သူခိုးလုပ်ဖို့ ကံပါလာခြင်း
Vol. 59 Ch. 817
ထို ကိုယ်ပွား၏ အတွေးများနှင့် လုပ်ရပ်များအားလုံးကိုလည်း ဝမ်ပေါင်လဲ့က ထိန်းချုပ်ထားသည်။ ယခုတွင် သူသည် ထို ကိုယ်ပွားအသစ်အား ထိန်းချုပ်ကာ ဝက်ခေါင်းမျက်နှာဖုံးတစ်ခု ဖန်တီးလိုက်ပြီးနောက် အဝေးသို့ ပျံသန်းထွက်ခွာသွားစေလိုက်၏။ သူ၏ ဝိညာဉ်ခန္ဓာကိုယ် ကိုယ်ပွားအစစ်မှာလည်း စစ်တပ်စခန်း ရှိရာအရပ်သို့ သွားနေရင်း မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် လက်အသစ်တစ်ဖက်အား ဖန်တီးလိုက်သည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ လက်ပြတ်ကြီးဖြင့် ဖန်တီးထားသော ကိုယ်ပွားကို ထိန်းချုပ်ကာ ပြင်ပကမ္ဘာကြီးထဲ၌ ပေါ်ပေါက်လာစေ၏။ ၎င်းမှာ ယခင်တုန်းက သူ၏ နတ်ဘုရားအာရုံဖြင့် ဖန်တီးခဲ့သော ကိုယ်ပွားများနှင့် မတူသောကြောင့် အချိန်အကြာကြီး ရှိနေနိုင်မည်တော့ မဟုတ်ပေ။ ၎င်းမှာ တဖြည်းဖြည်းနှင့် လောင်ကျွမ်းသွားမည် ဖြစ်ပါသော်လည်း တမူထူးခြားသော တိုက်ရည်ခိုက်ရည် စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားနေဆဲပင်။ ထို့ကြောင့် ၎င်းမှာ အဆုံးမဲ့မျိုးနွယ်စုဝင်များနှင့် ဆုံတွေ့လိုက်ရသောအခါ ခန္ဓာကိုယ်အစစ်ကဲ့သို့ တိုက်ခိုက်ကာ ထွက်ပြေးနိုင်စွမ်း ရှိနေ၏။ ထိုကြောင့်လည်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ ၎င်းအား အာရုံခံမိသွားပြီး ၎င်းရှိရာသို့ ချက်ချင်းဆိုသလိုပင် အရှိန်အဟုတ်ဖြင့် ဦးတည်းပျံသန်းလာတော့သည်။
ထို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီး သတိထားမိသည့် အချိန်တွင် ဝမ်ပေါင်လဲ့၏ ဝိညာဉ်ခန္ဓာကိုယ် ကိုယ်ပွားအစစ်မှာ သစ်ရွက်လေးနှင့် ဝတ်ရုံရှည်ကြီးတို့ကို ကိုင်ရင်း အရှိန်ကုန်မြင့်တင်ကာ စစ်စခန်းဆီသို့ ဦးတည်သွားနေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ လက်ပြတ်ကြီးဖြင့် ဖန်တီးထားသော ကိုယ်ပွားအား အချိန်အတိုင်းအတာ တစ်ခုအထိသာ အသုံးပြု၍ရမည်ဖြစ်ကြောင်း နားလည်ထားသည်။ ၎င်းမှာ အစွမ်းကုန်ထုတ်သုံးနေမည်ဆိုပါက နှစ်နာရီမှ လေးနာရီအထိသာ တည်မြဲနေနိုင်မည် ဖြစ်သည်။
သို့သော် ထိုအချိန်ပမာဏမှာ လုံလောက်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤတာဝန်ကြီး ပြီးဆုံးရန် လေးနာရီပင် မလိုတော့သောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ သူသည် မိနစ်တိုင်း စက္ကန့်တိုင်းအား အကျိုးရှိရှိအသုံးချရန် လိုအပ်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စစ်စခန်း၏အနီးသို့ ရောက်ရှိသွားသည်နှင့် အချိန်ဖြုန်းနေခြင်းမရှိဘဲ အဆုံးမဲ့မျိုးနွယ်စုဝင် တစ်ယောက်အသွင် ပြောင်းလဲသွားလိုက်ပြီးနောက် စခန်းထဲသို့ ပြေးဝင်သွားလိုက်၏။ သူသည် သေသေချာချာ စဉ်းစားတွေးတောခဲ့ပြီးမှ သူ အသွင်ပြောင်းလဲမည့် လူ၏ ပုံပန်းသွင်ပြင်အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သူသည် သာမန် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်အဖြစ် အသွင်ပြောင်းလဲခဲ့ခြင်းမဟုတ်သလို သူ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဝိညာဉ်ကြားခံနယ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင်များအဖြစ်လည်း အသွင်ပြောင်းလဲခဲ့ခြင်းမဟုတ်ပေ။ သူ မည်သို့ပင် အသွင်ပြောင်းလဲခဲ့စေကာမူ အဆုံးမဲ့မျိုးနွယ်စုဝင် အများစုမှာ စခန်းအပြင်ဘက်၌ ရှာဖွေနေကြသည်ဖြစ်ရာ တစ်ယောက်ယောက်ပြန်ရောက်လာပါက လူတိုင်းမှာ သံသယဝင်သွားကြမည်သာဖြစ်သည်။ ထို့အပြင် အဆုံးမဲ့မျိုးနွယ်စု တစ်ခုလုံးမှာ သူ၏ အသွင်ပြောင်းစွမ်းရည်အကြောင်းအား သိရှိထားပြီးဖြစ်ကြောင်းကိုလည်း ဝမ်ပေါင်လဲ့က နားလည်ထားသည်။
ထို့ကြောင့် သူသည် အသွင်ပြောင်းလဲနေခြင်းမရှိဘဲ စခန်းထဲသို့ ပြေးဝင်သွား၍လည်း ရပေသည်။ သို့သော် ထိုနည်းလမ်းမှာ ကောင်းကျိုးရှိသလို ဆိုးကျိုးများလည်း ရှိနေ၏။ ထို့အပြင် သူသည် အမှားတစ်ခု လုပ်မိရုံနှင့် လူမိသွားမည် မဟုတ်ပါလော။ သူ၏ ဒုတိယနည်းလမ်းမှာမူ ရုပ်ဖျက်ကာ အတိုင်းအတာတစ်ခုအထိ အချိန်ဆွဲရန် ဖြစ်သည်။ ထိုသို့သာဆိုပါက သူ့အတွက် ပို၍ အကျိုးရှိနိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ ဒုတိယနည်းလမ်းအား ရွေးချယ်လိုက်၏။ သူသည် နှောင်းပိုင်းထာဝရဝိညာဉ်အဆင့် အဘိုးကြီးပုံစံ အသွင်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
ထိုနည်းလမ်းအား ရွေးချယ်ရသည်မှာ အလွန်အင်မတန်မှ အန္တရာယ်များ၏။ အကယ်၍ တစ်ယောက်ယောက်ကသာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်မည်ဆိုပါက သူတို့မှာ ချက်ချင်းပင် အမှန်အတိုင်း သိရှိသွားကြမည်သာ ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ မည်သူကမှ ထိုသို့ မတွေးမိကြပေ။ တစ်ဖက်တွင် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီး ပြန်ရောက်လာသည်မှာ ကျိုးကြောင်းဆီလျော်မှု ရှိနေသဖြင့် မည်သူကမှ မေးခွန်းထုတ်ရဲကြမည် မဟုတ်ပေ။ အခြားတစ်ဖက်တွင်မူ အသံလွှင့်အကြောင်းကြားစာမှတစ်ဆင့် ထာဝရဝိညာဉ်အဆင့် အဘိုးကြီးအား လှမ်း၍ဆက်သွယ်ကာ သူ၏တည်နေရာအား ရှာဖွေခွင့်ရှိသော အဆုံးမဲ့မျိုးနွယ်စုဝင် အရေအတွက်မှာ များများစားစားမရှိပေ။
သူတို့မှာ ထာဝရဝိညာဉ်အဆင့် အဘိုးကြီးဆီသို့ အသံလွှင့်အကြောင်းကြားစာ ပေးပို့ခွင့် မရှိလျှင်တောင် သူတို့၏ဘေးတွင် ရှိနေကြသည့် ကျင့်ကြံသူများကို လိုက်လံမေးမြန်းနိုင်ပါသော်လည်း အဆုံးမဲ့မျိုးနွယ်စုဝင် အများစုမှာ ထိုကဲ့သို့ ပြုမူခွင့် မရှိကြပေ။ အဘယ်ကြောင့်ဆိုသော အဆုံးမဲ့မျိုးနွယ်စု၏ အဆင့်သတ်မှတ်ချက်စနစ်မှာ အလွန်အင်မတန်မှ တင်းကျပ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ အဆင့်နိမ့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ သံသယဝင်နေကြခြင်းမရှိပေ။
သို့သော် ဝမ်ပေါင်လဲ့၏ လုပ်ရပ်များမှာ ခြောက်ပြစ်ကင်း သဲလဲစင်နေမည်တော့ မဟုတ်ပေ။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးပုံစံ အသွင်ပြောင်းလဲလိုက်တော့သည်။ သူသည် မျက်နှာအမူအရာ သုန်မှုန်နေပြီး သူ၏ခန္ဓာကိုယ်ထဲမှလည်း သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထွက်ပေါ်လာ၏။ ထို့နောက် သူသည် ဒေါပွနေသည့် မျက်နှာထားဖြင့် စစ်စခန်းဆီသို့ ဦးတည်ပျံသန်းလာတော့သည်။
စစ်စခန်းထဲတွင် မန္တန်အစီအရင်များ ရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ ပုံရိပ်ယောင်ပညာရပ်၏ အစွမ်းကို ကြိမ်ဖန်များစွာ စမ်းသပ်ထားပြီးသားဖြစ်သည်။ သူသည် အခြားလူတစ်ယောက်ပုံစံ ပြောင်းလဲလိုက်သည်နှင့် ထိုပုဂ္ဂိုလ်၏ အငွေ့အသက်များကိုပါ တုပနိုင်စွမ်းရှိပေသည်။ ထို့ကြောင့် စခန်းထဲရှိ မန္တန်အစီအရင်များမှာ ထာဝရကြယ်အဆင့်တွင် ရှိမနေသရွေ့ သူသည် အလိမ်ပေါ်သွားမည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ရှေ့သို့ဦးတည်ပျံသန်းသွားလိုက်ပြီးနောက် သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် စစ်စခန်းထဲသို့ ဝင်ရောက်သွားလိုက်၏။ သူ ရောက်ရှိလာသည်နှင့် အဆုံးမဲ့မျိုးနွယ်စုဝင်အချို့ ချက်ချင်း ပေါ်ပေါက်လာကြပြီး သူ့အား ဂါဝရပြုလိုက်ကြသည်။ သူတို့အားလုံးမှာ ရိုသေလေးစားမှု အပြည့်ရှိသည့်ပုံ ပေါက်နေကြ၏။ သူတို့ထဲမှ အချို့မှာဆိုလျှင် စကားပြောရန် ပြင်လိုက်ကြပါသော်လည်း ဝမ်ပေါင်လဲ့၏ သုန်မှုန်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ နှုတ်ဆိတ်သွားကြတော့သည်။
" သုံးစားမရတဲ့ကောင်တွေ " ဝမ်ပေါင်လဲ့မှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး၏ အသံအတိုင်း အဆုံမဲ့မျိုးနွယ်စုဝင် ဘာသာစကားဖြင့် သူတို့အား ဆူပူကြိမ်းမောင်းလိုက်၏။ ထို့နောက် သူသည် နှာမှုတ်ကာ သူ၏ပတ်ပတ်လည်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင်များကို လျစ်လျူရှုလိုက်ပြီးနောက် စစ်စခန်းထဲရှိ အဆောင်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။
အခြားသူများမှာလည်း ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ ခေါင်းငုံ့သွားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသောအခါမှ ခေါင်းပြန်မော့လာကြသည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ သုန်မှုန်နေသော မျက်နှာအမူအရာကြောင့် သူတို့၏ စိုးရိမ်စိတ်များမှာ ပို၍ကြီးထွားလာရတော့သည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ စစ်စခန်းထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူ၏ နတ်ဘုရား အာရုံကို ဖြန့်ကြက်လိုက်သည်။ ထို့နောက် သူသည် အကဲခတ်ကြည့်ရှုစစ်ဆေးကြည့်လိုက်သောအခါ စခန်းထဲတွင် ကျင့်ကြံသူ ထောင်ဂဏန်းအနည်းငယ်မျှသာ ကျန်ရှိတော့သည်ဖြစ်ကြောင်း သိလိုက်ရ၏။ ထို့အပြင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများဟူ၍ တစ်ယောက်တလေပင် မကျန်ရစ်ခဲ့ပေ။ သူတို့ထဲရှိ အဆင့်အမြင့်ဆုံး ကျင့်ကြံသူမှာ ယွမ်ယင်ထိပ်ဆုံးအဆင့်တွင်သာ ရှိပေသည်။
ထို့ကြောင့် သူသည် မရွှင်မပျဖြစ်သွားရပြီး သူ့ဘက်မှ အများကြီး ပေးဆပ်ခဲ့ရသည်နှင့် ထိုက်တန်မှုမရှိဟု ခံစားလိုက်ရ၏။ သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်လုဆဲဆဲ အနေအထားသို့ ရောက်နေပြီမဟုတ်ပါလော။ ယွမ်ယင်အဆင့် ကျင့်ကြံသူများအား သတ်ဖြတ်ခြင်းမှာ သူ၏ နတ်ဆိုးမျက်လုံးပညာရပ်အား အားဖြည့်ပေးနိုင်ပါသော်လည်း ကျင့်ကြံသူအမြောက်အမြားကို သတ်ဖြတ်နိုင်စွမ်းမရှိပါက ၎င်းမှာ အနည်းငယ်မျှသာ တိုးတက်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ စခန်းထဲတွင် ကျန်ရစ်ခဲ့သည့် အဆုံးမဲ့မျိုးနွယ်စုဝင်များအားလုံးကို သတ်ဖြတ်ပြီးလျှင်တောင် အကျိုးထူးမည်မဟုတ်ပေ။
" ဟို အဘိုးကြီးက ငါ့ကို တော်တော်လေး အထင်ကြီးတာပဲဟ။ ငါ့တစ်ယောက်တည်းကို ရှာဖို့အတွက်နဲ့ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတွေအကုန်လုံးကို ခေါ်သွားရတယ်လို့ " ဝမ်ပေါင်လဲ့မှာ ခေါင်းခဲသွားရပြီး သူ့အတွက် အမြတ်မကျန်သည့်အပြင် နစ်နာဆုံးရှုံးရတော့မည်ဟု ခံစားလာရ၏။ ထို့ကြောင့် သူသည် အပြင်ပန်းတွင် ဟန်ဆောင်နေခဲ့သည့်အတိုင်း အမှန်တကယ်ပင် မျက်နှာအမူအရာ သုန်မှုန်လာရတော့သည်။ သို့သော် သူသည် စစ်စခန်းထဲတွင် သတိကြီးကြီးထားကာ သူ၏အစီအစဉ်အတိုင်း ဆောင်ရွက်လိုက်ဆဲပင်။ သူသည် သူ၏လက်ချောင်းငါးချောင်းကို ချိုးလိုက်ပြီးနောက် ကိုယ်ပွားငါးခု ဖန်တီးလိုက်၏။ ထို့နောက် သူသည် ၎င်းတို့ထဲမှ လေးခုအား အနက်ရောင်ဓားမြှောင် တစ်လက်စီပေးကာ အဆုံးမဲ့မျိုးနွယ်စုဝင် တစ်ယောက်စီကို သတ်ဖြတ်ခိုင်းလိုက်ပြီးနောက် သူတို့၏ပုံစံ ပြောင်းခိုင်းလိုက်သည်။ ထို့အပြင် သူသည် ၎င်းတို့အား အလိုလျောက်ပေါက်ကွဲနိုင်သည့် ပုတီးစေ့များကို ယူသွားစေလိုက်ပြီးနောက် ထိုပုတီးစေ့များအား စခန်းထဲရှိ နေရာအနှံ့အပြားတွင် နေရာချထားခိုင်းလိုက်တော့သည်။
ဝမ်ပေါင်လဲ့၏ ဝိညာဉ်ခန္ဓာကိုယ်အစစ်မှာမူ စိတ်ပျက်လက်ပျက်ဖြစ်ကာ အတွေးများထဲတွင် နစ်မျောနေ၏။ နောက်ဆုံးတွင် သူသည် စခန်းထဲရှိ ဂိုဒေါင်ဆီသို့ သွားလိုက်သည်။ ၎င်းမှာ အရေးကြီးနေရာတစ်ခုဖြစ်သောကြောင့် ယွမ်ယင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ ၎င်းအား ကာကွယ်စောင့်ရှောက်နေကြ၏။ ထို့အပြင် ထိုဂိုဒေါင်အား မန္တန်အစီအရင်အမျိုးမျိုးဖြင့် ကာကွယ်ထားသေးသည်။ သို့ဖြစ်ရာ သူတို့မှာ ပစ္စည်းများ ပျောက်ဆုံးသွားကြမည်ကို စိတ်ပူနေစရာမလိုပေ။ သို့သော် ဝမ်ပေါင်လဲ့အတွက်မူ ၎င်းတို့မှာ ပြဿနာ မဟုတ်ပေ။
သူသည် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီး၏ ပုံစံဖြင့် ဂိုဒေါင်ဆီသို့ လျှောက်လှမ်းသွားလိုက်သောကြောင့် မည်သူကမှ သူ့အား မတားဆီးရဲခဲ့ပေ။ ထိုသို့ဖြင့် သူသည် ဂိုဒေါင်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားလိုက်သောအခါ တောင်လိုပုံနေသည့် ပစ္စည်းမျိုးစုံကို မြင်တွေ့လိုက်ရတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းများကို မြင်လိုက်ရသောအခါ ပင့်သက်များရှိုက်ကာ မျက်လုံးများပြူးသွားရတော့သည်။ သူသည် ဤဂြိုဟ်ကြီးပေါ်၌ တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ဖူးသည်ဖြစ်ရာ ယခုကဲ့သို့ ဖြစ်နေလိမ့်မည်ဟု ခန့်မှန်းမိထားသည့်တိုင်အောင် နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားရဆဲပင်။
ဝမ်ပေါင်လဲ့မှာ အကြည့်တစ်ချက်တည်းနှင့် ဂိုဒေါင်ထဲရှိ ပစ္စည်းများ၏ အရေအတွက်နှင့် ၎င်းတို့၏ တန်ဖိုးများကို တွက်ချက်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူသည် မျက်ဝန်းများ နီမြန်းလာရပြီး ထိုပစ္စည်းများအား စတင် ခိုးယူနေလိုက်တော့သည်။ ဂိုဒေါင်ထဲတွင် သိုလှောင်ပစ္စည်းများ ရှိနေသောကြောင့် သူ၏ သိုလှောင်လက်ကောက်နှင့် သိုလှောင်အိတ်များ ပြည့်သွားသည့် အချိန်တွင်တောင် သူသည် ရပ်တန့်သွားခြင်းမရှိပေ။ ထိုသို့ဖြင့် ဆယ့်ငါးမိနစ်တိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ရာပေါင်းများစွာသော သိုလှောင်ဓမ္မပစ္စည်းများကို အသုံးပြုကာ ဂိုဒေါင်ထဲရှိ ပစ္စည်းများအားလုံးကို သိမ်းဆည်းပြီးသွားတော့သည်။
" ငါက တကယ်ကို သူခိုးလုပ်ဖို့ ကံပါလာတာပဲဟ " ဝမ်ပေါင်လဲ့မှာ ပြောင်သလင်းခါနေပြီဖြစ်သော ဂိုဒေါင်ကြီးအားကြည့်ရင်း မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထိုအခိုက်အတန့်တွင် သူသည် သတ်ဖြတ်လိုစိတ်များပင် မရှိတော့ပေ။ ထို့ကြောင့် သူသည် နောက်သို့လှည့်ကာ ဂိုဒေါင်အပြင်ဘက်သို့ ထွက်သွားရန် ပြင်လိုက်၏။
သို့သော် ဝမ်ပေါင်လဲ့မှာ ဂိုဒေါင်အပြင်ဘက်သို့ ထွက်ခါနီးမှာပင် ရုတ်တရက်ဆိုသလို မျက်နှာအမူအရာ ပြောင်းလဲသွား၏။ အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်အဖြစ် အသွင်ပြောင်းလဲထားသည့် သူ၏ကိုယ်ပွားတစ်ခုမှာ သတင်းပေးပို့လိုက်ခြင်း ဖြစ်၏။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး ပြန်ရောက်လာပြီ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရပြီး ဂိုဒေါင်ထဲမှ အလျင်အမြန် ပြေးထွက်သွားလိုက်၏။ ထိုအချိန်တွင် ဂိုဒေါင်အပြင်ဘက်၌ ကျန်ရစ်ခဲ့သည့် ယွမ်ယင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူနှစ်ယောက်ထဲမှ တစ်ယောက်သာ ကျန်ရှိတော့သည်။ ဝမ်ပေါင်လဲ့မှာ အခြားတစ်ယောက် မည်သည့်နေရာသို့ ထွက်ခွာသွားမှန်းမသိသလို ကြည့်ရှုစစ်ဆေးနေရန်လည်း အချိန်မရှိပေ။ ထို့ကြောင့် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး ယွမ်ယင်ထိပ်ဆုံးအဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူအား တုံ့ပြန်ချိန်ပင်မပေးဘဲ မြူခိုးများအဖြစ် ပြောင်းလဲသွားလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားလိုက်တော့သည်။
ထိုအခါ ထို အဆုံမဲ့မျိုးနွယ်စုဝင်မှာ တစ်ကိုယ်လုံး အရည်ပျော်ကျသွား၏။ ထိုမြူခိုးများ ပြန်လည်စုစည်းသွားသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ ထို အဆုံးမဲ့မျိုးနွယ်စုဝင်အဖြစ် ရုပ်ဖျက်ပြီးသွားပြီ ဖြစ်သည်။ သူသည် စစ်စခန်းအပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာသွားနေစဉ်မှာပင် ကောင်းကင်ယံထဲ၌ ရှည်လျားသော သက်တံ့ကြီးတစ်ခု ပေါ်ပေါက်လာပြီးနောက် မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် အငွေ့အသက်တစ်မျိုးနှင့်အတူ စစ်စခန်းထဲသို့ ရောက်ရှိလာတော့သည်။
ထိုကဲ့သို့ ရောက်ရှိလာသူကြီးမှာ အဆုံးမဲ့မျိုးနွယ်စု၏ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီး ဖြစ်ပေသည်။ သူ၏ မျက်နှာအမူအရာမှာ ဝမ်ပေါင်လဲ့ထက်ပင် ပို၍သုန်မှုန်နေပြီး ဒေါသငယ်ထိပ် ရောက်နေသည့်ပုံ ပေါက်နေ၏။ သူသည် တစ်ချက်မျှ လှုပ်ရှားလိုက်ရုံနှင့် အရာအားလုံးကို ဖောက်ခွဲဖျက်ဆီးကာ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။
သူ၏ ကျင့်ကြံခြင်း အငွေ့အသက်များမှာမူ မတည်မငြိမ် ဖြစ်နေပြီး သူသည် ၎င်းတို့အား အတင်းအဓမ္မ ချုပ်တည်းထားရသည့်ပုံစံ ပေါက်နေသည်။ ထိုသို့ဖြစ်နေရခြင်းမှာ သူသည် ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီးအား ရှာတွေ့ခဲ့စဉ်တုန်းက တစ်ခုခုမှာ လွဲနေကြောင်း ရိပ်မိခဲ့ပါသော်လည်း ထိုလူကြီးအား သတ်ဖြတ်ပြီးသောအခါမှသာ သူသည် ထောင်ချောက်ဆင်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိသွားသောကြောင့်ပင်။ ထို့နောက် သူသည် အလန့်တကြားနှင့် ထွက်ပြေးဆုတ်ခွာသွားနေစဉ် ထာဝရဝိညာဉ်အဆင့် ဆင်းသက်သူ လေးယောက်၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုတိုက်ပွဲတွင် သူသည် ကျင့်ကြံသူနှစ်ယောက်အား သတ်ဖြတ်နိုင်ခဲ့သဖြင့် အခြားနှစ်ယောက်မှာ ထွက်ပြေးဆုတ်ခွာသွားကြ၏။ သို့သော် သူသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်သာ ဖြစ်သည်။
သူ၏ ဒဏ်ရာများမှာ အပေါ်ယံတွင် မြင်နေရသလောက် ပြင်းထန်နေခြင်းမရှိပေ။ သူသည် ဝက်ခေါင်းမျက်နှာဖုံးနှင့် လူအား ဆက်လက်ရှာဖွေနေခဲ့ပါသော်လည်း ရှာမတွေ့ခဲ့သောကြောင့် စစ်စခန်းဆီသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
သူသည် ထို ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီးမှာ သူ့အား အဝေးသို့ မျှားခေါ်သွားပြီနောက် စစ်စခန်းထဲ၌ ပုန်းနေခြင်းဖြစ်နိုင်ကြောင်း တွေးမိခဲ့၏။ သူသည် သူ၏ နတ်ဘုရားအာရုံနှင့် ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့၏ အသွင်ပြောင်းပညာရပ်အကြောင်း တွေးမိလိုက်သောအခါ သူသည် လှည့်စားခံနေရခြင်း ဖြစ်နိုင်သည်ဟု ခံစားလိုက်ရဆဲပင်။
သူသည် စခန်းသို့ပြန်လာရာ လမ်းတစ်လျှောက်တွင် သေသေချာချာ စဉ်းစားတွေးတောကာ သုံးသပ်ခဲ့ပြီးသား ဖြစ်သည်။ အကယ်၍ ဝက်ခေါင်းမျက်နှာဖုံးနှင့် လူကြီးမှာ စစ်စခန်းထဲ၌ အမှန်တကယ် ပုန်းကွယ်နေသည်ဆိုပါက ထိုလူကြီးမှာ သူ့အား သတ်ဖြတ်နိုင်ရန် အလို့ငှာ ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်နေလောက်ပေသည်။ ထို့ကြောင့်... သူသည် သူ ရရှိခဲ့သည့် ဒဏ်ရာများကို လူအများ မြင်နိုင်အောင် တမင်တကာ ထုတ်ပြထားခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော သူသည် သူ စစ်စခန်းထဲသို့ ဒဏ်ရာဗရဗွနှင့် ပြန်ရောက်သွားသည့်အချိန် သူ၏အနီးသို့ ချဉ်းကပ်လာမည့် လူမှာ တရားခံ အဖြစ်နိုင်ဆုံးဟု ယုံကြည်ထားသောကြောင့်ပင်။