ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်၏ အပြိုအပျက်
Vol. 58 Ch. 798
ယွမ်မိုက ဘာမှ ထပ်မမေးတော့ပေ။ ထို့အစား သူက မိုဝူကျိဆီ သိုလှောင်လက်စွပ်ကို ပေးကာ
“ ညီလေးမို …. ဒါက ကျုပ် ရှာတွေ့ထားတဲ့ အင်မော်တယ်ဆေးပင်တချို့ပါ။ ခင်ဗျားပေးထားတဲ့ အသီးအတွက်ပေါ့။ တကယ်လို့ ခင်ဗျားဆီမှာ ဆေးလုံးတချို့ ရှိနေရင် ကျုပ်ကို တစ်ပုလင်း၊ နှစ်ပုလင်းလောက် ပေးလို့ ရတယ်နော် ”
ယွမ်မိုက တည့်တိုးဆန်လှသော်လည်း အရူး မဟုတ်ပေ။ ပြောရလျှင် သူက အတွေ့အကြုံ ကြွယ်ဝလှသည်။ မိုဝူကျိနှင့် ဆက်ဆံနေရသည့် အချိန်လေးအတွင်း သူက မိုဝူကျိသည် ဟူချွန်းချွန်းကဲ့သို့ မဟုတ်ကြောင်း သိလိုက်သည်။ မိုဝူကျိလို လူမျိုးနှင့် ဆက်ဆံရာ၌ လှည့်စားနေ၍ မဖြစ်ပေ။ ထို့အစား လေးလေးနက်နက်နှင့် ဆက်ဆံပေးရမည်။ မိုဝူကျိက သူ့အား ပြောင်းလဲရေး တာအိုအသီး ပေးထားသည် ဖြစ်ရာ သူက မသိချင်ယောင်ဆောင်နေလျှင် သူက နောက်ထပ် လီချူး ဖြစ်သွားပေလိမ့်မည်။
အကယ်၍ မိုဝူကျိလို လူမျိုးရှေ့မှောက်၌ စိတ်ရင်းအမှန်ကို ပြသလျှင် မိုဝူကျိက သူ့ကို ဆိုးကျိူးဖြစ်စေမည် မဟုတ်ကြောင်း သေချာသိနေ၏။
တွဲဖက်သုံးယောက်ထဲ၌ မိုဝူကျိက ယွမ်မိုအပေါ် အမြင်အကောင်းဆုံး ဖြစ်ပေသည်။ သူက ဟူချွန်းချွန်းကဲ့သို့ ဉာဏ်မများသလို ကျင်းထျဲဟယ်ကဲ့သို့လည်း လောကွတ်မချော်ချေ။ ထိုမျှတင် မကသေးဘဲ ယွမ်မိုက အခြေအနေနှင့် အချိန်အခါကို လိုက်၍ မည်သို့ ပြုမူရမည်ကို သိပေသည်။
မျှော်လင့်ထားသည့်အတိုင်း သူက ပြောင်းလဲရေး တာအိုအသီးအကြောင်း ထုတ်မပြောရသေးသော်လည်း ယွမ်မိုက အရင်ဦးစွာ သိုလှောင်လက်စွပ် လာပေးနေသည်။
မိုဝူကျိ၏ စိတ်စွမ်းအားက ယွမ်မို၏ သိုလှောင်လက်စွပ်ဆီ ကျရောက်သွားသည့်အခါ အဆင့်မြင့် အင်မော်တယ်ဆေးပင် အမြောက်အမြားကို တွေ့လိုက်ရသည်။ ထို့အပြင် အဆင့်နိမ့်ဆုံး ဆေးပင်များပင် အဆင့် ၈ ဖြစ်နေ၏။ ယခင် သူက ပေါင်ပုအား လီချူးဆီမှ ဧကရာဇ်တာအိုအသီး ငါးလုံး ခိုးယူခဲ့သည့်အကြောင်း စွပ်စွဲခဲ့သည်။ ယခုတွင်မူ ယွမ်မို၏ လက်စွပ်အတွင်း ဧကရာဇ် တာအိုအသီး နှစ်လုံးကို အမှန်တကယ် တွေ့လိုက်ရသည်။
ဧကရာဇ်တာအိုအသီး တစ်လုံးပင် အင်မော်တယ်လောက တစ်ခုလုံး၌ ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေဖို့ရာ လုံလောက်ပေသည်။ သို့သော် ယခုအခါ ယွမ်မိုက သူ့အား တစ်ခါတည်းဖြင့် နှစ်လုံး ပေးနေသည်။ ထာဝရ တော်ဝင်ဝါးပင်နှင့် ဧကရာဇ်ဖွေရှာ နှလုံးသားပန်းကဲ့သို့သော ရှားပါးဆေးပင်များကိုလည်း ယွမ်မို၏ လက်စွပ်အတွင်း တွေ့ရှိနိုင်ပေသည်။
မိစ္ဆာမျိုးနွယ်အတွက် ပြောင်းလဲရေး တာအိုအသီးမှာ ပြိုင်ဖက်ကင်း ရတနာ ဖြစ်သော်လည်း မိုဝူကျိအတွက် ထိုမျှတန်ဖိုး မရှိပေ။ မိုဝူကျိက ပြောင်းလဲရေး တာအိုအသီးကို ယွမ်မိုဆီ ပေးထားပြီးသား ဖြစ်သော်လည်း ယွမ်မိုက သူ့အား ပစ္စည်းကောင်းများစွာ ပေးနေသေးသည်။ ယွမ်မိုက သူနှင့် မိတ်ဆွေဖြစ်လိုသည်မှာ သိသာလှသည်။ ထိုအရာက ယွမ်မိုသည် စိတ်ထားကောက်ကျစ်တတ်သည့် သူ မဟုတ်ဘဲ မိတ်ဆွေဖွဲ့ဖို့ရာ ထိုက်တန်သည့်သူ ဖြစ်ကြောင်း ပြသနေလေ၏။
မိုဝူကျိက သိုလှောင်လက်စွပ်ကို သိမ်းကာ လက်နှစ်ဖက် ယှက်လျက် ပြောလိုက်သည် “ အစ်ကိုယွမ်လိုမျိုး မိတ်ဆွေ တကယ်ကို မိတ်ဆွေဖွဲ့ထိုက်တယ်။ ကျုပ် ဆေးဖော်စပ်ပြီးသွားတာနဲ့ အစ်ကိုယွမ်ကို ဆေးလုံးတချို့ ပေးဖို့ ဖိတ်ကြားလိုက်ပါ့မယ် … ”
သူ့ထာဝရ ကမ္ဘာငယ်လေးမှာ မပြီးပြည့်စုံသေးပေ။ လီချူး၏ ရေကန်မှာလည်း ဖယ်ရှား၍ မရပေ။ သူက ယွမ်မိုနှင့် မိတ်ဆွေဖွဲ့လိုက်ပြီ ဖြစ်၍ ယွမ်မိုအား သူ့နေရာဆီ ဖိတ်ကြား၍ ခန္ဓာကိုယ် လေ့ကျင့်နိုင်ရန် ကူညီပေးနိုင်ပေသည်။
“ ညီလေးမို ကျေးဇူးတင်ပါတယ်။ ညီလေးမိုရဲ့ ဖိတ်ကြားချက်ကို ရတာ ကျုပ် ယွမ်မိုအတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ ” ယွမ်မိုက မိုဝူကျိ စကားကို ကြားလိုက်သည့်အခါ ပျော်ရွှင်မိသွားသည်။
သူက မိုဝူကျိ တစ်ယောက် လောကွတ်ချော်နေသည်ဟု မထင်ပေ။ သူက လီချူး၏ ရေကန်ဆီ တစ်ခါမှ မရောက်ဖူးပေ။
ဟူချွန်းချွန်းနှင့် ကျင်းထျဲဟယ်တို့က မိုဝူကျိနှင့် ယွမ်မိုတို့က အလဲအလှယ် လုပ်ပြီးသွားကြောင်း သိလိုက်ကြသည်။ သို့သော်လည်း ထိုကိစ္စမှာ သူတို့နှင့် မသက်ဆိုင်ပေ။ အားလုံးက ဤရတနာသုံးသွယ် ဗုဒ္ဓ ဧကရာဇ်၏ အပြိုအပျက်ကို ဖွင့်နိုင်လျှင် လုံလောက်ပေသည်။
အဖွဲ့လိုက် ခရီးဆက်လာကြရင်း မိုဝူကျိက သွေစောင်းပင်လယ်၏ ကျယ်ပြောမှုကို မအံ့ဩဘဲ မနေနိုင်တော့ချေ။ သူတို့က ဆယ်ရက်ကျော်လောက် သွားလာပြီးနောက် ယွမ်မိုဆီမှ စကားအရ သူတို့အနေနှင့် သွေစောင်းပင်လယ် နယ်နမိတ်နှင့် အရမ်းအလှမ်းကွာနေသေး၏။
နောက်ထပ် ငါးရက်တာ ထပ်မံကုန်ဆုံးသွားပြီးနောက် ဟူချွန်းချွန်းက ရပ်တန့်လိုက်ပြီး ကျန်လူများကို လှည့်ပြောလိုက်သည် “ ကျမတို့ ရောက်ပြီ။ အားလုံး ပျံသန်းရေး ယာဉ်တွေကို သိမ်းလိုက်ကြပါ။ ပြီးရင် ကျမနဲ့အတူတူ ဆက်သွားရအောင် ”
မိုဝူကျိက ဟူချွန်းချွန်းအား သံသယဖြင့် ကြည့်လိုက်သည်။ သူက ဟူချွန်းချွန်းသည် ဤတည်နေရာကို မည်သို့ ရှာတွေ့မှန်း မသိပေ။ ဤသည်မှာ သွေစောင်းပင်လယ်အတွင်းမှ သာမာန်နေရာတစ်ခု ဖြစ်ပြီး ထူးခြားချက် မရှိနေပေ။
ဟူချွန်းချွန်း၏ နောက်အပြုအမူက မိုဝူကျိ၏ သံသယများကို ပြေပျောက်သွားစေသည်။ သူမက ကျောက်စိမ်း သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်သည်။
မိုဝူကျိ၏ စိတ်စွမ်းအားက ထိုကျောက်စိမ်း သံလိုက်အိမ်မြှောင်ဆီ ရောက်ရှိသွားသည့်အခါ ဤနေရာကို ညွှန်ပြနေကြောင်း သိလိုက်ရသည်။
ဟူချွန်းချွန်းက ဘာမှထပ်မပြောတော့ဘဲ ကျောက်စိမ်း သံလိုက်အိမ်မြှောင်လေးကို အသက်သွင်းလိုက်သည်။ ကျောက်စိမ်း သံလိုက်အိမ်မြှောင်လေးမှာ မှိန်ဖျော့ဖျော့ အလင်းတန်း ထွက်ပေါ်လာသည်နှင့် သူတို့ဘေးပတ်လည်မှ ပင်လယ်ရေများမှာ အစီအရင်ဂိတ်တံခါး ပွင့်သွားသည့်အလား တွန်းထုတ်သလို ခံလိုက်ရသည်။
ဟူချွန်းချွန်းက တုံ့ဆိုင်းမနေဘဲ အစီအရင်ဂိတ်တံခါးထဲ ခုန်ဝင်လိုက်သည်။ မိုဝူကျိတို့လည်း နောက်မှ ကျန်မနေဘဲ သူမနောက်မှ လိုက်သွားကြသည်။
မိုဝူကျိက အစီအရင်ဂိတ်တံခါးထဲ ဝင်လိုက်သည်နှင့် သူ့အောက်ခြေမှ “ဟာခနဲ” ခံစားချက်ကို ရလိုက်သည်။ သို့သော် သူက ဘေးပတ်လည်ကို စစ်ဆေးမကြည့်နိုင်ခင် သူ့ခြေထောက်မှာ မြေပြင်သို့ ရောက်ရှိသွားလေ၏။
သူ့အောက်တွင် ရှိနေသော အစီအရင်ဂိတ်တံခါးမှာ ဖန်ပြင်သဖွယ် ပြောင်းလဲသွားပြီး ထိုပိတ်ကားချပ် မျက်နှာပြင်မှာ ရေနှင့် လုပ်ထားသလို ဖြစ်နေသည်။ သူတို့ရှေ့မှောက်၌ ရွှေရောင်အုတ်များဖြင့် ထုထွင်းထားသည့် လမ်းကြောင်းလေး ပေါ်လာသည်။ ထိုလမ်းကြောင်းမှာ သုံးမီတာမျှ ကျယ်ဝန်းပြီး အကွာအဝေးတစ်ခုအထိ ရှည်လျားပေ၏။ မိုဝူကျိက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းသာ ချလိုက်တော့သည်။ ဘာကိုမှ ပြောနေစရာ မလိုတော့ဘဲ ဘေးပတ်လည်မှ ရွှေရောင်အုတ်ချပ် အမြောက်အများကို ကြည့်ရုံဖြင့် အလွန်အံ့ဩဖို့ ကောင်းကြောင်း သိနိုင်ပေသည်။
ဟူချွန်းချွန်းက သူတို့အောက်မှ ရေသားပြင်ကို ညွှန်ပြကာ ပြောလိုက်သည်
“ အဲဒါ ထွက်လမ်းပဲ။ တကယ်လို့ အဲဒီ ရေသားပြင်ကို ဖြတ်လိုက်တာနဲ့ သွေစောင်းပင်လယ် ရေမျက်နှာပြင်ပေါ် ပြန်ရောက်သွားလိမ့်မယ်။ ကျမရဲ့ ကျောက်စိမ်း သံလိုက်အိမ်မြှောင် မပါရင် ဘယ်သူမှ ဝင်လို့ ရမှာ မဟုတ်ဘူး။ ဒါက ကျမဘာသာ အမွန်းတင်နေတာတော့ မဟုတ်ပါဘူး။ ကျမ ဟူချွန်းချွန်းက အစ်ကိုကြီးတွေကို ဖိတ်ကြားခဲ့မှတော့ အားလုံး ညီတူညီမျှ ခွဲဝေယူကြမယ်။ ကျမတို့ မစတင်ခင် အရင်ဆုံး သေသေချာချာ ရှင်းအောင် ပြောဖို့ လိုတယ်လေ … ”
“ ညီမ ချွန်းချွန်း ပြောပါ ….” ကျင်းထျဲဟယ်က အရင်ဦးစွာ ပြန်ဖြေလိုက်သည်။ သူ့လေသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေဟန် ပေါ်ပြီး ရတနာသုံးသွယ် ဗုဒ္ဓ ဧကရာဇ်၏ တည်နေရာ ဖြစ်ကြောင်း တွေးမိ၍ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤချမ်းသာကြွယ်ဝမှုဖြင့် သူက အရှင်မဟာဧကရာဇ် ရှစ်ပါးထက် အားမနည်းသည့် တည်ရှိမှုမျိုး ဖြစ်လာနိုင်သည် မဟုတ်ပါလော။
“ ဒါက ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်ရဲ့ နေရာအမှန်ပဲ။ ဒါပေမဲ့ ကျမတောင် သူ ဘာတွေချန်ထားခဲ့တယ်ဆိုတာကို မသိသေးဘူး။ အဲဒါကြောင့်မလို့ ကျမတို့ ဒီအထဲကို ဝင်ပြီး မရှာခင် ရှာတွေ့တဲ့ ရတနာတွေကို ဘယ်လိုခွဲမှာလဲဆိုတာ ဆွေးနွေးဖို့ လိုတယ် ” ဟူချွန်းချွန်းက ဆက်ပြောလိုက်သည်။
ယွမ်မိုက ခေါင်းညိတ်ကာ “ ညီမချွန်းချွန်း ပြောတာ မှန်တယ်။ ဒီလိုကိစ္စမျိုးက မလုပ်ခင် ဆွေးနွေးသင့်တယ်။ ဒီနည်းနဲ့ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် မလိုမုန်းထားမှုကိုလည်း ရှောင်ရှားနိုင်တယ် ”
ဟူချွန်းချွန်းက မိုဝူကျိဘက် လှည့်ကာ “ အစ်ကိုကြီးမိုရော ဘယ်လိုထင်လဲ ”
မိုဝူကျိက ပြုံးကာ
“ ကျုပ်တို့တွေ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ဆွေးနွေးသင့်တာကို သဘောတူပါတယ်။ ဒီလိုရော ဘယ်လိုလဲ …. ကျုပ်တို့တွေ ဝေမျှယူနိင်မဲ့အရာတွေကိုတော့ ညီတူညီမျှ ခွဲကြမယ်။ အခြားအရာတွေကိုတော့ ကျုပ်တို့ရဲ့ ကံတရားအပေါ် မူတည်ပြီး ရယူတာပေါ့။ ညီမချွန်းချွန်းက ဦးဆောင်လာတဲ့သူဆိုတော့ ကျုပ်တို့တွေ ခွဲတဲ့အချိန်ကျရင် အနည်းငယ် ပိုယူပေါ့ ”
“ ကျုပ်လည်း ညီလေးမိုစကားကို ထောက်ခံတယ် ” ယွမ်မိုက အရင်ဦးစွာ ပြောလိုက်သည်။
“ ကျုပ်လည်း သဘောတူတယ် ” ကျင်းထျဲဟယ်လည်း မြန်မြန် ပြောလိုက်သည်။
ဟူချွန်းချွန်းက သုံးယောက်လုံးကို ဦးညွှတ်ကာ “ အဲဆို အစ်ကိုကြီးသုံးယောက်လုံးကို အရင်ကျေးဇူးတင်ထားလိုက်ပါ့မယ်။ အခု ဒီလမ်းကြောင်း ဆုံးတဲ့အထိ သွားကြစို့ ”
လက်တွေ့၌ ဟူချွန်းချွန်းသည် သူမအနေနှင့် မိုဝူကျိတို့ကို ခေါ်မလာလျှင် ဤရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်၏ နေရာကို ဘယ်သောအခါမှ ဖွင့်နိုင်မည် မဟုတ်မှန်း ကောင်းကောင်း သိထားသည်။ ဤနေရာသို့ ရောက်လာခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
ရွှေရောင်လမ်းကြီးက မီတာထောင်ချီ ရှည်လျားပေသည်။ မိုဝူကျိက ဦးဆောင်၍ သူ့စိတ်စွမ်းအားကိုလည်း အဆက်မပြတ် ဖြန့်ကျက်လာသည်။ မကြာခင် သူက လမ်းတစ်ခုလုံး၌ သတ်ဖြတ်ရေး အစီအရင်အမျိုးမျိုးနှင့် ကာဆီးထားကြောင်း သိလိုက်သည်။ သို့သော်လည်း ထိုအစီအရင်များ၏ စွမ်းအားအရင်းအမြစ်မှာ ဖယ်ရှားလိုက်လေလား ဒါမှမဟုတ် ပျောက်ပျက်သွားလေလားတော့ မသိပေ။ ထိုအစီအရင်များအား အသက်ဝင်မလာစေတော့ပေ။ ထို့ကြောင့်သာ မဟုတ်လျှင် သူတို့အတွက် ဤမျှလွယ်ကူနေမည် မဟုတ်ပေ။
အဖွဲ့က မြန်မြန် မလျှောက်သော်လည်း အဆုံးကို ရောက်ဖို့ရာ အမွေးတိုင် တစ်ဝက်စာမျှသာ လိုအပ်လိုက်၏။ သူတို့ရှေ့တွင် ရှိနေသော အရာကို မြင်လိုက်သောအခါ ဟူချွန်းချွန်းသည် အဘယ်ကြောင့် အကူအညီလိုအပ်ကြောင်း ပြောသည်ကို သိရှိလိုက်ကြသည်။
ဤသည်မှာ သဘာဝဓာတ် လေးမျိုး တံခါးတစ်ချပ် အစီအရင်အမျိုးအစား ဖြစ်၏။ သဘာဝဓာတ် လေးမျိုး တံခါးတစ်ချပ် အစီအရင်မှာ အသက်ဝင်နေသော ပုံမှန်နည်းလမ်း ဖြစ်ကာ အစီအရင် တာအိုအကြောင်း မသိသူပင် ဤအကြောင်း သိကြပေသည်။ ထိုနည်းလမ်း၌ လူလေးယောက် အစီအရင် နေရာ လေးခု၌ သဘာဝစွမ်းအား ဒါမှမဟုတ် မတူညီသော ဓာတ်အမျိုးအစားကို ထည့်သွင်းပေးဖို့သာ လိုအပ်ပေသည်။ ထိုသို့လုပ်လိုက်သည်နှင့် တံခါးကား ပွင့်လာပေလိမ့်မည်။
ဟူချွန်းချွန်းက အကြိမ်ရာချီ လာလျှင်ပင် သူမအနေနှင့် တစ်ယောက်တည်း ဖွင့်နိုင်မည် မဟုတ်ပေ။
မိုဝူကျိ၏ အစီအရင်တာအို အဆင့်အတန်းမှာ အဆင့် ၉ သို့ နီးကပ်နေလေပြီ။ သူက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်နှင့် နေရာတစ်ခုလုံးမှာ သတ်ဖြတ်ရေး အစီအရင် ဖြစ်နေကြောင်း သိလိုက်သည်။ ဤသဘာဝ ဓာတ်လေးမျိုး တံခါးတစ်ချပ် အစီအရင်မှာ ဤသတ်ဖြတ်ရေး အစီအရင်၏ ဗဟိုချက် ဖြစ်၏။ ထိုအစီအရင် ဗဟိုချက်ကို လူလေးယောက်က နှိုးဆွလိုက်သည်နှင့် သတ်ဖြတ်ရေး အစီအရင်မှာ အသက်ဝင်လာပေမည်။
သတ်ဖြတ်ရေး အစီအရင် ရှိနေသည့် အကြောင်းအရင်းကို မိုဝူကျိက သေချာမသိသော်ငြား သူ သိလိုက်သည့် အချက်နှစ်ချက် ရှိနေပေသည်။ ပထမတစ်ချက်မှာ ရတနာသုံးသွယ် ဗုဒ္ဓ ဧကရာဇ်မှာ ကြင်နာတတ်သည့်သူ မဟုတ်ပေ။ ဒုတိယအချက်အနေနှင့် အစီအရင်ကို နှိုးဆွပြီးနောက် တံခါးပေါက်က သေချာပေါက် ပွင့်သွားပေလိမ့်မည်။
သို့သော်လည်း ဤသတ်ဖြတ်ရေး အစီအရင်အကြောင်း တွေ့ရှိမှုက အရေးမကြီးပေ။ အကြောင်းမှာ အစီအရင်အား ထောက်ပံ့ပေးနေသော အင်မော်တယ်သွေးကြောမှာ စွမ်းအင်ကုန်ဆုံးသွားခြင်း ဖြစ်ရမည်။ အကယ်၍ သူတို့လေးယောက်က သဘာဝဓာတ် လေးမျိုး တံခါးတစ်ချပ် အစီအရင်ကို နှိုုးဆွလိုက်လျှင် သူတို့အနေနှင့် တံခါးကိုသာ အသက်သွင်းမိမည် ဖြစ်၏။ သတ်ဖြတ်ရေး အစီအရင်ကို မဟုတ်ချေ။
“ အားလုံးလည်း ဒီအစီအရင်ကို သိကြမှာပါ။ သဘာဝဓာတ် လေးမျိုး တံခါးတစ်ချပ် အစီအရင်ပဲ …. အခု ကျမတို့ လေးယောက်လုံးက အစီအရင်မှာ နေရာယူပြီးတော့ အစီအရင် အချက်အချာကို အသက်သွင်းကြမယ် ” ထိုသို့ ပြောပြီးနောက် ဟူချွန်းချွန်းက အစီအရင် ဗဟိုချက်ကို လျှောက်လှမ်းလာလိုက်သည်။
မိုဝူကျိတို့က အချိန်ဖြုန်းမနေကြဘဲ အစီအရင်၌ နေရာယူလိုက်ကြသည်။
လေးယောက်သား သူတို့၏ သဘာဝစွမ်းအားများကို ထည့်သွင်းလိုက်ကြသည်။ အစီအရင် အချက်အချာမှ ရွှေရောင်အလင်း မှိန်ဖျော့ဖျော့လေး လင်းလက်လာသည်။ မကြာခင် ထိုရွှေရောင်အလင်းလေးမှာ သော့တစ်ချောင်းအဖြစ် ပြောင်းလဲသွားလေ၏။ ထိုသော့ ဖြစ်ပေါ်လာပြီးသည်နှင့် သူတို့ရှေ့မှောက်၌ ခပ်ဖျော့ဖျော့ တံခါးတစ်ချပ် ပေါ်လာသည်။
မကြာခင် တံခါးကြီးမှာ ကျွှီခနဲ ဖြည်းဖြည်းချင်း ပွင့်လာလေသည်။
“ ကျမတို့ အောင်မြင်သွားပြီ။ အားလုံး အထဲဝင်ကြစို့ ” ဟူချွန်းချွန်းသည် တံခါးသို့ အရင်ဦးစွာ ပြေးသွားလိုက်သည်။
မိုဝူကျိ၏ လေလွတ်မြောက်ရေး နည်းစနစ်မှာ ပိုမြန်ဆန်ပေသည်။ ဟူချွန်းချွန်းသည် ပထမဆုံး ဝင်သွားသူ ဖြစ်သော်လည်း သူက ကျော်တက်နိုင်လိုက်၏။ သူက ချက်ချင်းဆိုသလို မထင်မရှား မီးခိုးရောင် ကျောက်တုံးကို ကောက်ယူလိုက်သည်။
တစ်ချိန်တည်းဆိုသလို ဟူချွန်းချွန်းက ကြာကလပ်ကို ကောက်ယူလိုက်သည်။ မိုဝူကျိက ထိုအရာမှာ ရတနာသုံးသွယ်ထဲမှ တစ်ခုဖြစ်ကြောင်း သိလိုက်သည်။
ကျင်းထျဲဟယ်က သစ်သား ရွှေငါးလေးကို သိမ်းဆည်းလိုက်ပြီး ယွမ်မိုက ဗုဒ္ဓ ပစ္စည်းတစ်ခုကို ကောက်ယူလိုက်သည်။
ထိုပစ္စည်းများအပြင် ထိပ်တန်းအဆင့် အင်မော်တယ်သွေးကြောများလည်း အပုံလိုက် ရှိနေသည်။ အနည်းဆုံး ငါးဆယ်မှ ခြောက်ဆယ်ကြား ရှိပေလိမ့်မည်။
လေးယောက်သား မည်သူကမှ အဆင့်မြင့် အင်မော်တယ်သွေးကြောများကို မထိကြပေ။ အကြောင်းမှာ အားလုံးက ဆွေးနွေးပြီးသား ဖြစ်ကာ အားလုံးက ညီတူညီမျှ ခွဲဝေယူကြမည် ဖြစ်သည်။ သူတို့အတွက် လုယူရန် မလိုပေ။
ဟူချွန်းချွန်းက ချောင်းဟန့်ကာ ပြောလိုက်၏ “ အားလုံးလည်း ရလာတာတွေက သာမာန်ထက် ထူးခြားမဲ့ပုံပါပဲ။ အခု ကျမတို့တွေ အင်မော်တယ်သွေးကြောတွေကို ဘယ်လိုခွဲဝေကြမလဲ ”
“ ညီမချွန်းချွန်းက ဗုဒ္ဓကြာကလပ် ရလာတာ မလား။ ကျုပ်က ရိုးရိုး မှော်ရတနာ သစ်သား ရွှေငါးလေးပဲ ရခဲ့တာ။ ညီမဟာနဲ့ယှဉ်ရင် ကျုပ်ဟာက အတော်လေး သိမ်ငယ်မိပါတယ် ” ကျင်းထျဲဟယ်က တမင် ပြောလိုက်သည်။
ဟူချွန်းချွန်း ရယ်မောကာ “ ဘယ်လိုလုပ်ပြီးတော့ ဗုဒ္ဓ ကြာကလပ် ရှိရမှာလဲရှင်။ တကယ်လို့ ရှိတယ်ဆိုရင် အစ်ကိုကြီးမိုက အရင်ယူလိုက်မှာပေါ့၊ သူက အရင်ရောက်တာ မဟုတ်ဘူးလား ”
မိုဝူကျိက ကျင်းထျဲဟယ် ဆိုလိုသည့်အရာကို နားလည်ပေသည်။ သူတို့တွေ အင်မော်တယ်သွေးကြောကို ခွဲဝေသည့်အခါ ညီတူညီမျှ လုပ်သင့်ကြောင်း၊ ဟူချွန်းချွန်းအား ပိုပေးစရာ မလိုတော့ကြောင်း ပြောလိုခြင်း ဖြစ်၏။
မိုဝူကျိက အရင်ဦးစွာ ပြောလိုက်သည် “ ဒီမှာ အင်မော်တယ်သွေးကြော ၆၁ ခု ရှိတယ်။ ကျုပ်တို့တွေ တစ်ယောက်ကို ၁၅ ခုစီ ရမယ်။ ဟူချွန်းချွန်းက ဦးဆောင်ပြီး ခေါ်လာခဲ့တာဆိုတော့ ၁၆ ခု ယူလိမ့်မယ် ”
“ ကျုပ် သဘောတူတယ် ” ယွမ်မိုက ထောက်ခံလိုက်သည်။
“ ကျမလည်း သဘောတူတယ် ” ဟူချွန်းချွန်းက မြန်မြန် ပြောလိုက်သည်။ သူမက မိုဝူကျိသည် အဘယ်ကြောင့် ကြာကလပ်ကို မလိုချင်ကြောင်း နားမလည်သော်လည်း မိုဝူကျိ ယူသွားသည့်အရာမှာလည်း မရိုးရှင်းကြောင်း သိပေသည်။ ကံမကောင်းစွာ သူမက သတိမပြုမိခဲ့ပေ။
ဤသို့ဆိုလျှင်ပင် ဤနေရာ၌ သူမ ရရှိထားသော ကြာကလပ်မှာ အကောင်းဆုံး ရတနာ ဖြစ်ကြောင်း ယုံကြည်ထားသည်။
ကျင်းထျဲဟယ်က သဘောမတူပေ။ အင်မော်တယ် သွေးကြော ၆၁ ခုမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။ လေးယောက်လုံး ထိုအင်မော်တယ်သွေးကြော နောက်ကွယ်၌ စင်တီမီတာ သုံးဆယ်လောက် ရှည်လျားသည့် ရွှေရောင်အုတ်ချပ်ကို သတိပြုမိလိုက်ကြသည်။ ထိုရွှေရောင်အုတ်ချပ်အလယ်၌ လက်တစ်ချောင်းစာ ရှိသည့် အပေါက်လေး ပါနေသည်။