နဂါး ပင်လယ်ထဲ ဝင်လာပြီ
Vol. 58 Ch. 797
မိုဝူကျိက စိတ်စွမ်းအားကို မုခ်ခုံးတိုင် အစွန်းဆီ လှမ်းဖြန့်ကျက်လိုက်ပြီး ထိုအတားအဆီးများကို ချက်ချင်း ချိုးဖျက်နိုင်မလားဟု သိချင်မိသည်။ ထိုသို့ဆိုလျှင် သူ့အနေနှင့် သွေစောင်းပင်လယ်ကျွန်းသို့ ထွက်ပြေးနိုင်လိမ့်မည်။
သူ ထွက်ပြေးရမည်။
သူ မည်မျှ လုပ်စေကာမူ ပေါင်ပုနှင့် မယှဉ်နိုင်ချေ။ သူက စိတ်စွမ်းအင်မြှားကို အသုံးပြုနိုင်သော်လည်း မိုဝူကျိက သူ့အနေနှင့် ထုတ်သုံးလျှင်ပင် အနိုင်ရဖို့ရာ မလုံလောက်သေးကြောင်း ခံစားမိ၏။ ထို့အပြင် အကယ်၍ သူက စိတ်စွမ်းအင်မြှားကို ထုတ်သုံးလိုက်လျှင် အင်မတန် အားနည်းသည့် အခြေအနေသို့ ကျရောက်သွားလိမ့်မည်။ ထိုအချိန်မျိုး၌ သူက အသတ်ခံရဖို့ လည်စင်းစောင့်နေသည့် သိုးငယ်လေးသဖွယ် ဖြစ်နေလိမ့်မည်။
“ ခဏ ” မိုဝူကျိက ပေါင်ပုဆီမှ လက်သီးတစ်ချက် ခုခံဖို့ရာ အဆင့် ၉ ကာကွယ်ရေး ရတနာကို စတေးဖို့ ဆုံးဖြတ်လိုက်ပြီး ထိုအခွင့်အရေးကို အသုံးချ၍ မုခ်ခုံးတိုင်မှ အတားအဆီးကို ချိုးဖျက်ရန် ဆုံးဖြတ်ချက် ချလိုက်စဉ် မျက်ဆံနီ လိပ်ကြီးက လှမ်းအော်လိုက်သည်။
မျက်ဆံနီလိပ်ကြီးက ပြောပြီးသည်နှင့် ပေါင်ပုရှေ့မှောက် ရောက်လာသည်။
ပေါင်ပု၏ ဖိအားမှာ မျက်ဆံနီလိပ်ကြီးကြောင့် ချက်ချင်း ပျောက်ကွယ်သွားလေ၏။ ထိုစဉ် မိုဝူကျိက မီတာများစွာ ဆက်လက် နောက်ဆုတ်လိုက်လေသည်။ သူက အတားအဆီးကို ဖွင့်၍ အချိန်မရွေး ထွက်ပြေးနိုင်ရန် ပြင်ဆင်ထားလိုက်၏။ သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ဤ ကာကွယ်ရေး အစီအရင်မှာ အဆင့် ၉ အစီအရင် မဟုတ်ကြောင်း သိလိုက်ရသည်။ သူက အချိန်တိုလေးအတွင်း လွတ်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိပေသည်။
မျက်ဆံနီလိပ်ကြီးက ပေါင်ပုထက် ပို၍ ရိုးသားဟန် ပေါ်ပေသည်။ သို့သော်လည်း မိုဝူကျိက ဤသို့အရာမျိုးကို မယုံကြည်ပေ။ သူက ကိုယ်ပိုင်အင်အားကိုသာ ယုံကြည်ထား၏။
အားကောင်းနေသရွေ့ စကားပြောဆိုခွင့် ရှိလာလိမ့်မည်။
“ အစ်ကိုကြီးမျက်ဆံနီ … ကျုပ်ရဲ့ ကိစ္စမှာ ဝင်ပါချင်တာလား ” ပေါင်ပုက အမူအယာ ပျက်ယွင်းနေသော်ငြား ဆက်လက်၍ မတိုက်ခိုက်တော့ပေ။
မျက်ဆံနီလိပ်ကြီးက သူ့ထက် အားမနည်းပေ။ ထို့အပြင် ဤသည်မှာ မျက်ဆံနီလိပ်ကြီး၏ ပိုင်နက် ဖြစ်နေသေးသည်။ သွေစောင်း အာကာပြင် ပင်လယ်ကျွန်း၏ သမိုင်းကြောင်းအရ သူ့အသက်အရွယ်မှာ သူ့ရှေ့တွင် ရှိနေသော မျက်ဆံနီလိပ်ကြီးထက် တစ်ဝက်ပင် မရှိသေးပေ။
မျက်ဆံနီ လိပ်ကြီးက ရယ်မောလိုက်ပြီး
“ ညီလေးပေါင်ပု မင်း အဲလို ပြောလိုတော့ မရဘူးလေ။ ငါတို့က အရှင်မဟာဧကရာဇ် ရှစ်ယောက်ထဲကဆိုတော့ မင်းကို ကူညီပေးမှာပေါ့။ ငါရဲ့ ပိုင်နက်က အကြောင်းအရင်းကို အလေးထားပါတယ်။ အရင် ငါ ဝင်မပါတာက သူက မင်းပစ္စည်းကို ခိုးတယ်ဆိုတာကို ယုံလို့ပဲ ….
အခု ဒီလူက မင်းက သူ့မိတ်ဆွေကို သတ်ခဲ့ပြီးတော့ တာအိုဧကရာဇ် အသီးကို ခိုးသွားပါတယ်ဆိုပြီး ပြောမှတော့ ငါ့အနေနဲ့ ဘယ်သူက လိမ်ညာနေတာလဲ၊ ဘယ်သူက အမှန်ပြောနေတာလဲဆိုတာ မသိတော့ဘူး ”
မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ သူ့ယခင်စကားက သက်ရောက်မှု ရှိဟန် ပေါ်လေသည်။ သူက အဆင့် ၉ ဆေးလုံးကို ဖော်စပ်နိုင်ကြောင်း ပြောစဉ်အခါက မျက်ဆံနီ လိပ်ကြီးနှင့် ပေါင်ပုတို့က သူ့အား ရဖို့ရာ ကြိုးစားမည့်ဟန် ပေါက်နေသည်။ ထို့နောက် သူက ပေါင်ပုအား ခုခံနိုင်ကြောင်း ပြသလိုက်၍ မျက်ဆံနီ လိပ်ကြီးက သူ့အပေါ် အမြင်ကောင်းသွားကာ ကူညီပေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ရမည်။ အကယ်၍ သူသာ အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်ကြောင်း မပြောခဲ့ပါက မြေခွေးအိုကြီးကဲ့သို့သော မျက်ဆံနီလိပ်ကြီးက သူ့အတွက် ရှေ့တက်လာဖို့ရာ အာရုံထဲ ရှိမည် မဟုတ်ပေ။
ပေါင်ပု အမူအယာမှာ အုံ့မှိုင်းလာပြီး
“ အဲဆို အစ်ကိုကြီးမျက်ဆံနီက ကျုပ်ပစ္စည်းတွေ ခိုးသွားတဲ့ အဲဒီလူကို ကူညီပေးချင်နေတာလား။ ဒီလိုဆိုရင်တော့ ကျုပ်အတွက် တရားမျှတမှု ရှာဖို့ တခြားအစ်ကိုတွေ ခေါ်လိုက်ရင် ကျုပ်ကို အပြစ်လာမတင်ပါနဲ့ ”
မျက်ဆံနီလိပ်ကြီးက ပြုံးလျက် ရှိနေပြီး
“ ညီလေးပေါင်က ကျုပ်ကို နားမလည်တာလား။ ကျုပ်က ဘာလို့ အဲဒီလို အရာမျိုးကို လုပ်ရမှာလဲ။ ကျုပ်က ညီလေး ပြောတာကို သိတာပေါ့။ တကယ်လို့ ဒီက ညီလေးသာ ကျုပ်နေရာမှာ လိုက်လည်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဖိတ်ကြားတာထက်ကို ပိုပါတယ်။ ကျုပ် မျက်ဆံနီက အမြဲတမ်း ဧည့်ဝတ်ကျေပါတယ်။ မဟုတ်ရင် ပင်လယ်ကို သွားဖို့ ကျုပ်ပိုင်နက်ကနေ မိတ်ဆွေတွေ အများကြီး ဖြတ်သန်းသွားကြပါ့မလား။ တကယ်လို့ ဒီညီလေးက ဆန္ဒမရှိရင်လည်း နောက်တစ်ခါမှပေါ့ဗျာ ”
“ ဒီက ညီလေးကိုရော ဘယ်လိုခေါ်ရမလဲ ” မျက်ဆံနီလိပ်ကြီးက ပေါင်ပု၏ မှုန်မှိုင်းမှိုင်း အမူအယာကို သတိမပြုမိသည့်အလား မိုဝူကျိဘက် လှည့်ကာ မေးလိုက်သည်။
မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ “ မိုဝူကျိပါ …. ကျုပ်အတွက် ဝင်ပြောပေးတဲ့အတွက် အစ်ကိုကြီး မျက်ဆံနီကို ကျေးဇူးတင်ပါတယ် ”
“ မလိုပါဘူး။ ကျုပ် မျက်ဆံနီက အကျိုးအကြောင်းသင့်တဲ့ဘက်က လုပ်ပေးရုံပါ။ အခု ညီလေးမိုက ဘယ်နေရာကိုများ သွားမလို့လဲ။ တကယ်လို့ ကျုပ်နေရာမှာ လိုက်လည်ဖို့ စိတ်ဝင်စားရင် ခင်ဗျားကိုလည်း သေချာပေါက် ကြိုဆိုပါတယ် ” မျက်ဆံနီလိပ်ကြီးက ပြုံးကာ ပြောလိုက်သည်။
သူက မိုဝူကျိသည် သူ့နောက်လိုက်ရန် သေချာပေါက် တောင်းဆိုလိမ့်မည်ဟု ယုံကြည်နေသည်။ ထို့အပြင် မိုဝူကျိအနေနှင့် သွားဖို့ရာ နေရာ မရှိတော့ပေ။ သူ့နေရာအပြင် မိုဝူကျိ သွားသမျှ နေရာတိုင်း၌ ပေါင်ပု၏ အန္တရာယ် ရှိနေမည် ဖြစ်၏။
ပေါင်ပုက ကူကယ်ရာမဲ့သလို ခံစားလာရသည်။ သူက မိုဝူကျိသည် မျက်ဆံနီကို ရွေးချယ်မည်မှန်း သိလိုက်သည်။ အကယ်၍ မိုဝူကျိသာ မျက်ဆံနီနောက် လိုက်သွားလျှင် သူ့အတွက် ဤအဆင့် ၉ ဆေးလုံးဧကရာဇ် မိုဝူကျိအား ဖမ်းဆီးရန် ခက်ခဲပေလိမ့်မည်။
“ အစ်ကိုကြီး မျက်ဆံနီကို ကျေးဇူးအရမ်းတင်ပါတယ်။ ကျုပ်က သွေစောင်းပင်လယ်ဆီ သွားဖို့ ရည်ရွယ်ထားတာပါ။ ကျုပ်တို့ ပင်လယ်ဆက်ကြေးလည်း ပေးပြီးသွားပါပြီ။ ကျုပ် သွေစောင်းပင်လယ်က ပြန်ရောက်လာရင် ကျုပ် ကျေးဇူးတင်မှုကို ပြဖို့ အစ်ကိုကြီးဆီကို လာတွေ့ပါ့မယ် ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။
မျက်ဆံနီ လိပ်ကြီးက ခဏတာ ကြောင်အမ်းသွားလေ၏။
မိုဝူကျိက ပင်လယ်ထဲ ဆက်သွားဦးမှာလား …. မိုဝူကျိက သေချင်နေတာလား …
သို့သော်လည်း သူက ထိုစကားများကို ထုတ်ပြောပြီးပြီ ဖြစ်၍ နောင်တရဖို့ရာ အလွန်နောက်ကျသွားလေပြီ။
တစ်ဖက်တွင် ပေါင်ပုက ပျော်ရွှင်နေမိသည်။ သူက သူ့ညီအစ်ကိုတချို့ကို ဖိတ်ကြား၌ မျက်ဆံနီ လိပ်ကြီးကို ပြဿနာရှာန် ကြံရွယ်ထားပေသည်။ ပြောရမည်ဆိုလျှင် အဆင့် ၉ ဆေးလုံးဧကရာဇ်မှာ အံ့ဖွယ် တည်ရှိမှုမျိုး မဟုတ်ပါလော။ အနည်းဆုံးတော့ ဤကျွန်းပေါ်၌ မည်သည့် မဟာဧကရာဇ်တစ်ယောက်ကမှ လျစ်လျူရှုမထားနိုင်ပေ။
မိုဝူကျိက မျက်ဆံနီလိပ်ကြီး၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ယွမ်မိုအား ချိတ်ပိတ်ထားသော ကျောက်စိမ်းသေတ္တာ တစ်လုံးပေးကာ ပြောလိုက်သည် “ အစ်ကိုယွမ်ကို ဒါပေးထားလိုက်မယ်။ ကျုပ် ပစ္စည်းကို ယူဖို့ ကြေကွဲတောင်တန်းဆီ နောက်ကျ လာခဲ့မယ် ”
မိုဝူကျိက ပြောလိုက်ရင်း ယွမ်မို၊ ဟူချွန်းချွန်းနှင့် ကျင်းထျဲဟယ်တို့ဆီ စိတ်ဖြင့် ဆက်သွယ်ကာ
“ ခင်ဗျားတို့ကို သွေစောင်းပင်လယ်ကနေ စောင့်နေမယ်။ ကျုပ် ပေါင်ပုကို မျက်ခြေဖြတ်ပြီးတော့ ပြန်ဆက်သွယ်လိုက်မယ် ”
ဟူချွန်းချွန်းတို့က မိုဝူကျိအား အထိတ်တလန့်ဖြင့် ကြည့်လိုက်ကြသည်။ မိုဝူကျိက ဖြည်းဖြည်းချင်း ပင်လယ်ထွက်ပေါက်ဆီ ရောက်ရှိသွားလေ၏။ သူတို့က မယုံကြည်နိုင်သည့် အခြေအနေသို့ ကျရောက်နေဆဲ ဖြစ်သည်။ မိုဝူကျိက ပေါင်ပုသည် သူ့နောက် လိုက်လာမည်မှန်း ကောင်းကောင်း သိထားသော်လည်း သူက ပင်လယ်ထဲ တစ်ယောက်တည်း ဝင်သွားသေး၏။
သူ့သတ္တိက ကောင်းကင်တခွင် လွှမ်းခြုံနိုင်သည့်အထိ ကြီးမားနေသည်လား ….
မိုဝူကျိ ထွက်သွားသည်နှင့် ပေါင်ပုက လက်နှစ်ဖက် ယှက်ကာ “ အစ်ကိုကြီး မျက်ဆံနီ …. ကျုပ်လည်း ပင်လယ်ဘက်ကို မြင်ကွင်းတွေ သွားရောက်ခံစားလိုက်ဦးမယ်။ နှုတ်ဆက်ခဲ့ပါတယ် ”
ပေါင်ပုက ပြုမူဖို့ရာ စိတ်ထဲ မထားနေဘဲ မိုဝူကျိနောက် တန်းလိုက်လိုက်သည်။
ဟူချွန်းချွန်းတို့က ထွက်သွားဖို့ရာ အလျှင်မလိုကြပေ။ သူတို့က မျက်ဆံနီလိပ်ကြီးသည် သူတို့ကို မိုဝူကျိအကြောင်း မေးမြန်းမည် ဖြစ်ကြောင်း သေချာသိနေသည်။ သို့သော်လည်း ယွမ်မိုက အတော်လေး စိတ်လှုပ်ရှားနေမိသည်။ သူ့အနေနှင့် မိုဝူကျိက ပြောင်းလဲရေး တာအိုအသီးကို အရင်ပေးထားနှင့်လိမ့်မည်ဟု မထင်ထားပေ။ ထိုသည်က မိုဝူကျိအပေါ် အမြင်ပိုကောင်းသွားစေသည်။ သူက ကျောက်စိမ်းသေတ္တာကို မြန်မြန် စစ်ဆေးကြည့်လိုက်သည့်အခါ မည်သည့် စိတ်ဝိညာဉ် အမှတ်အသားမျိုးမှ ရှိမနေချေ။
ကံမကောင်းစွာဖြင့် သူက မိုဝူကျိအား နားမလည်ခဲ့ပေ။ အကယ်၍ မိုဝူကျိက စိတ်ဝိညာဉ်အမှတ်အသား ထားလိုလျှင် သူ့ကို မဆိုထားနှင့် ပေါင်ပုပင် သတိပြုနိုင်မည် မဟုတ်ပေ။
……………
မိုဝူကျိက ပင်လယ်ထဲ ဝင်လိုက်သည်နှင့် လေလွတ်မြောက်ရေး နည်းစနစ်ကို အမြင့်ဆုံးအထိ ထုတ်သုံးလိုက်သည်။ ခဏအကြာတွင် သူက ပင်လယ်အနက်ပိုင်း၌ လေပြေလေးအလား ပျောက်ကွယ်သွားလေသည်။
မိုဝူကျိက ပေါင်ပု လက်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးထားပေ။ သူသာ ပင်လယ်ထဲ ဝင်နိုင်သရွေ့ သူ့အနေနှင့် ပေါင်ပုအား စိတ်ထဲ ထည့်ထားစရာ မလိုတော့ပေ။ သူက ပင်လယ်ထဲ ရောက်သည်နှင့် နဂါးတစ်ကောင်လို ဖြစ်သွားလိမ့်မည်။ အကယ်၍ သူ့၏ မလုံလောက်သော စွမ်းရည်ကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် ပေါင်ပုအား လုပ်ကြံရန် သတ်ဖြတ်ရေး အစီအရင်တချို့ ခင်းကျင်းမိလိမ့်မည်။
ပေါင်ပု၏ လက်သီးချက်ကို ကြုံတွေ့ပြီးနောက် မိုဝူကျိက ပေါင်ပု၏ စွမ်းအားကို အတော်လေး အံ့အားသင့်နေမိသည်။ ပေါင်ပုက သူ သတ်လိုက်သော နတ်ဘုရားမျိုးနွယ်စု တာအိုဧကရာဇ်ထက်ပင် ပို၍ အားကောင်းနေသည်။ ဤသို့မျိုး အဆင့်မြင့် ပညာရှင်နှင့် ရင်ဆိုင်ရာ၌ တစ်ဖက်လူကို သတ်နိုင်မည်ဆိုလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိပေလိမ့်မည်။ ထို့အပြင် ဤသို့မျိုး နေရာ၌ ဒဏ်ရာအပြင်းအထန် ရရှိခြင်းက သေခြင်းတရားကို လက်ယက်ခေါ်နေခြင်းနှင့် အတူတူသာ ဖြစ်ပေသည်။ မိုဝူကျိက ဤသို့ တာအိုဧကရာဇ်အဆင့်မျိုးနှင့် သူ့အသက်ကို စတေးမလိုပေ။
ပေါင်ပုက မိုဝူကျိ နောက်မှ တန်းလိုက်လာသော်လည်း ပင်လယ်ထဲ ဝင်သွားသည်နှင့် သူက ကြောင်အမ်းသွားလေ၏။
မိုဝူကျိက ဘယ်ရောက်သွားတာလဲ …. ဘေးပတ်လည်၌ တည်နေရာလှိုင်းတွန့်လေးများပင် ကျန်ရှိမနေပေ။
သူ့ယခင် ရည်ရွယ်ချက်အရ မိုဝူကျိ၏ လွတ်မြောက်ရေး နည်းစနစ်က အားကောင်းနေလျှင်ပင် မိုဝူကျိအား လှိုင်းတွန့်လေးများမှ တဆင့် အာရုံခံနိုင်ပေလိမ့်မည်။ ယခု သူ့ရည်ရွယ်ချက်မှာ ဟာသတစ်ခုသာ ဖြစ်နေကြောင်း သတိပြုမိလိုက်တော့သည်။
မိုဝူကျိက ပင်လယ်အနက်ပိုင်းထဲ ရောက်သည်နှင့် မျည်းစောင်းပင်လယ်ကို သတိပြုမိပြီး သူ့စိတ်ထဲ၌ အံ့အားသင့်သွားသည်။ ကျောက်စိမ်းပေလွှာ၌ ဖော်ပြချက်နှင့် ယှဉ်ကြည့်လျှင် ဤစောင်းနေသည့် ရေမျက်နှာပြင်က အတော်လေး ကြီးကျယ်ခမ်းနားလှ၏။
ကမ္ဘာမြေတွင် ရှိစဉ်က ပင်လယ် မျက်နှာပြင်မှာ မျည်းကွေးသဏ္ဍာန်နှင့် တူပေသည်။ ကမ္ဘာမြေမှာ လုံးဝန်းသောကြောင့် ပင်လယ်မျက်နှာပြင်မှာလည်း စက်လုံးသဏ္ဍာန်နှင့် တူနေခြင်း ဖြစ်လိမ့်မည်။
ဤနေရာရှိ ပင်လယ်မှာ မျည်းစောင်းသဖွယ် ဖြစ်ကာ မျက်စိတဆုံးအထိ ရှည်လျားလှသည်။ ပင်လယ်မျက်နှာပြင်မှာ နေရောင်ကြောင့် တောက်ပနေပြီး အဆုံးမဲ့မှုနှင့် ကျယ်ပြောမှုကို ပေးစွမ်းလေ၏။
ပေါင်ပုက သူ့အား မရှာနိုင်သည်ကို သိသည်နှင့် မိုဝူကျိက ထွက်သွားဖို့ရာ အလျှင်မလိုနေပေ။ ယခု သူက ပင်လယ်ထဲ ရောက်နေပြီ ဖြစ်ကာ သွေစောင်း အာကာပြင် ပင်လယ်ကျွန်းဆီ ပြန်မသွားခင် အင်မော်တယ် ဧကရာဇ်အဖြစ် တက်လှမ်းရမည်။
နှစ်နာရီကြာမြင့်ပြီးနောက် မိုဝူကျိက ယွမ်မို၏ တည်နေရာကို ခံစားမိလာကာ အရှိန်ကို မြင့်လိုက်သည်။
ဤကျယ်ပြောလှသည့် ပင်လယ်ပြင်ထက်၌ မိုဝူကျိ၏ လေလွတ်မြောက်ရေး နည်းစနစ်မှာ ရေထဲမှ ငါးတစ်ကောင်အလား လျှင်မြန်စေ၏။ သူက ရေမျက်နှာပြင်ထက်မှ ဖြတ်လာရင်း အရိပ်အယောင် ဘာမှချန်ရစ်မထားခဲ့ပေ။
“ ငါတို့တွေ ညီလေးမိုဆီ သတင်းပို့သင့်တယ်မလား ” သွေစောင်းပင်လယ် အနက်ပိုင်းသို့ ဝင်ရောက်ပြီးနောက် ယွမ်မိုက အတွေးကို ထုတ်ပြောလိုက်တော့သည်။
ဟူချွန်းချွန်း လေသံမှာ မထူးမခြားနားဖြင့် “ အစ်ကိုကြီးယွမ်မို … အစ်ကိုကြီးမိုကို ပေါင်ပုက လိုက်ဖမ်းနေတာလေ။ ကျမတို့က သူ့ကို လှမ်းအကြောင်းကြားလိုက်ရင် မသင့်တော်ဘူးမလား ”
ဟူချွန်းချွန်း ထုတ်မပြောလိုက်သည့် စကားတစ်ခွန်း ရှိနေသေး၏။ အကယ်၍ ပေါင်ပုက မိုဝူကျိလက်ထဲ ကျရောက်သွားခဲ့လျှင် သတင်းစကားက ပေါင်ပုဆီသာ ရောက်သွားလိမ့်မည်။ ပေါင်ပု၏ အင်အားဖြင့် သူတို့သုံးယောက်မှာ ပူးပေါင်းတိုက်လျှင်ပင် လက်ရည်တူ မဟုတ်သေးပေ။
“ ဒါပေမဲ့ ဒီနေရာက လူလေးယောက်ဖွင့်ဖို့ လိုတယ်လေ ” ယွမ်မို၏ အကျင့်စရိုက်မှာ တည့်တိုးဆန်လှသည်။ သူက မိုဝူကျိ၏ ပြောင်းလဲရေး တာအိုအသီးကို လက်ခံထားသောကြောင့် သူတို့အနေနှင့် မိုဝူကျိကို စောင့်သင့်ပေသည်။
ဟူချွန်းချွန်းက တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် သူတို့ ဆက်သွယ်ရေး ပုတီးစေ့က ရုတ်တရက် ဆက်တိုက် ထလင်းလာသည်။
“ အစ်ကိုကြီးမိုက ငါတို့ကို ဘယ်နေရာမှာလဲလို့ မေးနေတာ ” ကျင်းထျဲဟယ်က တအံ့တဩ ရေရွတ်လိုက်သည်။ သူက မိုဝူကျိနောက်ကို ပေါင်ပု လိုက်နေသောကြောင့် မိုဝူကျိသည် သေဆုံးလောက်ပြီ ဖြစ်ကြောင်း တွေးနေမိသည်။ သူက မိုဝူကျိသည် အချိန်တိုလေးအတွင်း လှမ်းအကြောင်းကြားလိမ့်မည်ဟု မထင်ထားပေ။
“ အဲဒီ ပေါင်ပုက ရက်စက်ပြီးတော့ ဉာဏ်နီဉာဏ်နက်များတယ်။ သူက အစ်ကိုကြီးမိုကို ဖမ်းပြီးတော့ …. ”
ဟူချွန်းချွန်းက စကားဆုံးအောင် မပြောလိုက်ရသေးခင် မိုဝူကျိ၏ အသံက သူတို့နောက်မှ ထွက်ပေါ်လာသည် “ မင်းတို့တွေ အဝေးကြီး မရောက်သေးတာ ကံကောင်းလို့ပဲ … ”
“ အစ်ကိုကြီးမို ဘယ်လိုလုပ် ရောက်လာတာလဲ ” ကျင်းထျဲဟယ်အသံတွင် အံ့ဩမှုများ ပါဝင်နေသည်။ သွေစောင်းပင်လယ်မှာ ကျယ်ပြောလှသည် ဖြစ်ရာ သူတို့ကို အချိန်တိုလေးအတွင်း ရှာတွေ့နိုင်ဖို့ရာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။
မိုဝူကျိက သူတို့ဆီ ရောက်လာပြီ ဖြစ်ရာ ပြုံး၍ ပြန်ဖြေလိုက်သည်
“ ကျုပ် ကံကောင်းတာပေါ့။ ခင်ဗျားတို့ကို တည်နေရာ လှမ်းမေးတုန်း ဒီဘက်ကနေ လှိုင်းတွန့်လေးကို ခံစားမိလိုက်လို့လေ …. အဲဒါနဲ့ တစ်ချက် လာကြည့်ကြည့်တာ ခင်ဗျားတို့ ဖြစ်နေတာပဲ ”
ဟူချွန်းချွန်းက ရယ်မောလိုက်ပြီး မိုဝူကျိ တစ်ယောက် ကံကောင်းကြောင်း အမှန်တကယ် ယုံကြည်နေဟန် ပေါ်၏။ ထို့နောက် သူမက လွတ်လပ်စွာဖြင့် ပြောလိုက်သည်
“ အစ်ကိုကြီးမိုက အချိန်ကိုက် ရောက်လာတာပဲ။ ကျမတို့တွေ ရှင့်ကို ဘယ်လို ရှာရင်ကောင်းမလဲဆိုပြီး တွေးနေကြတာ …. အခု လေးယောက်လုံး စုံပြီဆိုတော့ နောက်ဆုံးတော့ အဆင်ပြေသွားတာပေါ့။ အခု ကျမက ဦးဆောင်လိုက်မယ်။ အစ်ကိုကြီး သုံးယောက်က ကျမနောက်ကနေ လိုက်ခဲ့ကြပါ … ”
ဟူချွန်းချွန်းက သူမ၏ ပျံသန်းရေး ရတနာကို အသက်သွင်းလိုက်သည်။ မိုဝူကျိကလည်း သူ့ပျံသန်းရေး ရတနာကို ထုတ်ကာ ဟူချွန်းချွန်းနောက် လိုက်သွားလိုက်သည်။
“ ညီလေးမို …” ယွမ်မိုက ပျံသန်းရေး ရတနာ ထိန်းချုပ်ရင်း မိုဝူကျိနောက်မှ လိုက်ပါလာသည်။ သူက တစ်ခုခု ပြောချင်နေဟန် ပေါ်၏။
မိုဝူကျိက ပြုံးကာ လက်ဝှေ့ပြလိုက်ပြီး “ အစ်ကိုယွမ် … နောက်ကျ ကျုပ် ခင်ဗျားရဲ့ ကြေကွဲတောင်တန်းဆီ လာလည်တဲ့အခါ ခင်ဗျားရဲ့ ဆေးပင်တွေကို ကြည့်ခွင့်ပေးလေ ”
“ ညီလေးမိုက တကယ်ကြီး အဆင့် ၉ ဆေးလုံးဧကရာဇ်လား ” ယွမ်မိုက တအံ့တဩ မေးလိုက်သည်။ သူက မိုဝူကျိသည် အခြေအနေမှ ရှောင်ထွက်ဖို့ရာ လုပ်ကြံပြောနေခြင်းဟု ထင်မှတ်မိခဲ့သည်။
“ ဟုတ်တယ်လေ …. ကျုပ်က အဆင့် ၉ ဆေးလုံးဧကရာဇ်လေ ” မိုဝူကျိက နှိမ့်ချခြင်း မရှိပေ။ ယွမ်မိုတို့က ပေါင်ပုထက် အလွန်အားနည်းပေသည်။ သူက သူတို့ကို ယှဉ်နိုင်လေရာ သူ့အနေနှင့် ဆက်လက်၍ သိုသိုသိပ်သိပ် နေစရာ မလိုတော့ပေ။
***