ကျုပ် မတရားခံနေရတယ်
Vol. 58 Ch. 802
မိုဝူကျိက ဘာမှထူးထူးခြားခြား မပြင်ဆင်ထားသော်လည်း သွေစောင်း အာကာပြင် ပင်လယ်မြို့၏ ကာကွယ်ရေး အစီအရင်အတွင်း အာကာပြင် အစီအရင် သင်္ကေတများကို ခင်းကျင်းထားလိုက်ပြီး စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို စိမ့်ဝင်စေလိုက်သည်။
ဓားအကျဉ်းထောင်အတွင်း ဓားစွမ်းအင်မြစ်၌ ရှိစဉ်အခါက သူက အစီအရင် သင်္ကေတများနှင့် ပတ်သတ်ပြီး ဉာဏ်အလင်းပွင့်ခဲ့ရာ မိုဝူကျိက အစီအရင် သင်္ကေတများကို ပို၍ စိတ်ဝင်စားလာမိသည်။ ဤသို့အာကာပြင် အစီအရင်က အာကာပြင်အတွင်း ခင်းကျင်းနိင်ရုံသာမက ပင်လယ်၊ မြေအောက်နှင့် တစ်ခုခုအတွင်း၌လည်း ခင်းကျင်းလေ့ရှိကြသည်။
အကယ်၍ မိုဝူကျိ၏ အစီအရင် သင်္ကေတ နည်းစနစ်ကို စဉ်းစားကြည့်ရမည်ဆိုလျှင် ထိပ်တန်းအဆင့် ၉ အစီအရင် ဆရာပင် မိုဝူကျိအား အစီအရင် တိုက်ပွဲ၌ အနိုင်ယူနိုင်မည် မဟုတ်ပေ။
“ ဟားဟား ညီလေးမိုကို ရှာနေတာ အခုမှပဲ တွေ့ရတော့တယ် ….” မျက်ဆံနီ လိပ်ကြီး၏ အသံကျယ်ကျယ် ထွက်ပေါ်လာကာ မျက်နှာပေါ်တွင် အပြုံးကြီး ချိတ်ဆွဲလျက် ထွက်လာလေသည်။
“ ညီလေးမို ဘယ်လိုလုပ် ဒီရောက်လာတာလဲ ” နောက်ထပ် အသံတစ်သံကို ကြားလိုက်ရ၍ မိုဝူကျိက ယွမ်မိုမှန်း သိလိုက်သည်။
ယခင်ကလို အရပ်ရှည်ရှည် ထွားထွားကျိုင်းကျိုင်း မဟုတ်တော့သော်ငြား ယွမ်မိုက နှစ်မီတာမျှ မြင့်မားပေသေး၏။ ထို့အပြင် သူ့ဘေးပတ်လည်မှ တာအိုအရှိန်အဝါမှာ ပို၍ သိပ်သည်းလာပြီ ဖြစ်၏။ ထိုတစ်ချက်တည်းဖြင့် မိုဝူကျိက ယွမ်မိုသည် အဆင့် ၁၀ သားရဲ ဖြစ်သွားကြောင်း သိလိုက်မိသည်။ သူက မျက်ဆံနီလိပ်ကြီးထက် များစွာ အားနည်းနေမည် မဟုတ်တော့ပေ။
“ အစ်ကိုယွမ် တာအိုအဆင့်တက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ” မိုဝူကျိက လျှောက်လှမ်းလာကာ ယွမ်မိုအား အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
ယွမ်မိုအား နှုတ်ဆက်ပြီးနောက် မိုဝူကျိက မျက်ဆံနီလိပ်ကြီးထံ လှည့်၍ လက်နှစ်ဖက် ယှက်ကာ “ အရှင်မျက်ဆံနီလည်း မတွေ့ရတာကြာပြီနော် ”
ယွမ်မိုနှင့် မျက်ဆံနီလိပ်ကြီးတို့အပေါ် မိုဝူကျိ၏ သဘောထားမှာ ကွာခြားလှပေသည်။ ယွမ်မိုသည် သူ့မိတ်ဆွေဟု ယူဆ၍ ရသော်လည်း မျက်ဆံနီလိပ်ကြီးမှာမူ သူ့အသိမျှသာ ဖြစ်၏။
မျက်ဆံနီလိပ်ကြီးက မိုဝူကျိ၏ သဘောထားကို သတိမပြုမိသည့်အလား ဆက်လက်ပြုံးနေကာ
“ သွေစောင်း အာကာပြင် ပင်လယ်ကျွန်းက လက်ရှိ စုဝေးပွဲ လုပ်နေတာလေ။ ညီလေးယွမ်မိုနဲ့ ကျုပ်က ညီလေးမိုကို လာကြိုတာပါ။ ညီလေးမို စိတ်မရှိရင် လိုက်ကြည့်လို့ ရပါတယ်။ ဒါနဲ့ ပေါင်ပုနဲ့ တခြားသူတွေလည်း မင်းရောက်လာတာကို စောင့်နေကြတယ် ”
မိုဝူကျိက မျက်ဆံနီလိပ်ကြီး ဆိုလိုသည့် အဓိပ္ပါယ်ကို မည်သို့ နားမလည်ဘဲ ရှိမည်နည်း။ သူက မိုဝူကျိကို မြို့ထဲ ဝင်လိုက်သည်နှင့် ထွက်သွားဖို့ မေ့သင့်ကြောင်း ခြိမ်းခြောက်နေခြင်း ဖြစ်၏။ မိုဝူကျိ ထွက်သွားဖို့ ကြိုးစားသည်နှင့် ပေါင်ပုက သူ့နောက်ကို သေချာပေါက် လိုက်လိမ့်မည်။
“ ညီလေးမို မြန်မြန် ထွက်သွားတော့ … ပေါင်ပုနဲ့ တခြားသူတွေက မင်းကို စောင့်နေကြတာ ” ယွမ်မိုက မိုဝူကျိ အမှန်တကယ် အထဲဝင်လာမည်ကို စိုးရိမ်မိနေ၍ စိတ်ဖြင့် ဆက်သွယ်ကာ လှမ်းသတိပေးလိုက်သည်။
မိုဝူကျိက ယွမ်မိုအား ခေါင်းညိတ်ပြပြီးနောက် မျက်ဆံနီလိပ်ကြီးဘက် လှည့်ကာ ပြောလိုက်သည်
“ဟုတ်ပြီလေ။ ကျုပ်လည်း စုဝေးပွဲမှာ အာကာပြင်နက် အသီးကို ခွဲဝေပေးမဲ့အကြောင်းလို့ ကြားထားတယ်။ ကျုပ်လည်း စိတ်ဝင်စားနေတာဆိုတော့ အတူတူ ဝင်ကြတာပေါ့ ”
“ ဟားဟား ညီလေးမိုက တကယ်ကို ဘွင်းဘွင်းသမားပဲ။ ဒီလမ်းက ကြွပါ …” မျက်ဆံနီလိပ်ကြီးက ရယ်မောရင်း မိုဝူကျိကို လက်ဟန်ပြကာ ဖိတ်လိုက်သည်။ သူ့စိတ်ထဲ၌ မိုဝူကျိအား သေခါနီးနေသော်လည်း မောက်မာလွန်းသည့်အတွက် အထင်သေးမိနေသည်။ သူ့ဆီမှ အကူအညီ တောင်းခံမည့်အစား သူက အာကာပြင်နက်အသီးအကြောင်းပင် ထုတ်ပြောလိုက်သေး၏။
ယွမ်မိုလည်း သက်ပြင်းချကာ သူကိုယ်တိုင်လည်း ကူကယ်ရာမဲ့နေမိသည်။ ထိုအခိုက်အတန့်၌ မိုဝူကျိက ထွက်ပြေးဖို့အကြောင်းကို လုံးဝ တွေးမထားပေ။
……………….
မြို့အဝင်ဝနှင့် သွေစောင်း အာကာပြင် ပင်လယ်မြို့ခန်းမတို့ကြားမှ အကွာအဝေးမှာ မီတာထောင်ချီ ရှိပေသည်။
မျက်ဆံနီလိပ်ကြီးက မြန်မြန် လမ်းလျှောက်လာသည့်တိုင် မိုဝူကျိက ယွမ်မိုနှင့် စကားပြောရင်း အေးအေးလူလူ လျှောက်လှမ်းလာနေဆဲ ဖြစ်သည်။ မိုဝူကျိ လှမ်းလိုက်သည့် ခြေလှမ်းတိုင်း၌ သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် အာကာပြင် သင်္တေကများအား ခင်းကျင်းနေသည်။ မျက်ဆံနီလိပ်ကြီးက မိုဝူကျိ၏ နှေးကွေးမှုကို သတိပြုမိလိုက်ပြီးနောက် သူက စောင့်ဆိုင်းကာ မိုဝူကျိဆီမှ ပစ္စည်းအများစုကို မည်သို့ ရယူရမလဲဟု စတင်ကြံနေမိတော့သည်။
မိုဝူကျိက အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်လေရာ မိုဝူကျိက ဆေးလုံးမည်မျှ ဖော်စပ်ခဲ့သည်ကို တွေးကြည့်၍ ရပေသည်။ မိုဝူကျိကို သူ့အပိုင် ဖြစ်လာစေဖို့ရာက ယခု မဖြစ်နိုင်တော့သောကြောင့် မိုဝူကျိဆီမှ ဆေးလုံး ပမာဏများများ ရဖို့သာ လိုအပ်သည်။
အမွေးတိုင်တစ်တိုင်စာ ကြာမြင့်ပြီးနောက် မိုဝူကျိက သွေစောင်း အာကာပြင် ပင်လယ်မြို့ခန်းမကို မြင်လိုက်ရသည်။
ခန်းမကိုလည်း လျှပ်စီး ဝိညာဉ်ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး လျှပ်စီးအလင်းကို ဖုံးကွယ်ထားသော်လည်း မိုဝူကျိက ပန်းပဲဆရာ၏ ကန့်သတ်ချက်ရှိသည့် စွမ်းရည်ကြောင့် ထိုလျှပ်စီး အရင်းအမြစ်မှ စွမ်းအားများကို ခံစားမိနေဆဲ ဖြစ်သည်။
“ ညီလေးမို အထဲ ဝင်ပါ ” မျက်ဆံနီလိပ်ကြီးက နွေးထွေးစွာ ထပ်မံ ပြောလိုက်သည်။
မိုဝူကျိက ဘာကိုမှ လောကွတ်ချော်မနေတော့ဘဲ လိုလိုလားလား ဝင်လိုက်တော့သည်။ ခန်းမမှာ အင်မတန် ကျယ်ဝန်းပြီး အဆင့်အတန်းရှိရှိ ပုံဖော်ထားသည်။ ဝိုင်းဝန်းသည့် ခန်းမအတွင်း လူဆယ်ယောက်ကျော်က ထိုင်နေပြီး မိုဝူကျိ ဝင်လာသည်နှင့် အားလုံးက မိုဝူကျိအား လှည့်ကြည့်လိုက်ကြသည်။
“ မိုဝူကျိ ….မင်း ဒီကျွန်းကို ပြန်မလာရဲတော့ဘူးလို့ ထင်နေမိတာ။ ငါ့ပစ္စည်းတွေ ပြန်ပေးဖို့ ရောက်လာတာလား ” ပေါင်ပု၏ အေးစက်စက် လေသံကို ကြားလိုက်ရပြီးနောက် မိုဝူကျိအား သတ်ဖြတ်ငွေ့ဖျော့ဖျော့က စတင် လွှမ်းခြုံလာသည်။
မျက်ဆံနီ လိပ်ကြီးက ပေါင်ပု၏ သတ်ဖြတ်ငွေ့ကို စိတ်ထဲ မထားဘဲ မိုဝူကျိဘက် လှည့်ကာ ပြုံးရင်း
“ ညီလေးမိုကို မိတ်ဆက်ပေးရဦးမယ်။ ကျုပ်နဲ ပေါင်ပုကိုတော့ သိပြီးသားဆိုတော့ ကျော်လိုက်တော့မယ်။ အရင်ဦးဆုံး တောင်ရွင်နဲ့ မိတ်ဆက်ပေးပါရစေ …. ခံညားထည်ဝါတဲ့ သွင်ပြင်ရှိတဲ့ အမျိုးသားက တောင်ရွင်ပဲ .. ”
မိုဝူကျိက မျက်ဆံနီ လိပ်ကြီး ညွှန်ပြသည့်လူကို ကြည့်လိုက်သည့်အခါ လင်းယုန်ကဲ့သို့ နှာတံ၊ မျက်နှာခပ်ရှည်ရှည် ရှိသည့် အနက်ဝတ် အမျိုးသားကို မြင်လိုက်ရသည်။ မည်သည့်ထောင့်နေရာမှ ကြည့်စေကာမူ ထိုသူမှာ ခံညားထည်ဝါသည့်ဟန် ပေါ်မနေပေ။
မိုဝူကျိက စိတ်ထဲမှသာ ငြီးငြူလိုက်တော့သည်။ မျက်ဆံနီလိပ်ကြီးနှင့် ထိုသူအား စင်မြင့်ပေါ် တင်ပေး၍ ထိုစကားကို ထုတ်ပြောခိုင်းလိုက်ပါက လက်ခုပ်ဩဘာသံများ ဆူညံ့သွားပေလိမ့်မည်။
“ သူ့ဘေးကသူတွေက ဝူဟယ်၊ စန်းလန်၊ ယဲ့ယီကျုံး၊ ဖန်းဖေးအာ၊ ရွယ်လုတို့ပဲ …. ဒီကျွန်းပေါ်မှာ ကျုပ်တို့ ရှစ်ယောက်က သီးခြားအခေါ်အဝေါ်တွေ ရှိကြတယ်လေ။ သွေစောင်း အာကာပြင် ပင်လယ်ကျွန်းရဲ့ အရှင်မဟာဧကရာဇ်တွေလို့ ခေါ်တယ်။ ယွမ်မိုလည်း အဆင့် ၁၀ ထဲ ရောက်လာပြီဆိုတော့ ကျုပ်တို့နဲ့ သိပ်မကွာဘူးပေါ့ ”
မျက်ဆံနီလိပ်ကြီးက မိုဝူကျိအား မိတ်ဆက်ပေးလိုက်သည့်အခါ မိုဝူကျိက ဝူဟယ်သည် အနီတောက်တောက် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ဘေးပတ်လည်မှ မှိန်ဖျော့ဖျော့ မြူခိုးများ ထွက်ပေါ်နေသည်။ စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်သည့်အခါ မိုဝူကျိက ထိုလူသည် ကင်းခြေများအဆီအနှစ် စွမ်းအားရှိမည့်သူမှန်း သိလိုက်၏။
ယဲ့ယီကျုံးမှာ အားလုံးများကြားမှ တစ်ဦးတည်းသော လူသားမျိုးနွယ် ဖြစ်၏။ ထိုလူက အင်မော်တယ်လောက၌ မွေးဖွားလာသလား မပြောနိုင်သော်လည်း သူ့ဆီမှ လူသားမျိုးနွယ်စု စွမ်းအားကို ခံစားမိနေသည်။
မိုဝူကျိအနေနှင့် စန်းလန်မှာ နတ်ဘုရားမျိုးနွယ်စုမှ ဖြစ်မည်မှန်း မှန်းဆမိလိုက်သည်။ အကြောင်းမှာ ထိုသူ့တွင် ယခင် သူ သတ်ခဲ့သော နတ်ဘုရားမျိုးနွယ်စု တာအိုဧကရာဇ်နှင့် ပုံစံတူ သစ်ခေါက်အသားရည်မျိုး ရှိနေသည်။ ဖန်းဖေးအာမှာ ဖြူဆွတ်ဆွတ် အသားရည်ဖြင့် အလွန်တရာ ခံ့ညားသော်လည်း မိုဝူကျိအနေနှင့် ထိုလူ၏ မျိုးနွယ်စုကို မခန့်မှန်းနိုင်ပေ။
ရွယ်လုမှာ သူ့နာမည်ကဲ့သို့ သွေးစွမ်းအင် အငွေ့အသက်မျိုးကို ထုတ်လွှင့်နေလေ၏။ မိုဝူကျိက သွေးမျိုးနွယ် ကျင့်ကြံသူကို မမြင်ဖူးသော်လည်း မိုဝူကျိက ထိုလူမှာ ထိုမျိုးနွယ်စုမှ တစ်ယောက် ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။
မျက်ဆံနီလိပ်ကြီးက ကျန်လူများကို မိတ်ဆက်မပေးတော့ပေ။ မိုဝူကျိက သူတို့၏ အရှိန်အဝါမှတဆင့် အားနည်းသူများဖြစ်ကြောင်း မှန်းဆသိလိုက်သည်။
ကျင်းထျဲဟယ်နှင့် ဟူချွန်းချွန်းတို့လည်း ရောက်မလာကြပေ။ မိုဝူကျိက သူတို့ ရောက်မလာသည့် အကြောင်းအရင်းမှာ သူတို့ရတနာများကို သန့်စင်၍ မပြီးဆုံးသေးလို့လား ဒါမှမဟုတ် တခြားကိစ္စကြောင့်လေလား စဉ်းစားမိနေသည်။
ယွမ်မိုက မိုဝူကျိအား ဆွဲခေါ်ကာ ပြောလိုက်သည် “ညီလေးမို ... ကျုပ်ဘေးမှာ ထိုင် ”
မိုဝူကျိက ခေါင်းညိတ်ပြရင်း ယွမ်မိုဘေးနား ဝင်ထိုင်ကာ ပေါင်ပုအား လျစ်လျူရှုထားလိုက်သည်။
မိုဝူကျိက ဘာမှမပြောဘဲ ဝင်ထိုင်လိုက်သည်ကို မြင်၍ မျက်ဆံနီလိပ်ကြီးက မြန်မြန် ပြောလိုက်ရသည် “ တာအိုရောင်းရင်းတို့ … ဒါက ကျုပ် ပြောပြောနေတဲ့ အဆင့် ၉ ဆေးလုံးဧကရာဇ် မိုဝူကျိပါ ”
“ အဆင့် ၉ ဆေးလုံးဧကရာဇ်က တကယ်ထူးခြားတာပဲ။ ညီလေးပေါင်ပုတောင် လျစ်လျူရှုခံလိုက်ရတယ် ” တောင်ရွှင်က ဝင်ပြောလိုက်၏။
မိုဝူကျိက တောင်ရွှင်သည် အလွန်ထူးခြားသည့် အင်အားရှိကြောင်း သိထားသည်။ မဟုတ်လျှင် မျက်ဆံနီလိပ်ကြီးက သူ့အား အရင်ဦးစွာ မိတ်ဆက်ပေးမည် မဟုတ်ပေ။ ယွမ်မိုနှင့် အခြားလူများကလည်း သူ့အား အကြောက်ကြီး ကြောက်လန့်နေကြမည် မဟုတ်ပေ။
“ တာအိုရောင်းရင်းတို့ အရင်တုန်းက မိုဝူကျိက ကျုပ်ပစ္စည်းကို ခိုးသွားခဲ့ပါတယ်။ ကျုပ် ဒီနေ့ သူနဲ့ အဲအကြွေးကို ဖြေရှင်းရမယ်။ အဲဒါကြောင့် အားလုံးက သဘောထားကြီးကြီး ခွင့်ပြုပေးပါလို့ တောင်းဆိုထားချင်ပါတယ် ” မိုဝူကျိက ဘာမှမပြောခင် ပေါင်ပုက မတ်တတ်ရပ်ကာ ဝင်ပြောလိုက်သည်။
မည်သူကမှ မပြောကြပေ။ အားလုံးက မိုဝူကျိသည် နောင်အနာဂတ်၌ ဤကျွန်းပေါ်ရှိ အားလုံးအတွက် ဆေးလုံးဖော်စပ်ရမည် ဖြစ်သောကြောင့် မိုဝူကျိအနေနှင့် သူ့ဝိညာဉ်ကို ထိန်းသိမ်းမခံရခင် သင်ခန်းစာ သင်ပေးခံသင့်သည်ဟု ယူဆထားကြသည်။
“ အရှင်ပေါင်ပု ပြောတာ မှန်တယ်။ ဒါပေမဲ့ အဲလိုမလုပ်ခင် ကျုပ် မေးခွန်းလေး မေးပါရစေဦး ” ဝူဟယ်က ထရပ်ကာ လက်နှစ်ဖက် ယှက်ရင်း အလောတကြီး ဝင်ပြောလိုက်သည်။
ပေါင်ပုက ဝူဟယ် ထရပ်လိုက်သည်ကို မြင်သောအခါ ပြောလိုက်၏ “ ဟုတ်တာပေါ့ အစ်ကိုဝူ အရင်ပြောပါ”
ဝူဟယ်က မိုဝူကျိအား လက်ညိုးထိုးကာ ခက်ထန်စွာ ပြောလိုက်သည်
“ ဒီလူက အရမ်းမောက်မာတယ်။ သူ ဒီကို လာတုန်း ကျွန်းပေါ်က ကျုပ်တို့ မိတ်တွေတွေရဲ့ ပိုင်နက်တွေ အတားအဆီးတွေ မထိန်းနိုင်မသိမ်းနိုင် ဖြစ်လာစေခဲ့တယ်။ ပြီးတော့ ကျုပ်မျိုးနွယ်စုရဲ့ ကင်းခြေများ တစ်ကောင်က တံခါးပိတ် လေ့ကျင့်နေတာကို ဒီလူက သူ့ကာကွယ်ရေး အစီအရင်ကို ဖြတ်သန်းသွားပြီးတော့ လျှပ်စီးအလုံးနဲ့တောင် ဒဏ်ရာပေးခဲ့သေးတယ်။ အားလုံး ဒီကိစ္စအတွက် ကျုပ် လျော်ကြေးတောင်းဆိုတာ မှန်လား၊ မမှန်လား ပြောကြပါဦး ”
အားလုံးက ဝူဟယ်စကားကို ကြားလိုက်သောအခါ ဆွေးနွေးကုန်ကြသည်။ အားလုံးက မိုဝူကျိသည် နောင်အနာဂတ်၌ ဤကျွန်းပေါ်၌ ဆေးလုံးဖော်စပ်ပေးရမည် ဖြစ်ကြောင်း သေချာသိနေကြသော်လည်း အဆင့် ၉ ဆေးလုံးဧကရာဇ်၏ သိုလှောင်လက်စွပ်အတွင်း မည်မျှ ချမ်းသာကြွယ်ဝနေမည်ကို ခန့်မှန်းကြည့်၍ ရမည်လား။ မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကို မထိန်းချုပ်ထားခင် မိုဝူကျိ၏ ပစ္စည်းဝေစု ရလာလျှင် သူတို့အနေနှင့် သေချာပေါက် ကြွယ်ဝလာပေလိမ့်မည်။
“ ဒီလိုပဲ ဖြစ်နိုင်တာပေါ့။ ကျုပ်ရတနာကိုတောင် သူက ခိုးသွားခဲ့တာဆိုတော့ အဲဒီလူ ဘယ်လောက် ဉာဏ်များတယ်ဆိုတာ သိသာနေတာပဲ ” ပေါင်ပုက အရင်ဦးဆုံး တုံ့ပြန်လိုက်လေသည်။
သူက ဝူဟယ်သည်လည်း သူကဲ့သို့ မိုဝူကျိ၏ ဝေစု ပစ္စည်းများများ ရအောင် တွေးနေမှန်း သိလိုက်သည်။
“ ညီလေးမို အမှန်ပဲလား ” မျက်ဆံနီလိပ်ကြီးက မိုဝူကျိအား မရေမရာ ကြည့်လိုက်ရင်း မေးလိုက်သည်။
မိုဝူကျိက ခေါင်းညိတ်ပြကာ
“ အမှန်ပဲ ဒါပေမဲ့ မျက်ဆံနီ …. ဒီကျွန်းပေါ်မှာ စည်းမျည်းရှိသေးတယ်လို့တော့ ကျုပ်ကို လာမပြောနဲ့နော်။ ကျုပ်က ကင်းခြေများတစ်ကောင်ရဲ့ ပိုင်နက်ရဲ့ အတားအဆီးကို မတော်တဆ ဖျက်မိပြီးတော့ ဒဏ်ရာပေးမိတာကို လျော်ကြေးလိုအပ်တယ်။ ဟုတ်ပြီ …. ကျုပ်က အဆင့် ၉ ဆေးလုံးဧကရာဇ်ဆိုတာတော့ သိတယ်မလား။ ကျုပ်က အင်မော်တယ်လောကမှာ ဘယ်နေရာသွားသွား အလေးစားခံရတဲ့လူပဲ ”
လူအုပ်ကြီးက ထိုအရာမှာ ရယ်မောဖွယ် ကောင်းကြောင်း ခံစားမိလာကြသည်။ ဤလူက အင်မော်တယ်လောရှိ အချိန်များနှင့် ယှဉ်ပြီး မောက်မာပြနေသေး၏။
မျက်ဆံနီ ပြန်ပြောသည့်အထိပင် မစောင့်ဘဲ အေးစက်စက် အသံတစ်သံက ဝင်ပြောလိုက်လေ၏ “ ကျစ် … ကျုပ်တို့ ကျွန်းက အမြဲတမ်း တရားမျှတတဲ့နေရာ ဖြစ်ခဲ့တာ .. အဆင့် ၁၀ ဆေးလုံးဧကရာဇ် ဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် အပြစ်ကျူးလွန်ရင် တူညီတဲ့ အကျိုးဆက်ကို ခံစားရမှာပဲ။ မိုဝူကျိ မင်းမှာ ဘာပြောစရာ ရှိသေးလဲ ” တောင်ရွှင်က စားပွဲကို ရိုက်ရင်း ပြောလိုက်သည်။
ဤတစ်ကြိမ်၌ မျက်ဆံနီလိပ်ကြီးက သက်ပြင်းချကာ “ အိုး …. ညီလေးမိုက ကျွန်းရဲ့ စည်းမျည်းတွေကို ချိုးဖောက်ခဲ့တာဆိုတော့ ကျုပ် ဒီကိစ္စကို မကူညီနိုင်တော့ဘူး ”
မိုဝူကျိက အံ့ဩသည့်ဟန်ဖြင့် မေးလိုက်သည် “ ကျုပ်က အတားအဆီးလေး တချို့ ချိုးဖောက်မိတာလေ၊ သူ့ရဲ့ အင်မော်တယ်ဂူကို ဖျက်စီးခဲ့တာတောင် မဟုတ်ဘူး ”
တောင်ရွှင်က အေးစက်စက် ပြောလိုက်သည် “ မင်းသာ တခြားလူရဲ့ အင်မော်တယ်ဂူကို ဖျက်စီးခဲ့ရင် အခု အသက်ဆက်ရှင်နေဦးမယ်လို့ ထင်နေလား ”
မိုဝူကျိက လက်နှစ်ဖက်ယှက်ကာ “ အဲဆို တခြားသူရဲ့ နေရာကို ဖျက်စီးရင် အသက်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်ပေါ့။ ကျုပ်က ဒီနေရာမှာ ဒီလောက် အန္တရာယ်ကင်းပြီးတော့ တရားမျှတမှုရှိမှန်း မသိခဲ့မိဘူး။ ဒီလိုဆိုမှတော့ ကျုပ်က သေချာပေါက် လျော်ကြေးပေးရမှာပေါ့ … အခု ဘယ်လိုလုပ်ပေးရမလဲ ”
“ မျက်ဆံနီနဲ့မင်းက သိတယ်ဆိုတာကို ထောက်ထားပြီးတော့ မင်းရဲ့ သိုလှောင်လက်စွပ်ကိုပဲ ပေးလိုက် ” ဝူဟယ်က ဝင်ပြောလိုက်သည်။
“ ကောင်းပြီလေ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ သိုလှောင်လက်စွပ်ကို ပေးလိုက်သည်။
မိုဝူကျိ ထုတ်ပေးလိုက်သည့် လက်စွပ်တွင် ကျင့်ကြံရေးလောကမှ အမှိုက်စိတ်စွမ်းအင် ကျောက်တချို့သာ ပါရှိပြီး ကျန်တာ ဘာမှမပါရှိပေ။ သို့သော်လည်း သူ့လက်စွပ်အပေါ်မှ အတားအဆီးမှာ အားကောင်းလှသည့်အတွက် ဝူဟယ်အနေနှင့် အချိန်တိုလေးအတွင်း ဖွင့်ကြည့်နိုင်မည် မဟုတ်ပေ။
မိုဝူကျိက လိုလိုလားလား သိုလှောင်လက်စွပ် ထုတ်ပေးသည်ကို မြင်သောအခါ ပေါင်ပုလည်း ပြန်ထိုင်လိုက်သည်။ သူ့အနေနှင့် ဝူဟယ်ဆီမှ ဝေစုတောင်းရုံသာ လိုအပ်တော့သည်။
“ အရှင်တို့ စကားအရဆိုရင် ဒီကျွန်းက တရားမျှတတဲ့ နေရာဆိုတာကို ပြောတာ ကြားလိုက်တော့ ကျုပ် စိတ်အေးမိသွားပြီး လိုလိုလားလား လျော်ကြေးပေးလိုက်တာပါ။ ဒါပေမဲ့ ကျုပ်လည်း မတရားတာလေးတစ်ခု တင်ပြချင်သေးတယ်။ ကျုပ်အနေနဲ့ရော စကားပြောဆိုခွင့် ရှိရဲ့လား ” မိုဝူကျိက သိုလှောင်လက်စွပ်ကို ထုတ်ပေးပြီးနောက် ပြောလိုက်သည်။
***