အရှင်မဟာဧကရာဇ် တစ်ပါးနှင့် တိုက်ခိုက်ခြင်း
Vol. 58 Ch. 796
ကျန်နှစ်ယောက်ကလည်း ဟူချွန်းချွန်းထံ ပစ္စည်းများ ပေးလိုက်ကြသည်။ ဟူချွန်းချွန်း ဦးဆောင်မှုနှင့် သူတို့က နေရာကျယ်ဝန်းလှသော ရင်ပြင်ဆီ ရောက်ရှိလာသည်။
ရင်ပြင်နှင့် တူသော်လည်း မိုဝူကျိက မုခ်ခုံးတိုင် တစ်ခု ဖြစ်ကြောင်း သိလိုက်သည်။ ရင်ပြင် သုံးဘက်လုံး၌ ပင်လယ်ရေနှင့် ဝန်းရံထားပြီး နေရာတစ်ခုလုံးကို အစီအရင်ဖြင့် ကာကွယ်ထားလေသည်။ ဤရင်ပြင်မှာ သွေစောင်းပင်လယ်သို့ ဝင်ဖို့ရာ မုခ်ခုံးတိုင် ဖြစ်ကြောင်း သိသာလှသည်။
ရင်ပြင်၌ လူများစွာ ရှိနေကာ အသွင်သဏ္ဍာန် အမျိုးမျိုး ရှိနေပေသည်။ သားရဲအများစုက နဂိုသွင်ပြင်အတိုင်း ရှိနေကြပြီး ရင်ပြင်တစ်ဝက်လောက်ကို နေရာယူထားလေ၏။ ရင်ပြင်သို့ ရောက်လာကြသော အပင်နှင့်တူသည့် သတ္တဝါများပင် ရှိနေသေး၏။ မိုဝူကျိက နောက်ထပ် လူသားမျိုးနွယ်ကိုပင် ရှာမတွေ့ချေ။
မိုဝူကျိတို့က ဟူချွန်းချွန်းနောက်မှ လိုက်ပါလာရင်း မုခ်ခုံးတိုင်အစွန်း ရောက်လာသည့်အခါ ဟူချွန်းချွန်းက အဆင့်မြင့် အင်မော်တယ်သွေးကြော သုံးခုနှင့်အတူ ဧကရာဇ်ဆေးလုံးကို ပေးလိုက်၏။
“ အာ … ဧကရာဇ်ဆေးလုံးလား ” ပင်လယ်ဆက်ကြေး ပေးသွင်းရသည့် နေရာမှ တအံ့တဩ အသံထွက်ပေါ်လာသည်။
“ ဧကရာဇ်ဆေးလုံးကို ဘယ်သူယူလာတာလဲ ” အသံနက်နက်ကြီး ထွက်ပေါ်လာပြီးနောက် ထွားကြိုင်းကြိုင်း အမျိုးသားကြီး တစ်ဦး လျှောက်လှမ်းလာသည်။
ထိုအမျိုးသားက မည်သည့်အရာမဆို စုတ်ဖြဲပစ်နိုင်သည့် အရှိန်အဝါမျိုး ထုတ်လွှင့်နေပြီး သူ့တည်ဆောက်ပုံမှာ ယွမ်မိုထက် မသေးကွေးချေ။ ထို့အပြင် ထိုအမျိုးသား၏ နဖူးအထက်၌ အဖြူရောင် ထိုးကွင်းများစွာ ရှိနေပြီး သူ့လက်မောင်းမှာ အင်မတန် ရှည်လျားပေသည်။ သူက အရပ်မြင့်သော်လည်း သူ့လက်မောင်းရှည်ကြီးက သူ့ခြေဖနောင့်ကိုပင် ထိတွေ့နိုင်သည့်အထိ တွဲလောင်းကျနေသည်။
“ဟူချွန်းချွန်းက ပိုင်နက်သခင် အရှင်ပေါင်ကို ဂါရဝပြုပါတယ် ” ဟူချွန်းချွန်းက ထိုအမျိုးသားကို မြင်လိုက်သည်နှင့် သူမ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားကာ မြန်မြန် နှုတ်ဆက်လိုက်ရသည်။
ဟူချွန်းချွန်းတင် မကဘဲ ယွမ်မိုနှင့် ကျင်းထျဲဟယ်တို့ပင် လေးလေးစားစား ဦးညွှတ်လိုက်ရသည်။ မိုဝူကျိက ထိုလူကို မသိသော်လည်း ဟူချွန်းချွန်းက “ ပိုင်နက်သခင် အရှင်” ဟု သုံးစွဲသည်ကို ကြားပြီး မိုဝူကျိက ထိုသူမှာ ဟူချွန်းချွန်းတို့ ကြောက်ရွံ့နေသည့် အရှင် မဟာဧကရာဇ် ရှစ်ယောက်ထဲမှ ပေါင်ပု ဖြစ်မည် ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။
မိုဝူကျိကလည်း ထိုလူကို စိတ်အနှောင့်အယှက် မပေးလိုသောကြောင့် ဟူချွန်းချွန်းတို့အတိုင်း လက်နှစ်ဖက် ယှက်၍ နှုတ်ဆက်လိုက်သည်။
“ မြေခွေးလေး … မင်းရဲ့ နေရာနဲ့ဆိုရင် ငါ့ပိုင်နက်က ပင်လယ်နဲ့ ပိုနီးတာ မဟုတ်ဘူးလား။ ဘာလို့များ မျက်ဆံနီလိပ်ကြီးရဲ့ ပိုင်နက်အထိ လာနေရတာလဲ။ မင်းက ငါ ပေါင်ပုကို အထင်သေးတာလား ” ထွားကြိုင်းကြိုင်း အမျိုးသားကြီးက ဟူချွန်းချွန်းအား စိုက်ကြည့်ကာ မျက်လုံးမှေးကြည့်ရင်း အေးစက်စွာ သရော်လိုက်သည်။
ဟူချွန်းချွန်းက တိတ်ဆိတ်သွားကာ ခဏတာမျှ စကားမပြောနိုင် ဖြစ်သွားရသည်။ ပြောရမည်ဆိုလျှင် သူမအနေနှင့် သူတို့က ကြောက်ရွံ့၍ ပေါင်ပု ပိုင်နက်မှ ဖြတ်သန်းမသွားရဲကြောင်းဟု ပြောလို့လည်း မရပေ။
“ ဟားဟား ညီလေးပေါင်ပု …. မင်းက ငါ့ပိုင်နက်ထဲ ရောက်နေမှတော့ လျှောက်ပတ်ကြည့်ပါဦးလား။ အခုတော့ မင်းက ငါ့ပိုင်နက်ထဲ လာလုတာလားလို့တောင် တွေးမိစေသွားပြီ ” အားရပါးရ ရယ်မောသံကြီးက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားလေ၏။ ထို့နောက် သာမာန်တည်ဆောက်ပုံရှိသည့် လူလတ်အရွယ် အမျိုးသားကြီးက လျှောက်လှမ်းလာသည်။ လူလတ်အရွယ် အမျိုးသားကြီးတွင် ကြေးနီရောင် အသားရောင်ရှိပြီး သူ့မျက်ဆံ၌ ရံဖန်ရံခါ အနီရောင်များ ဖြတ်ပြေးသွားတတ်သည်။
သူ့အရွယ်အစားမှာ ပေါင်ပုထက် များစွာ သေးနေသော်လည်း ထိုအမျိုးသား လျှောက်လှမ်းလာသည်နှင့် ပေါင်ပု၏ ဖိအားများမှာ ချက်ချင်းဆိုသလို အချည်းနှီး ဖြစ်သွားတော့သည်။
ပေါင်ပုက အရှင်မဟာဧကရာဇ် ရှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်ပေသည်။ ဤအနည်းငယ် ပုသည့် အမျိုးသားက ပေါင်ပု၏ ဖိအား ဖယ်ရှားလိုက်သည်ကို မြင်ပြီး မိုဝူကျိက ထိုလူမှာ အရှင်မဟာဧကရာဇ် ရှစ်ယောက်ထဲမှ မျက်ဆံနီ လိပ် ဖြစ်လိမ့်မည်ဟု အလွယ်လေး မှန်းဆမိလိုက်သည်။
“ ကျုပ်က တစ်ယောက်ကို လိုက်ဖမ်းနေတာ။ ကျုပ်က အစ်ကိုကြီး မျက်ဆံနီဆီ လာလည်ဖို့ ရည်ရွယ်ထားပေမဲ့ ကျုပ် လိုက်ရှာနေတဲ့ လူတွေနဲ့ တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး ” ပေါင်ပုလည်း ရယ်မောကာ ပြောလိုက်သည်။
“ အို ညီလေးပေါင်က ဘယ်သူကိုများ လိုက်ရှာနေတာလဲ ” မျက်ဆံနီ လိပ်ကြီးက တအံ့တဩ မေးလိုက်သည်။
မိုဝူကျိက ပေါင်ပုသည် မျက်ဆံနီလိပ်ကြီးကို အနည်းငယ် သံသယထားနေကြောင်း မြင်လိုက်ရသည်။ အနည်းဆုံးတော့ အခေါ်အဝေါ်အရ ပေါင်ပုက သူ့ကိုယ်သူ မျက်ဆံနီလိပ်ကြီးထက် ဝါစဉ်ကြီးကြီး မထားရဲပေ။
“ ကျုပ် ပစ္စည်းတွေက အခိုးခံလိုက်ရတယ်။ ကျုပ်က သူတို့နောက် လိုက်လာရင်းနဲ့ နောက်ဆုံးတော့ ဒီနေရာမှာ တွေ့လိုက်ရတာပဲ ” ပေါင်ပုက မထူးမခြားနား ပြောလိုက်သည်။
မိုဝူကျိအနေနှင့် ပေါင်ပုက စကားပြောနေရင်း အကြည့်က သူတို့ဆီ ရောက်လာသည်ကို သတိထားမိလိုက်သည်။ သူက စိတ်ထဲ၌ တိတ်တဆိတ်သာ ကျိန်ဆဲလိုက်တော့သည်။
“ ဘယ်လိုပစ္စည်းမျိုးလဲ ” မျက်ဆံနီလိပ်ကြီးကလည်း မရေမရာ သံသယဖြင့် မေးလိုက်သည်။
ပေါင်ပု၏ လေသံက ပို၍ သာမာန်ကာလျှံကာ ဖြစ်လာကာ “ နည်းနည်းတန်ဖိုးရှိတဲ့ ပစ္စည်းလေးတချို့ပါ။ အဲထဲမှာ ဧကရာဇ်ဆေးလုံးတချို့တောင် ပါသေးတယ် ”
“ ဧကရာဇ်ဆေးလုံးလား ” မျက်ဆံနီလိပ်ကြီးက အတော်လေး အံ့အားသင့်သွားမိသည်။ သူက နောက်ကျမှ ရောက်လာသောကြောင့် ထိုဆေးလုံးတစ်လုံးမှာ သူ့အပိုင် ဖြစ်သွားသည်ကို မသိသေးပေ။
သွေစောင်း အာကာပြင်ပင်လယ်ကျွန်း၌ အင်မော်တယ်ဆေးပင်များမှာ မနည်းပါးပေ။ ပြောရလျှင် ထိပ်တန်းအဆင့် အင်မော်တယ်ဆေးပင်များမှာ တောင်ပုံရာပုံ ဖြစ်နေသည်။ သို့သော်လည်း ဆေးလုံးအမျိုးမျိုးကား ရှားပါးလှလေရာ အဆင့် ၉ ဖြစ်သော ဧကရာဇ်ဆေးလုံးမျိုးကား တကယ့်ရှားပါးဆေးလုံး ဖြစ်ပေသည်။
ဤသို့မျိုး ဆေးလုံးမှာ ဆေးပညာ ကျွမ်းကျင်မှုရှိသော လူသားမျိုးနွယ်စုတွင်ပင် ရှားပါးလှသည်။ ဤကျွန်း၌မူ ပိုမို ရှားပါးနေသေး၏။
ပေါင်ပုက မိုဝူကျိတို့အား လက်ညိုးထိုးကာ အေးစက်စက် ပြောလိုက်၏
“ အခုလေးတင် မင်းတို့လေးယောက်ထဲနေ ဧကရာဇ်ဆေးလုံး ထွက်လာတယ်မလား။ ငါနဲ့အတူတူ လမ်းစဉ် ထောင်သွယ်တောင်ဆီ ပြန်လိုက်ခဲ့ပြီးတော့ ရှင်းပြစမ်း ”
မျက်ဆံနီလိပ်ကြီးက အခြေအနေကို အတိအကျ မသိသော်လည်း ပေါင်ပု စကားထဲ၌ တစ်ခုခု လွဲမှားနေကြောင်း ခံစားမိနေကြသည်။ သို့သော်လည်း သူက ပေါင်ပုအား အကြောင်းပြချက် မရှိဘဲ ရန်မစလိုပေ။
ထိုစဉ် မိုဝူကျိက ဟူချွန်းချွန်းသည် တစ်ခုခု ပြောချင်ဟန် ပေါ်နေမှန်း သတိပြုမိလိုက်ပြီး ကိစ္စများက အခြေအနေမကောင်းကြောင်း ခန့်မှန်းမိလိုက်သည်။ သူတို့အဖွဲ့မှာ တွေ့ခွင့်ကြုံ၍ တွေ့လာရသည့် သူစိမ်းမျှသာ ဖြစ်ပြီး ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်ကို ရှာရန် ယာယီဖွဲ့စည်းထားသော အဖွဲ့သာ ဖြစ်၏။ အကယ်၍ ဟူချွန်းချွန်းက ပြောလိုက်လျှင် သူမအနေနှင့် သူတို့သုံးယောက်ကို ပစ်ပယ်၍ အပြစ်အားလုံး ပုံချခဲ့လိမ့်မည်။
“ ကျုပ် ပြောပါရစေ ” မိုဝူကျိက ရှေ့တစ်လှမ်းတိုးကာ ဟူချွန်းချွန်းရှေ့ ရပ်လိုက်သည်။
ဟူချွန်းချွန်းက မိုဝူကျိ ရှေ့ထွက်လာသည်ကို မြင်သောအခါ ဘာမှမလုပ်ရဲတော့ပေ။ ထိုစဉ် မိုဝူကျိက ယွမ်မိုအား စိတ်ဖြင့် ဆက်သွယ်ကာ လှမ်းမေးလိုက်၏ “ အစ်ကိုယွမ် ကျုပ် နေနေတဲ့ ပိုင်နက်က ဘယ်မဟာဧကရာဇ်ရဲ့ အပိုင်လဲ ”
ယွမ်မိုက ထူးဆန်းသည်ဟု မထင်မိပေ။ မိုဝူကျိက ဤကျွန်းသို့ မတော်တဆ ရောက်ရှိလာခြင်း ဖြစ်ရာ ဤနေရာရှိ အင်အားစုများအကြောင်း မသိထားပေ။ သူက မိုဝူကျိ၏ အမေးကို ချက်ချင်း တုံ့ပြန်လိုက်လေ၏
“ မင်းက လီချူးကို သတ်ခဲ့တာဆိုတော့ အဲဒီရေကန်က မင်းအပိုင်ပဲ။ သွေစောင်းအာကာပြင် ပင်လယ်ကျွန်းမှာ အဆင့်မြင့် ပညာရှင်တိုင်း သူတို့ပိုင်နက်နဲ့သူ ရှိကြတယ်။ သူတို့ပိုင်နက်တွေက ဘယ်မဟာဧကရာဇ်ရဲ့ အပိုင် မဟုတ်ဘူး။ ဒါပေမဲ့ အရှင်မဟာဧကရာဇ် ရှစ်ယောက်ရဲ့ ပိုင်နက်တွေက ပင်လယ်နယ်နမိတ်တွေဆိုတော့ ပင်လယ်ကို သွားချင်ရင် သူတို့ ပိုင်နက်တွေကို ဖြတ်သွားရတယ်။ အဲဒါကြောင့် သူတို့က ချမ်းသာကြွယ်ဝနေကြတာပဲ ”
ဒီလိုကိုး …..
မိုဝူကျိက နားလည်ပြီးနောက် လက်နှစ်ဖက်ယှက်ကာ
“ အစ်ကိုကြီး မျက်ဆံနီ …. ပေါင်ပုက မဟုတ်တာတွေ လျှောက်ပြောနေတာပါ။ သူက ကျုပ် ဆေးလုံး ဖော်စပ်နိုင်တယ်ဆိုတာကို သိလို့ နေမယ်။ အဲဒါကြောင့် ကျုပ်ကို ဖမ်းပြီးတော့ ဆေးလုံး ဖော်စပ်ခိုင်းဖို့ လုပ်နေတာပဲ …. အဲဒီ ဧကရာဇ်ဆေးလုံးကို ကျုပ်ကိုယ်တိုင် ဖော်စပ်ထားတာပါ။ ဒါပေမဲ့ သူက ကျုပ်ကို ဖမ်းဖို့ အလကားအကြောင်းပြချက် ရှာနေတယ်။ တကယ်ကို အရှက်မဲ့တာပဲ …. ”
“ မင်းက ဧကရာဇ်ဆေးလုံးကို ဖော်စပ်နိုင်တာလား ”
“ မင်းက အဆင့် ၉ ဆေးလုံးဧကရာဇ်လား ”
တစ်ပြိုင်နက်တည်း ဆိုသလို မျက်ဆံနီလိပ်ကြီးနှင့် ပေါင်ပုတို့က တအံ့တဩ ရေရွတ်လိုက်ကြသည်။ ဟူချွန်းချွန်းတို့ပင် မိုဝူကျိအား အထိတ်တလန့် ကြည့်လိုက်ကြ၏။
အဆင့် ၉ ဆေးလုံးဧကရာဇ် တစ်ယောက်၏ တန်ဖိုးကို မည်သူက မသိဘဲ နေမည်နည်း။ သွေစောင်းအာကာပြင် ပင်လယ်ကျွန်း၌ အဆင် ၉ ဆေးလုံးဧကရာဇ် ဒါမှမဟုတ် အဆင့် ၉ ဆေးလုံးဧကရာဇ်ကို ထိန်းချုပ်နိုင်သောသူမှာ ဤကျွန်း၏ ပထမတန်းစား အင်အားစု ဖြစ်လာမည်မှာ သေချာပေါက် ဖြစ်၏။
“ ဟားဟား ….” ပေါင်ပုက အရင်ဦးစွာ အသိပြန်ကပ်လာသည်။ သူက အေးစက်စွာ ရယ်မောလိုက်ရင်း
“ မင်းဘာသာ ဘယ်သူဖြစ်ဖြစ် ဒီနေ့ မင်းက ငါ့ပစ္စည်းကို ခိုးမှတော့ မင်း ငါ့နောက် လိုက်ကို လိုက်ရမယ်။ ငါ ပေါင်ပုက သူခိုးကို လာဖမ်းတာတာပဲ …. ပေါင်ပုက အစ်ကိုကြီးမျက်ဆံနီကို ဒီအပြုအမူအတွက် ပြန်လျော်ကြေးပေးပါ့မယ် ”
ပေါင်ပု၏ စကားအရ မျက်ဆံနီက ပေါင်ပုသည် သေချာပေါက် လိမ်ညာနေကြောင်း ပြောနိုင်လေ၏။ သို့သော်လည်း သူက အရှင်မဟာဧကရာဇ် ရှစ်ယောက်ထဲမှ တစ်ယောက် အပါအဝင် ဖြစ်ပေသည်။ မိုဝူကျိက အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်ကြောင်း၊ မဖြစ်ကြောင်း အတည်မပြုရသေးသော်လည်း သူ့အတွက် ဝင်ပါဖို့ရာ မသင့်တော်ပေ။ ထို့အပြင် ပေါင်ပုက အကြောင်းပြချက် ရှိနေပြီးသား မဟုတ်ပါလော။
ပေါင်ပုဆီမှ ထွက်ပေါ်လာသော ဖိအားများကို ခံစားမိပြီး ဟူချွန်းချွန်းတို့က မသိမသာ နောက်ဆုတ်လိုက်မိကြသည်။ မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲကိုင်၍ သူ့ဝဲကတော့ စွမ်းအားစက်ကွင်းကို ထုတ်ဖော်ကာ အေးစက်စက် ပြောလိုက်၏
“ ပေါင်ပု …. ခင်ဗျားက ကျုပ်မိတ်ဆွေ လီချူးကို သတ်တယ်။ လီချူးရဲ့ လက်စွပ်ကို ခိုးပြီးတော့ သူ့ရဲ့ ဧကရာဇ် တာအိုအသီးကိုလည်း ခိုးသွားခဲ့တယ်။ တကယ်လို့ ဒီနေ့ ခင်ဗျား ရောက်မလာရင်တောင် ကျုပ်က ဘယ်တော့မှ ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး ”
ပေါင်ပုက ကြောင်အမ်းသွားလေ၏။
သူ ဘယ်တုန်းက လီချုးကို သတ်လိုက်လို့လဲ …. ပြီးတော့ သူက လီချူးရဲ့ ဧကရာဇ်တာအိုအသီးကိုး ခိုးခဲ့တာတဲ့လား ……
နောက်အခိုက်အတန့်လေး၌ သူက မိုဝူကျိကို အပုပ်ချသကဲ့သို့ မိုဝူကျိကလည်း သူ့အား ပြန်လည်၍ အပုပ်ချနေကြောင်း သိလိုက်သည်။
ထိုအချိန်လေး၌ မိုဝူကျိ၏ လခြမ်းကွေး ပုဆိန်လှံရှည်က အောက်သို့ ဆင်းသက်လာကာ လျို့ဝှက်တိုက်ကွက် မဟူရာ ချောက်နက် အကွက်ကို ထုတ်ဖော်လိုက်သည်။
မီတာ သုံးသောင်းရှည်သည့်အထိ အဆုံးမဲ့ ပုဆိန်လှံရှည်အလင်းတန်းကြီးက အလျှင်အမြန် ဖြစ်ပေါ်လာသည်။ ထိုမီတာ သုံးသောင်းရှည်သော ပုဆိန်လှံရှည်ကြီးမှာ တည်နေရာတစ်ခုလုံးကို ပိတ်ဆို့ထားလေ၏။ ထိုစဉ် ထိုပုဆိန်လှံရှည် စက်ကွင်းအပြင် ရှိနေသော ဟူချွန်းချွန်းတို့ပင် ထိုမှ ထွက်ပေါ်လာသော သတ်ဖြတ်ငွေ့များကို ခံစားမိလိုက်ကြသည်။
“ ဝုန်း ” ပုဆိန်လှံရှည်က ဆင်းသက်မလာခင် မိုဝူကျိနှင့် ပေါင်ပုတို့၏ စွမ်းအားစက်ကွင်း နှစ်ခုလုံးမှာ ထိပ်တိုက် တွေ့သွားသည်။
ပေါင်ပုအား အံ့အားသင့်စေသည်က သူ့စွမ်းအားစက်ကွင်းနှင့် ရင်ဆိုင်သည့်အခါ မိုဝူကျိ၏ စွမ်းအားစက်ကွင်းမှာ အနည်းငယ် ပျောက်ပျက်သလို ဖြစ်သွားသော်လည်း အလျှင်အမြန် ပြန်လည် ကောင်းမွန်လာနေသည်။ မိုဝူကျိ၏ စွမ်းအားစက်ကွင်းအတွင်းမှ ဝဲကတော့ အင်အားမှာ သူ့အား ဘေးပတ်လည်ကို မထိန်းနိုင်မသိမ်းနိုင် ဖြစ်သွားစေသည်။
ပေါင်ပုက မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို မလေ့လာနိုင်သေးခင် ကောင်းကင်ကို ထက်ခြမ်း ပိုင်းလုမတတ် ပုဆိန်လှံရှည်အလင်းတန်းကြီးက ဆင်းသက်လာသည်။ သူ့လမ်းကြောင်းတွင် ပိတ်ဆို့နေသမျှ အရာအားလုံးကို တိုက်ရိုက် ဖျက်စီးပစ်သွားသည်။
ပေါင်ပုက လက်တစ်ဖက် ဆန့်ထုတ်၍ မိုဝူကျိ၏ ပုဆိန်လှံရှည်ကို တားဆီးလိုက်၏။ လေထုအတွင်း ပေါက်ကွဲမှု လှိုင်းလုံးကြီးမျာ ဖြစ်ပေါ်လာစေကာ မိုဝူကျိနှင့် ပေါင်ပုတို့၏ စွမ်းအားစက်ကွင်းမှာ ကြေမွသွားတော့သည်။
မိုဝူကျိလည်း အတော်လေး တုန်လှုပ်မိသွားသည်။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်မှာ ထိပ်တန်း အဆင့် ၉ အင်မော်တယ် လက်နက် ဖြစ်ကာ ပေါင်ပု၏ ရုပ်ခန္ဓာမှာ အတော်လေး ကောင်းပြီး သားရဲအမွေအနှစ်မှ အံ့မခန်း စွမ်းရည်ကို လက်ဆင့်ကမ်းထားသည်ဆိုလျှင်ပင် ပေါင်ပုအနေနှင့် သူ့လက်လေးမျှဖြင့် သူ့လခြမ်းကွေး ပုဆိန်လှံရှည်အား ကာကွယ်ထားနိုင်မည် မဟုတ်ပေ။
ယခင် သူက အင်မော်တယ်လက်နက်ကို ရင်ဆိုင်ဖို့ရာ လက်သီးချက် ထုတ်သုံးဖူးသော်လည်း ထိုအရာမှာ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက် ဖြစ်ပေသည်။ ပေါင်ပုအနေနှင့် လျို့ဝှက်ပညာရပ်မျိုး ထုတ်သုံးနေခြင်းတော့ မဟုတ်ပေ။ သူက လက်မောင်းကိုသာ အသုံးပြု၍ သူ့တိုက်ခိုက်မှုကို ကာဆီးခဲ့ခြင်း ဖြစ်၏။
“ ဝုန်း ” ပြင်းထန်သည့် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သွားကာ အင်မော်တယ် သဘာဝစွမ်းအားများများမှာလည်း ပေါက်ကွဲထွက်သွားပြီး စွမ်းအားစက်ကွင်းများက တစစီ ဖြစ်သွားတော့သည်။
ပုဆိန်လှံရှည်၏ တန်ပြန်သက်ရောက်မှုက မိုဝူကျိဆီ ပြန်ရောက်ရှိလာကာ သူ့အား ဆယ်မီတာလောက် လွှင့်စင်သွားစေသည်။ သူက မတ်မတ်ရပ်နိုင်ရုံမျှသာ ဖြစ်၏။ သူ့အသိစိတ်ပင်လယ်နှင့် ချီသွေးကြောအတွင်းမှ အင်မော်တယ်သဘာဝစွမ်းအားတို့မှာ ရုတ်ရင်းဆန်ခတ် ဖြစ်ကုန်သည်။
မိုဝူကျိက ပါးစပ်အဖျားထိ တက်လာသည့် သွေးကို အတင်းကျပ် ပြန်လည် မျိုချထားလိုက်ရသည်။ သူ့စိတ်နှလုံးသားမှာ အေးစက်နေပြီး ပေါင်ပုနှင့် ယှဉ်လျှင် သူက အမှန်တကယ် အားနည်းနေသေး၏။ အကယ်၍ သူသာ တစ်ခုခု မတွေးမိလျှင် သူ့အနေနှင့် ဤနေရာက နောက်ဆုံးနားခိုရာ နေရာ ဖြစ်သွားပေလိမ့်မည်။
မိုဝူကျိ စိတ်ထဲ တုန်လှုပ်မိနေသလို ပေါင်ပု စိတ်ထဲ၌လည်း တုန်လှုပ်မိနေသည်။ သူ့အမြင်ကား သူ့လက်သီးချက်မှာ မိုဝူကျိအား ထိမိစေမည် ဖြစ်သော်လည်း မိုဝူကျိက ဆယ်မီတာမျှသာ လွှင့်စင်သွားပြီး သွေးပင် မအန်လိုက်ရပေ။ ဤအဆင့် ၉ ဆေးလုံးဧကရာဇ်လေး၏ ကိုယ်ပိုင်အင်အားကား အတော်လေး အံ့ဖွယ် ဖြစ်နေကြောင်း သိသာလှသည်။
သူ့လက်သီးချက်မှာ သာမာန်ကာလျှံကာ လက်သီးချက် ဖြစ်၍ အထင်မသေးသင့်ပေ။ ပေါင်ပုက သူ့လက်မောင်းမှာ မှော်ရတနာ ဖြစ်ကြောင်း သူသာလျှင် ကောင်းကောင်း သိ၏။ သူ့လက်မောင်းမှာ အဆင့် ၉ အင်မော်တယ်လက်နက်များထက် အောက်ကျမည် မဟုတ်ပေ။ ပြောရမည်ဆိုလျှင် ပို၍ပင် အားကောင်းနိုင်သေး၏။
မှော်ရတနာလက်နက်များနှင့် ယှဉ်လျှင် လက်မောင်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်သည့်အတွက် စိတ်အလိုအရ အတားအဆီးမရှိ၊ နှောင့်နှေးခြင်းမရှိ လှုပ်ရှားနိုင်လိမ့်မည်။ ထို့အပြင် သူက မိုဝူကျိသည် အင်မော်တယ် ဧကရာဇ်အဆင့် မဝင်သေးမှန်း ကောင်းကောင်း သိလိုက်သည်။ အကယ်၍ ဤခန့်မှန်းချက်သာ မှန်နေလျှင် ဤလူကား အလွန်ကြောက်ဖို့ ကောင်းလှသည်။ သူက မိုဝူကျိ ဤထက် အရွယ်ရောက်မလာခင် ရှင်းထုတ်ပစ်ရမည်။ ဤလူသာ အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ရှိသွားပါက ပေါင်ပုအနေနှင့် သေဖို့ရာ ရက်တွက်နေသလို ဖြစ်လိမ့်မည်။
ပေါင်ပုက ထိုအတွေးဖြင့် သူ့စိတ်စွမ်းစက်ကွင်းကို တဖန် ပြန်လည် ထုတ်လွှင့်လိုက်ပြီး သူ့အရှိန်အဝါများမှာလည်း ထိပ်ဆုံးအထိ ထွက်ပေါ်လာသည်။ ခြေတစ်လှမ်းတည်းဖြင့် သူက မိုဝူကျိ ရှေ့၌ ပေါ်လာကာ နောက်တိုက်ခိုက်မှုအတွက် ပြင်ဆင်လိုက်သည်။
***