ချောင်းမြောင်းတိုက်ခိုက်မှု
Vol. 59 Ch. 818
နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီးမှာ ထိုသို့တွေးလိုက်ပြီနောက် အရှိန်မြှင့်တင်ကာ စခန်းထဲသို့ ဆင်းသက်လာ၏။ သူ၏ ပြန်လည်ရောက်ရှိလာမှုကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် စစ်တပ်တစ်ခုလုံးမှာ ဇဝေဇဝါဖြစ်သွားကြပြီး စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။ ထိုကျင့်ကြံသူများမှာ အတွေးများ ယောက်ယက်ခတ်နေကြပြီ ဖြစ်သည်။ မကြာသေးမီတုန်းကမှ ထိုခေါင်းဆောင်ကြီး ပြန်ရောက်လာခဲ့သည်ဖြစ်ပြီး ယခုတွင်လည်း သူနှင့်ပုံစံတူ နောက်ထပ်တစ်ယောက် ထပ်၍ ပေါ်ပေါက်လာသည် မဟုတ်ပါလော။
သို့ဖြစ်ရာ သူတို့မှာ အတုနှင့်အစစ် မခွဲနိုင်ကြတော့ပေ။ အကယ်၍ ပထမဆုံး ရောက်လာခဲ့သည့် တစ်ယောက်သာ အစစ် ဖြစ်နေမည်ဆိုပါက ကိစ္စမရှိပါသော်လည်း နောက်မှ ရောက်လာသည့် ကျင့်ကြံသူကြီးကသာ အစစ်ဖြစ်နေမည်ဆိုပါက သူတို့မှာ ဒုက္ခလှလှ တွေ့တော့မည်ဖြစ်သည်။
လူတိုင်း၏ အသိစိတ်ထဲ၌ ထိုကဲ့သို့သော အတွေးများ ပေါ်ပေါက်လာ၏။ လူအုပ်ကြီးတစ်ခုလုံးမှာ ရင်တထိတ်ထိတ် ဖြစ်နေရပြီ ဖြစ်သည်။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ သူတို့၏အမူအရာများ ပြောင်းလဲသွားသည်ကို ချက်ချင်း သတိထားမိလိုက်သောကြောင့် အန္တရာယ်တစ်ခုနှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရတော့သည်။
" မဟုတ်မှလွဲရော... " သူသည် အသက်ရှူသံများမြန်ဆန်လာပြီး သူ၏ နတ်ဘုရားအာရုံများနှင့် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ဝိညာဉ်စွမ်းအင်များမှာ လေပြင်းမုန်တိုင်းများကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားကြ၏။
" ဟို ဝက်ခေါင်း ငါ့ပုံစံ ရုပ်ဖျက်ခဲ့ပြီး စခန်းထဲကို ဝင်လာခဲ့တာများလား " သူ ရုတ်တရက်ဆိုသလို ထုတ်လွှတ်လိုက်သည့် ကျင့်ကြံခြင်းစွမ်းအားများနှင့် လေသံမာမာဖြင့် မေးလိုက်သည့် မေးခွန်းကြီးကြောင့် လူတိုင်း၏ အတွေးများထဲမှ သံသယစိတ်များအားလုံးမှာ ပျောက်ကွယ်သွားတော့သည်။ သူတို့မှာ ပထမဆုံး ရောက်ရှိလာခဲ့သည့် ခေါင်းဆောင်ကြီး ထိုကဲ့သို့သော စွမ်းအားများ ထုတ်မပြခဲ့သည်ကို ပြန်သတိရသွား၏။ ထို့ကြောင့် သူတို့မှာ ဖြစ်ကြောင်းကုန်စင်အား နားလည်သဘောပေါက်သွားကြပြီး တစ်ကိုယ်လုံး တုန်ရီသွားကြတော့သည်။
လူအုပ်ကြီးတစ်ခုလုံးမှာ အံ့သြတုန်လှုပ်နေရပြီ ဖြစ်သည်။ ထို လူအုပ်ကြီးထဲတွင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများလည်း ရှိနေ၏။ သူတို့မှာလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်နှာအမူအရာများဖြင့် ထိပ်လန့်ကြောက်ရွံ့နေသည့်ပုံ ဟန်ဆောင်နေကြသည်။ ဝမ်ပေါင်လဲ့ သူ၏ ပုံရိပ်ယောင်ပညာဖြင့် ဖန်တီးထားသည့် ကိုယ်ပွားအစစ်မှာလည်း ထို လူအုပ်ကြီးထဲတွင် ပုန်းကွယ်နေ၏။ သူသည် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီး၏ အနီးတွင် ရပ်နေသည်။ ထိုအချိန်တွင် သူသည် စိုးရိမ်ပူပန်ကာ တွေဝေတုံ့ဆိုင်းနေသည့် အမူအရာဖြင့် ထိုအဘိုးကြီးအား စကားပြောချင်နေသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် သူသည် ထိုအဘိုးကြီးဆီသို့ သွားကာ ဂါဝရပြုနိုင်ရန်အလို့ငှာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းရန် ပြင်လိုက်သည်။
သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ယောက်မှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီး ထုတ်လွှတ်လိုက်သည့် စွမ်းအားများကို မြင်လိုက်ရပြီး မေးမြန်းလိုက်သည့် မေးခွန်းတို့ကို ကြားလိုက်ရပြီးနောက် တစ်စုံတစ်ခုအား သတိရသွားသည့်ပုံပင်။ ထို့ကြောင့် သူသည် မျက်စိမျက်နှာပျက်သွားကာ အသံကုန်အော်ဟစ်လိုက်ပြီး နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးဆီသို့ ပြေးသွားလိုက်၏။ သူသည် လမ်းတစ်လျှောက်လုံးတွင် မရပ်မနား အော်ပြောနေခဲ့သည်သာ ဖြစ်သည်။
" ခေါင်းဆောင်ကြီး။ စောစောတုန်းက လူတစ်ယောက် ခေါင်းဆောင်ကြီးပုံစံ ဟန်ဆောင်ပြီးတော့ ဂိုဒေါင်ထဲကို ဝင်သွားခဲ့တာ။ သူက... " ထို ကျင့်ကြံသူ စကားမဆုံးနိုင်ခင်မှာပင် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ သူ ပြေးလာသည့်ဘက်သို့ ချာခနဲ လှည့်ကြည့်လိုက်ပြီး မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွားတော့သည်။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို သူ၏ ညာဘက်အားမြှောက်ကာ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် တိုက်ခိုက်လိုက်၏။
ထို တိုက်ကွက်ကြီး၏ ပြင်းအားမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလှပေသည်။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာမှုကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားရသည်။ ထို့နောက် လေပြင်းများ စတင်တိုက်ခတ်လာပြီး တိမ်တိုက်များ လူးလွန့်သွား၏။ နောက်ဆုံးတွင် တောင်တန်းများကိုပင် ကြေမွပျက်စီးသွားနိုင်သည့် စွမ်းအားတစ်မျိုးမှာ လက်ဖဝါးတစ်ခုအသွင် စုစည်းသွားကြပြီး ထို ယွမ်ယင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။
ထို တိုက်ကွက်ကြီးမှာ မြန်ဆန်လွန်းနေပြီး အရှိန်ပြင်းစွာ ကျရောက်လာခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့လျှင် ၎င်းအား အလွယ်တကူ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ယွမ်ယင်အဆင့် ကျင့်ကြံသူကြီးမှာဆိုလျှင် တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ထို့အပြင် သူနှင့် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ အလွန်အမတန်မှ နီးကပ်နေခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် ကောင်းကင်ယံထဲ၌ ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။ ယွမ်ယင်အဆင့် ကျင့်ကြံသူကြီးမှာမူ အော်ဟစ်ခွင့်ပင် မရလိုက်ဘဲ တစ်ကိုယ်လုံး ကြေမွပျက်စီးသွားပြီး ပြာပုံဘဝသို့ ရောက်ရှိသွားတော့သည်။ သူသည် ဇီဝိန်ချုပ်သွားရပြီ ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ထိုနေရာတွင် ရှိနေကြသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များ အားလုံးမှာ မှင်တက်သွားကြတော့သည်။ သူတို့မှာ အဘိုးကြီးနှင့် ဝေးရာသို့ ချက်ချင်းဆုတ်ခွာသွားကြ၏။ ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးပြူးကြီးများဖြင့် ပင့်သက်ရှိုက်မိသွားရသည်။ ကံကောင်းစွာဖြင့် သူသည် ထိုအဘိုးကြီး၏ အနီးသို့ ရောက်မသွားခဲ့ပေ။ သူ၏ ကိုယ်ပွားများမှာလည်း ထို အဘိုးကြီးဆီသို့ မသွားခဲ့ကြပေ။ သူသည် ထိုအဘိုးကြီး၏ လက်ဝါးရိုက်ချက်တစ်ချက်အား တောင့်ခံနိုင်စွမ်း ရှိနေလောက်ပါသော်လည်း ဒဏ်ရာအပြင်းအထန် ရသွားရမည်သာဖြစ်သည်။
" သူက တော်တော်လေးကို အကြင်နာတရား ကင်းမဲ့တာပဲဟ။ သူ့ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်နေရင်တောင် ဂရုစိုက်နေမှာ မဟုတ်ဘူး။ အကုန်လုံးကိုသတ်ပစ်မှာ " ဝမ်ပေါင်လဲ့မှာ ကြက်သေသေနေရပြီ ဖြစ်သည်။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာမူ မျက်စိမျက်နှာ ပျက်သွား၏။ သူသည် သူ သတ်ဖြတ်လိုက်သည့် ကျင့်ကြံသူကြီးမှာ ဝက်ခေါင်း၏ ကိုယ်ပွားတစ်ခု မဟုတ်သလို ဝက်ခေါင်းကိုယ်တိုင်လည်း မဟုတ်ကြောင်း သိလိုက်ရသည် မဟုတ်ပါလော။ ထိုကျင့်ကြံသူမှာ အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်နေ၏။
ထို့ကြောင့် သူသည် ပို၍ပင် မကျေမချမ်းဖြစ်လာရပြီး ဒေါသငယ်ထိပ်ရောက်သွားရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာသည်။ သူသည် သူ၏ကိုယ်ပွားများထဲမှ တစ်ခုအား ထိုအဘိုးကြီးဆီသို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။ ထိုအခါ ထို ကိုယ်ပွားမှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးဆီသို့ ပြေးသွားလိုက်ပြီးနောက် ဝမ်းနည်းပူဆွေးနေသည့် မျက်နှာအမူအရာနှင့် ဒူးထောက်ချကာ အော်ဟစ်ငိုကြွေးလိုက်တော့သည်။
" ခေါင်းဆောင်ကြီး။ ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ။ ဒါ ကျွန်တော်တို့ဘက်က ပေါ့လျော့မိတာမျိုး မဟုတ်ပါဘူး။ အကုန်လုံးက ဝက်ခေါင်းရဲ့ လက်ချက်တွေပါပဲ။ သူက ခေါင်းဆောင်ကြီးပုံစံဟန်ဆောင်ခဲ့ပြီးတော့ ... ဂိုဒေါင်တစ်ခုလုံးထဲက ပစ္စည်းတွေအားလုံးကို သိမ်းယူသွားခဲ့တာပါ "
" ဘာကွ " ထိုအဘိုးမှာ ထိုစကားလုံးများကို ကြားလိုက်ရသောအခါ မျက်လုံးများပြူးသွားပြီး ဝမ်ပေါင်လဲ့၏ ကိုယ်ပွားရှိရာသို့ လျှောက်လှမ်းလာတော့သည်။ သူသည် သူကြားလိုက်ရသည့် စကားများကြောင့် အံ့ဩတုန်လှုပ်သွားရသည်မှာ သိသာထင်ရှားပေသည်။
သူသည် သူတို့၏ စစ်ရိက္ခာများ ခိုးယူခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် နှလုံးသားထဲ၌ တဆစ်ဆစ် နာကျင်လာရတော့သည်။ ထို့ကြောင့် သူသည် ညည်းတွားကာ သူ၏ နတ်ဘုရားအာရုံအား ထပ်၍ ထုတ်လွှတ်လိုက်ပြီး ဂိုဒေါင်ဆီသို့ စေလွှတ်လိုက်၏။ သူသည် ထိုမြင်ကွင်းအား သူကိုယ်တိုင် အကဲခတ်ကြည့်ရှုရန် လိုအပ်ပေသည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး သူ၏လက်ထဲတွင်လည်း အနက်ရောင် ဓားမြှောင်တစ်လက် ပေါ်ပေါက်လာတော့သည်။ ထို့နောက် ၎င်းမှာ ထိုဓားမြှောင်ဖြင့် အဘိုးကြီး၏ ပေါင်အား လှမ်းထိုးလိုက်၏။
ထိုအခါ ထို ထူးဆန်းသည့် ဓားမြှောင်လေးမှာ အလိုအလျောက် ပေါက်ကွဲသွားသဖြင့် ထိုပေါက်ကွဲအားများကြောင့် အဘိုးကြီးအား လွှမ်းခြုံထားသည့် အကာအရံများမှာလည်း ပေါက်ကွဲပျက်စီးသွားကြတော့သည်။ ထို့ကြောင့် ထိုဓားမြှောင်လေးမှာလည်း သူ၏ ခန္ဓာကိုယ်ထဲသို့ တန်းတန်မတ်မတ် စိုက်ဝင်သွား၏။ ထို့နောက် အဆိပ်များမှာ ထိုဒဏ်ရာထဲမှတစ်ဆင့် အဘိုးကြီး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြသည်။ အဖြစ်ပျက်အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် မည်သူကမှ တုံ့ပြန်ချိန်မရလိုက်ပေ။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာမူ မျက်လုံးများပြူးသွားပြီး ဒေါသတကြီးနှင့် ခေါင်းမော့ကာ အသံကုန် အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ထို့နောက် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်လွှတ်ကာ လေပြင်းမုန်တိုင်းတစ်ခု ဖန်တီးလိုက်ပြီး ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွားစေလိုက်၏။
ထိုတိုက်ကွက်ကြီးကြောင့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ပြာကျသွားပြီး အဘိုးကြီး၏ ပတ်ပတ်လည်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင်များမှာလည်း ဆူညံပွက်လော ရိုက်သွားကြတော့သည်။ ဝမ်ပေါင်လဲ့ သူ၏ ပုံရိပ်ယောင်ပညာရပ်ဖြင့် ဖန်တီးထားသည့် မူရင်းကိုယ်ပွားမှာမူ အခြား အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများ၏ ကြား၌ သူတို့နည်းတူ ဆွံ့အမှင်တက်ကာ အမျက်ချောင်းချောင်းထွက်နေသည့် အမူအရာဖြင့် ရပ်နေ၏။ အဘိုးကြီးမှာမူ အဆက်မပြတ်အော်ဟစ်မြည်တမ်းနေပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများဖြင့် ဖန်တီးထားသော လေပြင်းမုန်တိုင်းကြီးများမှာလည်း ခန်းမကြီးထဲ၌ အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်နေဆဲပင်။ ထိုသို့ဖြင့် ရှိသမျှ လူများအားလုံး ယောက်ယက်ခတ်ကာ သွေးရူးသွေးတန်း ဖြစ်နေကြစဉ် လေထဲ၌ ပေါက်ကွဲသံ အကျယ်ကြီးများ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။
မြေပြင်ကြီးမှာလည်း သိမ့်သိမ့်တုန်နေပြီး စခန်းကြီးတစ်ခုလုံးမှာလည်း ခါယမ်းနေ၏။ ပေါက်ကွဲသံများမှာ နေရာအနှံ့မှ ထွက်ပေါ်လာနေပြီး စခန်းတစ်ခုလုံးထဲ၌ ပြည့်နှက်သွားကြသည်။ ဝိညာဉ်စွမ်းအင်လှိုင်းများမှာလည်း တစ်ခုနှင့်တစ်ခု ရိုက်ခတ်ကာ ပေါင်းစည်းသွားကြပြီး ဧရာမ စွမ်းအင်လှိုင်းကြီးများအဖြစ် ပြောင်းလဲသွားကြ၏။ ထို့ကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ အဆက်မပြတ် တုန်ရီနေတော့သည်။ ထိုအချိန်တွင် စစ်တပ်စက်လုံး လေးလုံးမှာ ပေါက်ကွဲသွားပြီးနောက် လေထဲမှ ပြုတ်ကျလာကြပြီး မြေပြင်ပေါ်၌ တစ်စစီ ကြေမွပျက်စီးသွားကြ၏။
စစ်စခန်းတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်နေပြီ ဖြစ်သည်။ ထိုကဲ့သို့ အရာအားလုံး ဗြောင်းဆန်နေစဉ် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်မှာ စိုးရိမ်တကြီး ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးဆီသို့ ပြေးလာ၏။ ထို အဘိုးကြီး သူ၏ ပတ်ပတ်လည်ရှိ ပေါက်ကွဲမှုများကြောင့် ပေါ်ပေါက်လာရသည့် အပျက်အစီးများနှင့် စစ်တပ်စက်လုံးပေါင်း မြောက်မြားစွာ ကြေမွပျက်စီးသွားရသည့် မြင်ကွင်းများကို ကြည့်ရင်း ဆွံ့အမှင်တက်နေစဉ် ထို အဆုံးမဲ့မျိုးနွယ်စုဝင်မှာ အနက်ရောင်ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ ထို နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးအား လှမ်းထိုးလိုက်တော့သည်။
" နောက်ထက် ချောင်းမြောင်းတိုက်ခိုက်မှု တစ်ခုပါလား " နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ နောက်သို့ ဆက်ခနဲလှည့်ကြည့်လိုက်ပြီး မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပသွား၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်အား ဆန့်ထုတ်ကာ ထို ချုံခိုတိုက်ခိုက်သူအား ဖမ်းဆီးလိုက်သည်။ ထိုအချိန်တွင် နောက်ထပ် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်မှာ သူ့ဆီသို့ ပြေးလာပြန်သည်။ သူသည်လည်း အနက်ရောင် ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ သူ့အား လှမ်းထိုးလိုက်၏။
ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်းမရှိသေးပေ။ ခပ်လှမ်းလှမ်းတွင် စတုတ္ထမြောက် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်မှာ ရုပ်ခြည်းဆိုသလို အသိစိတ်ပျောက်သွားသကဲ့သို့ ဖြစ်သွား၏။ သို့သော် သူသည် အဘိုးကြီးဆီသို့ ပြေးကာ သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားနေခြင်း မဟုတ်ဘဲ အခြားတစ်ဖက်သို့လှည့်ကာ ထွက်ပြေးသွားခြင်း ဖြစ်သည်။ သူသည် ဖရိုဖရဲဖြစ်နေသော စခန်းထဲမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားနေသည့် ပုံပင်။
ထိုအဖြစ်အပျက်များကြောင့် အခြား အဆုံးမဲ့မျိုးနွယ်စုဝင်များမှာလည်း ကြက်သေသေသွားရတော့သည်။ သူတို့မှာ ဆွံ့အမှင်တက်ကာ ငေးငိုင်နေကြစဉ် သူတို့၏ ခေါင်းဆောင်ကြီးအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားအားထုတ်နေသည့် လူများနှင့် ထွက်ပြေးရန် ကြိုးစားနေသည့် လူတစ်ယောက်အား မြင်လိုက်ရသည် မဟုတ်ပါလော။ ထို့ကြောင့် နောက်ဆုံးတွင် သူတို့မှာ ဒေါသတကြီး အော်ဟစ်လိုက်ကြပြီးနောက် စဉ်းစားတွေးတောမနေတော့ဘဲ အဝေးသို့ ထွက်ပြေးသွားသည့် ကျင့်ကြံသူ၏နောက်သို့ ပြေးလိုက်သွားကြတော့သည်။
အဘိုးကြီးမှာ သူ ဖမ်းမိခဲ့သည့် ကိုယ်ပွားအား သတ်ဖြတ်ချေမှုန်းလိုက်ပြီးနောက် သူ၏အနီးသို့ ချဉ်းကပ်လာသည့် တတိယမြောက် ကိုယ်ပွားကိုလည်း ထိုနည်းတူပင် သုတ်သင်ရှင်းလင်းလိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့လာပြီး အဝေးသို့ ထွက်ပြေးသွားနေသည့် ကျင့်ကြံသူအား လှမ်းကြည့်လိုက်၏။ အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ထိုကျင့်ကြင်သူအား လိုက်လံဖမ်းဆီးနေကြပြီဖြစ်သည်။ ထိုအချိန်တွင် ထိုအဘိုးကြီး၏ ဘေးမှ ဖြတ်သွားသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များထဲမှ တစ်ယောက်မှာ အနက်ရောင် ဓားမြှောက်တစ်လက်ဖြင့် ထိုအဘိုးကြီးအား ထပ်၍ လှမ်းထိုးလိုက်ပြန်သည်။
အဘိုးကြီးမှာ သတိဝီရိယအပြည့် ရှိနေသည့်တိုင်အောင် ထို ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် အငိုက်မိသွားရဆဲပင်။ ထို ဓားမြှောင်မှာ သူ၏လက်မောင်းထဲသို့ စိုက်ဝင်သွား၏။ ထို့ကြောင့် အဆိပ်များမှာ အဘိုးကြီး၏ ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်သွားသဖြင့် သူသည် အသံကုန် အော်ဟစ်မြည်တမ်းလိုက်ရပြန်သည်။
" ငါ မင်းကို သတ်မယ် " သူသည် သူ၏ လက်အောက်ငယ်သားများအား သတ်မိသလို ဖြစ်သွားမည်ကိုပင် ဂရုစိုက်နေခြင်းမရှိတော့ပေ။ သူသည် သူ၏ ပတ်ပတ်လည်တွင် လေပြင်းမုန်တိုင်းများကို ဖန်တီးလိုက်ပြီး သူ၏အနီးသို့ ရောက်လာသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များ အားလုံးကို သတ်ဖြတ်ပစ်လိုက်၏။ ထို့ကြောင့် သူ၏ ပေတစ်ထောင် ပတ်ပတ်လည်တွင် သွေးစသွေးနများနှင့် လူသေအလောင်းများသာ ကျန်ရစ်ခဲ့တော့သည်။ ထို့နောက် အဘိုးကြီးမှာ ရှေ့သို့ပြေးထွက်သွားပြီး အဝေးသို့ ထွက်ပြေးသွားနေသော ကျင့်ကြံသူ၏နောက်သို့ ပြေးလိုက်သွား၏။ အခြား အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများမှာမူ သူတို့၏ ရှေ့ရှိ အနိဋ္ဌာရုံမြင်ကွင်းများကိုကြည့်ရင်း သွေးပျက်ချောက်ချားသွားကြသည်။ မည်သူကမှ ထိုအဘိုးကြီး၏ အနီးသို့ မသွားရဲကြတော့ပေ။
ဝမ်ပေါင်လဲ့၏ ကိုယ်ပွားအစစ်မှာမူ ထို ကျင့်ကြံသူများ၏ ကြား၌ ပုန်းကွယ်နေဆဲပင်။ သူ အသုံးပြုခဲ့သည့် ကိုယ်ပွား ငါးခုစလုံးမှာ သူ၏ မူလကိုယ်ပွားမှတစ်ဆင့် ဖန်တီးထားသည့် အဆင့်နိမ့်ကိုယ်ပွားများသာ ဖြစ်ပေသည်။ သူ၏ ကိုယ်ပွားအစစ်မှာ ကြောက်ရွံ့တုန်လှုပ်နေသည့်ပုံ ပေါက်နေ၏။ သူသည် သူ၏ ရဲဘော်ရဲဘက်များနည်းတူ အသားများ တဆတ်ဆတ် တုန်ရီနေပြီး သွေးပျက်နေသည့်ပုံစံ ဟန်ဆောင်နေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်မူ သူ့ကိုယ်သူ အားရကျေနပ်နေပြီဖြစ်သည်။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ အစွမ်းထက်ပါသော်လည်း ဖြတ်ထိုးဉာဏ်သိပ်မကောင်းပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မည်သူမှ သတိမထားမိအောင် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။
ထိုအခါ သူ စခန်းထဲ၌ ဖွက်ထားခဲ့သည့် အလိုအလျောက် ပေါက်ကွဲနိုင်သော ပုတီးစေ့များမှာ ချက်ချင်း ပေါက်ကွဲသွားကြတော့သည်။ ထို ပေါက်ကွဲမှုများကြောင့် အရာအားလုံးမှာ တုန်ရီသွားရ၏။ စစ်တပ်စက်လုံးကြီး သုံးလုံးမှာလည်း ပေါက်ကွဲပျက်စီးသွားပြီး မြေကြီးပေါ်သို့ပြုတ်ကျလာ၏။ ၎င်းတို့မှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးအား တားဆီးနိုင်ရန် ကြိုးစားနေသည်ပုံပင်...
နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီးမှာ လမ်းတစ်လျှောက်တွင် အတားအဆီး တစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရသောကြောင့် နောက်ဆုံးတွင် သည်းခံနိုင်စွမ်းမရှိတော့ပေ။ ထို့ကြောင့် သူသည် မည်သည့်အရာကိုမှ ဂရုစိုက်မနေတော့ပဲ အရှိန်မြှင့်တင်လိုက်သဖြင့် သူ လိုက်လံဖမ်းဆီးနေခဲ့သည့် ကိုယ်ပွားအား ချက်ချင်းပင် လိုက်မီသွားတော့သည်။
" သေပေတော့ "