ပါတဲ့ လက်စွပ်ကို ဖျက်စီးမိသွားတယ်။ ခင်ဗျားဆီမှာ ကြေကွဲမြို့ဟောင်းမြေပုံ ရှိရင် ကျုပ်ကို ပုံတူပွားပေးလို့ ရမလား ” မိုဝူကျိက သူ့နောက်မှ ပါလာသော ယွမ်မိုကို တီးတိုးပြောလိုက်သည်။
“ ကြေကွဲမြို့ဟောင်းရဲ့ မြေပုံလား ” ယွမ်မိုက မဖြေခင် မေးခွန်းထပ်မေးလိုက်ပြီး “ ကျုပ်က ကြေကွဲမြို့ဟောင်းကို တစ်ခါမှမရောက်ဖူးတော့ မြေပုံက မရှိဘူးဗျာ ”
မိုဝူကျိက ထိုအရာကို ကြားမိကာ ရပ်တန့်လုမတတ် ဖြစ်သွားလေ၏။ သူသာ အရူး မဟုတ်သရွေ့ ဝူလီ၏ လွတ်မြောက်ရေး အဆောင်က သူ့အား ကြေကွဲမြို့ဟောင်းအနက်ပိုင်းသို့ ပို့ဆောင်လိုက်ခြင်း မဟုတ်ကြောင်း သိပေမည်။
သို့သော်လည်း ဤမျှ အဆင့်မြင့်ပညာရှင်များ ရှိနေလေရာ ကြေကွဲမြို့ဟောင်း မဟုတ်လျှင် ဘယ်လိုနေရာမျိုးလဲ ….
“ အာ … အဲဆိုလည်း ရပါတယ်။ ကျုပ်က ဒီအထိ ရောက်လာပြီးတော့ ကြေကွဲမြို့ဟောင်းဆီ ဘယ်လို ပြန်သွားရမှန်း မသိတော့ဘူး ” မိုဝူကျိက သူ ရှိနေသည့်နေရာအကြောင်းကို ရှာဖွေရန် စိတ်ဝင်စားမိလာသည်။
ယွမ်မိုက သတိထားကာ မေးလိုက်သည် “ တာအိုရောင်းရင်းမိုက ဒီသွေစောင်း အာကာပြင်ပင်လယ်ကျွန်းကို ဘယ်လိုလုပ် ရောက်လာတာလဲ ”
ဒီနေရာက သွေစောင်း အာကာပြင်ပင်လယ်ကျွန်းတဲ့လား …..
မိုဝူကျိက ယွမ်မို၏ သံသယကို ခံစားမိပြီး ဆက်၍ မပြောတော့သည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် ယွမ်မိုက အာရုံခံမိသွားလိမ့်မည်။
မိုဝူကျိက သက်ပြင်းချကာ
“ ကျုပ်ကို တာအိုဧကရာဇ် ရှစ်ယောက်က ဝိုင်းတာ ခံထားရတာ …. ကျုပ်က တစ်ယောက်ကို သတ်ပြီးတော့ လွတ်မြောက်ရေး အဆောင်ကို ထုတ်သုံးလိုက်တယ်။ အဲဒီမှာ ကျုပ်က လီချူးနေတဲ့နေရာဆီ ရောက်လာတာပဲ။ နောက်ပိုင်းကိစ္စတွေကိုလည်း ခင်ဗျားလည်း သိပါတယ် ”
မိုဝူကျိက သူ့ကို ဝိုင်းထားသော တာအိုဧကရာဇ် အရေအတွက်ကို ရှစ်ဆ တမင် တိုးမြင့်လိုက်လေသည်။ ယွမ်မိုက ထိုအရာကို ကြားသည့်အခါ ထိတ်လန့်သွားအောင် ဖြစ်၏။ ယွမ်မိုက ပြောင်းလဲရေး တာအိုအသီးကို အတင်းကျပ် လုမယူမိသည့်အတွက် အရမ်းကို ဝမ်းသာမိသွားသည်။ မဟုတ်လျှင် သူ့အနေနှင့် မည်သို့ သေဆုံးသွားရမည်မှန်းပင် သိလိုက်မည် မဟုတ်ချေ။
“ တာအိုရောင်းရင်းမိုရဲ့ လျို့ဝှက်ပညာရပ်တွေက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ။ ကျုပ် ယွမ်မို တကယ်လေးစားမိသွားပြီ ” ယွမ်မိုက အမှန်အတိုင်း ပြောလိုက်သည်။
ယွမ်မိုက မိုဝူကျိသည် တိုက်ပွဲ၌ တာအိုဧကရာဇ် တစ်ယောက်ကို သတ်နိုင်သည့်အချက်ကို အံ့ဩစရာဟု မထင်သော်လည်း မိုဝူကျိက တာအိုဧကရာဇ် ရှစ်ယောက် အဝိုင်းခံထားလျက်နှင့် တာအိုဧကရာဇ် တစ်ယောက်ကို သတ်နိုင်ခြင်းမှာ အမှန်တကယ် ထိတ်လန့်ဖွယ် ကောင်းလှသည်။ သွေစောင်း အာကာပြင် ပင်လယ်ကျွန်းမှ မဟာဧကရာဇ် ရှစ်ယောက်ပင် ထိုသို့ လုပ်နိုင်မည် မဟုတ်ပေ။
သူက မိုဝူကျိသည် လိမ်ညာနေလိမ့်မည်ဟု မထင်ခြင်းမှာ မိုဝူကျိက လီချူးအား အမှန်တကယ် သတ်ဖြတ်နိုင်ခဲ့၍ ဖြစ်သည်။ လီချူးနှင့် ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်တိုက်ခိုက်ပြီးနောက် ယွမ်မိုသည် လီချူးက သူ့ထက် အားမနည်းကြောင်း ကောင်းစွာ သိပေသည်။ ထို့ကြောင့် မိုဝူကျိသည် သူ့ကိုလည်း အလွယ်လေး ဖယ်ရှားနိုင်လိမ့်မည်။
မိုဝူကျိက လက်ခါပြကာ “ တာအိုရောင်းရင်းယွမ် … အဲဒါက ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ ကျုပ်က ဒီသွေစောင်း အာကာပြင် ပင်လယ်ကျွန်းကနေ ဘယ်လိုထွက်သွားလို့ ရမလဲ။ ကျုပ်က ဒီကျွန်းအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးတာ ”
မိုဝူကျိအနေနှင့် သူ တစ်ခါမှ မကြားဖူသည့် ကျွန်းမှ မည်သို့ ထွက်သွားနိုင်မည်နည်း။
ယွမ်မိုက ပြောင်းလဲရေး တာအိုအသီးကို လိုချင်နေသောကြောင့်လေလားတော့ မသေချာသော်လည်း သူက စိတ်ရှည်လက်ရှည် ဖြေပေးနေသည် “ တာအိုရောင်းရင်းမို …. ခင်ဗျား ဒီကျွန်းကို ရောက်ပြီးသွားရင် ပြန်ထွက်ဖို့က နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ ခင်ဗျား ကောင်းကင်ဘုံနယ်နမိတ်အလွန်ကို သိလား ”
“ ကျုပ် သိပါတယ်။ အဲဒီ ကောင်းကင်ဘုံနယ်နမိတ်အလွန်က ပစ္စည်းကောင်းတွေ မကြာခဏ ပေါ်လာတဲ့ နေရာကောင်းလေးလေ ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ဖြေလိုက်သည်။
ယွမ်မိုက နောက်ဆုံးတွင် သူ သိသည့် နေရာတစ်ခု ထုတ်ပြောလာလေရာ သူက တည့်တိုးသာ ဖြေလိုက်သည်။
ယွမ်မိုက ရှင်းပြလိုက်သည်
“ အရှင်းဆုံးပြောရရင် သွေစောင်း အာကာပြင် ပင်လယ်ကျွန်းက ကောင်းကင်ဘုံနယ်နမိတ်အလွန်နဲ့ အတော်လေး တူတယ်။ ကျုပ်တို့ ရှိနေတဲ့ ကျွန်းက သွေစောင်းပင်လယ်ပေါ်မှာလေ။ သွေစောင်းပင်လယ်က အာကာပြင်တစ်ခုရဲ့ အပိုင်ဆိုတော့ ဒီနေရာကို သွေစောင်း အာကာပြင် ပင်လယ်ကျွန်းလို့ ခေါ်ကြတာ … ကျုပ်တို့က အခု ကျွန်းပေါ်ရှိနေပေမဲ့ ကျွန်းပေါ်ကနေ ထွက်သွားတာနဲ့ သွေစောင်းပင်လယ်က ဘယ်လိုလဲဆိုတာ တွေ့လိမ့်မယ် ”
“ အစ်ကိုယွမ်ဆီမှာ မြေပုံ ရှိလား ” မိုဝူကျိက မြန်မြန် မေးလိုက်သည်။
ယွမ်မိုက မိုဝူကျိအား ကျောက်စိမ်းပေလွှာ တစ်ခု ပေးကာ “ ညီလေးမို ဒါက သွေစောင်း အာကာပြင် ပင်လယ်ကျွန်းရဲ့ မြေပုံပဲ။ ဒါပေမဲ့ မင်းကို ဒါပေးလိုက်တာက မပေးလိုက်သလိုနဲ့ အတူတူပဲ ”
“ ဘာလို့လဲ ” မိုဝူကျိက မြေပုံကို လက်ခံလိုက်ရင်း မေးလိုက်သည်။
ယွမ်မိုက သက်ပြင်းချကာ
“ ဘာလို့လဲဆိုတော့ ဒီနေရာမှာ ကြီးစိုးနေတဲ့ ထိပ်တန်းအဆင့် ပညာရှင် ရှစ်ယောက် ရှိပြီးတော့ သူတို့ကို အရှင်မဟာဧကရာဇ် ရှစ်ပါးလို့ ခေါ်ကြတယ်။ သွေစောင်း အာကာပြင် ပင်လယ်ကျွန်းမှာ မိစ္ဆာမျိုးနွယ် ကျင့်ကြံသူအများအပြား ရှိပေမဲ့ အားအကောင်းဆုံးက သူတို့ ရှစ်ယောက်ပဲ။ အဲဒီ အရှင်မဟာဧကရာဇ် ရှစ်ယောက်က သူတို့ရဲ့ ကာကွယ်ရေး အစီအရင်ကို သုံးပြီးတော့ သွေစောင်းပင်လယ်ရဲ့ နေရာ တော်တော်များများကို ပိတ်ဆို့ထားကြတယ်။ သူတို့နယ်မြေကိုလည်း တင်းတင်းကျပ်ကျပ် ကာကွယ်ထားတယ်။
အဲဒါကြောင့် ဒီကျွန်းကနေ ထွက်သွားချင်တဲ့သူတွေက အရှင်မဟာဧကရာဇ် ရှစ်ယောက်ကို လှမ်းအကြောင်းကြားသလို ဖြစ်ပြီးတော့ အသတ်ခံလိုက်ရတာပဲ …. ဒီနေရာကနေ ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး ”
မိုဝူကျိက အသက်ပြင်းပြင်းရှုရှိုက်ရင်း အလောတကြီး ထွက်မသွားလိုက်ရသည့်အတွက် ဝမ်းသာမိနေသည်။
“ အဲဆို ကျုပ်တို့ ထွက်သွားတာနဲ့ တန်းသတိထားမိကြတာလား ” မိုဝူကျိက မြန်မြန် မေးလိုက်သည်။
ယွမ်မိုက ရယ်မောကာ
“ ဒီဟာကို စိုးရိမ်ဖို့ မလိုဘူး။ ဟူချွန်းချွန်းက ဦးဆောင်နေတာဆိုတော့ အန္တရာယ်ကင်းမှာ အသေအချာပဲ … ပြီးတော့ ကျုပ်တို့က သွေစောင်း အာကာပြင် ပင်လယ်ကျွန်းကနေ ထွက်မသွားဘူးလေ။
ကျွန်းအစွန်းအဖျားနားမှာ အခွင့်အရေး ရှာကြမယ်။ အဲမှာ ရှိနေတဲ့ လူတော်တော်များများက အခွင့်အရေး ရှာကြတာဆိုတော့ ငါတို့က သူတို့ကို အကျိုးမြတ်နည်းနည်း ပေးလိုက်ရုံလောက်ပဲ ”
“ အစ်ကိုယွမ် … အဲဆို တောက်ဟန်နဲ့ ပေါင်ပုတို့က အရှင် မဟာဧကရာဇ်တွေလား ” မိုဝူကျိက သတိတရ မေးလိုက်သည်။
ယွမ်မိုက ပြန်ဖြေပေးလိုက်သည်
“ ဟုတ်တယ် …. အရှင်မဟာဧကရာဇ် ရှစ်ယောက်မှာ သူတို့နှစ်ယောက်က တစ်ကိုယ်ကောင်း ဆန်ပြီးတော့ လောဘကြီးကြတော့ အတူတူတွဲလုပ်ဖို့ အခက်ခဲဆုံးပဲ။ ဒီတစ်ကြိမ်ကျ ကျုပ်တို့က မျက်ဆံနီ လိပ် ပိုင်နက်ကနေ ဖြတ်သွားမှာလေ။ သူက ညှိနှိုင်းရ အလွယ်ကူဆုံးပဲ … ”
မိုဝူကျိက စိတ်စွမ်းအားကို ယွမ်မို ပေးထားသော ကျောက်စိမ်းပေလွှာထဲ ပို့လွှတ်လိုက်သောအခါ ကျောက်စိမ်းပေလွှာပေါ်ကို မြင်လိုက်ရသည့် အခိုက်အတန့်လေး၌ ပြောစရာရှာမတွေ့ ဖြစ်မိသွားသည်။
မိုဝူကျိက ကမ္ဘာကြီးထဲ၌ ပင်လယ်များစွာကို မြင်ခဲ့ဖူးသော်လည်း မိုဝူကျိအနေနှင့် သွေစောင်း ပင်လယ်လိုမျိုး အရာကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ ထိုကျောက်စိမ်းပေလွှာမှ ထွက်ပေါ်နေသော စွမ်းအင်များမှာ ကြီးကျယ်ကာ အဆုံးမဲ့လှသည်။ ကျောက်စိမ်းပေလွှာမှ တွေ့နိုင်သော တည်နေရာအလယ်လေး၌ အဆုံးမဲ့ ပင်လယ်ကြီး တည်ရှိနေပြီး ထိုပင်လယ်ကြီးမှာ ထိုကျယ်ပြောလှသည့် အာကာပြင်အတွင်း မျည်းစောင်းလေးသဖွယ် ဖြစ်နေသည်။
စောင်းနေသည့် ပင်လယ်အတွင်း ကျွန်းအများစု ရှိနေပြီး ကျွန်းတစ်ခုမှာ တောက်တောက်ပပ မှတ်သားထားလေ၏။ မိုဝူကျိက ထိုအမှတ်လေးမှာ သူတို့ ရှိနေသည့်နေရာဖြစ်သည်။ ထို့အပြင် အရှင်မဟာဧကရာဇ် ရှစ်ယောက် ပိုင်ဆိုင်သည့် ပိုင်နက်များကိုလည်း မှတ်သားထားသည်။
မိုဝူကျိက ကျောက်စိမ်းပေလွှာကို သိမ်းကာ သူတွင် အချိန်ပို ရှိသည်နှင့် ထိုမြေပုံကို သေချာလေ့လာရန် ပြင်ဆင်ထားလိုက်သည်။ သူက အနည်းဆုံးတော့ ကျွန်းမှ ထွက်မသွားခင် အန္တရာယ်အကင်းဆုံး လမ်းကြောင်းကို ရှာတွေ့ရမည်။
သူတို့သွားရာ လမ်းတစ်လျှောက်၌ မိုဝူကျိက အဆင့်နိမ့် အင်မော်တယ်ဆေးပင်အမျိုးမျိုးနှင့်အတူ အဆင့် ၇ အင်မော်တယ်ဆေးပင်ကိုပင် တွေ့လိုက်ရသည်။ ဤကျွန်းမှာ အရင်းအမြစ် ကြွယ်ဝကြောင်း သိသာလှသည်။
ဟူချွန်းချွန်းက သွားလာနေသည်မှာ ပထမဆုံးအကြိမ် ဖြစ်ဟန် မပေါ်ပေ။ သူမက ဘယ်ဘက်ကွေ့လိုက်၊ ညာဘက်ကွေ့လိုက်နှင့် ဆက်သွားနေသည်။
နေ့တစ်ဝက်လောက် သွားလာပြီးနောက် ဟူချွန်းချွန်းက ရပ်လိုက်ပြီး မိုဝူကျိနှင့် အခြားနှစ်ယောက်ကို ကြည့်လိုက်ကာ
“ ဒီက အစ်ကိုကြီးတို့ ရှေ့ဆက်သွားရင် အစ်ကိုကြီး မျက်ဆံနီလိပ် ပိုင်နက်ပဲ …. အစ်ကိုကြီး မျက်ဆံနီလိပ်ရဲ့ ပိုင်နက်ကနေ ကျမတို့ ဖြတ်သွားရမဲ့ လမ်းကြောင်း ရှိတယ်။ အဲဒါကြောင့် ကျမတို့က သူတို့နဲ့ အလဲအလှယ် လုပ်ဖို့ တစ်ခုခု ထုတ်ပေးရမယ်။ ကျမက ထိပ်တန်းအဆင့် အင်မော်တယ် သွေးကြောကို ပေးမယ် … ”
“ ကျုပ်လည်း ထိပ်တန်းအဆင့် အင်မော်တယ် သွေးကြောပဲ ” ကျင်းထျဲဟယ်က မြန်မြန် ဝင်ပြောလိုက်သည်။
ယွမ်မိုက မိုဝူကျိအား ကြည့်ကာ “ ညီလေးမိုက ဘာကိုထုတ်ပေးမှာလဲ ”
မိုဝူကျိက ပြန်ဖြေလိုက်သည် “ အစိမ်းရောင်ကျောက်နဲ့ရော ရလား ”
သူ့အသိအမြင်ရ အစိမ်းရောင်ကျောက်ထဲမှ စွမ်းအားများမှာ အင်မော်တယ် သွေးကြောထက် အဆင့်မြင့်ကာ ပိုမို သိပ်သည်းသော်လည်း အင်မော်တယ်သွေးကြောမှာ အစိမ်းရောင်ကျောက်ထက် အသုံးပြုနိုင်သည့်နေရာ ပိုကျယ်ပြန့်ပေသည်။
ဟူချွန်းချွန်းက ခဏ စဉ်းစားပြီးနောက် ပြန်ဖြေပေးလိုက်သည်
“ အစ်ကိုကြီးမို … အင်မော်တယ်သွေးကြော ထုတ်ပေးတာ ပိုကောင်းလိမ့်မယ်။ အစ်ကိုကြီး မျက်ဆံနီလိပ်က ညှိနှိုင်းရလွယ်ကူတဲ့သူဆိုတော့ ကျမတို့တွေ သူ့ကို မလှည့်ဖျားတာ ကောင်းလိမ့်မယ်။ နောင်ကျ အစ်ကိုကြီး မျက်ဆံနီလိပ်ရဲ့ အကူအညီ လိုရင် လိုလာမှာလေ ”
မိုဝူကျိက ပြန်မေးလိုက်သည် “ အစိမ်းရောင်ကျောက်တွေက အင်မော်တယ် သွေးကြောလောက် မကောင်းဘူးလား ”
ကျင်းထျဲဟယ်က ရယ်မောရင်း
“ အဲဒါက ကောင်းကင်ဘုံနယ်နမိတ်အလွန်က လူတွေ ယုံကြည်ကြတာလေ။ ဒီမှာကျ အစိမ်းရောင်ကျောက်က အင်မော်တယ်သွေးကြောထက် ပိုကောင်းတယ်လို့ မတွေးကြဘူး။ အစိမ်းရောင်ကျောက်နဲ့ ကျင့်ကြံတာက ပိုမြန်ပြီးတော့ ကျောက်ထဲက စွမ်းအားတွေက အဆင့်မြင့် အင်မော်တယ်စွမ်းအားတွေ ဖြစ်ပေမဲ့ အဲဒီ အစိမ်းရောင်ကျောက်တွေက တခြားကျောက်ရဲ့ အစိတ်အပိုင်း၊ အကျိုးအပဲ့တွေလောက်ပဲလေ။ ပြည့်ပြည့်စုံစုံ မဟုတ်ဘူး ….
မိုးမြေ တာအိုစွမ်းအားတွေ လိုအပ်နေတဲ့ ပစ္စည်းမျိုးက အသိဉာဏ်အလင်း ပွင့်ဖို့ရာအတွက်လည်း အထောက်အကူပြုမှာ မဟုတ်ဘူး။ အစိမ်းရောင်ကျောက်နဲ့ ကျင့်ကြံတဲ့ တစ်ခုတည်းသော အရေးသာချက်က ကျင့်ကြံနှုန်းမြန်ဆန်တာပဲ ….
တစ်ဖက်မှာကျတော့ ဆိုးကျိုးတွေ အများကြီးရှိနေတယ်။ နမူနာအနေနဲ့ဆိုရင် အစိမ်းရောင်ကျောက် ပမာဏအများကြီးနဲ့ ကျင့်ကြံသူက အဆင့်တစ်ခုမှာ ရပ်တန့်နေပြီးတော့ ရှေ့ဆက်မတက်လှမ်းနိုင်တော့တာမျိုးပေါ့ …. နောက်နမူနာတစ်ခုက လျို့ဝှက်တိုက်ကွက်တွေအပေါ် အသိဉာဏ်အလင်းပွင့်နိုင်စွမ်းက အားနည်းလာပြီးတော့ ရှေ့ဆက် တိုးတက်ဖို့ မဖြစ်နိုင်တော့ဘူး ….”
ဟူချွန်းချွန်းက ထပ်ပြောလိုက်သည်
“ အစိမ်းရောင်ကျောက်လိုမျိုး အပိုင်းအစလေးတွေမှာ အဆင့်မြင့်ကျောက်ထက် သာတဲ့ စွမ်းအားတွေ ပါဝင်နေတယ်။ တကယ်လို့ ကျမသာ ဒီအဆင့် မဟုတ်ရင် အစိမ်းရောင်ကျောက် သုံးပြီး ကျင့်ကြံမိကြမှာ ….
ကျမတို့က အထဲမှာ ပါနေတဲ့ စွမ်းအင်ကိုပဲ စုပ်ယူတာမလို့လေ။ ဒါပေမဲ့ ကျမတို့ ရှိနေတဲ့ အဆင့်အထိ ရောက်ပြီးသွားရင်တော့ မိုးမြေ တာအိုစွမ်းအားတွေ၊ သဘာဝစွမ်းအားတွေနဲ့ ကျင့်ကြံဖို့ လိုအပ်လာတယ် ”
မိုဝူကျိက သူ့ဆီ ရှိနေသော အစိမ်းရောင်ကျောက် သန်းဂဏန်းကို ရတနာအဖြစ် မှတ်ယူကာ အင်မော်တယ်သွေးကြော သုံးခုအား ထာဝရ ကမ္ဘာထဲ ပစ်ပယ်ထားခဲ့မိသည့်အတွက် နည်းနည်း သောကရောက်မိသွားသည်။ နတ်ဘုရားမျိုးနွယ်စုမှ အဆင့်မြင့် ကျင့်ကြံသူများက အင်မော်တယ်သွေးကြောများကို မြင့်မြင့်မှတ်ယူမထားကြသည့်အတွက် သူ ရရှိထားသော သိုလှောင်လက်စွပ် ငါးခု၌ အင်မော်တယ်သွေးကြော သုံးခုသာ တွေ့ရှိပေသည်။ သူက ထိုအလယ်အလတ်အဆင့်နှင့် ထိပ်တန်းအဆင့် အင်မော်တယ်သွေးကြောများကို သူတို့၏ စွမ်းအင် စုစည်းရေး အစီအရင်ကို ခင်းကျင်းရာ၌ အသုံးပြုသည်ဟု ထင်မှတ်ခဲ့သည်။
မိုဝူကျိက အင်မော်တယ် ဧကရာဇ်အဆင့် မတက်လှမ်းနိုင်သည့် အကြောင်းအရင်းမှာ အစိမ်းရောင်ကျောက်များနှင့် ကျင့်ကြံမိခြင်းနှင့် ပတ်သတ်နေကြောင်း သံသယဝင်လာမိသည်။
“ အဲဆို ဧကရာဇ်ဆေးလုံးဆိုရင်ရော ” မိုဝူကျိက ထိပ်တန်းအဆင့် အင်မော်တယ် သွေးကြောကို ထုတ်မပေးလိုပေ။ သူက ပြန်ရောက်သည်နှင့် အစိမ်းရောင်ကျောက်များအစား အင်မော်တယ်သွေးကြောဖြင့် လေ့ကျင့်ရန် ကြံစည်ထားသည်။
“ ရှင့်ဆီမှာ ဧကရာဇ် ဆေးလုံး ရှိနေတာလား ”ဟူချွန်းချွန်းက တအံ့တဩ ပြောလိုက်သည်။ မိုဝူကျိ၏ ပြန်ဖြေမှုကိုပင် မစောင့်တော့ဘဲ အရင်ဦးစွာ ပြောလိုက်သည် “ သေချာပေါက် ရတာပေါ့။ အဲဒါက ဒီကျွန်းမှ အရမ်း အဖိုးတန်တာလေ ”
မိုဝူကျိက ဟူချွန်းချွန်းထံ ကျောက်စိမ်းပုလင်း တစ်ပုလင်း ထုတ်ပေးကာ “ကျုပ်က အခု မလိုတော့ဘူးဆိုတော့ ပေးလိုက်တော့မယ် ”
ဟူချွန်းချွန်းက စိတ်ထဲ မထားပေ။ သူမက မိုဝူကျိသည် အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းပြီးသွားပြီ ဖြစ်သည်ဟုသာ ထင်နေမိသည်။ အားကောင်းလှသည့် အင်မော်တယ် ဧကရာဇ် တစ်ယောက်က ဧကရာဇ် ဆေးလုံး မလိုပေ။ သူမကို လေးစားသွားစေသည်က မိုဝူကျိသည် ဧကရာဇ်ဆေးလုံး ထုတ်ပေးဖို့ရာ ဆန္ဓရှိနေခြင်း ဖြစ်၏။ ပြောရမည်ဆိုလျှင် ဤသွေစောင်း အာကာပြင် ပင်လယ်ကျွန်း၌ ဧကရာဇ်ဆေးလုံးမှာ အလွန်အဖိုးတန်ကြောင်း သိသင့်ပေသည်။
***