← Chapters

သတ္တ ကမ္ဘာ လက်ချောင်း ပညာရပ်

Vol. 58 Ch. 799

သတ္တ ကမ္ဘာ လက်ချောင်း ပညာရပ်

Vol. 58 Ch. 799

“ ဒီမှာ ပစ္စည်းကောင်းတွေ ကျန်နေတာပဲ ” ကျင်းထျဲဟယ်၏ မျက်လုံးများက လင်းလက်သွားကာ အသံမှာလည်း အနည်းငယ် တုန်လှုပ်နေသည်။ ယခင်က အင်မော်တယ် သွေးကြော ၆၁ ခုဖြင့် ဖုံးကွယ်နေလေရာ ရိုးရှင်းသည့်အရာဖြစ်မှသာ ထူးဆန်းနေပေလိမ့်မည်။

ကျင်းထျဲဟယ်က ပြောရင်းဖြင့် ထိုအုတ်ချပ်ကို ဆွဲကိုင်လိုက်သည်။ ကျင်းထျဲဟယ်၏  အဆင့် ၉ သားရဲအင်အားဖြင့်ပင် အုတ်ချပ်က တစ်လက်မမှ လှုပ်မလာပေ။

“ အားလုံး အတူတူ တိုက်ကြစို့ ” ယွမ်မိုက ဝံပုလွေအစွယ်  တင်းပုတ်ကို ထုတ်ကာ ပြောလိုက်သည်။

ဟူချွန်းချွန်းကလည်း ဓားအိမ်မဲ့ဓားနီကို ထုတ်လိုက်စဉ် ကျင်းထျဲဟယ်ကလည်း ဓားပြားကြီးကို ထုတ်လိုက်သည်။ သုံးယောက်သားလုံးက တိုက်ခိုက်ရန် ပြင်ဆင်ထားသောကြောင့် မိုဝူကျိလည်း သူ့ပုဆိန်လှံရှည်ကို ထုတ်ယူလိုက်သည်။

မိုဝူကျိက ရွှေရောင်အုတ်ချပ်ကို စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။ ဤအုတ်ချပ်က အစီအရင်နှင့် ထားထားခြင်း ဖြစ်ဟန် မပေါ်ပေ။ အားသုံး၍ ဖယ်ရှားနိုင်လောက်၏။

မှော်ရတနာ လေးခုမှ အလင်းတန်းများက မျက်နှာပြင်ပေါ် ကျရောက်လာသည်။ အင်မော်တယ် သဘာဝစွမ်းအားများကလည်း လေထုအတွင်း ထွက်ပေါ်လာကာ သူတို့ဘေးပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါသွားစေ၏။ သို့သော်လည်း ထိုအုတ်ချပ်မှာ တစ်လက်မမှ မလှုပ်ရှားပေ။ ခြစ်ရာလေးပင် ကျန်ရှိမနေပေ။

“ ကျုပ် စိုးရိမ်တာက ကျုပ်တို့တွေ နှစ်ချီပြီးတော့ ဆက်ရိုက်နေရင်တောင် ချိုးဖောက်နိုင်မယ် မထင်ဘူး ” ယွမ်မိုက မှုန်မှိုင်းမှိုင်း ပြောလိုက်သည်။

ယခုလေးပင် သူတို့လေးယောက်က အင်အားအပြည့်နှင့် တိုက်ခိုက်ခဲ့သော်လည်း ထိုအုတ်ချပ်လေးမှာ တုတ်တုတ် မလှုပ်ပေ။ သူတို့ အကြိမ်များစွာ ထုရိုက်နေလျှင်ပင် ပိုထူးလာမည် မဟုတ်ပေ။

သူတို့လေးယောက်လုံးက အုတ်ချပ်ကို ထုရိုက်နေစဉ်အခါက မိုဝူကျိက ရင်းနှီးသည့် ခံစားချက်မျိုး ရလာသည်။ သူတို့ ပထမဆုံး ဝင်လာစဉ် သူက မီးခိုးရောင် ကျောက်တုံးလေးကို ရွေးချယ်ခဲ့သည့် အကြောင်းအရင်းမှာ ထိုကျောက်တုံးလေးထဲ၌ ဟုန်မုန့်စွမ်းအင်နှင့် တူသည့် စွမ်းအင်မျိုး ပါဝင်နေသောကြောင့် ဖြစ်၏။

ထိုမျှတင် မကပေ။ ထိုကျောက်တုံးလေးမှာ သူ့ထာဝရ ကမ္ဘာနှင့် တူညီကာ မိုးမြေ ဖန်တီးမှု ခံစားချက်ကို ထုတ်လွှင့်နေသည်။ ထိုကြောင့်သာ မဟုတ်လျှင် သူက ကြာကလပ်မှာ ဗုဒ္ဓကြာကလပ်မှန်း သိလျက်နှင့် ဤကျောက်တုံးကို အဘယ်ကြောင့် ကောက်ယူခဲ့မည်နည်း။

ဤအုတ်ချပ်လေးကို တိုက်ခိုက်ပြီးနောက် သူက ဖန်တီးမှု စွမ်းအင်ကို ခံစားလာရပြန်သည်။ သူက မိုးမြေကိုပင် အဆုံးသတ်သွားစေနိုင်သော ဖျက်စီးခြင်း စွမ်းအင်ကိုလည်း အနည်းငယ် ခံစားမိလိုက်၏။

“ ဒီနေရာက အတော်လေး ထူးဆန်းသလိုပဲ … ကျမတို့ တိုက်ခိုက်လိုက်တာနဲ့ မိုးမြေကိုတောင် အဆုံးသတ်ပစ်နိုင်တဲ့  ဖျက်စီးခြင်း စွမ်းအင်တွေကို ခံစားမိလာတယ် ” ဟူချွန်းချွန်းက အုတ်ချပ်ကို ကြောက်လန့်တကြား ကြည့်ကာ ပြောလိုက်သည်။

သူမက ထိုအင်အားမှာ ရုတ်တရက် ထပေါက်ကွဲထွက်သွားပြီး မည်သူမှ အသက်ရှင်လျက် ထွက်မသွားနိုင်မည်ကို စိုးရိမ်မိသွားသည်။

ကျင်းထျဲဟယ်က သူ့ဓားပြားကြီးကို နောက်တဖန် ဝှေ့ယမ်းလိုက်ရင်း

“ ကျုပ်တို့တွေ  ကျုပ်တို့  ကံတရားအတွက် တိုက်ခိုက်ရမယ်။ ဖျက်စီးခြင်း စွမ်းအားတွေ ရှိနေတာ အမှန်ဆိုပေမဲ့ ရတနာကြောင့် ဖြစ်နေမလားဆိုတာ ဘယ်သူ သိမှာလဲ။ ဆက်တိုက်ကြစို့  ”

“ ဝုန်း ” ကျန်လူများက ဘာမှမပြောနိုင်ခင် သူ့ဓားပြားကြီးက အုတ်ချပ်လေးပေါ် ရောက်ရှိသွားသည်။

လေးယောက်ပေါင်း တိုက်ခိုက်မှုနှင့် ယှဉ်လျှင် ကျင်းထျဲဟယ်၏ တိုက်ခိုက်မှုက လှိုင်းတွန့်လေးပင် ဖြစ်မသွားစေပေ။

“ ဟုတ်ပြီ အတူတူ တိုက်ကြစို့  ” ဟူချွန်းချွန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

မိုဝူကျိက ဤနေရာကို အတင်းကျပ် ဖွင့်၍ မရကြောင်း ခံစားမိလာသည်။ သို့သော်လည်း သူ့တွင် ပိုမိုကောင်းသည့် အကြံလည်း ပေါ်မလာပေ။ ဟူချွန်းချွန်းနှင့် ကျင်းထျဲဟယ်တို့က ဆက်တိုက်ရန် ရွေးချယ်သောကြောင့် သူလည်း လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲကိုင်ကာ နောက်မှ လိုက်လုပ်လိုက်သည်။

တစ်ရက်တာမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေ၏။ သူတို့လေးယောက် မည်မျှ တိုက်ခိုက်နေသည်မှန်း မသိတော့ပေ။ သို့သော်လည်း အုတ်ချပ်လေးက နဂိုအတိုင်း ကျန်ရှိနေပြီး တစ်လက်မမှ မလှုပ်သွားပေ။

“ ကျုပ်တော့ အဲဒီ ပစ္စည်းကို မလိုချင်တော့ဘူး။ နှုတ်ဆက်ခဲ့ပါတယ် ” ယွမ်မိုက တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။ သူက မိုဝူကျိတို့အား နှုတ်ဆက်၍ ထွက်သွားလေသည်။

ထို့နောက် သူက မိုဝူကျိဘက် လှည့်ကာ “ ညီလေးမိုကို ကျေးဇူးပါ။ တကယ်လို့ အချိန်ရရင် ကျုပ်ရဲ့ ကြေကွဲတောင်တန်းဆီ လာလည်လှည့်ပါ … ”

မိုဝူကျိက ယွမ်မိုသည် ထွက်သွားဖို့ရာ အဘယ်ကြောင့် အလောကြီးနေမှန်း သိပေသည်။ သူက ပြောင်းလဲရေး တာအိုအသီးကို ရရှိပြီးသွားပြီ ဖြစ်ရာ အမှားအယွင်းသာ မရှိပါက ယွမ်မိုက တံခါးပိတ် ကျင့်ကြံပြီးသည်နှင့် သိသိသာသာ တိုးတက်လာလိမ့်မည်။

မိုဝူကျိက သွေစောင်း အာကာပြင် ပင်လယ်ကျွန်းပေါ်မှ အင်အားစုများအကြောင်း အကြမ်းဖျင်း နားလည်သွားလေပြီ။ အရှင်မဟာဧကရာဇ် ရှစ်ပါးမှာ အဆင့် ၁၀ သားရဲများ ဖြစ်ကြပြီး တစ်ဖက်တွင် ယွမ်မိုတို့မှာ အဆင့် ၉ ထိပ်ဆုံးအဆင့်မျှသာ ရှိသေး၏။

“  ကောင်းပါပြီ။ ကျုပ် အားတာနဲ့ ကြေကွဲတောင်တန်းဆီ သေချာပေါက် လာခဲ့ပါ့မယ် ” မိုဝူကျိက လက်နှစ်ဖက် ယှက်ရင်း ပြန်ဖြေလိုက်သည်။

ယွမ်မိုက ခြေတစ်လှမ်းတည်းဖြင့် ဤနေရာမှ ထွက်ခွာသွားတော့သည်။ သိပ်မကြာခင် သူက လုံးဝ ပျောက်ကွယ်သွားလေ၏။

“ အာ ကျုပ်လည်း သွားတော့မယ်။ ကျုပ်လည်း ဒီရတနာနဲ့ ကံမဆက်စပ်ဘူးထင်ပါ့ဗျာ ” ကျင်းထျဲဟယ်လည်း သက်ပြင်းချကာ ပြောလိုက်သည်။ သူတို့လေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကပင် ဘာမှဖြစ်မလာစေပေ။ ယခု ယွမ်မို ထွက်သွားပြီ ဖြစ်ရာ သုံးယောက်တည်းဖြင့် ပို၍ပင် မဖြစ်နိုင်တော့ချေ။ သူက သစ်သားရွှေငါးလေးကို သန့်စင်ဖို့ရာ အလျှင်လိုနေပေသည်။ သူက ဤသစ်သားရွှေငါးလေးမှာ  အာကာသ ရတနာတမျိုးမျိုး ဖြစ်လိမ့်မည်ဟု ခံစားမိပြီး ထိုရွှေငါးလေးအတွင်း၌ ရတနာ ပါဝင်နေကြောင်း သံသယဝင်နေမိသည်။

ယခု ယွမ်မိုနှင့် ကျင်းထျဲဟယ်တို့ ထွက်သွားပြီ ဖြစ်ရာ ဟူချွန်းချွန်းလည်း မိုဝူကျိနှင့် တစ်ယောက်တည်း ဆက်လက်၍ မနေရဲတော့ပေ။ သူမက မိုဝူကျိ၏ အင်အားကို မျက်မြင်ကိုယ်တွေ့ ကြုံထားရလေရာ  သူက ပေါင်ပုကိုပင် ခုခံနိုင်စွမ်းရှိသူ ဖြစ်၏။ တစ်ဖက်တွင် ပေါင်ပုသာ သူမရှေ့ ရောက်လာလျှင် သူမအနေနှင့် သေလမ်းသာ ရှိလိမ့်မည်။

“ အစ်ကိုကြီးမို ကျမလည်း သွားတော့မယ်။ အစ်ကိုကြီးရော သွားတော့မှာလား ” ဟူချွန်းချွန်း လက်နှစ်ဖက် ယှက်၍ နှုတ်ဆက်လိုက်သည်။ မိုဝူကျိက ပြန်မဖြေခင် လှည့်ထွက်သွားပြီ ဖြစ်၏။

ဤတစ်ကြိမ် သူမ ဆုလာဘ်က အကြီးမားဆုံး ဖြစ်ပေသည်။ သူမ ရတနာမှာ ဗုဒ္ဓ ကြာကလပ် ဖြစ်နိုင်ချေ ရှိ၏။

“ညီမဟူ ခဏလေးနေပါဦး ” မိုဝူကျိက ရုတ်တရက် လှမ်းခေါ်လိုက်သည်။

ဟူချွန်းချွန်းက မိုဝူကျိ အသံကို ကြားသည့်အခါ စိုးရိမ်တကြီး နောက်ဆုတ်လိုက်သည်။ သူမက သတိထားကာ  “ အစ်ကိုကြီးမိုဆီမှာ တခြားပြောစရာများ ကျန်သေးလို့လား ”

မိုဝူကျိက မြန်မြန် ပြောလိုက်သည်  “ တခြားပြောစရာ မရှိပါဘူး။ ကျုပ်က ဒီမှာ ပစ္စည်းကောင်း ရမလာတော့လေ ကျောက်စိမ်း သံလိုက်အိမ်မြှောင်လေးကို ဆက်ပြီး လေ့လာကြည့်ချင်လို့ပါ။ ကျုပ်ကို ရောင်းပေးလို့ ရမလား။ ဘာဖြစ်ဖြစ် ဒီနေရာမှာလည်း ဘာမှမကျန်တော့ဘူးလေ ”

ဟူချွန်းချွန်းက ထိုစကားများကို ကြားသည့်အခါ သက်ပြင်းချလိုက်ပြီး  “ ဒီသံလိုက်အိမ်မြှောင်က အသုံးမဝင်တော့ပါဘူး။ အစ်ကိုကြီးမိုကို လက်ဆောင်အဖြစ် ပေးခဲ့ပါ့မယ်။ အခု ဒီညီမလေး သွားလိုက်ပါဦးမယ် … ”

ဟူချွန်းချွန်းက သံလိုက်အိမ်မြှောင်ကို မိုဝူကျိအား ပစ်ပေးလိုက်ပြီးနောက် လှည့်ထွက်ကာ ပျောက်ကွယ်သွားလေ၏။

သူမက မိုဝူကျိသည် သူမ၏ သံလိုက်အိမ်မြှောင်ကို အဘယ်ကြောင့် လိုချင်မှန်း သိပေသည်။ မိုဝူကျိက  ဤနေရာ၌ ဆက်နေ၍ အုတ်ချပ်ကို လေ့လာလိုခြင်းသာ ဖြစ်ရမည်။ သူ့အနေနှင့် သံလိုက်အိမ်မြှောင်ကို သူမဆီ ပါသွားခွင့် မပြုလိုက်နိုင်သည့် အကြောင်းအရင်းလည်း ရှိနေပြန်သည်။ အကယ်၍ သူမက သံလိုက်အိမ်မြှောင်အား ပေါင်ပုဆီ ပေးလိုက်လျှင် ဘယ်လိုဖြစ်မည်နည်း။

မိုဝူကျိက ကျောက်စိမ်း သံလိုက်အိမ်မြှောင် ရသည့်အခါမှ စိတ်အေးသွားတော့သည်။ သူ့အနေနှင့် ဟူချွန်းချွန်းသည် ပေါင်ပုဆီ သံလိုက်အိမ်မြှောင် ပေးလိုက်မည်ကို စိုးရိမ်နေမိ၏။ အကယ်၍  သူက အုတ်ချပ်ကို လေ့လာနေစဉ် ပေါင်ပု ရောက်ရှိလာလျှင် သူ့အနေနှင့် သေဆုံးဖို့ ထိုင်စောင့်နေသလိုသာ ဖြစ်လိမ့်မည်။ ပို၍ အရေးကြီးသည်က သူက ထွက်မသွားရဲသေးပေ။ သူ့ကျင့်ကြံဆင့်မှာ အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်မျှသာ ရှိသေးပြီး အင်မော်တယ် ဧကရာဇ်အဆင့် မရောက်ခင် သွေစောင်း အာကာပြင် ပင်လယ်ကျွန်းဆီ ပြန်သွားပါက သေဆုံးသွားနိင်ပေသည်။

မိုဝူကျိက ကျောက်စိမ်း သံလိုက်အိမ်မြှောင်ကို သိမ်းထားလိုက်သည်။ သူက အုတ်ချပ်ကို ဆက်၍ မတိုက်ခိုက်တော့ပေ။ ထိုအုတ်ချပ်ကို တိုက်ခိုက်ခြင်းက ဖြေရှင်းနည်း မဟုတ်ကြောင်း သေချာသိနေသည်။ ထို့အစား သူက လက်ကို အုတ်ချပ်ပေါ် တင်လိုက်ရင်း အတင်းကျပ် သန့်စင်ဖို့ ကြိုးစားလိုက်သည်။

အချိန်များက ကုန်လွန်သွားလေ၏။ မိုဝူကျိတို့ ဝင်လာသော တည်နေရာမှာလည်း နဂိုအတိုင်း ပြန်လည် တည်ငြိမ်သွားလေပြီ။ ပေါင်ပုပင် သွေစောင်းပင်လယ်ထဲ တစ်လလုံးလုံး အချိန်ဖြုန်းပြီးနောက် ကျွန်းဆီ ပြန်လည် ရောက်ရှိလာသည်။

ဤတစ်ကြိမ်၌ မိုဝူကျိက အုတ်ချပ်ကို ဆယ်ရက်ကျော်ကြာ  သန့်စင်ရင်း ကြိုးစားကြည့်လိုက်သည်။ တူညီလှစွာ သူက ဆက်လက် မသန့်စင်တော့ဘဲ လက်လျော့လိုက်ရုံမှအပ မတတ်နိုင်တော့ချေ။

ဤအုတ်ချပ်ကို တစ်လတာ လေ့လာပြီးနောက် သူက ထိုအုတ်ချပ်၏ အလယ်ခေါင် အပေါက်လေးမှာ သော့ ဖြစ်မည်မှန်း မှန်းဆမိလာသည်။ ကံဆိုးစွာဖြင့် သူ့အင်မော်တယ် သဘာဝစွမ်းအားများနှင့်  လျို့ဝှက်ပညာရပ်များမှာ ထိုအပေါက်လေးအား ဘာမှမလုပ်နိုင်ပေ။

မိုဝူကျိက လက်လျော့ရန် တွေးမိတော့မည့်ဆဲဆဲတွင် ဗုဒ္ဓ ပဋိကကျမ်းကို အမှတ်ရလိုက်လေ၏။

သူ့အင်မော်တယ် သဘာဝစွမ်းအားများက အလုပ်မဖြစ်လျှင် ဗုဒ္ဓတာအို၏ အင်မော်တယ် သဘာဝစွမ်းအားများ ဆိုရင်ရော အလုပ်ဖြစ်မည်လား ….

ထို့အပြင် ဤသည်မှာ ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်၏ နေရာ မဟုတ်ပါလော။

အခြားလူများက ဗုဒ္ဓတာအို၏ အင်မော်တယ် သဘာဝစွမ်းအားကို မလေ့ကျင့်နိုင်ကြသော်လည်း သူက လုပ်နိုင်ပေသည်။ အကြောင်းမှာ သူ့တွင် သတ္တ ဗုဒ္ဓ ပဋိကကျမ်း ရှိနေ၏။ ထိုသည်မှာ ဗုဒ္ဓကျောင်းတော်၏ ရတနာသုံးမျိုးထဲမှ တစ်ခု ဖြစ်ကာ ရတနာသုံးသွယ် ဗုဒ္ဓ ဧကရာဇ် ချန်ထားခဲ့သော ရတနာထဲမှ တစ်ခုလည်း ဖြစ်နေပြန်သည်။

မည်သို့ပင် ဆိုစေကာမူ သူက အင်အားတိုးတက်မလာမချင်း ပြန်မသွားရဲသေးပေ။ သူက သတ္တ ဗုဒ္ဓ ပဋိကကျမ်းကို ကြည့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သတ္တ ဗုဒ္ဓ ပဋိကကျမ်း၏ ဦးဆုံးစာမျက်နှာကား

“ သတ္တ ဗုဒ္ဓ လျို့ဝှက်ပညာရပ် - မြတ်ဓမ္မတို့မှာ ဗလာနတ္ထိ ဖြစ်နေပြီး  ဒီဗလာနတ္ထိအတွင်း သဏ္ဍာန်လည်း မရှိသလို၊ ခံစားချက်များ၊ အတွေးများလည်း ရှိမနေချေ။ အသိစိတ်သည်လည်း …..”

(မှတ်ချက် - အပေါ်မှ စာပိုဒ်သည်  မဟာယန ဗုဒ္ဓ ကျမ်းဂန်ထဲမှ ဖြစ်ပြီး အလျည်းသင့်သလို ဘာသာပြန်ထားခြင်း ဖြစ်ပါသည် )

မိုဝူကျိက ဖတ်လေလေ ပို၍ အံ့အားသင့်လာလေလေ ဖြစ်၏။ သတ္တဗုဒ္ဓ ပဋိကကျမ်းသည် နားမလည်နိုင်သည့် လျို့ဝှက်ပညာရပ်မျိုး မဟုတ်ပေ။ ထို့အစား အရမ်းကို အံ့ဩဖွယ်ကောင်းလှသည်။ သူက ပထမစာကြောင်း နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်လာမိသည်။

လူတစ်ယောက်က သတ္တ ဗုဒ္ဓ ပဋိကကျမ်းကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်သည်နှင့် စည်းမျည်းများမှာ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်ပြီး အာကာသ တစ်ခုလုံးမှာလည်း စိတ်ကူးယှဉ်သာ ဖြစ်လာမည်။ ဤသို့မျိုး လျို့ဝှက်ပညာရပ်ရှေ့မှောက်၌  စိတ်စွမ်းအား၊ တိုက်ခိုက်မှု အစရှိသဖြင့် အရာအားလုံးမှာ နိမ့်ကျလွန်းပေမည်။

ဤသည်မှာ အာကာသ စည်းမျည်းကို လျစ်လျူရှုထားသည့် လျို့ဝှက်ပညာရပ်မျိုး ဖြစ်၏။ အကယ်၍ သူသာ သတ္တဗုဒ္ဓ ပဋိကကျမ်းမှာ ဤမျှ အံ့ဖွယ် ဖြစ်မှန်း သိခဲ့လျှင် စောစောစီးစီး လေ့လာမိခဲ့လောက်သည်။

သို့သော်လည်း မိုဝူကျိက စာရွက်များကို ဆက်လှန်လှောလိုက်သည့်အခါ သူ့အမူအယာမှာ ပျက်ယွင်းသွားလေ၏။ ထိုလျို့ဝှက်ပညာရပ်ကို ဖော်ပြထားသော ညွှန်ပြချက်အပြင် ကျန်ရှိနေသော စာရွက်များကား ဝိညာဉ်စွမ်းအား လမ်းကြောင်း၏ ကျင့်ကြံဖို့ရာ တွက်ချက်နည်းများနှင့်သာ ပြည့်နှက်နေသည်။

သူက ဤသို့မျိုး ကျင့်စဉ်ကို အမှန်တကယ် အထင်သေးမိခဲ့သည်။ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်ဖြင့် တခြားသော ကျင့်စဉ်များမှာ  အာရုံထဲ မတိုးတော့ပေ။ အကယ်၍ ရှေ့တွင် ပါရှိသော လျို့ဝှက်ပညာရပ်ကြောင့်သာ မဟုတ်လျှင် သူက ဗုဒ္ဓ တာအိုစွမ်းအား ရရှိစေရန် သတ္တဗုဒ္ဓ ပဋိကကျမ်းကို လေ့ကျင့်မိလောက်သည်။ သို့သော် ယခုတွင် လျို့ဝှက်ပညာရပ် ပါရှိနေလေရာ မိုဝူကျိက ကျန်ရှိနေသော စာရွက်များအား လျစ်လျူရှုထားလိုက်တော့သည်။

မိုဝူကျိက သတ္တ ဗုဒ္ဓ ပဋိကကျမ်းကို ပြန်လှန်ကြည့်လိုက်သည်။

အာကာသ စည်းမျည်းကို လျစ်လျူရှုပစ်နိုင်မည့် ပညာရပ် …

အစပိုင်းတွင် မိုဝူကျိက ဤလျို့ဝှက်ပညာရပ်ကို လက်သီးနှင့် တွဲစပ်ရန် ဆုံးဖြတ်ထားမိသည်။ သို့သော်လည်း သူက ဖြည်းဖြည်းချင်း မွမ်းမံပြောင်းလဲလိုက်လေ၏။ သူက လက်တစ်ချောင်းတည်းမှ ဤလျို့ဝှက်ပညာရပ် စုစည်းပြီး ထွက်ပေါ်လာလျှင် ပို၍ ကြောက်မက်ဖို့ ကောင်းကြောင်း သိရှိခဲ့သည်။

“ ဝုန်း ဝုန်း ” မိုဝူကျိ တစ်ယောက် ဤ သတ္တဗုဒ္ဓ ပဋိကကျမ်း၏ လျို့ဝှက်ပညာရပ်ကို  စတင် ကျင့်ကြံကတည်းက အခန်းကြီးမှာ အသံကျယ်ကျယ် ပဲ့တင်သံများက  ဆက်တိုက် ထွက်ပေါ်လာသည်။

အချိန်များက ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေသည်။ မိုဝူကျိက ဤလက်ချောင်း မွမ်းမံခြင်းကို အပြည့်အဝ ပြီးစီးသွားလေပြီ။ သူသာ ဤလက်ချောင်း ဖွဲ့စည်းလာနိုင်သည်နှင့် သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းထက် အားနည်းမည် မဟုတ်ပေ။

ကံမကောင်းစွာ မိုဝူကျိက ဤလက်ချောင်း၌ တစ်ခုခု လိုအပ်နေကြောင်း ခံစားမိနေသည်။

“ ဝုန်း ” မိုဝူကျိက စင်မြင့်ဘက်သို့ လက်ညိုး ထိုးလိုက်သည့်အခါ တစစီ ဖြစ်သွားလေ၏။ သို့သော်လည်း သူက စိတ်ပျက်မိနေဆဲ ဖြစ်ကာ လက်ကို ပြန်ချထားလိုက်သည်။

ဤတစ်ကြိမ် သူက ဘုန်းကြီးတာ့နဉ်သည် သူ့ကို သတ္တ ဗုဒ္ဓ ပဋိကကျမ်း ပေးလောက်သည့်အထိ သဘောထားကြီးနေသည့် အကြောင်းအရင်းကို နားလည်သွားပေသည်။ ဤသတ္တ ဗုဒ္ဓ ပဋိကကျမ်းမှာ အတုမဟုတ်သော်လည်း အံ့ဖွယ် တိုက်ခိုက်မှုမျိုး ဖြစ်စေသည့်အထိ ကျင့်ကြံဖို့ရာ မလုံလောက်သေးပေ။

သူ ဤလက်ချောင်းဖြင့် လေ့ကျင့်နေသည်မှာ လပေါင်းများစွာ ကြာမြင့်သွားသော်လည်း စိုးစဉ်းမျှ လိုအပ်နေကြောင်း ခံစားမိနေဆဲ ဖြစ်သည်။ ဤနေရာ၌ ဆက်လက် အချိန်ဖြုန်းနေသည်ထက် စာလျှင် သူက အင်မော်တယ်သွေးကြောများကို သုံး၍ အင်မော်တယ် ဧကရာဇ်အဆင့် ရောက်အောင် ကျင့်ကြံခြင်းက ပိုကောင်းပေလိမ့်မည်။

မိုဝူကျိက နှစ်ဝက်တာ မထိရသေးသည့် အုတ်ချပ်ကို လှည့်ကြည့်လိုက်သည်။ သူက လက်လျော့ဖို့ရာ မလိုလားသောကြောင့် လက်ချောင်းဖြင့် ထိုအုတ်ချပ်ဖြင့် ထိုးလွှတ်လိုက်သည်။

လများစွာ  ကျင့်ကြံပြီးနောက် ဤလက်ချောင်းမှာ အားကောင်းသည့် လျို့ဝှက်ပညာရပ်မျိုး မဟုတ်သော်ငြား အားကောင်းသည့် တိုက်ခိုက်မှု ဖြစ်နေသေး၏။

ဤလက်ချောင်းမှာ အုတ်ချပ်အလယ် အပေါက်အတွင်း  တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိသွားလေသည်။

“ ဝုန်း ”

“ ဘမ်း ”

ရှုပ်ထွေးနက်နဲလှသော စွမ်းအားများက မိုဝူကျိ၏ လက်ချောင်းနှင့် ဆက်သွယ်မိသွားဟန် ပေါ်၏။ မိုဝူကျိက မတုံ့ပြန်ခင် ထိုအုတ်ချပ်လေးမှာ ကူကယ်ရာမဲ့ ဖြစ်သွားသည့်အလား တစစီ ဖြစ်သွားတော့သည်။

ထိုအုတ်ချပ် နောက်ကွယ်၌ တိတ်တဆိတ် ရှိနေသော ရွှေရောင် ခပ်ဖျော့ဖျော့ ထွက်ပေါ်နေသည့် စာအုပ်လေး ရှိနေသည်။

မိုဝူကျိက စိတ်မလှုပ်ရှားမိခင် အကြမ်းဖျင် စိုက်ကြည့်လိုက်သည်။  ထိုအချိန်၌ သူက သတ္တဗုဒ္ဓ ပဋိကကျမ်းမှာ ထိုအုတ်ချပ်လေးကို ဖွင့်ဖို့ရာ သော့ချက် ဖြစ်နေမည်ကို မည်သို့ မသိဘဲ နေမည်နည်း။

မိုဝူကျိက နှစ်ခါပင် စဉ်းစားမနေဘဲ ထိုစာအုပ်လေးကို ကောက်ယူလိုက်သည်။ သူ့စိတ်ထဲ၌ ထိုအရာမှာ ပြီးပြည့်စုံသည့် သတ္တ ဗုဒ္ဓပဋိကကျမ်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။

ဤစာအုပ်က သူ့လက်အား ထူးထူးခြားခြား ခံစားချက်မျိုး ပေးစွမ်းနေသည်။ မိုဝူကျိက ထိုစာအုပ်မှာ ပေါ့လား၊ လေးလားပင် မပြောနိုင်ချေ။ သို့သော်လည်း ရှေ့တွင် ရှိနေသော စာလုံးများအရ ဤအရာမှာ ဗုဒ္ဓ ပဋိကကျမ်း မဟုတ်ကြောင်း နားလည်သွားစေ၏။

“သတ္တ” ဟူသော စာလုံးမှာ ပါရှိနေသော်လည်း အခြားစာလုံးနှစ်လုံးမှာ ခြားနားလှသည်။ မိုဝူကျိက ထိုစာလုံးများကို ဖတ်ကြည့်လိုက်သည့်အခါ  “ သတ္တ ကမ္ဘာလက်ချောင်း ” ဖြစ်နေသည်။

***

All Chapters